ကိုယ်လုပ်တော်
Vol. 22 Ch. 302
ယဲ့ချန်သည် ကျောက်စိမ်းမျှော်စင်အတွင်း အကြီးအကဲထွင်ထျန်းနှင့်အတူ ဝင်ရောက်သွားခဲ့သည်။ မိုးကြိုးကပ်ဘေးကိုမူ ကျောက်စိမ်းမျှော်စင်၏ ကာကွယ်ရေးအစီအရင်က ကာကွယ်ပေးထားခဲ့သည်။ ကျောက်စိမ်းမျှော်စင်တွင် အလွန်အစွမ်းထက်သော ရတနာအမွေများရှိနေသောကြောင့် ထွင်ထျန်းပင်ကြောက်လန့်ရသော ကောင်းကင်ကပ်ဘေးကို အလွယ်တကူတားမြစ်နိုင်နေသည်။
"အဘိုးထွင်ထျန်း ကျောက်စိမ်းမျှော်စင်က ဘာလို့ အစွမ်းထက်ကောင်းကင်ကပ်ဘေးကို တားမြစ်နိုင်နေရတာလဲ"
ယဲ့ချန်က မေးလိုက်သည်။
"ကျောက်စိမ်းမျှော်စင်ဟာ ရှေးခေတ်ဟောင်းကျင့်ကြံသူတွေ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအံ့ဖွယ်တစ်ပါးဖြစ်တယ်။ သူတို့အားလုံးက အလွန်အစွမ်းထက်ကြပြီး လောကဥပဒေသကိုကျော်လွန်တဲ့ ကျင့်ကြံသူတွေဖြစ်ကြတယ်။ မျှော်စင်က တိမ်တွေအထိရောက်အောင် မြင့်တက်နေပြီး မြေအောက်ကိုလည်း အနက်ရှိုင်းဆုံးဝင်ရောက်နေတယ်။ ဆန်းကျယ်လွန်းတဲ့ တံဆိပ်တွေလည်း ရေးထွင်းထားတယ်။ ငါ့အထွတ်အထိပ်အချိန်မှာဆိုရင်တောင် မြေအောက်ကတံဆိပ်တွေကို မထိရဲဘူး။ ဒါတွေက အစွမ်းထက်လွန်းတယ်။ ဒီကမ္ဘာပေါ်မှာ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူတွေ ဘယ်အချိန်ကရှိခဲ့တယ်ဆိုတာကို ငါ မသိဘူး။ ငါက ကျောက်စိမ်းမျှော်စင်နဲ့ပတ်သက်လို့ အများကြီးမသိပေမယ့် အလွန်အစွမ်းထက်တာကိုတော့ နားလည်ထားတယ်။ အဆင့်ခုနစ်ကောင်းကင်ကပ်ဘေး မပြောနဲ့၊ အဆင့်ကိုးကမ္ဘာဖျက်ကောင်းကင်ကပ်ဘေးဆိုရင်တောင် ထိုးဖောက်လာဖို့ မဖြစ်နိုင်ဘူး"
ထွင်ထျန်းက သူသိသမျှ ရှင်းပြလိုက်သည်။ ထွင်ထျန်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည်ပင် ဤမျှမြင့်မြင့်တွေးထားသောကြောင့် ကျောက်စိမ်းမျှော်စင်က လုံးဝသာမန် မဖြစ်နိုင်ချေ။
အစွမ်းထက်ကျင့်ကြံသူများကြားတွင် ထျန်းယွမ်လည်း တစ်ယောက်အပါအဝင်ဖြစ်ပေလိမ့်မည်။ သူက ယဲ့ချန်အနေဖြင့် အစွမ်းလုံလောက်သော တစ်နေ့တွင် ကျောက်စိမ်းမျှော်စင်ကို အမွေဆက်ခံရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ၎င်း၏စွမ်းအားအရ ဤအလုပ်က အလွန်ခက်ခဲမည့်ပုံပေါ်သည်။ အကြီးအကဲထွင်ထျန်းပင်လျှင် ကျောက်စိမ်းမျှော်စင်၏တံဆိပ်များကို ကြောက်နေရသည်မဟုတ်ပါလော။
"အဘိုးထွင်ထျန်းက အခုဘယ်လိုစီစဥ်ထားလဲ"
ယဲ့ချန်က စပ်စုလိုက်သည်။
"ငါ အပြင်ထွက်ရင် ပြာကျသွားလိမ့်မယ်။ အတိတ်မှာ ငါ့ခွန်အားကိုပိတ်ဆို့ထားလို့ ကောင်းကင်ကပ်ဘေးက အာရုံမခံနိုင်ပေမယ့် တစ်ကြိမ်လောက်သာရမယ်။ နောက်တစ်ကြိမ်ဆိုရင် ကောင်းကင်ကပ်ဘေးက ငါ့စွမ်းအားကိုမှတ်မိနေပြီး ဒီလောက်လွယ်ကူမှာ မဟုတ်တော့ဘူး။ မင်းတို့က ငါ့ကိုသုံးထပ်မြောက်အထိ ခေါ်သွားပေးဦး။ ပထမထပ်က မလုံခြုံဘူး"
ထွင်ထျန်း၏မျက်နှာက ရှုံ့မဲ့သွားကာ သတိပေးလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ရှောင်ရိကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ရိအနေဖြင့် သူ၏ဆရာနှင့်အတူ ကျောက်စိမ်းမျှော်စင်တွင် နေထိုင်လေ့ကျင်ရန်နှင့် ယဲ့ချန်နောက်သို့လိုက်ပါရန်ဟူသော ရွေးချယ်စရာနှစ်ခု ရှိနေသည်။ ဆုံးဖြတ်ချက်ကို ရှောင်ရိကိုယ်တိုင် ချရပေလိမ့်မည်။
"သွားကြစို့"
ယဲ့ချန်၊ ရှောင်ရိနှင့် ဝိညာဥ်ပုလဲက ကျောက်စိမ်းမျှော်စင်အတွင်း ပျံသန်းဝင်ရောက်သွားကြသည်။ မျှော်စင်တစ်ခုလုံး တားမြစ်အစီအရင်များ ပြည့်နှက်နေသဖြင့် သူတို့က ကွေ့ပတ်ရှောင်တိမ်းနေရသည်။
ထိုအချိန်တွင် ကျောက်စိမ်းမျှော်စင်၏ ဒုတိယထပ်၌ဖြစ်သည်။
ချော်ရည်များကြားတွင် လူငယ်တစ်ယောက်ထိုင်နေပြီး မေ့ပျောက်သွားသော မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရနိုင်စေရန် ကြိုးစားစဥ်းစားနေပုံပေါ်သည်။ သူ၏မျက်နှာထက်တွင် ဝမ်းနည်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူက ထိုနေရာတွင် နှစ်ရက်တိုင်တိုင်ထိုင်နေခဲ့ပြီးမှ မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူက အလောင်းတစ်ခုထံ လျှောက်သွားလိုက်လေသည်။
အလောင်း၏ဘေးတွင် ပိုင်ရှင်မဲ့သိုလှောင်အိတ်တစ်လုံး ပြုတ်ကျနေသည်။ သူက ၎င်းအတွင်းမှ အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်သည်။
လူငယ်၏အရပ်က သုံးမီတာကျော်မြင့်သည်။ အင်္ကျီက သာမန်လူတစ်ယောက်အတွက် ချုပ်ထားခြင်းဖြစ်သောကြောင့် တစ်ရာ့ရှစ်ဆယ်စင်တီမီတာ မြင့်သူတစ်ယောက်အတွက်သာ ကိုက်ညီသည်။ ရုတ်တရက် လူငယ်၏ခန္ဓာကိုယ်က သာမန်လူတစ်ယောက်၏အရွယ်အစားအထိ ကျုံ့ဝင်သွားကာ ဆံပင်နှင့်မျက်ခုံးမွေးများ ပေါက်လာခဲ့သည်။ ဆံပင်များက နက်မှောင်တောက်ပနေပြီး မျက်ခုံးမွေးများက ထူထဲနေသည်။ သူ၏မျက်နှာသွင်ပြင်က မြင့်မြတ်သူတစ်ယောက်၏ဟန်ပန်ကို ဖော်ဆောင်နေကာ မြင့်မြတ်သောအရှိန်အဝါကိုလည်း ပိုင်ဆိုင်ထား၏။ သူ၏သူငယ်အိမ်များကမူ သန်းခေါင်ယံညကဲ့သို့ နက်ရှိုင်းစွာ မည်းမှောင်နေသည်။
လူငယ်က သေးသွယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အသားအရေက ကောင်းမွန်သည်။ သူက သာမန်ကျင့်ကြံသူတစ်ဦး၏ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ကိုယ်လုံးတီးထက် ပို၍သန့်စင်မြင့်မြတ်ဟန် ပေါက်သွားခဲ့သည်။
"ငါက နှစ်ပေါင်းသုံးသောင်းကြာအောင် အိပ်စက်ခဲ့ပြီးပြီ။ ဒီကမ္ဘာကြီးက ဘယ်လိုဖြစ်သွားပြီလဲ။ ငါ့ကိုမှတ်မိသူတွေရော ရှိပါဦးမလား။ ဒီအရာတွေနဲ့ လူတိုင်းက ဖုန့်မှုန်တွေအဖြစ် ပြောင်းလဲသွားကြတော့မှာလား။ ငါ့ကျင့်ကြံဆင့်ကလည်း ပျောက်ကွယ်သွားပြီး အစကနေ ပြန်လည်ကျင့်ကြံရတော့မယ်။ ဒါပေမယ့် ချော်ရည်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရလို့ ငါ့ခန္ဓာကိုယ်က အလွန်သန်မာနေပြီ"
လူငယ်က မျက်လုံးများမှိတ်၍ ကိုယ်တွင်းစွမ်းအင်ကိုအာရုံခံကာ ရေရွတ်လိုက်သည်။
"မင်းလည်း ငါ့ကို နှစ်တွေအကြာကြီးစောင့်နေရတာဆိုတော့ အထီးကျန်ရောပေါ့။ မင်းမှာ ပိုင်ရှင်အသစ်ရသွားလို့ ပိုပြီးခံစားချက်ကောင်းနေမယ်ထင်တယ်။ အရာအားလုံးကလာပြီးရင် ထွက်သွားရလိမ့်မယ်။ ရှိပါစေတော့လေ။ ငါ နောင်တမရှိပါဘူး"
လူငယ်က သူ၏လက်မောင်းတွင် လက်မောင်းကာပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သည်။ သူက လက်မောင်းကာဝိညာဥ်၏စွမ်းအင်ကိုလည်း အာရုံမခံမိပေ။ သူက တစ်ချက်ပြုံး၍ ရေရွတ်လိုက်သည်။
လူငယ်က ခေါင်းကို အနည်းငယ်မော့လိုက်သည်။ ထို့နောက် ကျောက်စိမ်းမျှော်စင်ဒုတိယထပ်တွင်ရှိသမျှ ကောင်းကင်ချီစွမ်းအင်အားလုံးက ပြင်းထန်စွာစီးဝင်လာကြသည်။ စွမ်းအင်များက လူငယ်၏ခန္ဓာကိုယ်အတွင်း အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာနေကြသည်။ မူလတွင် သူက သာမန်လူတစ်ယောက်နှင့်တူညီသော်လည်း ခဏအတွင်း အဆင့်တစ်သို့ ရောက်သွားခဲ့သည်။ ကောင်းကင်ချီများက သူ၏ဒန်တန်အတွင်း စီးဝင်လာကြသောအခါ လျင်မြန်စွာအဆင့်တက်သွားသည်။ အဆင့်တစ် အဆင့်နှစ်....အဆင့်ခုနစ်...အဆင့်တစ်ဆယ်...မြေဝိဇ္ဇာအဆင့်မှ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ တစ်ချိန်တည်း ခုန်တက်သွားခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။
"ငါက ကောင်းကင်ဝိဇ္ဇာအဆင့်မှာ ရပ်တန့်လိုက်တာ ကောင်းမယ်။ အရင်ဆုံး ဒန်တန်အတွင်းက ကောင်းကင်ချီတွေကို ချေဖျက်ရမယ်"
လူငယ်က တစ်ချက်ပြုံးလိုက်သည်။
ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ခြေလှမ်းတိုင်းတွင် မဖော်ပြနိုင်သောကျက်သရေမျိုးကို ဖော်ဆောင်နေသည်။ သူ၏ခြေလှမ်းများက ဆန်းကျယ်လွန်းပြီး ခဏအတွင်း လေးငါးမီတာအကွာအဝေးသို့ ရောက်ရှိသွားလေသည်။
ယဲ့ချန်သည် ကျောက်စိမ်းမျှော်စင်၏ပထမထပ်တွင် ပျံသန်းနေရင်း ချီစုစည်းအစီအရင်အနားသို့ ရောက်လာခဲ့သည်။ ထျန်းချီအဆင့်တစ်ဆယ်ကျင့်ကြံသူတစ်ယောက်သာ အတွင်းသို့ဝင်နိုင်သောကြောင့် ယဲ့ချန်၏လက်ရှိကျင့်ကြံဆင့်အရ အစီအရင်အတွင်း မဝင်နိုင်ချေ။ သို့သော်လည်း သူ၏ဝိညာဥ်အသိစိတ်က အစီအရင်အတွင်း ဝင်ရောက်နိုင်နေသည်။ ဝိညာဥ်အသိစိတ်က ချီစုစည်းအစီအရင်အတွင်းရောက်သောအခါ သူက မင်သက်သွားခဲ့သည်။ ထိုနေရာတွင် ကောင်းကင်သားရဲ ခြင်္သေ့မတစ်ကောင် ရှိနေခဲ့သည်။
ခြင်္သေ့မသည် ယဲ့ချန်ထွက်ခွာသွားသည်ကို သတိမထားမိဘဲ နေရာတွင် နာခံမှုရှိစွာ လေ့ကျင့်နေခဲ့သည်။ ယဲ့ချန်၏အမိန့်ကြောင့် သူမက အစီအရင်၏အလယ်ပိုင်းသို့ မချဥ်းကပ်ရဲဘဲ အစွန်အဖျားတွင်သာ ကျင့်ကြံနေခဲ့လေသည်။
ကောင်းကင်သားရဲတစ်ကောင်အတွက် ချီစုစည်းအစီအရင်အတွင်း နှစ်ပေါင်းငါးဆယ်ကျင့်ကြံရခြင်းက ပြဿနာမရှိပေ။ သူမတွင် အစားအသောက်လုံလောက်စွာပါလာသည့်အပြင် ကောင်းကင်ချီအထောက်အပံ့ကိုလည်း ရထားသည်။ သူမက ရက်သတ္တပတ်အနည်းငယ် မစားမသောက်ရလျှင်ပင် ဆက်လက်ကျင့်ကြံနိုင်စွမ်းရှိသည်။ ရှည်လျားသောသက်တမ်းကြောင့် နှစ်ပေါင်းငါးဆယ်စောင့်ဆိုင်းပြီး ကျောက်စိမ်းမျှော်စင် နောက်တစ်ကြိမ်ဖွင့်မည်အထိစောင့်ရခြင်းက သူမအတွက် မခက်ခဲချေ။
ချီစုစည်းအစီအရင်အတွင်း၌ ကောင်းကင်ချီများက များပြားနေခဲ့သည်။ ခြင်္သေ့မက အချိန်ကြာမြင့်စွာကျင့်ကြံပြီးနောက် မြေအဆင့်သို့ချိုးဖျက် တက်ရောက်နိုင်ခဲ့သည်။
"ခြင်္သေ့မ ဟား ဟား ခြင်္သေ့မတစ်ကောင် ရှာတွေ့ပြီကွ"
ယဲ့ချန်က သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။ သူက ခြင်္သေ့မတစ်ကောင်ရှာဖွေရန် အစွမ်းကုန်ထုတ်ကြိုးစားခဲ့ရသော်လည်း မတွေ့ခဲ့ပေ။ ဤနေရာတွင် တိုက်တိုက်ဆိုင်ဆိုင်တွေ့နေရသောကြောင့် ဝိညာဥ်အသိစိတ်နှင့် ချက်ချင်းဆက်သွယ်လိုက်သည်။
ခြင်္သေ့မက ယဲ့ချန်၏အရှိန်အဝါကို အချိန်ကြာမြင့်စွာ အာရုံမခံမိခဲ့ပေ။ သူမ၏အထင်တွင် ယဲ့ချန်က အစီအရင်၏အလယ်ပိုင်း၌ ကျင့်ကြံနေခြင်းဖြစ်သည်။ လက်ရှိတွင်သူမထံ အရှိန်အဝါတစ်ခုရောက်လာသည်ကို ခံစားနေရသည်။
"အရှင်နတ်ဘုရင်"
ခြင်္သေ့မက ချက်ချင်းမတ်တပ်ရပ်၍ လေးစားစွာကြိုဆိုလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် မေးလိုက်သည်။
"လေးစားရပါသောအရှင် ဒီမိန်းမပျိုကို မူယွင်လို့ ခေါ်နိုင်ပါတယ်"
ခြင်္သေ့မက တုံ့ဆိုင်းမနေဘဲ ချက်ချင်းဖြေလိုက်သည်။
ယဲ့ချန်သည် ခြင်္သေ့မ၏အသုံးအနှုန်းကြောင့် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဤလောကတွင် သားရဲများက လူသားများနည်းတူ ဉာဏ်ရည်မြင့်နေကာလူ သားများ၏ယဥ်ကျေးမှုကိုလည်း အတုခိုးနေထိုင်ကြသည်။ မူယွင်က နှစ်ပေါင်းရာချီအသက်ရှင်လာပြီးဖြစ်သော်လည်း ခြင်္သေ့များ၏သက်တမ်းအရ အပျိုအရွယ် ခြင်္သေ့ငယ်လေးသာ ဖြစ်ပေသည်။
"ကောင်းတယ် မူယွင်။ ငါ့မိတ်ဆွေခြင်္သေ့တစ်ကောင်က ကိုယ်လုပ်တော် ရှာဖွေနေတယ်။ မင်းလက်ခံဖို့ ဆန္ဒရှိရဲ့လား"
ယဲ့ချန်က ဒဲ့တိုးမေးချလိုက်သည်။ သူက ခြင်္သေ့မတစ်ကောင်ကို အချိန်ကြာမြင့်စွာရှာဖွေခဲ့ရသောကြောင့် ညှိုနှိုင်းရန် ဝေ့လည်ကြောင်ပတ် ပြောမနေတော့ပေ။
"မူယွင် တော်တော်ကောင်းတဲ့ နာမည်လေးပါလား။ နောက်ဆုံးတော့ ငါ မိန်းမတစ်ယောက်ရတော့မယ်။ မင်းက ကောင်းကင်ဝိဇ္ဇာအဆင့်လေ။ မြေအဆင့်သားရဲလေးတစ်ကောင်ကို ချက်ချင်းဖမ်းပြီး ဒီအထဲ ပစ်ထည့်လိုက်စမ်းပါ"
မူယွင်၏အရှိန်အဝါကို ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးကလည်း အာရုံခံမိသည်။ သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာသည်။
"ဆရာခြင်္သေ့ ဒီလောက်ကြီး အလျင်မလိုပါနဲ့။ မူယွင်ဆန္ဒရှိမရှိကို မေးရဦးမယ်။ အလျင်စလိုလုပ်ရင် ဘယ်အရာမှမကောင်းဘူး"
ယဲ့ချန်က တားမြစ်လိုက်သည်။
"သားရဲတွေရဲ့ကမ္ဘာမှာ ဆန္ဒက အရေးမပါဘူးကွ။ မင်းက အစွမ်းထက်နေရင် မိန်းမတွေအများကြီး ယူလို့ရတယ်။ အားနည်းရင် မိန်းမမယူနိုင်ဘူး။ ခြင်္သေ့မတွေကလည်း သန်မာသူနောက်ကိုပဲ လိုက်လိမ့်မယ်။ မင်းတို့လူသားတွေရဲ့စည်းကမ်းတွေက အာရုံနောက်လိုက်တာကွာ"
ခြင်္သေ့ကြီးက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
မူယွင်သည် ယဲ့ချန်၏စကားကို ကြားသောအခါ မျက်လုံးများ တောက်ပလာခဲ့သည်။ သူမက အရွယ်ရောက်ပြီးသည်မှာ မကြာသေးသဖြင့် လက်တွဲဖော်မရှိချေ။ နတ်ဘုရင်တစ်ယောက်၏မိတ်ဆွေက အဆင့်တူချင်းဖြစ်နိုင်သောကြောင့် သူမအတွက် ကျောထောက်နောက်ခံဖြစ်လာနိုင်သည်။ နတ်ဘုရင်များက အားနည်းသူကို အပေါင်းအသင်းမလုပ်ကြချေ။
"ကျွန်တော်မျိုးမ ဆန္ဒရှိပါတယ် အရှင်"
မူယွင်က နှစ်ခါစဥ်းစားမနေဘဲ ခေါင်းညိတ်လိုက်သည်။ သူမအနေဖြင့် သန်မာသောခြင်္သေ့တစ်ကောင်၏ ကိုယ်လုပ်တော်ဖြစ်လာလျှင် မျိုးနွယ်အတွင်း အဆင့်အတန်းမြင့်လာနိုင်သည်။
"ချီစုစည်းအစီအရင်ထဲကနေထွက်ပြီး မြောက်ဘက်ကို ကီလိုမီတာနှစ်ဆယ် လျှောက်လာခဲ့"
ယဲ့ချန်သည် ရိုးရှင်းလွန်းသော ခြင်္သေ့များ၏လောကကြောင့် ပြောစရာစကားရှာမရ ဖြစ်နေခဲ့သည်။
"ကောင်းပါပြီ အရှင်"
မူယွင်က ယဲ့ချန်၏စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့သည်။
အချိန်ခဏအတွင်း သူမက ယဲ့ချန်ဘေးသို့ ရောက်လာခဲ့သည်။ ထို့နောက် မူယွင်၏ဝိညာဥ်အသိစိတ်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်မှာ ရှေ့ဆက်ဖြစ်လာမည်များကို စိတ်မဝင်စားသောကြောင့် လျစ်လျူရှုထားလိုက်၏။ အရာအားလုံးကို ခြင်္သေ့ကြီးကိုယ်တိုင် လုပ်ဆောင်သွားပေလိမ့်မည်။
ယဲ့ချန်က သားရဲများ၏လောကကို နားမလည်သကဲ့သို့ သားရဲများကလည်း လူ့လောကကို နားမလည်နိုင်ကြချေ။
ယဲ့ချန်နှင့်ရှောင်ရိက ဒုတိယထပ်သို့ ပျံသန်းလာခဲ့ပြီးနောက် ခဏအတွင်း ဝင်ရောက်လာခဲ့သည်။ သူက ဒုတိယထပ်အတွင်း ခြေချလိုက်သောအခါ လက်မောင်းတွင်တပ်ဆင်ထားသော ကောင်းကင်မီးလက်မောင်းကာက စတင်တုန်ခါလာသည်။ ယဲ့ချန်က သံသယဝင်စရာကောင်းသော အဖြစ်ကို ချက်ချင်းသတိပြုမိလိုက်၏။ သူက လက်မောင်းကာ၏တုန်ခါမှု အကြောင်းအရင်းကို မသိချေ။ သူက ကောင်းကင်မီးလက်မောင်းကာနှင့် မရင်းနှီးသေးသောကြောင့် အကြောင်းအရာအတိအကျကို အဖြေမထုတ်နိုင်ခဲ့ပေ။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လက်မောင်းကာကိုရရှိခဲ့သော ချော်ရည်များထံ သွားရောက်ရှာဖွေလိုက်၏။ သို့သော် ထိုနေရာတွင် မူလရှိနေသော အလောင်းကြီးပျောက်ဆုံးသွားသဖြင့် သူက ထိတ်လန့်သွားခဲ့သည်။
"ဘာတွေဖြစ်သွားတာလဲ။ တစ်ယောက်ယောက်က အလောင်းကို ရွှေ့သွားတာလား။ သူများတွေပြောသလောက်ဆိုရင် ဒီအလောင်းကြီးက အလွန်လေးလံတယ်တဲ့။ သာမန်လူတစ်ယောက် မရွှေ့နိုင်ဘူးဆိုရင် နတ်ဘုရင်တစ်ယောက် လုပ်သွားတာလား"
ယဲ့ချန်က အတွေးနက်နေသော်လည်း အလောင်းကိုယ်တိုင် အသက်ဝင်လာ၍ လမ်းထလျှောက်သွားမည်ဟု လုံးဝထင်မထားချေ။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို လိုက်လံရှာဖွေနေခဲ့သည်။ ထို့နောက် ကျောက်တုံးတစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ခပ်ချောချောလူငယ်တစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ လူငယ်၏အသားအရေက မွေးကင်းစကလေးတစ်ယောက်ပမာ နူးညံ့ချောမွတ်နေကာ သွေးရောင်ဖျော့ဖျော့ တောက်ပနေသည်။ သူက တိတ်တဆိတ်ထိုင်နေသော်လည်း ယဲ့ချန်ရှိရာဘက်သို့ ကြယ်သဏ္ဍာန် မျက်လုံးနက်များဖြင့် စိုက်ကြည့်နေခဲ့သည်။
လူငယ်၏ပတ်ဝန်းကျင်တွင် ဆန်းကျယ်၍ခမ်းနားသော အရှိန်အဝါတစ်ခု ရစ်သိုင်းနေကာ စကားဖြင့်ဖော်ပြမရနိုင်သော တည်ရှိမှုတစ်ခုပမာ ဖြစ်လေသည်။