အစစ်အမှန်နတ်ဆိုး
Vol. 22 Ch. 303
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က လူငယ်ကို စစ်ဆေးလိုက်သည်။ သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ကျောက်စိမ်းမျှော်စင်အတွင်း ပိတ်မိနေခဲ့ဟန်တူသည်။ ကျောက်စိမ်းမျှော်စင် ပွင့်လာချိန်တွင် သူကလွဲချော်သွားခဲ့ပြီး ဤနေရာတွင် ရွေးချယ်စရာမရှိဘဲ ဆက်လက်ကျင့်ကြံနေရပုံပေါ်သည်။
နှစ်ပေါင်းငါးဆယ်က သားရဲများအတွက် မကြာသော်လည်း လူ့သက်တမ်းနှင့်တွက်လျှင် အလွန်ကြာမြင့်သည်။ ဆေးဝါးအထောက်အပံ့မရှိသော ကောင်းကင်ဝိဇ္ဇာတစ်ယောက်သည် အများအားဖြင့် အသက်တစ်ရာ့ငါးဆယ်တစ်ရာ့ခြောက်ဆယ်အထိသာ နေထိုင်နိုင်သည်။ ဆရာရွှမ်းယီကဲ့သို့ အဆင့်မြင့်ဆေးများကိုသောက်သုံး၍ ဂရုတစိုက်နေထိုင်တတ်သူများဆိုလျှင် အသက်နှစ်ရာအထိ နေထိုင်နိုင်ကြသည်။ ယဲ့ချန်၏မြင်ကွင်းရှိ လူငယ်လေးက အသက်နှစ်ဆယ်အရွယ်ဖြစ်သည်။ လူတစ်ယောက်အတွက် အကောင်းဆုံးအချိန်က အသက်နှစ်ဆယ်မှ ခုနစ်ဆယ်ကြားဖြစ်သည်။ ဤအချိန်များကို ကျောက်စိမ်းမျှော်စင်အတွင်း တစ်ကိုယ်တော်ကုန်ဆုံးရမည်က အလွန်နှမြောစရာကောင်းသည်။
ယဲ့ချန်က တစ်ချက်စဥ်းစားလိုက်သည်။ တစ်ဖက်လူက ကောင်းကင်ဝိဇ္ဇာအဆင့်ဖြစ်သောကြောင့် လူဆိုးတစ်ယောက်ဖြစ်နေလျှင်ပင် များစွာအန္တရာယ်မရှိချေ။ သူက ရှောင်ရိကိုခေါ်၍ ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။
လူငယ်၏ အဆုံးမရှိနက်ရှိုင်းသော မျက်လုံးများက ယဲ့ချန်ထံ ကျရောက်လာသည်။ သူက ယဲ့ချန်၏ဘယ်လက်ကို ထူးဆန်းစွာစိုက်ကြည့်နေခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ်။ ငါက ယဲ့ချန်ပါ"
ယဲ့ချန်က ကျောက်တုံးဘေးသို့ ဆင်းသက်လိုက်သည်။ သူက လူငယ်နှင့် ငါးမီတာအကွာတွင်ရပ်၍ မိတ်ဆက်လိုက်သည်။
လူငယ်က ယဲ့ချန်၏စကားကို ကြားသောအခါ အနည်းငယ်ခေါင်းညိတ်ပြသည်။
"ကျောက်စိမ်းမျှော်စင်က ပိတ်သွားခဲ့ပြီ။ နောက်ထပ်နှစ်ပေါင်းငါးဆယ်နေမှ ပြန်ပွင့်လိမ့်မယ်။ မင်း ဘာလို့ထွက်မသွားခဲ့တာလဲ"
ယဲ့ချန်က အခြေအနေကို စုံစမ်းလိုက်သည်။ လူငယ်က မကောင်းသောရည်ရွယ်ချက် ရှိသူတစ်ယောက်နှင့် မတူသောကြောင့် ယဥ်ကျေးစွာဆက်ဆံလိုက်သည်။
"ဟေး ငါ့နာမည်က ရှောင်ရိပါ"
ရှောင်ရိသည်လည်း ယဲ့ချန်ကိုအတုယူပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သူက ရိုးသားအပြစ်ကင်းစင်သော ကလေးတစ်ယောက်ဖြစ်၍ မည်သူမှ ရှောင်ရိထံတွင် မကောင်းသောအကြံများရှိမည်ဟု တွေးမိမည်မဟုတ်ပေ။
"ငါက နန်ကုန်းရယ်ပါ"
လူငယ်က ညှင်သာစွာဖြေလိုက်သည်။ သူက ယဲ့ချန်၏ဘယ်လက်မောင်းကိုကြည့်၍ လက်တစ်ဖက်ကို လှုပ်ရှားလိုက်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်သဖြင့် မသိသာခဲ့ပေ။
အကြောင်းအရင်းအချို့ကြောင့် နန်ကုန်းရယ်၏မျက်လုံးများက အဆုံးမရှိနက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ပညာဉာဏ်နှင့်ဆန်းကျယ်မှုတို့ ပြည့်နှက်နေသည်။ သူ၏စကားပြောပုံက ထူးဆန်းနေပြီး စကားပြောဆိုခြင်းနှင့် အသားမကျဟန်ပေါ်နေခဲ့သည်။
"ကျောက်စိမ်းမျှော်စင်ပွင့်တဲ့အချိန်မှာ ထွက်မသွားခဲ့လို့ မင်း ပိတ်မိနေတာလား"
ယဲ့ချန်က မေးလိုက်သည်။ သူက နန်ကုန်းရယ် မည်သို့သောလူစားဖြစ်သည်ကို သိလိုခဲ့သည်။ ငယ်ရွယ်သူတစ်ယောက်က ကောင်းကင်ဝိဇ္ဇာအဆင့်သို့ ရောက်နေသောကြောင့် သေချာပေါက် ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူက နန်ကုန်းရယ်ထံမှ မည်သည်ကိုမှမျှော်လင့်မထားပေ။ အကယ်၍ နန်ကုန်းရယ်သာ အမှန်တကယ်ပိတ်မိနေခြင်းဆိုလျှင် သူက စေတနာနှင့် ကယ်ထုတ်ပေးမည်ဖြစ်လေသည်။
"ဟုတ်တယ်"
နန်ကုန်းရယ်က ခေါင်းညိတ်လိုက်သည်။ သူက ရှောင်ရိနှင့်ယဲ့ချန်ကို တစ်ချက်ကြည့်၍ စစ်ဆေးလိုက်သည်။ သူက ကောင်းကင်ဝိဇ္ဇာအဆင့်၌သာရှိသော်လည်း ယဲ့ချန်နှင့်ရှောင်ရိကို သုံးကွက်တည်းဖြင့် အလဲထိုးနိုင်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာအိပ်စက်ပြီးနောက် ပြန်တွေ့ရသော လူတစ်ယောက်နှင့် စကားပြောဆိုချင်ခဲ့သည်။ စကားပြောဆိုခြင်းက သူ၏အတိတ်တွင် လူ့လောက၌နေထိုင်ခဲ့သော အချိန်များကို ပြန်လည်အမှတ်ရစေသည်။ သူက မှတ်ဉာဏ်များအတွင်းရှာဖွေ၍ ယဲ့ချန်ပြောသော လူသားဘာသာစကားကို ပို၍နားလည်စေရန် ကြိုးစားလိုက်၏။
"ဒီလိုလုပ်ရအောင်။ ငါက ဒီနေရာမှာ ကိစ္စလေးတစ်ခုလုပ်ပြီးရင် မင်းကို ကျောက်စိမ်းမျှော်စင် အပြင်ဘက်ထုတ်ပေးမယ်"
ယဲ့ချန်က ပြောလိုက်သည်။ နန်ကုန်းရယ်သည် လူဆိုးတစ်ယောက်နှင့်မတူသည့်အပြင် လူဆိုးများမပိုင်ဆိုင်နိုင်သော မြင့်မြတ်သည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နိုင်နေသည်။ သူက တော်ဝင်မင်းမျိုးမင်းနွယ်တစ်ယောက် ဖြစ်နိုင်လေသည်။
"ငါ ဘာပြန်ပေးရမလဲ"
နန်ကုန်းရယ်က ယဲ့ချန်ကို ထူးဆန်းစွာကြည့်၍ မေးလိုက်သည်။
"ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး။ ကျောက်စိမ်းမျှော်စင်အပြင်ကိုရောက်ရင် ကိုယ့်လမ်းကိုယ်သွားကြမှာ ဖြစ်တယ်။ အနာဂတ်မှာ ငါတို့လုံးဝပြန်မတွေ့တာလည်း ဖြစ်နိုင်တယ်။ ဘာမှပေးစရာ မလိုပါဘူးကွာ"
ယဲ့ချန်သည် ရက်စက်ကြမ်းကြုတ်သော လောကကြီးအကြောင်း ပိုသိလာရသော်လည်း သူ၏ကြင်နာသော ကိုယ်ကျင့်စရိုက်က ပျောက်ဆုံးမသွားခဲ့ပေ။ အကယ်၍ နန်ကုန်းရယ်သာ လူဆိုးတစ်ယောက်ဖြစ်နေလျှင် ယဲ့ချန်က အချိန်ကုန်ခံ၍ ကူညီနေမည်မဟုတ်ချေ။ သို့သော် နန်ကုန်းရယ်က လူကောင်းတစ်ယောက်နှင့် တူညီနေသောကြောင့် သူက အလကားကူညီပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
နန်ကုန်းရယ်သည် ယဲ့ချန်ကိုကြည့်နေရင်း မျက်ဝန်းများတွင် ထူးဆန်းသော အတွေးတစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူ၏အကြည့်က သိမ်မွေ့လာပြီး ခေါင်းကို အသာညိတ်ပြသည်။
နန်ကုန်းရယ်က သူ့ကိုစိုက်ကြည့်လိုက်တိုင်း ယဲ့ချန်သည် ဖောက်ထွင်းမြင်ခံနေရသကဲ့သို့ ခံစားနေရသည်။ ဤကား အလွန်ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်သည်။ နန်ကုန်းရယ်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်သောကြောင့် ခွန်အားအရာတွင် ယဲ့ချန်က ပိုသာသည်။ သူက လျှို့ဝှက်ကျင့်စဥ်များ ကျင့်ကြံထားပုံရလေသည်။
"ဒီမှာ မင်း ခဏစောင့်နေလိုက်ဦး။ ငါ တတိယထပ်ကို သွားလိုက်ဦးမယ်"
ယဲ့ချန်က သံသယအတွေးများကိုပယ်ဖျောက်၍ ပြောလိုက်သည်။
"ဝိညာဥ်ပုလဲကို မြေအောက်သုံးထပ်မြောက်မှာ သွားထားမလို့လား"
နန်ကုန်းရယ်က တစ်လုံးချင်းမေးလိုက်သည်။
"မင်းက စိတ်ဖတ်နိုင်တာလား"
ယဲ့ချန်၏စိတ်များ မြင်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်သွားခဲ့သည်။ အကယ်၍ နန်ကုန်းရယ်သာ စိတ်ဖတ်တတ်လျှင် ယဲ့ချန်၏လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သွားပေလိမ့်မည်။ ထို့ကြောင့် သူက အလွန်စိုးရိမ်သွားခြင်းဖြစ်သည်။
"စိတ်ဖတ်တာ မဟုတ်ပါဘူး။ ဒါကို ကောင်းကင်ဗေဒင်ပညာရပ်လို့ ခေါ်တယ်"
နန်ကုန်းရယ်က ခေါင်းယမ်းပြသည်။ ကောင်းကင်ဗေဒင်ပညာရပ်သည် အနာဂတ်တွင် ဖြစ်လာမည့်အရာများကို တွက်ချက်နိုင်သော်လည်း လူတစ်ယောက်၏အတွေးကို ဖတ်နိုင်စွမ်းမရှိပေ။
"ကောင်းကင်ဗေဒင်ပညာရပ်က ဒီလောက်အစွမ်းထက်တာလား"
ယဲ့ချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
နန်ကုန်းရယ်သည်လည်း ယဲ့ချန်နှင့် စကားများစွာပြောမိနေခြင်းအတွက် သူ့ကိုယ်သူအံ့သြနေခဲ့သည်။ အတိတ်၌ဆိုလျှင် သူက ယဲ့ချန်နှင့်စကားပြောရန် အချိန်ကုန်ခံနေမည် မဟုတ်ပေ။ ကျောက်စိမ်းမျှော်စင်အတွင်း အချိန်ကြာမြင့်စွာအိပ်စက်ပြီးနောက် သူ၏အမူအကျင့်များက အနည်းငယ်ပြောင်းလဲသွားခြင်း ဖြစ်သည်။
ယဲ့ချန်က နန်ကုန်းရယ်ကို နတ်ဆရာဂိုဏ်းဝင်တစ်ယောက်ဟု ထင်မြင်သွားခဲ့သည်။ ကောင်းကင်ဗေဒင်ပညာရပ်က အလွန်အံ့သြဖွယ်ကောင်းသည်။ သို့သော် နတ်ဆရာဂိုဏ်း၏ပညာရပ်နှင့်ယှဥ်လျှင် နန်ကုန်းရယ်၏ ကောင်းကင်ဗေဒင်ပညာရပ်က အဆင့်ကြီးတစ်ခုမြင့်မားနေကြောင်း သူ မခန့်မှန်းမိခဲ့ပေ။
"ငါ့ကို ဝိညာဥ်ပုလဲ တစ်ချက်လောက်ပြပါ"
နန်ကုန်းရယ်က ညာလက်ဝါးကို ဆန့်ထုတ်လိုက်သည်။
"ဘာကြောင့်လဲ"
ယဲ့ချန်သည် နန်ကုန်းရယ်၏မျက်လုံးထဲတွင် လောဘစိတ်နှင့် မကောင်းသောအတွေးများကို လုံးဝမတွေ့ရပေ။ အကယ်၍ သာမန်လူတစ်ယောက်က ဤသို့တောင်းဆိုလာလျှင် ယဲ့ချန်က သေချာပေါက် သံသယဝင်မိပေလိမ့်မည်။ နန်ကုန်းရယ်ကမူ ဆန်းကျယ်သောအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသဖြင့် သာမန်လူများထက် မြင့်မြတ်နေဟန် ထင်မြင်ရသည်။
"မင်းက ငါ့ကို ကျောက်စိမ်းမျှော်စင် အပြင်ဘက်ခေါ်ထုတ်ပေးတဲ့ အဖိုးအခလို့ မှတ်လိုက်ပါ။ ငါက ဝိညာဥ်ပုလဲကို ထာဝရစည်းခတ်ပြီး အနာဂတ်မှာ ကောင်းကင်ကပ်ဘေးကျဆင်းမလာအောင် လုပ်ပေးမယ်"
နန်ကုန်းရယ်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။ သူ၏ပြောဆိုပုံအရ ဝိညာဥ်ပုလဲကို စည်းခတ်ရခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ ထင်မှတ်ရသည်။
"ရှောင်ရိ ဝိညာဥ်ပုလဲကို ထုတ်ပေးလိုက်ပါ"
ယဲ့ချန်က ရှောင်ရိဘက်လှည့်၍ ညွှန်ကြားလိုက်သည်။
ယဲ့ချန်သည် နန်ကုန်းရယ်၏အကြောင်းကို ခြင်္သေ့ကြီးနှင့်ထွင်ထျန်းထံ မေးမြန်းချင်ခဲ့သည်။ ခြင်္သေ့ကြီးက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ပျော်ပါးနေသောကြောင့် သွားရောက်နှောင့်ယှက်၍မရပေ။ ကျန်တစ်ဖက်တွင် ထွင်ထျန်းက ဝိညာဥ်ပုလဲအတွင်း တိတ်တဆိတ်ရှိနေပြီး စကားတစ်ခွန်းပင် ပြန်မပြောခဲ့ပေ။
"ဟုတ်"
ရှောင်ရိက ထွေထွေထူးထူးစဥ်းစားမနေဘဲ ဝိညာဥ်ပုလဲကို နန်ကုန်းရယ်၏လက်ထဲ ထည့်ပေးလိုက်သည်။
ဝိညာဥ်ပုလဲက နန်ကုန်းရယ်၏လက်ဝါးအတွင်း ရောက်သောအခါ လေပေါ်သို့ အလိုလိုမြင့်တက်လာသည်။ သူက လက်ဟန်အချို့ ပြုလုပ်လိုက်သောအခါ စည်းတံဆိပ်များထွက်ပေါ်လာ၍ ၎င်းအတွင်း ပေါင်းစပ်သွားခဲ့သည်။ ဤအစီအရင်တံဆိပ်များက အလွန်ဆန်းကျယ်နေသည်။
"ဒီစည်းတံဆိပ်က ဝိညာဥ်ပုလဲရဲ့စွမ်းအင်ကို ချိတ်ပိတ်ထားပေးနိုင်လို့ ကောင်းကင်ကပ်ဘေးကို ရှောင်လွှဲနိုင်မယ်။ တကယ်လို့ ကောင်းကင်ကပ်ဘေးရောက်လာရင်လည်း အဆင့်ခုနစ်ကပ်ဘေးဖြစ်လို့ ငါ့အစီအရင်ကိုချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
အချိန်ခဏအကြာတွင် နန်ကုန်းရယ်က အစီအရင်ကို အပြီးသတ်လိုက်သဖြင့် ဝိညာဥ်ပုလဲက လက်ဝါးအတွင်း ပြန်လည်ဆင်းသက်လာခဲ့သည်။ သူက ၎င်းကို ရှောင်ရိထံပြန်ပေး၍ ပြောလိုက်သည်။
"တကယ်လား။ ဒါဆိုရင် ဆရာက ကောင်းကင်ကပ်ဘေးကို နောက်ထပ်ကြောက်စရာမလိုတော့ဘူးပေါ့"
ရှောင်ရိက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ယဲ့ချန်ကမူ စိတ်ရှုပ်ထွေးနေခဲ့သည်။ သူက အဆင့်ငါး ကောင်းကင်ကပ်ဘေး၏အစွမ်းကို မျက်မြင်တွေ့ဖူးခဲ့သည်။ လက်ရှိတွင် နန်ကုန်းရယ်ဆိုလိုသည်က အကြီးအကဲထွင်ထျန်းပင် ဖိနပ်ကျွတ်အောင်ထွက်ပြေးလာရသော အဆင့်ခုနစ် ကောင်းကင်ကပ်ဘေးဖြစ်သည်။ ယဲ့ချန်၏မသိစိတ်တွင် နန်ကုန်းရယ်က အမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။ အကယ်၍ အမှန်ဆိုလျှင် သူက ထွင်ထျန်းကို ကျောက်စိမ်းမျှော်စင်၏ တတိယထပ်တွင်ထားခဲ့ရန် မလိုတော့ပေ။ ကျောက်စိမ်းမျှော်စင်အပြင်သို့ ပြန်ထွက်ပြီး ကောင်းကင်ကပ်ဘေးနှင့်စမ်းသပ်ရန်သာ လိုအပ်တော့သည်။
"ဒါဆိုရင် အပြင်ကို အတူတူထွက်ကြတာပေါ့"
ယဲ့ချန်၏စကားအဆုံးတွင် နန်ကုန်းရယ်က အသာခေါင်းညိတ်ပြသည်။ ယဲ့ချန်၊ ရှောင်ရိနှင့် နန်ကုန်းရယ်က အပြန်လမ်းသို့ ဦးတည်ပျံသန်းလာခဲ့ကြသည်။ လေးငါးနာရီအကြာတွင် သူတို့က ကျောက်စိမ်းမျှော်စင်၏ဝင်ပေါက်သို့ ရောက်လာကာ နန်ကုန်းရယ် လွတ်မြောက်လာခဲ့သည်။
"မင်းတို့က တံဆိပ်ကို စမ်းသပ်ကြဦးမယ်ဆိုတော့ ငါ မစောင့်တော့ဘူး။ အရင်သွားနှင့်လိုက်မယ်"
"အနာဂတ်မှာ ငါတို့ ပြန်တွေ့ကြဦးမှာပါ။ အဲ့အချိန်ကျရင် ငါ့ပိုင်ဆိုင်မှုကို ပြန်ယူရလိမ့်မယ်"
နန်ကုန်းရယ်က ယဲ့ချန်ကိုနှုတ်ဆက်ပြီး အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။
"ဘာကို ပြန်ယူမှာလဲ"
ယဲ့ချန်၏စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့သည်။
ယဲ့ချန်၏အမူအရာကို မြင်သောအခါ နန်ကုန်းရယ်က ညှင်သာစွာ ပြုံးပြလိုက်သည်။ ထို့နောက် သူက အဝေးသို့ ခြေတစ်လှမ်းချင်းထွက်ခွာသွားခဲ့သည်။ သူ၏ခြေလှမ်းများတွင် မြေပြင်က မြေကြောရှုံ့လိုက်သကဲ့သို့ ခဏအတွင်း ကီလိုမီတာအနည်းငယ်အထိ ရောက်သွားခဲ့သည်။ ထို့နောက် သူက ယဲ့ချန်တို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
"မြန်လှချည်လား"
ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ သူက အားကုန်ထုတ်ပြေးလျှင်ပင် နန်ကုန်းရယ် အလျင်၏ဆယ်ပုံတစ်ပုံကိုပင် လိုက်မီမည်မဟုတ်ပေ။
"နန်ကုန်းရယ်က ဘယ်လိုလူမျိုးလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။ နန်ကုန်းရယ်ဖန်တီးခဲ့သော တံဆိပ်နှင့် အံ့သြဖွယ်အလျင်ကြောင့် သူက အလွန်ထူးဆန်းသော လူတစ်ယောက်ဖြစ်နိုင်နေသည်။ ထို့အပြင် သူ၏နှုတ်ဆက်စကားကိုလည်း ယဲ့ချန်က အဖြေရှာမရခဲ့ပေ။
ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်လာသည်။
"အစ်ကိုကြီး အစ်ကိုနန်ကုန်းက အစွမ်းထက်တယ်နော်"
ရှောင်ရိက တအံ့တသြချီးကျူးလိုက်သည်။ နန်ကုန်းရယ်၏ခြေလှမ်းများက အလွန်အံ့သြစရာကောင်းနေခဲ့သည်။
"ဟုတ်တယ်"
ယဲ့ချန်ကခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
ထိုအချိန်တွင် ဝိညာဥ်ပုလဲအတွင်းမှ ထွင်ထျန်း၏ပုံရိပ်က တောက်ပစွာထွက်ပေါ်လာသည်။
"ဘုရားရေ ကြောက်ဖို့ကောင်းလိုက်တာ။ မင်းတို့နှစ်ယောက်တွေ့ခဲ့တာ တကယ့်ကိုကြောက်စရာ ဖြစ်တည်မှုကြီးတစ်ခုကွ။ သူပိုင်ဆိုင်ထားတဲ့ မိစ္ဆာစွမ်းအင်တွေက များပြားလွန်းတယ်။ သူက ငါ့လိုအဘိုးကြီးကိုတောင် အတွေးတစ်ခုတည်းနဲ့ သတ်ပစ်နိုင်လောက်တယ်"
ထွင်ထျန်းက ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
"ဘယ်က မိစ္ဆာစွမ်းအင်တွေလဲ။ အဘိုးပြောချင်တာက နန်ကုန်းရယ်ကိုလား။ သူ့ဆီက ဘာမိစ္ဆာစွမ်းအင်မှ ထွက်ပေါ်မနေပါဘူး။ သူက တော်ဝင်မင်းမျိုးမင်းနွယ်ရဲ့ ဘုရင်တစ်ယောက်နဲ့တောင် တူနေသေးတယ်"
ယဲ့ချန်က ပြန်ပြောလိုက်သည်။
"ဟုတ်တယ်။ ဟုတ်တယ်"
ရှောင်ရိက ယဲ့ချန်ဘက်မှ ထောက်ခံလိုက်သည်။
"ဒါက ကြောက်စရာအကောင်းဆုံး ဖြစ်နေတာပဲ။ သူ့ရဲ့မိစ္ဆာစွမ်းအင်တွေက အထွတ်အထိပ်ကိုရောက်နေလို့ တကယ့်နတ်ဆိုးအစစ် ဖြစ်နေပြီ"
ထွင်ထျန်းက အဖြေပေးလိုက်သည်။
"ဒါပေမယ့် သူက အခုမှ ကောင်းကင်ဝိဇ္ဇာအဆင့်ရှိသေးတာလေ"
ယဲ့ချန်က မျက်ခုံးပင့်၍ စောဒကတက်လိုက်သည်။
"သူ့ကို တကယ်ကြီး ကောင်းကင်ဝိဇ္ဇာလို့ ထင်နေတာလားဟ"
ထွင်ထျန်းက ခေါင်းယမ်းပြလိုက်သည်။
ဆန်းကျယ်သော စည်းတံဆိပ်နှင့် နန်ကုန်းရယ်၏ခြေလှမ်းများက သူ၏ကျင့်ကြံဆင့်သည် ကောင်းကင်ဝိဇ္ဇာအဆင့်ထက် သေချာပေါက်ပိုမြင့်ကြောင်း သက်သေပြနေလေသည်။