ဆုတ်ခွာသွားသော မိစ္ဆာဝံပုလွေများ
Vol. 22 Ch. 299
ငွေဘုရင်က နောက်လှည့်၍ ထွက်ပြေးရ န်ကြံစည်နေစဥ် ခရမ်းမီးတောက်ခြင်္သေ့ကြီး၏စကားသံက ရုတ်တရက်ထွက်ပေါ်လာပြန်သည်။
"ယဲ့မျိုးနွယ်မှာ ငါလက်ခံထားပြီး ယဲ့ချန်လို့ခေါ်တဲ့ တပည့်တစ်ယောက် ရှိတယ်။ သူက ငါ့လက်အောက်မှာ ဆန်းကျယ်ဝိဇ္ဇာအဆင့်ကို လအနည်းငယ်နဲ့ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ သူက နတ်ဘုရင်တွေလို ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို ထုတ်ဖော်နိုင်လို့ ငါ့ရဲ့ဆက်ခံသူအဖြစ် သတ်မှတ်ထားတယ်။ ငါက သူ့ကိုမထိခိုက်စေချင်ဘူး။ မင်း နားလည်လား"
ခြင်္သေ့ကြီး၏စကားသံတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသဖြင့် အေးစက်တင်းမာနေသည်။
"လအနည်းငယ်နဲ့ ဆန်းကျယ်ဝိဇ္ဇာအဆင့်ကိုရောက်ပြီး ဝိညာဥ်အသွင်ဖြစ်တည်နိုင်တယ်။ ဘုရားရေ လောကကြီးမှာ ဒီလိုလူတစ်ယောက် ရှိနေတာလား။ ဒါပေမယ့် ယဲ့ချန်ရဲ့ပါရမီက အရေးမကြီးဘူး။ သူ့ကိုသင်ပြပေးတဲ့ ဆရာက ရှေးဟောင်းပုဂ္ဂိုလ်တစ်ပါးဖြစ်နေတယ်။ ဒီလိုထူးချွန်တဲ့ တပည့်မျိုးရှိဖို့ဆိုတာ မထူးဆန်းတော့ဘူး"
ငွေဘုရင်က စိတ်ထဲတွင် အလွန်အံ့သြသွားခဲ့သည်။ လူသားတစ်ယောက်က ဝိညာဥ်အသွင်ထုတ်ဖော်နိုင်ခြင်းသည် ငွေဘုရင်၏ အသိဉာဏ်ဗဟုသုတများထက် ပို၍ကျော်လွန်နေသည်။
ဝိညာဥ်အသွင်ဖြစ်တည်နိုင်သော နတ်ဘုရင်တစ်ယောက် ရုတ်တရက်ပေါ်လာခြင်းကို ဝံပုလွေတိုင်းပြည်က သတိမထားမိခဲ့ပေ။ လက်ရှိတွင် ထိုနတ်ဘုရင်က ဆန်းကျယ်ဝိဇ္ဇာအဆင့် လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ယဲ့ချန်က လအနည်းငယ်အတွင်း ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်းမှာ အလွန်ထူးချွန်ကြောင်း သက်သေပြနေသည်။
ငွေဘုရင်သည် ယဲ့ချန်ကိုမနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်တစ်ခုခုဖြစ်သွားပြီး တောင်ကြားအတွင်းရှိ ရှေးဟောင်းဆရာကြီး ဒေါသထွက်လာလျှင် ဝံပုလွေတိုင်းပြည်မှာ လေအဝှေ့တွင်ပါသွားသော ပြာမှုန့်များကဲ့သို့ အဆုံးသတ်သွားပေလိမ့်မည်။
ငွေဘုရင်သည် လျှို့ဝှက်အကြံအစည်တစ်ခုကို စဥ်းစားလိုက်သည်။ အကယ်၍ သူက ရှေးဟောင်းဆရာကြီးနှင့် ဆက်ဆံရေးကောင်းမွန်လျှင် ရရှိလာမည့်အကျိုးအမြတ်သည် စဥ်းစားမရနိုင်အောင် များပြားပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် တစ်ဖက်လူက ဒေါသထွက်နေသဖြင့် သူက စကားတစ်ခွန်းမှမဟရဲချေ။
"ကောင်းပါပြီ အရှင်။ ကျွန်တော်မျိုးတို့က အရှင့်တပည့်ကို အန္တရာယ်မပေးရဲပါဘူး။ အနာဂတ်မှာ ယဲ့ချန်ဘယ်သွားသွား ဝံပုလွေတိုင်းပြည်က လေးလေးစားစားဆက်ဆံပါမယ်"
ငွေဘုရင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းဆရာကြီးသည် ယဲ့ချန်ကို အလွန်တန်ဖိုးထားပုံပေါ်သောကြောင့် သူက ယဲ့ချန်ကိုဂရုစိုက်ခြင်းဖြင့် ဤဆရာကြီး၏အမြင်ကောင်းကိုရယူရန် ဆုံးဖြတ်လိုက်သည်။
"မင်း သွားနိုင်ပြီ"
ခြင်္သေ့ကြီးက တစ်လုံးချင်းပြောလိုက်သည်။
ခြင်္သေ့ကြီး၏စကားကို ကြားသောအခါ ငွေဘုရင်သည် ရင်ထဲမှအလုံးကြီးကျသွား၍ ချက်ချင်းထွက်ပြေးသွားသည်။ သူက ခဏအတွင်း ကီလိုမီတာငါးဆယ်အထိ ရောက်ရှိခဲ့သည်။
သူ၏နောက်လိုက် မိစ္ဆာဝံပုလွေများကလည်း ငွေဘုရင်နောက်သို့ အပြေးလိုက်လာခဲ့ကြသည်။
"ဘာတွေဖြစ်သွားတာလဲ အရှင်"
နောက်လိုက်ဝံပုလွေတစ်ကောင်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"နတ်ဘုရင်ဆိုတာက အစစ်အမှန်မဟုတ်ဘူး။ ဆန်းကျယ်ဝိဇ္ဇာအဆင့် လူတစ်ယောက် ဖြစ်နေတယ်"
ငွေဘုရင်က ဖြေလိုက်သည်။
"ဒါဆိုရင် သူက နတ်ဘုရင်ဟန်ဆောင်ပြီး ဝံပုလွေတိုင်းပြည်ကို အရူးလုပ်တာပေါ့။ သူ့ကို ဘာကြောင့်မဖမ်းရမှာလဲ"
အခြားနောက်လိုက်တစ်ကောင်က မေးမြန်းလိုက်သည်။
"ကိစ္စတွေက ဒီလောက်မရိုးရှင်းဘူး။ လူသားတစ်ယောက်က ဘယ်လိုလုပ် ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို ကျင့်ကြံနိုင်မှာလဲ။ မင်းတို့ စဥ်းစားကြည့်စမ်း"
ငွေဘုရင်၏စကားကို ကြားသောအခါ နောက်လိုက်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤဖြစ်ရပ်က သူတို့နားလည်နိုင်သော အကန့်အသတ်အထက် ပို၍ကျော်လွန်နေခဲ့သည်။
"ငါက ဝိညာဥ်အသိစိတ်နဲ့ ထောက်လှမ်းလိုက်တဲ့အခါ တောင်ကြားထဲမှာ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတစ်ဦး အိပ်စက်နေတာကို တွေ့ခဲ့ရတယ်။ ငါက စွမ်းအင်တစ်ခုရှိနေတာကို အာရုံရလို့ အချိန်အကြာကြီး ထောက်လှမ်းခဲ့တယ်။ ဒါပေမယ့် သူ့ကို လုံးဝရှာမတွေ့ခဲ့ဘူး။ သူ့ကို ငါ နှိုးလိုက်မိမယ်လို့ ဘယ်သူထင်မှာလဲ။ ရှေးဟောင်းဆရာကြီးက တောင်ကြားထဲမှာ လေဟာနယ်တစ်ခုဖန်တီးပြီး ဝင်အိပ်နေတယ်။ သူ့စွမ်းအားအချို့ ထွက်ပေါ်လာခဲ့အခါ ငါ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပြီး ဝိညာဥ်အသိစိတ်ကို မထိန်းချုပ်နိုင်တော့ဘူး။ သူက မဟာသာလွန်အဆင့်ကို ကျော်လွန်နေတယ်။ မဟာသာလွန်အဆင့်တွေက သူ့ရှေ့မှာ ပုရွက်ဆိတ်တွေထက် မပိုနိုင်ဘူး"
ငွေဘုရင်က အလန့်တကြားရှင်းပြလိုက်သည်။
မဟာသာလွန်အဆင့်များက ပုရွက်ဆိတ်များထက်မပိုဟူသော ငွေဘုရင်၏စကားကို သူ၏နောက်လိုက်များက မယုံချင်သော်လည်း သူတို့အရှင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ မဟာသာလွန်အဆင့် ကောင်းကင်သားရဲများသည်ပင် စွမ်းအားကိုထုတ်ပြခြင်းဖြင့် ငွေဘုရင်ကို နေရာတွင်အေးခဲသွားစေရန် မစွမ်းဆောင်နိုင်ချေ။
ဝံပုလွေနောက်လိုက်များအားလုံး သတိကြီးသွားကြသည်။ သူတို့က ထူးဆန်းသောကြောက်စိတ်တစ်ခုကို တစ်ချိန်လုံးခံစားနေရခြင်းမှာ ရှေးဟောင်းပုဂ္ဂိုလ်ကြီးကြောင့် ဖြစ်နိုင်သည်။ သူတို့က ငရဲတံခါးဝမှ ပြန်လွတ်လာခြင်းဖြစ်သည်။ ဤကဲ့သို့ ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က သတ်ဖြတ်လိုလျှင် အတွေးတစ်ချက်သာ လိုအပ်သည်။
"ကံကောင်းလို့ ရှေးဟောင်းဆရာကြီးက ဒေါသမထွက်ဘူး။ ဒါကြောင့် ငါိတို့အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။ ရှေးဟောင်းခေတ်မှာ တောင်ပံ၁၂ခုငွေလဝံပုလွေကြီးတစ်ကောင်တောင် သူ့အစေခံထက် မပိုဘူး"
"တောင်ပံ၁၂ခုငွေလဝံပုလွေ"
နောက်လိုက်ဝံပုလွေများက ဤဘိုးဘေးအကြောင်းကို လုံးဝမကြားဖူးကြပေ။
"မင်းတို့က ဒီအကြောင်းကို မသိလောက်ဘူး။ သူက ငါ့ဘိုးဘေးဖြစ်တယ်။ ရှေးဟောင်းခေတ်ရဲ့ မျိုးနွယ်မှတ်တမ်းထဲမှာ သူက အစွမ်းထက်တည်ရှိမှုတစ်ခုလို့ ဖော်ပြထားပြီး ဝံပုလွေမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံးမျိုးနွယ်ခွဲဖြစ်တယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် သူတို့အားလုံး ပျောက်ကွယ်သွားတယ်။ ငါက ငွေလဝံပုလွေမျိုးနွယ်ရဲ့ မျိုးဆက်သွေးအချို့ကို အမွေခံထားတယ်။ ဒါပေမယ့် မျိုးဆက်နိမ့်ကျလွန်းတော့ တောင်ပံတစ်စုံကိုတောင် မဖန်တီးနိုင်ဘူး။ ငါ့မျိုးဆက်သွေးကို တစ်ချက်တည်းကြည့်ရုံနဲ့ပြောနိုင်ပြီး ငါ့ဘိုးဘေးအကြောင်းသိနေတော့ တကယ့်ကို ရှေးဟောင်းခေတ်က စီနီယာတစ်ယောက်ဖြစ်မှာ သေချာတယ်"
ငွေဘုရင်က အသေးစိတ်ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"
နောက်လိုက်တစ်ကောင်က အကြံတောင်းလိုက်သည်။ ရှေးဟောင်းပုဂ္ဂိုလ်ကြီးသာ ဒေါသထွက်သွားလျှင် အားလုံး ဒုက္ခရောက်သွားပေမည်။
"ငါ မဟာဘိုးဘေးဆီကို သတင်းပို့မယ်။ အခုကစလို့ ဝံပုလွေတိုင်းပြည်ရဲ့အင်အားစုတွေအားလုံးက လင်းယွန်တောင်တန်းကို မဝင်ရဘူးလို့ အမိန့်ထုတ်ထားလိုက်ကြ။ ပြီးတော့ ဘယ်သူမှ ယဲ့မျိုးနွယ်ကို အန္တရာယ်မပေးရဘူး။ ငါ့အမိန့်ကိုချိုးဖောက်ရင် အစစ်အဆေးအမေးအမြန်းမရှိ သတ်ပစ်လိုက်"
ငွေဘုရင်က လေးနက်စွာ အမိန့်ပေးလိုက်သည်။ ဝံပုလွေတိုင်းပြည်၏ လျှို့ဝှက်နယ်မြေတွင် မဟာဘိုးဘေးတစ်ယောက် အသက်ရှင်နေထိုင်လျက်ရှိသည်။ သူက ဝံပုလွေမျိုးနွယ်၏ရတနာဖြစ်သော မိစ္ဆာဝံပုလွေဆေဘာဟူသည့် လိပ်ပြာလက်နက်အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏အသက်က အနည်းဆုံးနှစ်တစ်သောင်းရှိကာ ဤကိစ္စအကြောင်း တစ်ခုခုသိထားနိုင်လေသည်။
"ကောင်းပါပြီ"
နောက်လိုက်ဝံပုလွေများက ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
ခြင်္သေ့ကြီးက ယဲ့တောင်ကြား၏ မီတာတစ်ထောင့်ငါးရာ စက်ကွင်းအတွင်း မဝင်ရောက်ရန်သာ မှာကြားထားသော်လည်း ပို၍လုံခြုံစေရန် ငွေဘုရင်က လင်းယွန်တောင်တန်းဝင်ခွင့်ကိုပါ ပိတ်လိုက်ခြင်းဖြစ်သည်။
"မင်းတို့အားလုံး ယဲ့မျိုးနွယ်အကြောင်း ဘာတွေသိထားလဲ"
ထွက်ခွာခါနီးတွင် ငွေဘုရင်က တစ်ခုခုကိုတွေးမိဟန်ဖြင့် နောက်လိုက်များကို မေးမြန်းလိုက်သည်။
"ယဲ့မျိုးနွယ်က လင်းယွန်တောင်တန်း၊ တုန်းလင်ပြည်နယ်ရဲ့အိမ်တော်ရှစ်ခုထဲက အင်အားစုသေးသေးလေးတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာ သူတို့ကို ယွင်အိမ်တော်က အနိုင်ယူခဲ့တယ်။ သူတို့ရဲ့အစွမ်းအထက်ဆုံးကျင့်ကြံသူက ထျန်းချီအဆင့်ကိုးသာရှိတယ်။ ပါရမီရှင်ယဲ့ချန်ကိုလည်း ယွင်အိမ်တော်က ချုံခိုတိုက်ခိုက်ခဲ့လို့ သွေးကြောတွေ ပျက်စီးသွားရတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာ ယဲ့ချန်က သွေးကြောတွေပြန်ကောင်းမွန်သွားပြီး ကျင့်ကြံဆင့်လည်း တဟုန်ထိုးတိုးတက်လာတယ်။ အဲ့ဒီနောက်မှာ သူက ဆေးဆရာရွှမ်းယီရဲ့တပည့်ဖြစ်လာပြီး ဆေးပညာကို သင်ကြားတယ်။ ကန့်သတ်ဒေသတိုက်ပွဲမှာလည်းပါဝင်ခဲ့ပြီး ရှီဝူနေပြည်တော်မှာ သူ ပေါ်လာတဲ့အချိန် ကျွန်တော်တို့ကင်းထောက်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်"
မိစ္ဆာဝံပုလွေတစ်ကောင်က အကြောင်းစုံ လျှောက်တင်လိုက်သည်။
မူလတွင် ယဲ့ချန်က သွေးကြောများဖျက်ဆီးခံထားရပြီး ထို့နောက် သူက နတ်ဘုရင်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ သို့သော် အမှန်တရားတွင် ယဲ့ချန်၌ ရှေးဟောင်းဆရာကြီးတစ်ပါးရှိနေပြီး လအနည်းငယ်အတွင်း ဆန်းကျယ်ဝိဇ္ဇာအဆင့်အထိ တက်ရောက်နိုင်ခဲ့သည်။ ကျင့်ကြံခြင်းက ဤမျှမရိုးရှင်းနိုင်သောကြောင့် အလွန်အံ့သြစရာကောင်းနေသည်။
"တခြားအချက်အလက်တွေရော ရှိသေးလား"
ငွေဘုရင်က ထပ်မေးသည်။
"ယဲ့မျိုးနွယ်က သူတို့မှာ အစွမ်းထက်ဘိုးဘေးတစ်ယောက်ရှိတယ်လို့ လူသိရှင်ကြားကြေညာထားတယ်။ ဒါပေမယ့် လူတွေက မယုံကြဘူး။ သူတို့က ရန်သူတွေကိုခြောက်လှန်ဖို့ လှန့်လုံးတစ်ခုထွင်ထားတယ်လို့ ထင်နေကြတယ်"
နောက်ထပ်ဝံပုလွေတစ်ကောင်က ဖြေလိုက်သည်။
"ယဲ့မျိုးနွယ်ရဲ့ မျိုးဆက်တွေအကြောင်း ပြောပြစမ်း။ သူတို့ရဲ့ဘိုးဘေးတွေက ဘယ်လောက်အကြာတည်းက တည်ရှိလာတာလဲ"
ငွေဘုရင်က ယဲ့မျိုးနွယ်အကြောင်း စိတ်ဝင်တစားစုံစမ်းနေခဲ့သည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ အရှင်"
မိစ္ဆာဝံပုလွေတစ်ကောင်က ကြီးမားလေးလံသည့် စာအုပ်ဟောင်းကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းအတွင်း၌ သားရဲဘာသာစကားဖြင့် အကြောင်းအရာမျိုးစုံ မှတ်တမ်းတင်ထားခဲ့သည်။
"ရှေးဟောင်းမှတ်တမ်းတွေအရ ရှီဝူအင်ပါယာ တည်ထောင်တဲ့နေရာမှာ ယင်းမျိုးနွယ်ကို ယဲ့မျိုးနွယ်ကကူ ညီပေးခဲ့တယ်လို့ ဖော်ပြထားတယ်။ အဲ့အချိန်က ယဲ့မျိုးနွယ်ကကြီးမားပြီး စစ်သူကြီးအချို့ ပိုင်ဆိုင်ထားတယ်"
"ရှီဝူအင်ပါယာရဲ့အရှေ့မှာ ထျန်းလန်မင်းဆက်အုပ်ချုပ်ပြီး သက်တမ်းနှစ်၂၇၀၀ ကြာမြင့်ခဲ့တယ်။ ယဲ့မျိုးနွယ်က အစွမ်းထက်ပါရမီရှင်တွေ ေမွးထုတ်ပေးခဲ့တယ်။ ထျန်းလန်အင်ပါယာခေတ်မှာ ယဲ့မျိုးနွယ်က အစွမ်းထက်ကျင့်ကြံသူ၇၂ယောက် ပိုင်ဆိုင်ထားတယ်"
"ထျန်းလန်မင်းဆက်ရဲ့အရှေ့မှာရှိတဲ့ သတင်းတွေက ပိုပြီးလေးနက်တယ်။ ကုလန်မင်းဆက်က နှစ်ပေါင်း၇၆၀၀အုပ်စိုးခဲ့တယ်။ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူတွေ ထွက်ပေါ်လာပြီး ယဲ့မျိုးနွယ်က သုံးယောက်တိတိ ပိုင်ဆိုင်ထားတယ်"
စာအုပ်အတွင်း သတင်းအချက်အလက်များကို အချိန်တစ်ခုကြာရှာဖွေပြီးနောက် ဝံပုလွေက သတင်းအားလုံးကို တင်ပြလိုက်သည်။ ကုလန်အင်ပါယာနှင့်ပတ်သက်၍ စာအုပ်အတွင်း၌ ငါးချက်သာ မှတ်တမ်းတင်ထားသည်။ အချက်တစ်ရာကျော်ရှိသော ထျန်းလန်အင်ပါယာအကြောင်းနှင့်ယှဥ်လျှင် အလွန်နည်းပါးနေသည်။ ဤသတင်များကို ဝံပုလွေမျိုးနွယ်၏ဘိုးဘေးများ မှတ်တမ်းတင်ထားခဲ့သောကြောင့် အတိတ်တွင် ယဲ့မျိုးနွယ်တန်ခိုးထွားခဲ့ကြောင်း သိသာနေသည်။
"ကောင်းပြီ။ ဒီလောက်ဆို ငါ နားလည်ပြီ"
ငွေဘုရင်က လက်တစ်ဖက်မြှောက်ပြလိုက်သည်။ ယဲ့မျိုးနွယ်က နှစ်ပေါင်းသောင်းချီသက်တမ်းရှိသော မျိုးနွယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းဘိုးဘေးတစ်ယောက် အသက်ရှင်သန်နေခြင်းက ဖြစ်နိုင်သည်။
ရှည်လျားကြီးမားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည့် မျိုးနွယ်တစ်ခုက ဤအခြေအနေအထိ ကျဆင်းလာခဲ့သည်။ ယဲ့မျိုးနွယ်၏ဘိုးဘေးက လက်မခံနိုင်သဖြင့် ယဲ့မျိုးနွယ် ပြန်လည်တိုးတက်လာစေရန် ကြိုးစားနေခြင်းဖြစ်နိုင်သည်။
ငွေဘုရင်သည် သူ၏အတွေးများက အကျိုးအကြောင်းသင့်သည်ဟု ယုံကြည်နေခဲ့သည်။ သူက ဝံပုလွေတိုင်းပြည်သို့ပြန်ရောက်လျှင် မဟာဘိုးဘေးထံမှ အကြံတောင်းရပေလိမ့်မည်။
"တောင်ကြားအပြင်မှာနေတဲ့ ယဲ့မျိုးနွယ်ဝင်တွေ ရှိလား"
ငွေဘုရင်က တစ်ချက်စဥ်းစား၍ နောက်လိုက်များကို မေးလိုက်ပြန်သည်။
"ယဲ့ချန်ရဲ့အဖေ ယဲ့ကျန့်ထန်းက တုန်းလင်ပြည်နယ်ရဲ့မင်းသားဖြစ်ပါတယ်။ လက်ရှိမှာ သူက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတယ်။ တုန်းလင်မြို့တော်မှာ ရှိပါတယ်"
နောက်လိုက်တစ်ကောင်က ဖြေလိုက်သည်။
"တောင်ပံနက် မင်း ယဲ့ကျန့်ထန်းကိုချဥ်းကပ်ပြီး ကူညီပေးလိုက်။ ငါတို့က ယဲ့မျိုးနွယ်ကိုထောက်ပံ့ပေးပြီး ဝံပုလွေတိုင်းပြည်အပေါ် ကျေးဇူးတင်လာအောင် လုပ်ရမယ်။ မင်းလိုအပ်သမျှကို ဝံပုလွေတိုင်းပြည်က ရယူနိုင်တယ်"
ငွေဘုရင်က အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ အရှင်"
တောင်ပံနက်ဟုအမည်တွင်သော မိစ္ဆာဝံပုလွေက အမိန့်ကိုနာခံလိုက်သည်။
ထို့နောက် ငွေဘုရင်နှင့်နောက်လိုက်များက လှစ်ခနဲပျံသန်းသွားကာ မိုးကုပ်စက်ဝိုင်းတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ တောင်ပံနက်က လူအသွင်ပြောင်းလိုက်သောအခါ အနက်ရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သွားခဲ့သည်။ သူက ရုပ်ရည်ချောမောသော်လည်း မျက်ခုံးများအထက်တွင် အနက်ရောင်မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည်။ သို့သော်လည်း ၎င်းတို့ကို ကောင်းစွာဖုံးကွယ်ထားသဖြင့် ဆန်းကျယ်ဝိဇ္ဇာအဆင့်နှင့်အထက် ကျင့်ကြံသူများသာမြင်နိုင်ပြီး သာမန်လူများ မမြင်နိုင်ချေ။
ဝံပုလွေမျိုးနွယ်သည် သွေးဆာရက်စက်မှုကြောင့် ကျော်ကြားသည်။ သို့သော် သူတို့က ဉာဏ်ကောင်းပြီး အကျိုးအမြတ်ရရန်အတွက် လိမ္မာပါးနပ်သူများလည်း ဖြစ်ကြသည်။
တောင်ပံနက်သည် တောင်တန်းအတွင်းမှ ညဥ့်လေမြင်းတစ်ကောင်ကို ဖမ်းဆီးစီးနင်းကာ တုန်းလင်မြို့တော်ထံ ထွက်ခွာသွားလေသည်။