← Chapters

အဆင့်ခုနစ်ဖျက်ဆီးရေး မိုးကြိုးကပ်ဘေး

Vol. 22 Ch. 301

အဆင့်ခုနစ်ဖျက်ဆီးရေး မိုးကြိုးကပ်ဘေး

Vol. 22 Ch. 301

"လက်ထဲအရောက်လာပေးတဲ့ လက်ဆောင်ကိုငြင်းရင် ရိုင်းရာကျသွားမှာပေါ့"

ယဲ့မျိုးနွယ် တောင်ကြားအတွင်း ယဲ့ချန်သည် စာပို့သိမ်းငှက်ကို စေလွှတ်လိုက်ပြီးနောက် အေးစက်စက်ပြုံးလိုက်သည်။

ဝံပုလွေတိုင်းပြည်က ယဲ့မျိုးနွယ်ကို လက်ဆောင်ပေးခြင်းသည် ရှေးဟောင်းပုဂ္ဂိုလ်ကို မျက်နှာလိုမျက်နှာရလုပ်ခြင်းဖြစ်သည်။ သို့သော် သူတို့ကို ယဲ့ချန်က လှည့်ကွက်လေးတစ်ခုဖြင့် အရူးလုပ်နေခြင်းကို မထင်မှတ်ထားပေ။ သူတို့မည်မျှကြိုးစားပါစေ ယဲ့ချန်၏သဘောထားက ပြောင်းလဲသွားရန် အကြောင်းမရှိချေ။

ယဲ့ချန်သည် ဝံပုလွေတိုင်းပြည်အပေါ် အားနာစိတ်စိုးစဥ်းမျှမရှိချေ။ ယနေ့တွင် ခြင်္သေ့ကြီး၏စွမ်းအားသာ ထွက်ပေါ်လာခြင်းမရှိပါက ဝံပုလွေတိုင်းပြည်လက်ချက်နှင့် ယဲ့မျိုးနွယ်က ဖျက်ဆီးခံလိုက်ရနိုင်သည်။ ထို့အပြင် အမွေးပွလေး၏ မြေခွေးမျိုးနွယ်ကိုလည်း ဝံပုလွေတိုင်းပြည်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ခြင်္သေ့ဘုရင်နန်းတော်သာ ကယ်တင်ပေးခြင်းမရှိလျှင် အမွေးပွလေး၏ဆွေမျိုးအားလုံး သုတ်သင်ခံရပေလိမ့်မည်။ ထို့ကြောင့် အမွေးပွလေးနှင့်သူက ဝံပုလွေတိုင်းပြည်ကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။

ဝံပုလွေတိုင်းပြည်နှင့် ခြင်္သေ့ဘုရင်နန်းတော်ကြားတွင် ယဲ့ချန်က တစ်ဖက်ဖက်ကိုရွေးမည်ဆိုလျှင် သေချာပေါက် ခြင်္သေ့ဘုရင်နန်းတော် ဖြစ်ပေလိမ့်မည်။

ယဲ့ချန်သည် ဝံပုလွေတိုင်းပြည်ကို လက်ရှိတွင် အကြောက်တရားနှင့် ဟန့်တားထားမည်ဖြစ်သည်။ ထို့နောက် သူက ခွန်အားလုံလုံလောက်လောက်ရှိလျှင် ဤရန်ကြွေးကို သေချာပေါက်ဖြေရှင်းရပေမည်။

ယဲ့ချန်သည် အလယ်အင်ပါယာသို့ တတ်နိုင်သမျှအမြန်ဆုံး သွားရောက်ကာ ခွန်အားတိုးတက်စေရန် ကြိုးစားချင်နေသည်။ သို့သော် သူက ပထမဆုံး ဝိညာဥ်ပုလဲ၏ပြဿနာကို ဖြေရှင်းပေးရဦးမည်ဖြစ်သည်။

ယဲ့ချန်က ရှောင်ရိကို ခေါ်လိုက်သည်။

"ရှောင်ရိ မင်းရဲ့ဆရာကို ခေါ်ထုတ်လိုက်ပါဦး"

ယဲ့ချန်က ပြောလိုက်သည်။

ရှောင်ရိက ဝိညာဥ်ပုလဲကို ထုတ်ယူလိုက်သည်။ ၎င်းအထက်တွင် အနက်ရောင်အလင်းများ တောက်ပလာကာ တင်ပျဥ်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ ထွင်ထျန်း၏ပတ်လည်တွင် မိစ္ဆာစွမ်းအင်များ လှည့်ပတ်နေကြသည်။

"အဘိုးထွင်ထျန်း"

ယဲ့ချန်က ယဥ်ကျေးစွာ အရိုအသေပေးလိုက်သည်။

"မင်းက ဘာကြောင့် ငါ့ကိုခေါ်ထုတ်ရတာလဲ"

ထွင်ထျန်းက ယဲ့ချန်ကိုတစ်ချက်ကြည့်၍ မေးသည်။

"ကျုပ်တို့က အခုတုန်းလင်ပြည်နယ်ကို ရောက်နေတော့ ကျောက်စိမ်းမျှော်စင်နဲ့ သိပ်မဝေးဘူး။ ခင်ဗျားကို ကျောက်စိမ်းမျှော်စင်ထဲကို ပို့ပေးရမလား"

ယဲ့ချန်က တစ်လုံးချင်းမေးလိုက်သည်။

"ငါက ကျောက်စိမ်းမျှော်စင်ထဲကို ရောက်သွားရင် ရှောင်ရိကရော ငါ့လက်အောက်မှာ ဆက်ပြီးကျင့်ကြံမှာလား"

ထွင်ထျန်းက တုံ့ဆိုင်းသွားပြီး မေးခွန်းတစ်ခု ပြန်မေးသည်။

"ဒါ...ဒါကတော့ မဖြစ်နိုင်လောက်ဘူး"

ယဲ့ချန်သည်လည်း တုံ့ဆိုင်းကာ ခေါင်းယမ်းလိုက်သည်။ သူက ရှောင်ရိကို ကျောက်စိမ်းမျှော်စင်ကဲ့သို့နေရာမျိုးတွင် မထားရစ်နိုင်ခဲ့ပေ။

"ဆရာ ကျွန်တော်က ဆက်ပြီးလေ့ကျင့်ချင်ပေမယ့် အစ်ကိုကြီးနောက်ကိုလည်း လိုက်သွားချင်ပါတယ်"

ရှောင်ရိက ဆုံးဖြတ်ရခက်နေဟန်ဖြင့် ပြောလိုက်သည်။

"ဒီလိုလုပ်ကြရအောင်။ မင်းတို့ ငါ့ကို ကျောက်စိမ်းမျှော်စင်ဝင်ပေါက်အထိ ခေါ်သွားပေး။ စမ်းသပ်ချက်တစ်ခုလုပ်ပြီး နန်းတော်ထဲကို ဝင်သင့် မဝင်သင့် ဆုံးဖြတ်မယ်"

ထွင်ထျန်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ညွှန်ကြားလိုက်သည်။

ယဲ့ချန်က မည်သည့်စမ်းသပ်ချက်ဖြစ်ကြောင်း တွေးမရသော်လည်း ဤကိစ္စက မခက်ခဲသောကြောင့် ချက်ချင်းသဘောတူလိုက်သည်။

ထွင်ထျန်းက ဝိညာဥ်ပုလဲအတွင်း ဝင်ရောက်သွားပြီး ယဲ့ချန်နှင့်ရှောင်ရိသည် ကျောက်စိမ်းမျှော်စင်သို့ ချက်ချင်းခရီးထွက်ခဲ့ကြသည်။ ယဲ့အိမ်တော်နှင့် ကျောက်စိမ်းမျှော်စင်ကြားခရီးက နာရီအနည်းငယ်သာ ကြာမြင့်ပေသည်။

နေ့ဝက်အကြာတွင် ယဲ့ချန်နှင့်ရှောင်ရိသည် ကျောက်စိမ်းမျှော်စင်၏ဝင်ပေါက်သို့ ရောက်လာခဲ့ကြသည်။ ရှောင်ရိက ဝိညာဥ်ပုလဲကို ထုတ်ယူလိုက်သောအခါ ထွင်ထျန်းလည်း ထွက်ပေါ်လာ၏။

"ဘာကိုစမ်းသပ်ချင်လို့လဲ အဘိုးထွင်ထျန်း"

ယဲ့ချန်က စပ်စုလိုက်သည်။ သူတို့၏ရှေ့တည့်တည့်တွင် ကျောက်စိမ်းမျှော်စင်၏ဝင်ပေါက် တည်ရှိနေပြီး ကြီးကျယ်ခမ်းနားသော စုတ်ချက်များနှင့် ရေးဆွဲထားသော ကျောက်စိမ်းမျှော်စင်ဟူသည့် စကားလုံးများ ရှိနေခဲ့သည်။

"ငါက လက်ရှိအ​ခြေအနေနဲ့ ကောင်းကင်ကပ်ဘေးကို ခုခံနိုင်မလား စမ်းသပ်ကြည့်ချင်တယ်။ မင်းတို့နှစ်ယောက် နောက်ဆုတ်နေရင် ကောင်းမယ်။ ကောင်းကင်ကပ်ဘေးရဲ့စွမ်းအားကို မင်းတို့ မခုခံနိုင်ဘူး"

ထွင်ထျန်းက ရှင်းပြလိုက်ပြီးနောက် ယဲ့ချန်နှင့်ရှောင်ရိကို သတိပေးကာ ဝိညာဥ်ပုလဲအားထိန်းချုပ်၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

ယဲ့ချန်သည် ထွင်ထျန်း၏လုပ်ရပ်ကြောင့် အလွန်အံ့သြသွားခဲ့သည်။

ထွင်ထျန်းက သူ၏စွမ်းအားကို တစ်ချိန်လုံးပိတ်ဆို့ထားသောကြောင့် ကောင်းကင်ကပ်ဘေး ကျဆင်းလာခြင်းမရှိပေ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ၎င်းက ထွင်ထျန်းကို အာရုံခံမိသွားလျှင် ချက်ချင်းကျဆင်းလာ၍ သုတ်သင်ပစ်မည်ဖြစ်သည်။ လက်ရှိတွင် ထွင်ထျန်းက ကောင်းကင်ကပ်ဘေးကို ခုခံနိုင်ခြင်းရှိမရှိ စမ်းသပ်ရန် ကြိုးစားနေသည်။

ယဲ့ချန်နှင့်ရှောင်ရိက ကျောက်စိမ်းနန်းတော်၏ဝင်ပေါက်သို့ ပြေးသွားလိုက်ကြသည်။ သူက ကျောက်စိမ်းမျှော်စင်အနီးသို့ ချဥ်းကပ်လာသောအခါ တားမြစ်အစီအရင်က အလိုလိုပျောက်ကွယ်သွားခဲ့သည်။ အကြီးအကဲထန်းယွမ်၏ စကားအတိုင်း ကျောက်စိမ်းမျှော်စင်သည် ယဲ့ချန်အတွက် အချိန်တိုင်း အလိုအလျောက်ပွင့်ပြီးသား ဖြစ်နေခဲ့လေသည်။

ဝိညာဥ်ပုလဲထံမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ထိုစွမ်းအား၏ဖိအားကြောင့် နှလုံးသားထဲမှပင် တုန်ခါသွားခဲ့သည်။ ဤစွမ်းအင်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ကောင်းကင်ကြယ်တာရာပင်မတံဆိပ်အောက် အနည်းငယ်နိမ့်ကျသော်လည်း အစွမ်းထက်လိပ်ပြာလက်နက်တစ်ခု ဖြစ်နေဆဲပင်။ လိပ်ပြာလက်နက်တစ်ခုက အလိုလိုတိုက်ခိုက်နိုင်စွမ်းမရှိဘဲ ပိုင်ရှင်ဖြစ်သူမှသာ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။

ဝိညာဥ်ပုလဲက ကိုယ်တိုင်တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း ခုခံအားက အလွန်မြင့်သည်။ ရှောင်ရိပင်လျှင် လက်ရှိစွမ်းအားနှင့် ဝိညာဥ်ပုလဲကို အသုံးမချနိုင်ပေ။

"အစ်ကိုကြီး ဆရာက ဘာလုပ်နေတာလဲ"

.

ရှောင်ရိက စပ်စုလိုက်သည်။ ထွင်ထျန်းက သူ၏စွမ်းအားကို ထုတ်ဖော်လိုက်သောအခါ ဝိညာဥ်ပုလဲကတစ်နေရာတည်းတွင် မလှုပ်မယှက်ရပ်တန့်နေသည်။

"မင်းရဲ့ဆရာက ကောင်းကင်ကပ်ဘေးကိုရင်ဆိုင်ဖို့ ကြိုးစားနေတယ်။ ငါတို့က ဒီနေရာမှာ စောင့်ကြရအောင်"

ယဲ့ချန်က ဝိညာဥ်ပုလဲထံမှ အကြည့်မလွှဲဘဲ ပြန်ဖြေလိုက်သည်။

ဝိညာဥ်ပုလဲသည် တင်ပျဥ်ခွေထိုင်နေသော အကြီးအကဲထွင်ထျန်း၏ပုံရိပ်အထက်၌ မျောလွင့်နေသည်။ သူ၏ပတ်လည်တွင် မျက်တွင်းဟောက်ပက်၌ မီးများတောက်လောင်နေသော အရိုးခေါင်းသုံးခု လှည့်ပတ်နေကြသည်။ ၎င်းတို့ကို ထွင်ထျန်းက နှစ်ပေါင်းသောင်းချီသည့် အုတ်ဂူများထံမှ ထုတ်ယူလာခြင်းဖြစ်ပြီး ကာကွယ်ရေးအစီအရင်တစ်ခု ဖန်တီးထားခဲ့သည်။ မိစ္ဆာကျင့်စဥ်၏ဖော်ပြချက်အရ မီးတောက်အရိုးခေါင်းအစီအရင်ကို သန့်စင်ရာတွင် ကျင့်ကြံသူသုံးယောက်ကိုဖမ်းဆီး၍ အရှင်လတ်လတ်ဖန်တီးရမည်ဖြစ်သည်။ သို့သော် ထွင်ထျန်းက ရက်စက်သူမဟုတ်သောကြောင့် အစွမ်းထက်ကျင့်ကြံသူသုံးယောက်၏ ရုပ်အလောင်းများမှ ထုတ်ယူခဲ့ရသည်။ ထို့ကြောင့် မီးအရိုးခေါင်းအစီအရင်၏စွမ်းအားက ကိုးဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ စွမ်းအားဆယ်ရာခိုင်နှုန်း ပျောက်ကွယ်သွားသော်လည်း ဤအစီအရင်၏စွမ်းအားက အံ့သြဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။

အချိန်အနည်းငယ်အကြာတွင် ကောင်းကင်ထက်၌ မိုးချုန်းသံများ ထွက်ပေါ်လာခဲ့သည်။ မိုးချုန်းသံတွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေသည်။

"ကောင်းကင်ကပ်ဘေး ကျဆင်းလာတော့မယ်"

ယဲ့ချန်က စိုးရိမ်စွာ ရေရွတ်လိုက်မိသည်။ အဝေးတွင် အနက်ရောင်တိမ်များ စုဝေးလာကာ ဝိညာဥ်ပုလဲအထက်၌ ထွက်ပေါ်လာသည်။

ထွင်ထျန်းက တည်ငြိမ်စွာရှိနေခဲ့သည်။ သူ၏မုတ်ဆိတ်ရှည်ကြီးများက တလူလူလွင့်ပျံနေပြီး အနက်ရောင်ဝတ်ရုံရှည်က တဖြတ်ဖြတ်လှုပ်ခါနေသည်။ ကြုံးဝါးသံတစ်ချက်နှင့်အတူ သူ၏ကိုယ်တွင်းမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

မိုးကြိုးဆယ်စင်းက ထွင်ထျန်းထံ ရုတ်တရက်ကျဆင်းလာပြီး အနက်ရောင်အလင်းများနှင့် ထိပ်တိုက်ရင်ဆိုင်သွားခဲ့သည်။ နားကွဲမတတ်ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး မီတာဒါဇင်အချင်းဝက်အတွင်း မြေပြင်၌ ကျောက်တုံးများ၊ သစ်ပင်များ ပျက်စီးကုန်သည်။ ကမ္ဘာပျက်သကဲ့သို့ တောင်နှင့်ကုန်း​​မြေများက စတင်တုန်ခါလာသည်။

မိုးကြိုးများ ကျဆင်းလာပြီးနောက် ကောင်းကင်ထက်မှ မီးလုံးကြီးများ ဆက်တိုက်ကျဆင်းလာသည်။

"ဝိညာဥ်အလင်းဒိုင်း"

ထွင်ထျန်းက ဒေါသတကြီးအော်ဟစ် ကြုံးဝါးလိုက်သည်။ သူ၏ဘေးတွင် ဝိုင်းပတ်နေသော အရိုးခေါင်းသုံးခုက လင်းလက်တောက်ပလာသည်။ ထို့နောက် အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ သူ၏တစ်ကိုယ်လုံးကို အကာအရံပမာ လွှမ်းခြုံလာခဲ့၏။

"ဘုန်း ဘုန်း ဘုန်း"

မီးလုံးများနှင့် အနက်ရောင်အကာအရံ တွေ့ဆုံသွားသောအခါ ပေါက်ကွဲသံများနှင့်အတူ မီးပွားများ လွင့်စင်လာသည်။ တစ်လှိုင်းပြီးတစ်လှိုင်း ကျဆင်းလာနေသော ကောင်းကင်မီးလုံးများကို ထွင်ထျန်းက ခုခံခဲ့ရသည်။ ဆက်တိုက်ကျဆင်းလာနေသော မီးလုံးများကြောင့် ဝိညာဥ်ဒိုင်းပေါ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာ၏။ မီးတောက်များက ထွင်ထျန်း၏မုတ်ဆိတ်ကိုပင် စတင်စွဲလောင်လာသည်။

ထွင်ထျန်း၏ပုံရိပ်က အလွန်သနားစရာကောင်းနေသည်။

"ဝိညာဥ်ကြာပန်းနက် ဖူးပွင့်စမ်း"

ထွင်ထျန်း၏စကားအဆုံးတွင် ခေါင်းအထက်၌ အနက်ရောင်ကြာပန်းတစ်ပွင့် ဖြစ်တည်လာသည်။ ဝိညာဥ်ဒိုင်းကာတွင် အလွှာအနည်းငယ် ထပ်မံဖြစ်ပေါ်လာသည်။

"အစ်ကိုကြီး ကျွန်တော်တို့ ဆရာ့ကို ကူညီရမလား"

ရှောင်ရိက စိုးရိမ်တကြီး အကြံတောင်းလိုက်သည်။

"ကောင်းကင်ကပ်ဘေးရဲ့စွမ်းအားက ငါတို့အံတုနိုင်တာမျိုး မဟုတ်ဘူး။ လက်ရှိအဆင့်အရဆိုရင် အဲ့ဒီမီးလုံးတွေနဲ့ ထိမိလိုက်ရင် ငါတို့က မျက်တောင်တစ်ခတ်အတွင်း ပြာကျသွားနိုင်တယ်"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။

"ဒါဆိုရင် ဆရာ အန္တရာယ်ရှိနိုင်လား"

ရှောင်ရိက ထပ်မေးလိုက်သည်။ ကောင်းကင်ကပ်ဘေးက အလွန်ကြောက်စရာကောင်းနေသည်။

"အဘိုးထွင်ထျန်းက ဝိညာဥ်ပုလဲကိုအသုံးပြုပြီး အလင်းဒိုင်းကို ထုတ်ဖော်ထားတယ်။ သူက ကောင်းကင်ကပ်ဘေးကို ခုခံနိုင်လောက်ပါတယ်"

ယဲ့ချန်လည်း ဤကိစ္စနှင့်ပတ်သက်လျှင် မသေချာပေ။ သူက ခြင်္သေ့ကြီးကိုမေးသော်လည်း တိကျရေရာသော အဖြေမရခဲ့ပေ။ ၎င်းက ထွင်ထျန်းရင်ဆိုင်နေရသော ကောင်းကင်ကပ်ဘေး၏အစွမ်းနှင့် သက်ဆိုင်နေသည်။

နာရီဝက်အကြာတွင် ဝိညာဥ်ပုလဲ၏ ပတ်ဝန်းကျင်တွင် အပျက်အစီးများ ပြည့်နှက်နေသည်။ အရာအားလုံးက မြေပြင်တွင်လဲပြိုကျနေပြီး မီးလောင်ကျွမ်းမှုကြောင့် မြေပြင်တစ်ခုလုံး မည်းနက်နေခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်ကပ်ဘေးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ထွင်ထျန်းဖန်တီးထားသော ဝိညာဥ်ဒိုင်းကလည်း ဘုန်းခနဲမြည်ဟီး၍ ပြိုကျသွားခဲ့သည်။

"ဟား ဟား နောက်ဆုံးတော့ ကောင်းကင်ကပ်ဘေးကို ကြောက်စရာမလိုတော့ဘူး။ ငါက အစစ်အမှန်ပါရမီရှင် ဖြစ်နေပြီ။ မင်းလိုနိမ့်ကျတဲ့ ကောင်းကင်ကပ်ဘေးတစ်ခုက ကောင်းကင်ဝါးမျိုနတ်ဆိုးအရှင်ကို သတ်နိုင်မယ် ထင်နေတာလား။ အခုကစလို့ ငါ ကောင်းကင်ဝါးမျိုနတ်ဆိုးအရှင်က စိတ်ရှိတိုင်းသွားလာနိုင်ပြီကွ"

ထွင်ထျန်း၏အဝတ်အစားက စုတ်ပြဲနေပြီး မုတ်ဆိတ်နှင့်ဆံပင်များ မီးလောင်ကျွမ်းခံထားရကာ သူ၏တစ်ကိုယ်လုံးတွင် အနက်ရောင်သန်းနေသည့် မီးလောင်ဒဏ်ရာများ ပြည့်နှက်နေသည်။ သို့သော်လည်း သူက အရူးတစ်ယောက်ပမာ ကခုန်အော်ဟစ်နေခဲ့သည်။

ထွင်ထျန်းက ပျော်ရွှင်စွာအောင်ပွဲခံနေစဥ် ယဲ့ချန်သည် တစ်ခုခုကိုအာရုံခံမိသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် ထွင်ထျန်းလည်း မျက်နှာပျက်သွားကာ မိုးချုန်းသံများ နောက်တစ်ကြိမ် မြည်ဟီးလာသည်။ ဤအသံက ပို၍ကျယ်လောင်လာသည့်အပြင် အနက်ရောင်တိမ်များလည်း ပို၍ထူထပ်စွာ စုဝေးလာသည်။

"ဘုရားရေ ကောင်းကင်ကပ်ဘေးအဆင့်ခုနစ် ဖျက်ဆီးရေးမိုးကြိုးတွေပါလား။ ဒါက သန့်စင်သံမဏိနက်ကိုတောင် ဖုန်မှုန့်ဖြစ်အောင် လုပ်နိုင်တယ်"

ထွင်ထျန်း၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူက ဝိညာဥ်ပုလဲအတွင်း ချက်ချင်းဝင်ရောက်၍ ကျောက်စိမ်းမျှော်စင်ထံ တဟုန်ထိုးထွက်ပြေးလိုက်၏။

"ကျောက်စိမ်းမျှော်စင်ထဲကို မြန်မြန်ဝင်ကြစမ်း။ မြန်မြန်ပြေးကြ"

သူ၏အော်သံ ကလှစ်ခနဲပျံသန်းလာသော ပုလဲအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

၎င်းက ယဲ့ချန်နှင့်ရှောင်ရိထက်အရင် ကျောက်စိမ်းမျှော်စင်အတွင်း လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်ကလည်း ရှောင်ရိကိုပွေ့ပြီး အတွင်းပိုင်းသို့ ချက်ချင်းခုန်ဝင်လိုက်ကြသည်။ သူက အဆင့်ခုနစ်ကောင်းကင်ကပ်ဘေးအကြောင်း မသိသော်လည်း ထွင်ထျန်း၏အပြုအမူအရ အထင်သေးစရာကောင်းသောအရာ မဟုတ်ကြောင်း နားလည်ထားခဲ့သည်။

ယဲ့ချန်နှင့်ရှောင်ရိက ကျောက်စိမ်းမျှော်စင်အတွင်း ရောက်သောအခါ ၎င်း၏ကာကွယ်ရေးအစီအရင် အသက်ဝင်လာခဲ့သည်။

ကျောက်စိမ်းမျှော်စင်၏ အပြင်ဘက်တွင် ကောင်းကင်ကပ်ဘေးက အနက်ရောင်တိမ်တစ်ခု အသွင်ပြောင်းကာ ဝင်ရောက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ၎င်းက ကာကွယ်ရေးအစီအရင်နှင့် တားမြစ်ခံလိုက်ရသည်။ ကျောက်စိမ်းမျှော်စင်ဟူသော စကားလုံးများက မျက်စိကျိန်းစပ်လောက်အောင် ရောင်စုံလင်းလက် တောက်ပလာခဲ့သည်။

"ဘန်း"

ရောင်စုံအလင်းများသည် ကောင်းကင်ဖျက်ဆီးရေးမိုးကြိုးအပေါ် ကျရောက်သွားသောအခါ ၎င်းက ချက်ချင်းပျက်စီးသွား၍ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"ငါတို့ အခုလုံခြုံသွားပြီ။ ငါက အဆင့်ခုနစ်ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်မိမယ်လို့ မျှော်လင့်မထားဘူး။ ကံကောင်းတာက ငါ အသက်မပျောက်ခင် မြန်မြန်ထွက်ပြေးလာနိုင်လို့ပေပဲ"

ထွင်ထျန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

"ဆရာ ကောင်းကင်ဖျက်ဆီးရေးမိုးကြိုးက ဒီလောက်အစွမ်းထက်တာလား"

ရှောင်ရိက မေးလိုက်သည်။

"မှန်တယ်။ အစွမ်းအထက်ဆုံးလိပ်ပြာလက်နက်တွေထဲမှာ အဆင့်ငါးကောင်းကင်ကပ်ဘေး မီးမိုးကြိုးကိုခုခံနိုင်ရင် အလွန်အစွမ်းထက်နေပြီ။ ငါလည်း အဆင့်ငါးကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တယ်။ ဒါပေမယ့် အဆင့်ခုနစ် ကောင်းကင်ကပ်ဘေးဆိုရင် ငါက တစ်စက္ကန့်အတွင်း ပြာကျသွားမှာ သေချာတယ်"

ထွင်ထျန်းကခေါင်းညိတ်၍ လေးနက်စွာ ရှင်းပြလိုက်လေသည်။

All Chapters