ဝံပုလွေတိုင်းပြည်၏လက်ဆောင်များ
Vol. 22 Ch. 300
ယဲ့မျိုးနွယ်တောင်ကြားအတွင်း ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်တွင် ဖြစ်သည်။
"သူတို့ထွက်သွားကြပြီ။ ငါ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထွက်လာရင် ဒီနိမ့်ကျတဲ့နတ်ဘုရင်လေးတွေက လိပ်ပြာလွင့်အောင် ကြောက်သွားလိမ့်မယ်"
ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ဂုဏ်ယူစွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာခြင်္သေ့"
ယဲ့ချန်က ပြောလိုက်သည်။ အကယ်၍ ခြင်္သေ့ကြီးသာ ကူညီမပေးလျှင် ယဲ့ချန်၏စွမ်းရည်အရ နတ်ဘုရင်များနှင့် ယှဥ်ပြိုင်နိုင်စွမ်းမရှိပေ။ သူ့အနေဖြင့် ထာဝရပုန်းအောင်းနေရပေလိမ့်မည်။ သို့သော် အချိန်ကြာကြာပုန်းအောင်းလေလေ နတ်ဘုရင်များက သံသယဝင်လာလေလေဖြစ်ကာ တစ်ခုခုလုပ်နိုင်ချေ ရှိသည်။
ယဲ့ချန်သည် သူ့ကိုယ်သူ အများကိုလိမ်လည်နေကျ လူလိမ်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူ့အနေဖြင့် ရန်သူများကိုရင်ဆိုင်နိုင်ရန် ယခုထက်ပို၍ အစွမ်းထက်လာချင်သည်။ သို့သော်လည်း သူက အစွမ်းထက်လာစေရန် အချိန်လိုအပ်နေခဲ့သည်။
"ဆရာခြင်္သေ့ ကျုပ် နတ်ဘုရင်အဆင့်ခွန်အားကိုရချင်ရင် ဘယ်လိုလုပ်ရမလဲ"
ယဲ့ချန်က မေးလိုက်သည်။
"မင်းရဲ့ကျင့်ကြံနှုန်းက အရမ်းမြန်နေပြီ။ ဒီဝံပုလွေတွေက နတ်ဘုရင်အဆင့်ကိုရောက်ဖို့ နှစ်ပေါင်းရာချီထောင်ချီ ကျင့်ကြံခဲ့ကြတာလေ။ သူတို့ကသက်တမ်းရှည်တော့ ကျင့်ကြံနှုန်းနှေးကွေးတယ်။ လူသားတွေက သက်တမ်းတိုတော့ ကျင့်ကြံနှုန်းမြန်တယ်။ ဒါပေမယ့် အစွမ်းထက်ပါရမီရှင်တွေတောင် နတ်ဝိဇ္ဇာအဆင့်ကိုရောက်ဖို့ အနည်းဆုံးနှစ်ရာချီ လိုအပ်တယ်။ မင်းက တစ်နှစ်အတွင်း ကောင်းကင်ဝိဇ္ဇာအဆင့်ကိုရောက်နေတဲ့အပြင် ဝိညာဥ်စစ်သည်တော်ကလည်း ဆန်းကျယ်ဝိဇ္ဇာအဆင့်ကို ရောက်နေပြီ။ မင်းက ဘာထပ်လိုချင်သေးတာလဲ။ သုံးနှစ်အတွင်း ဆန်းကျယ်ဝိဇ္ဇာအဆင့်ကို ရောက်ချင်နေတာလား"
ခြင်္သေ့ကြီးက ယဲ့ချန်၏အမေးကြောင့် ပြောစရာစကားမရှိအောင် ဆွံ့အသွားခဲ့သည်။
"ဒါပေမယ့် ကျုပ်က အစွမ်းထက်မလာရင် ဆက်တိုက်အန္တရာယ်ရှိနေတယ်။ တကယ်လို့ ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာအဆင့်ကို ကျော်ဖြတ်နိုင်ရင် ဝိညာဥ်စစ်သည်တော်ကလည်း နတ်ဘုရင်တွေကို ယှဥ်ပြိုင်နိုင်လိမ့်မယ်"
ယဲ့ချန်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူ၏ခွန်အားက နတ်ဘုရင်များနှင့် နတ်ဝိဇ္ဇာများအောက် နိမ့်ကျနေသော်လည်း ထိုအဆင့်ရှိ ရန်သူများနှင့် ပြဿနာတက်နေပြီဖြစ်သည်။
"ငါ ခန့်မှန်းထားသလောက်ဆိုရင် မင်းက ဆန်းကျယ်ဝိဇ္ဇာအဆင့်ကိုရောက်ဖို့ သုံးနှစ်ကနေငါးနှစ်အတွင်း လိုနိုင်တယ်။ ဒါက အထူးပါရမီရှင်တွေရဲ့ အမြန်ဆုံးကန့်သတ်ချက်ဖြစ်တယ်။ တကယ်လို့ မင်းက မြန်မြန်အဆင့်တက်ချင်ရင် နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒီကုန်းမြေတိုက်ကြီးမှာ ရှေးဟောင်းကျင့်ကြံသူတွေထားရစ်ခဲ့တဲ့ ရတနာတွေရှိတယ်။ မင်း တစ်ခုနှစ်ခုလောက်ရရင် အဆင့်တက်နိုင်ချေရှိတယ်။ ကောင်းကင်သိုင်းချီလို လောကစိတ်ဝိညာဥ်တွေကို ရှာဖွေနိုင်ရင်လည်းဖြစ်တယ်"
ခြင်္သေ့ကြီးက ခဏတာစဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။
"ရှေးဟောင်းရတနာတွေကို ဘယ်နေရာမှာ သွားရှာရမလဲ"
"မဟာအရှေ့ပိုင်းတိုက်ကြီးမှာ ရှေးဟောင်းနယ်မြေ စုစုပေါင်း၇၂ခု ရှိတယ်။ အဲ့တာတွေထဲမှာ မင်းက မရဏနန်းတော်ကို ရောက်ဖူးပြီးပြီ။ ပြီးတော့ ကျောက်စိမ်းနန်းတော်ရဲ့သုံးထပ်အထိ ရောက်ခဲ့တယ်လို့ပြောတယ်။ မင်းအနေနဲ့ ဒီနေရာနှစ်ခုကိုထပ်သွားရင် ကိုယ့်ကိုကိုယ်သတ်သေသလိုပဲ။ မင်းအနေနဲ့ လက်ရှိစွမ်းအားအရ ဒီနန်းတော်နှစ်ခုကို ရှောင်သင့်တယ်။ ဒီနေရာတွေကကူညီပေးနိုင်ပေမယ့် အန္တရာယ်များလွန်းတယ်။ ဒါပေမယ့် မင်းအတွက်သင့်တော်တဲ့ နေရာတစ်ခုကို ငါ သိတယ်။ မင်းက အလယ်အင်ပါယာကိုသွားမယ်ဆိုတော့ ဝိညာဥ်မျှော်စင်ကို စိန်ခေါ်ကြည့်သင့်တယ်။ မင်းအနေနဲ့ ရတနာတစ်ခုခု ရနိုင်တယ်"
ခြင်္သေ့ကြီးက ယဲ့ချန်အတွက် ရှေးဟောင်းနယ်မြေတစ်ခု ရွေးချယ်ပေးလိုက်သည်။
"ဝိညာဥ်မျှော်စင်က ဘယ်လိုနေရာမျိုးလဲ"
ယဲ့ချန်က ပြန်မေးလိုက်သည်။
"ငါက အခြားကုန်းမြေတွေအကြောင်း အသေးစိတ်မရှင်းပြတော့ဘူး။ ဒီအရှေ့ပိုင်းတိုက်ကြီးမှာ ရှေးဟောင်းကျင့်ကြံသူတွေက မိုးထိမတတ်မြင့်မားတဲ့ မျှော်စင်၁၂ခု တည်ဆောက်ထားခဲ့တယ်။ ကောင်းကင်လမ်းမျှော်စင်က အမြင့်ဆုံးဖြစ်ပြီး ဝိညာဥ်မျှော်စင်က အဆင့်ခြောက်မှာရှိတယ်။ ဒီမျှော်စင်တွေက မိုးနဲ့မြေကိုဖြတ်သန်းပြီး ရှေးဟောင်းထန်းယွမ်မြို့တော်ကို ဆက်သွယ်ထားတယ်။ ဒါတွေကိုတည်ဆောက်ထားတဲ့ ကုန်ကြမ်းတွေက အရမ်းမာကျောလွန်းလို့ သာလွန်အဆင့်ကျင့်ကြံသူတွေတောင် အပြင်ဘက်ပိုင်းကိုဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။ ဒါတွေရဲ့ထိပ်ဖျားက တိမ်တွေကိုထိုးဖောက်နေပြီး အုတ်မြစ်က မြေအောက်မှာ နက်ရှိုင်းစွာနေရာယူထားတယ်။ အတွင်းမှာ ရာထောင်ချီတဲ့ ပုံရိပ်ယောင်တွေနဲ့ အန္တရာယ်တွေလည်းရှိတယ်။ နတ်လက်နက်တွေနဲ့ ထူးခြားတဲ့ဝိညာဥ်တွေလက်နက်တွေက တစ်ခါတရံထွက်ပေါ်လာတတ်ပြီး ကံကောင်းသူတွေသာ ရကြတယ်။ အလယ်အင်ပါယာရဲ့ဂိုဏ်းတွေက ဝိညာဥ်မျှော်စင်ကို သူတို့တပည့်တွေလေ့ကျင့်ဖို့အတွက် အသုံးပြုကြတယ်"
ခြင်္သေ့ကြီးက စိတ်ရှည်ရှည်နှင့် အသေးစိတ်ရှင်းပြလိုက်သည်။
ယဲ့ချန်က သူ၏စကားကြောင့် အလွန်ဝမ်းမြောက်သွားခဲ့သည်။ သူက အလယ်အင်ပါယာသို့ရောက်လျှင် ဝိညာဥ်မျှော်စင်သို့ သေချာပေါက်သွားမည်ဖြစ်သည်။
"ဝိညာဥ်မျှော်စင်ရဲ့ပထမဆုံးခုနစ်ထပ်က လုံခြုံပြီး လူသေတာရှားတယ်။ ဒါပေမယ့် မင်းက အပေါ်ကိုဆက်တက်ရင် အန္တရာယ်တွေများလို့ သေချာပေါက်သတိထားရမယ်"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။
"ဝိညာဥ်မျှော်စင်အကြောင်း အလယ်အင်ပါယာကိုရောက်မှ ဆက်ပြောကြတာပေါ့။ ရှေးဟောင်းထျန်းယွမ်မြို့တော်အကြောင်း ရှင်းပြပါဦး"
ယဲ့ချန်သည် ဤလောကကို ပို၍စိတ်ဝင်စားလာခဲ့သည်။ ရှေးဟောင်းကျင့်ကြံသူများက သာလွန်အဆင့်ကျင့်ကြံသူများပင် မဖျက်ဆီးနိုင်သော မျှော်စင်များကို တည်ဆောက်ခဲ့သည်။ ထို့အပြင် ၎င်းတို့က နှစ်ပေါင်းသောင်းချီကြာသည်အထိ ပျက်စီးပြိုလဲသွားခြင်း မရှိပေ။ သူက ထျန်းယွမ်ဆိုသော စကားကိုကြားသောအခါ ကျောက်စိမ်းမျှော်စင်၏ပိုင်ရှင်အကြောင်း ချက်ချင်းသတိရသွားသည်။
"ထျန်းယွမ်ရှေးဟောင်းမြို့တော်အကြောင်း မင်းသိသင့်တဲ့အချိန် မရောက်သေးဘူး။ ငါတောင်မှ ဒီအကြောင်းကို အပေါ်ယံပဲသိတယ်။ အတိတ်တုန်းက မြို့တော်ကိုသွားဖို့ အရည်အချင်းပြည့်မှီပေမယ့် ငါ့သခင်ဟောင်းက အဲ့နေရာကိုမသွားခဲ့ဘူး"
ခြင်္သေ့ကြီးက ခေါင်းယမ်းပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
"ခြင်္သေ့ကြီးတောင် မရောက်ဖူးဘူးလား။ ပြီးတော့ မြို့တော်ကိုဝင်ရောက်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ်တာလဲ"
"ဆရာခြင်္သေ့ ရှေးဟောင်းကျင့်ကြံသူတွေက တကယ်အစွမ်းထက်တာလား။ တောင်ပံ၁၂ခုငွေလဝံပုလွေကလည်း ခင်ဗျားရဲ့နောက်လိုက် တကယ်ဖြစ်ခဲ့တာလား"
ယဲ့ချန်က အတွေးနက်သွားပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ငါက ဒီအကြောင်းပြောတုန်းက တော်တော်မျက်နှာပူရတယ်ကွ။ အတိတ်တုန်းက ငွေလဝံပုလွေမျိုးနွယ်နဲ့ ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်ဆိုတာက သားရဲတွေကြားမှာ ထိပ်တန်းမျိုးနွယ်ကြီးတွေဖြစ်ခဲ့ကြတယ်။ ငါတို့က စွမ်းအားချင်းတူညီပါတယ်"
ယဲ့ချန်၏အမေးကြောင့် ခြင်္သေ့က ရှက်ရွံ့သွားပုံပေါ်ပြီး ခါးသက်သက်ပြုံးနေခဲ့သည်။
"ဒီလိုဆိုရင် ရှေးခေတ်ဟောင်းမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိတယ်။ လက်ရှိခေတ်မှာရော ဘာကြောင့် အရင်ကလောက် မတိုးတက်တော့တာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ သူ၏သံသယကို မေးမြန်းလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ရင် မင်းမသိထားတာ ပိုကောင်းမယ်။ တစ်နေ့ကျရင် အလိုလိုနားလည်လာမှာပါ"
ဤမေးခွန်းကြောင့် ခြင်္သေ့ကြီးက မျက်နှာပျက်သွားပြီးနောက် လေးနက်တည်ကြည်လာခဲ့သည်။
"ခြင်္သေ့ကြီးက ဘာလို့ဆက်ပြီး မရှင်းပြတော့တာလဲ။ ရှေးဟောင်းခေတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ"
ယဲ့ချန်က ဤအကြောင်း တွေးလိုက်မိသော်လည်း ဝိညာဥ်မျှော်စင်ကို ပို၍စိတ်ဝင်စားနေခဲ့သည်။ သူက အလယ်အင်ပါယာသို့ရောက်သောအခါ သေချာပေါက်သွားရပေလိမ့်မည်။
တုန်းလင်ပြည်နယ်၏ မြို့တော်တွင်ဖြစ်သည်။ ယဲ့ကျန့်ထန်းက ဤရက်များအတွင်း အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူ့ကိုကူညီရန် ကျင့်ကြံသူများစွာရှိပြီး ယဲ့ချန်က ဒဏ်ရာရထားသော ပြည်သူများကို ကုသပေးခဲ့သော်လည်း ယဲ့ကျန့်ထန်းသည် ကိစ္စကြီးငယ်မှန်သမျှကို ကိုင်တွယ်ပေးနေရသည်။
ယဲ့ကျန့်ထန်းကို ကာကွယ်ပေးရန် ကောင်းကင်အဆင့်သားရဲနှစ်ကောင်ရှိသောကြောင့် လုံခြုံရေးအတွက် စိတ်ပူရန်မလိုချေ။
မီးအိမ်၏အလင်းရောင်အောက်တွင် ယဲ့ကျန့်ထန်းသည် ရှကျန်းနှင့်အခြားလူများ တင်ပြလာသော သတင်းများကို စစ်ဆေးနေခဲ့သည်။ ထိုအချိန်တွင် သူ၏အာရုံတွင် မူမမှန်သော တစ်စုံတစ်ခုဝင်ရောက်လာသဖြင့် ချက်ချင်းမတ်တပ်ရပ်လိုက်မိသည်။
"ဘယ်သူလဲ"
အခန်းတွင်းရှိ အမှောင်ထဲတွင် ပုန်းကွယ်နေသော တောင်ပံနက်သည် အလင်းရောင်အောက်သို့ ရှေ့ထွက်လာခဲ့သည်။ ကောင်းကင်သားရဲအစောင့်နှစ်ယောက်က သူ့ကို သတိမထားမိသော်လည်း မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူဖြစ်သော ယဲ့ကျန့်ထန်းက ချက်ချင်းသတိထားမိလိုက်သည်။ ယဲ့ကျန့်ထန်း၏ကျင့်စဥ်က သေချာပေါက် အစွမ်းထက်ရမည်ဖြစ်သောကြောင့် တောင်ပံနက်က အလွန်အံ့သြနေခဲ့သည်။
ယဲ့မျိုးနွယ်၏နောက်တွင် ရှေးဟောင်းခေတ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးရှိသောကြောင့် သူတို့၏ကျင့်စဥ်က သေချာပေါက်ထူးခြားနေရပေမည်။ မည်သို့သောကျင့်စဥ်များကို ရှေးဟောင်းဆရာကြီးက ယဲ့မျိုးနွယ်သို့ လက်ဆင့်ကမ်းထားသနည်း။ တောင်ပံနက်က ဤကျင့်စဥ်ကို လိုချင်တပ်မက်စိတ်ဖြစ်မိသော်လည်း အကယ်၍ သူသာ ယဲ့မျိုးနွယ်ထံမှ ဓားပြတိုက်မိလျှင် ဝံပုလွေတိုင်းပြည် ပြာကျသွားမည်ဖြစ်ကြောင်း ကောင်းစွာနားလည်ထားသည်။
"မင်း ဘယ်သူလဲ"
ယဲ့ကျန့်ထန်းက အနက်ရောင်ဝတ်လူငယ်ကို လေးနက်စွာ စိုက်ကြည့်နေခဲ့သည်။ ဤလူတွင် သူဆန့်ကျင်မရနိုင်သော ခွန်အားမျိုးရှိကြောင်း ခံစားနေရသည်။ ဤလူက ကောင်းကင်အဆင့်သားရဲနှစ်ကောင် စောင့်ကြပ်နေသည့်ကြားမှပင် ဤနေရာသို့ တိတ်တဆိတ်ဝင်ရောက်လာနိုင်သည်။ သူသာ ယဲ့ကျန့်ထန်းကိုသတ်လိုလျှင် ခက်ခဲမည်မဟုတ်ပေ။
"ကျုပ်နာမည်က တောင်ပံနက်လို့ခေါ်ပြီး ဝံပုလွေတိုင်းပြည်ရဲ့ တမန်တော်တစ်ဦးပါ။ ဒီနေရာမှာ ယဲ့မျိုးနွယ်နဲ့ ဆက်ဆံရေးတစ်ခုထူထောင်ချင်လို့ ရောက်လာတာပါ။ မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိဘူး။ ဒါက လင်းယွန်တောင်တန်း၊ ဝံပုလွေတိုင်းပြည်အင်အားစုရဲ့ လိပ်စာဖြစ်ပြီး ယဲ့မျိုးနွယ်ပြဿနာတက်ရင် သူတို့ကို အကူအညီတောင်းနိုင်တယ်။ မင်းက ယဲ့မျိုးနွယ်ဝင်ဖြစ်နေရင် သူတို့ သေချာပေါက်ကူညီပေးလိမ့်မယ်။ ဒါတွေက မင်းအတွက် ငါတို့ရဲ့လက်ဆောင်ပါ"
တောင်ပံနက်က သူ၏သိုလှောင်အိတ်အတွင်းမှ သေတ္တာတစ်လုံးကို ယဲ့ကျန့်ထန်းရှေ့ရှိ စားပွဲပေါ်တွင် ချထားလိုက်သည်။ သူက သေတ္တာကို ဖွင့်လိုက်သောအခါ မွှေးပျံ့လွန်းသော ရနံ့များထွက်ပေါ်လာသည်။ လက်ရှိတွင် ယဲ့ကျန့်ထန်းက ဗဟုသုတအနည်းငယ် ရှိနေပြီဖြစ်သောကြောင့် ဤရတနာများက မင်းယွမ်လာပို့သော လက်ဆောင်များအောက် မနိမ့်ကြောင်း နားလည်လိုက်သည်။ တောင်ပံနက်၏ အပေးအကမ်းရက်ရောမှုက လူတိုင်း၏စိတ်နှလုံးကိုသိမ်းသွင်းရန် လုံလောက်နေသည်။
"မင်းက ဘာကြောင့် ပစ္စည်းတွေအများကြီး လက်ဆောင်ပေးရတာလဲ။ ငါတို့က အပြန်အလှန်အနေနဲ့ ဘာပေးရမှာလဲ"
သို့သော် ယဲ့ကျန့်ထန်းက စိတ်ကိုထိန်းပြီး တည်ငြိမ်စွာပြန်မေးလိုက်သည်။
"အစ်ကိုကျန့်ထန်း ကျုပ်က ဒီနေရာကို ယဲ့မျိုးနွယ်နဲ့ ဆက်ဆံရေးကောင်းတည်ထောင်ချင်လို့ ရောက်လာရုံသက်သက်ပါ။ ဝံပုလွေတိုင်းပြည်က ယဲ့မျိုးနွယ်အပေါ် ကောင်းကောင်းဆက်ဆံကြောင်း စီနီယာရှေ့မှာပြောပေးရင် ရပါပြီ"
တောင်ပံနက်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ ဝံပုလွေတိုင်းပြည်က အလွန်ကြွယ်ဝသောကြောင့် ဤရတနာများက ပြောပလောက်စရာမဟုတ်ပေ။ သို့သော်လည်း သာမန်မျိုးနွယ်တစ်ခုဖြစ်သော ယဲ့မျိုးနွယ်အတွက် ၎င်းတို့မှာ ကံကောင်းမှုတစ်ခုဖြစ်သည်။ တောင်ပံနက်သည် ယဲ့ကျန့်ထန်း၏စိတ်လှုပ်ရှားမှုကို ရိပ်မိသွားသဖြင့် မှန်ကန်စွာခန့်မှန်းနိုင်ခဲ့သည်။ ရှေးဟောင်းပုဂ္ဂိုလ်ကြီးက ယဲ့မျိုးနွယ်ကို နောက်ခံပေးထားသော်လည်း ရတနာများထောက်ပံ့ပေးခြင်း မရှိပေ။ သူက ဤရတနာများကို ဂရုမစိုက်သော်လည်း ယဲ့မျိုးနွယ်ကိုသိမ်းသွင်းရန် လုံလောက်နေသည်။
ယဲ့ကျန့်ထန်းက ခဏတာမင်သက်သွားသော်လည်း အကြောင်းအရင်းကို ချက်ချင်းနားလည်လိုက်သည်။ တောင်ပံနက်ဆိုလိုသော စီနီယာက ယဲ့မျိုးနွယ်နောက်ကွယ်ရှိ ဘိုးဘေးကြီးဖြစ်ပေလိမ့်မည်။ သူ၏ဘိုးဘေးက အမှန်တကယ် ဂုဏ်သတင်းကျော်ကြားလှသည်။ သူက ဝံပုလွေတိုင်းပြည်၏ခွန်အားကို မသိသော်လည်း လက်ဆောင်များပို့ပေးလာသဖြင့် မျိုးနွယ်အတွက် အကူအညီများစွာ ဖြစ်စေခဲ့သည်။
"ကျုပ်က ဒီလက်ဆောင်တွေကို လက်မခံခင် ယဲ့ချန်ကို အရင်မေးရဦးမယ်"
ယဲ့ကျန့်ထန်းသည် ဝံပုလွေတိုင်းပြည်နှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမဆုံးဖြတ်လိုပေ။ ထို့ကြောင့် သူက သတင်းပို့သိမ်းငှက်တစ်ကောင်ကို ယဲ့တောင်ကြားထံ ချက်ချင်းစေလွှတ်လိုက်သည်။
တောင်ပံနက်က ယဲ့ချန်ဆိုသော အမည်ကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ယဲ့ကျန့်ထန်းနှင့် ရောက်တတ်ရာရာများ ပြောဆိုဆွေးနွေးနေရင်း ငါးနာရီအကြာတွင် သိမ်းငှက် ပြန်လည်ရောက်ရှိလာခဲ့သည်။
"အစ်ကိုတောင်ပံနက် ကျုပ်က ဝံပုလွေတိုင်းပြည်ရဲ့လက်ဆောင်ကို ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါမယ်။ ယဲ့မျိုးနွယ်က အလွန်ကျေးဇူးတင်ကြောင်းကိုလည်း ခင်ဗျားရဲ့အထက်လူကြီးတွေကို ပြောပေးပါ"
သတင်းပို့သိမ်းငှက်ထံမှ စာကိုဖတ်ကြည့်ပြီးနောက် ယဲ့ကျန့်ထန်းက တောင်ပံနက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ယဲ့မျိုးနွယ်သည် လက်ဆောင်ကို လက်ခံမည့်အကြောင်း ကြားသောအခါ တောင်ပံနက်က ကျေနပ်စွာပြုံးလိုက်သည်။ အနာဂတ်တွင် သူတို့က ယဲ့မျိုးနွယ်ကို သိမ်းသွင်းရန် အခွင့်အရေးများစွာ ရလာပေလိမ့်မည်။ သူက ယဲ့မျိုးနွယ်၏စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားပြီး ဝံပုလွေတိုင်းပြည်အပေါ် ရှေးဟောင်းကျင့်ကြံသူ၏ အမြင်ကောင်းရှိလာစေမည်ဟု ရည်ရွယ်ထားခဲ့သည်။
"တကယ်လို့ အစ်ကိုကျန့်ထန်း လိုအပ်တာများရှိရင် ကျုပ်ကို စာပို့သိမ်းငှက်တစ်ကောင်နဲ့ ဆက်သွယ်လိုက်ပါ။ ကိစ္စအထွေအထူးမရှိတော့ရင် ကျုပ် သွားတော့မယ်။ ခင်ဗျားအချိန်ကိုဖြုန်းမိတာ အားနာပါတယ်"
တောင်ပံနက်က လက်သီးနှစ်ဖက်ဆုပ်၍ ယဲ့ကျန့်ထန်းကို နှုတ်ဆက်လိုက်သည်။ ပြင်ပတွင် အချိန်က အရုဏ်တက်နေပြီဖြစ်သည်။
"ဒါဆိုရင် ကျုပ် ခင်ဗျားကို လိုက်ပို့ပေးပါမယ် အစ်ကိုတောင်ပံနက်"
ယဲ့ကျန့်ထန်းက ခေါင်းညိတ်၍ တောင်ပံနက်ကို သူနေထိုင်ရာနန်းတော်အပြင်သို့ လိုက်ပို့ပေးခဲ့လေသည်။