နေလင်းယုန်အဆင့်တက်ခြင်း
Vol. 22 Ch. 304
"သူ ဖန်တီးပေးသွားတဲ့စည်းက အကျိုးသက်ရောက်မှုရှိလား"
ယဲ့ချန်က မေးလိုက်သည်။ နန်ကုန်းရယ်၏ စည်းခတ်သော လျှို့ဝှက်နည်းစနစ်က အလွန်နက်နဲဆန်းကျယ်သည်။
"ရှိတယ်။ ဒီစည်းကို တိမ်တံဆိပ်လို့ခေါ်တယ်။ ဒါက ကာကွယ်ရေးအစီအရင်တွေထဲမှာ အစွမ်းအထက်ဆုံးစည်းတံဆိပ်တွေထဲက တစ်ခုဖြစ်တယ်။ အဆင့်ခုနစ်ကောင်းကင်ကပ်ဘေးတောင် ဒါကိုမဖျက်ဆီးနိုင်ဘူး။ တိမ်တံဆိပ်ကိုဖန်တီးချင်ရင် အထူးသွေးမျိုးဆက်ပိုင်ရှင်တစ်ယောက်ကသာ လုပ်ဆောင်နိုင်တယ်။ တခြားလိုအပ်ချက်တွေရှိပေမယ့် ငါက အသေးစိတ်မသိဘူး"
ထွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် အဘိုးထွင်ထျန်းက ကျောက်စိမ်းနန်းတော်မှာ ပုန်းနေစရာ မလိုတော့ဘူးပေါ့"
ယဲ့ချန်က ရေရွတ်လိုက်သည်။ သူက ရှောင်ရိကို တစ်ချက်ကြည့်လိုက်ပြီး ဤကား ကောင်းချီးလား ကျိန်စာလားဟုပင် မတွေးနိုင်တော့ပေ။
"ဟုတ်တယ်။ အခုအချိန်ကစလို့ ဒီအဘိုးကြီးက ကောင်းကင်ကပ်ဘေးကို ကြောက်နေစရာမလိုတော့ဘူး"
ထွင်ထျန်းက အပျော်လွန်နေသဖြင့် တဟားဟားအော်ဟစ် ရယ်မောနေသည်။
ယဲ့ချန်သည် အန္တရာယ်များပြည့်နှက်နေသော ကျောက်စိမ်းနန်းတော်ကို လည်ပြန်ကြည့်လိုက်မိသည်။ လက်ရှိတွင် သူက ဤနေရာတွင် ရတနာရှာဖွေရန် အစွမ်းမရှိပေ။ ပိုမိုအစွမ်းထက်လာမှ ပြန်လာရပေလိမ့်မည်။ ထို့အပြင် အလွန်ဆန်းကျယ်သော နန်ကုန်းရယ် ထွက်ပေါ်လာခြင်းကလည်း မေးခွန်းထုတ်စရာပင်ဖြစ်သည်။ ကံကောင်းသည်မှာ သူက နန်ကုန်းရယ်ကို ရန်စမည့်အစား ကူညီပေးခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး ပထမအကြိမ်တွေ့ဆုံမှုတွင် သူတို့က ရန်သူမဖြစ်ခဲ့ပေ။
"ချန်အာ မင်း အလယ်အင်ပါယာကို တကယ်သွားတော့မှာလား"
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထန်းနှင့် အခြားလူများက ယဲ့တောင်ကြားသို့ ပြန်ရောက်လာသော ယဲ့ချန်ကို မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ အဖေ ဘိုးဘိုးကြီး။ ကျွန်တော်က အလယ်အင်ပါယာကိုသွားပြီး ဒီလောကကြီးအကြောင်း ပိုသိချင်တယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထန်းက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တိတ်ဆိတ်သွားကြသည်။ ယဲ့ချန်၏ လက်ရှိကျင့်ကြံဆင့်အရ ရှီဝူအင်ပါယာတွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သော်လည်း အလယ်အင်ပါယာ၌ သူ့ထက်ပို၍သန်မာသော ကျင့်ကြံသူများကို လမ်းပေါ်၌ပင် တွေ့နိုင်သည်။
"ဒါလည်း ကောင်းပါတယ်။ ယဲ့မုန့်တို့လူငယ်လေးတွေလည်း အလယ်အင်ပါယာကို ရောက်နေကြပြီဆိုတော့ ချန်အာအတွက် အဖော်ရှိမှာပါ။ နန်မန်တိုင်းပြည်ကလည်း ရှီဝူအင်ပါယာကို ဒီနှစ်တွေအတွင်း တိုက်ခိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် သေချာပေါက်ဂရုစိုက်ရမယ် ချန်အာ"
ယဲ့ချိန်ရွှမ်းက စိုးရိမ်စွာမှာကြားလိုက်သည်။
"ယဲ့မျိုးနွယ်အတွက်....."
အမှန်တကယ်ခွဲခွာရမည့်အချိန်တွင် ယဲ့ချန်က နောက်ဆံတင်းနေသည်။
"ယဲ့မျိုးနွယ်ရဲ့ကိစ္စတွေကို ငါတို့ ကိုင်တွယ်လိုက်ပါမယ်"
ယဲ့ကျန့်ထန်းက အာမခံလိုက်သည်။ ဖခင်တစ်ယောက်အနေဖြင့် အရွယ်ရောက်လာသော သားဖြစ်သူ၏ အမြင့်ပျံလိုစိတ်ကို နားလည်ထားသည်။ အကယ်၍ ကိစ္စများ အဆင်ပြေချောမွေ့လျှင် ယဲ့မျိုးနွယ်က ယဲ့ချန်ကြောင့် အလယ်အင်ပါယာအထိ ခြေဆန့်နိုင်ပေလိမ့်မည်။ သူ၏စိတ်အတွင်းပိုင်း၌ ယဲ့ချန်ကို သွားခွင့်မပြုလိုသော်လည်း ယဲ့ချန်၏အနာဂတ်နှင့် ယဲ့မျိုးနွယ်၏ကံကြမ္မာကြောင့် ခွဲခွာရမည်ကိုယဲ့ကျန့်ထန်းက ကောင်းစွာသဘောပေါက်ထားသည်။
"ချန်အာ ဒါတွေကိုယူသွားပါ။ လင်ဇီးကုန်သွယ်ရာကရတဲ့ ဆေးလုံးတွေနဲ့ ငါတို့အဆက်အသွယ်တွေကတဆင့် ရယူထားတဲ့ ငွေလက်မှတ်တွေဖြစ်တယ်။ ငွေလက်မှတ်တစ်ခုကို ချီပြိုကွဲဆေးလုံးငါးရာတန်ပြီး အရေအတွက်တစ်ထောင်ပါတယ်။ ပြီးတော့ ချီပြိုကွဲဆေးလုံးငါးသိန်းလည်း ထည့်ပေးလိုက်သေးတယ်။ အလယ်အင်ပါယာမှာဆိုရင် မင်းအတွက် ငွေအများကြီးလိုနိုင်တယ်"
ယဲ့ချိန်ရွှမ်းက ယဲ့ချန်အတွက် သိုလှောင်အိတ်များ ထုတ်ပေးလိုက်သည်။ အလယ်အင်ပါယာ၌ပင် သူထုတ်ပေးလိုက်သော ပမာဏက အလွန်များပြားနေပြီဖြစ်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်၍ လက်ခံလိုက်သည်။ သူက ယဲ့မျိုးနွယ်၏ ဘဏ္ဍာရေးအခြေအနေကို ကောင်းစွာသိထားသည်။ သူ့ကိုပေးလိုက်သော ငွေများက ခဏအတွင်း ပြန်လည်ရရှိနိုင်သဖြင့် မငြင်းပယ်ခဲ့ပေ။
"ဒီမှာလည်း ဆေးပင်တွေ ယူသွားလိုက်ဦး"
ယဲ့ကျန့်ထန်းသည်လည်း ဝံပုလွေတိုင်းပြည်မှ လက်ဆောင်ပေးလာသော နှစ်ထောင်ချီမီးနဂါးသစ်သီး ၊နှစ်ထောင်ချီဂျင်ဆင်း စသည့်ဆေးပင်များပါဝင်သည့် သိုလှောင်အိတ်တစ်လုံးကို ထုတ်ပေးလာသည်။
ယဲ့ချန်က ဖခင်နှင့်အဘိုး၏စေတနာကို မငြင်းပယ်ရက်သဖြင့် အားလုံးကို လက်ခံလိုက်သည်။
ယဲ့ကျန့်ထန်း၏ စီမံအုပ်ချုပ်မှုကြောင့် တုန်းလင်ပြည်နယ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဝံပုလွေတိုင်းပြည်ကိုလည်း ယဲ့ချန်က ခြောက်ထုတ်ထားသောကြောင့် အချိန်တစ်ခုကြာ အန္တရာယ်မရှိနိုင်ပေ။ လင်းယွန်တောင်တန်း၏သားရဲများကိုလည်း တောင်ကြားရှေ့တွင် အစောင့်ချထားသဖြင့် မတော်တဆတိုက်ခိုက်ခံရရန် မလွယ်ချေ။
ခရီးအတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပြီးနောက် ယဲ့ချန်သည် ရှောင်ရိနှင့်ဝူစီကို ခေါ်လိုက်သည်။ သူတို့က နေလင်းယုန်ကိုစီး၍ ရှီဝူမင်းနေပြည်တော်သို့ ပျံသန်းသွားခဲ့သည်။ ဆေးဆရာရွှမ်းယီသည်လည်း အလယ်အင်ပါယာသို့ လိုက်လိုသောကြောင့် သူက ဆရာနှင့်ဂိုဏ်းတူအစ်ကိုအား သွားရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။
နေလင်းယုန်က ယဲ့တောင်ကြားအပေါ်မှဖြတ်သန်းပြီး အဝေးရှိမိုးကုပ်စက်ဝိုင်းထံ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။
ရှီဝူအင်ပါယာနှင့် နန်မန်တိုင်းပြည်၏နယ်စပ်များနှင့် ကီလိုမီတာထောင်ချီကွာဝေးသော နေရာတွင်ဖြစ်သည်။ ထိုနေရာ၌ လူသူအရောက်အပေါက်မရှိသောကြောင့် သစ်တောများက အလွန်ကြီးမားထူထပ်နေသည်။
ဧရာမဝံပုလွေကြီးသုံးကောင်က ကျဥ်းမြောင်းရှည်လျားသော လမ်းကြောင်းမှတဆင့် တောင်ကြားတစ်ခုထံ ဝင်ရောက်နေကြသည်။ တောင်ကြား၏အလယ်တွင် ပလ္လင်တစ်ခုရှိနေပြီး ၎င်းအထက်တွင် ဧရာမဆေဘာကြီးတစ်လက် စိုက်ဝင်နေသည်။ ၎င်းက နှစ်မီတာကျော်ရှည်လျားပြီး ထက်ရှသော အသွားဘက်မှတဆင့် နေရောင်အောက်တွင် အနီရောင် တလက်လက်တောက်ပနေသည်။
ဤဆေဘာသည် မိစ္ဆာဝံပုလွေမျိုးနွယ်၏ လိပ်ပြာလက်နက် မိစ္ဆာဝံပုလွေဆေဘာ ဖြစ်သည်။
ဝံပုလွေမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်က သူ့ကိုယ်သူ ဤလိပ်ပြာလက်နက်အဖြစ် သန့်စင်ခဲ့သည်။ ဤကား နတ်ဘုရားများကိုဆန့်ကျင်သော ဖြစ်တည်မှုတစ်ခုဖြစ်နေ၍ ကောင်းကင်ကို အမျက်ထွက်စေသည်။ ထို့ကြောင့် ဝံပုလွေမျိုးနွယ်သည် ဆေဘာကို လျှို့ဝှက်နယ်မြေ၏တောင်ကြားအတွင်း သွေးမြူခိုးများနှင့် ဖုံးကွယ်ထားခဲ့ရသည်။
မိစ္ဆာဝံပုလွေဆေဘာ ထွက်ပေါ်လာချိန်တိုင်းတွင် သွေးစွန်းသောဖြစ်ရပ်များ ဖြစ်ပေါ်လာတတ်သည်။ ၎င်းက အစွမ်းထက်လွန်းသောကြောင့် ဝံပုလွေတိုင်းပြည်၏ ဘုရင်ဟောင်းသည်ပင် စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ခဲ့ပေ။
ဧရာမဝံပုလွေကြီးသုံးကောင်က လက်ရှိဘုရင်များဖြစ်ကြသော သွေးဘုရင်၊ မီးဘုရင်နှင့် ငွေဘုရင်တို့ ဖြစ်ကြသည်။
"ညီသုံး အဲ့ဒီစွမ်းအင်က ရှေးဟောင်းကျင့်ကြံသူတစ်ယောက်နဲ့ ပတ်သက်နေတယ်ဆိုတာ သေချာလား"
သွေးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။ သူတို့က ဘိုးဘေး၏ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် နှောင့်ယှက်ရမည်ဖြစ်ပြီး သူက လက်ရှိခေါင်းဆောင်ဖြစ်သော်လည်း ဘိုးဘေးများကို လေးစားကြောက်ရွံ့ရသည်။
"သေချာပါတယ်။ မဟုတ်ရင် ကျုပ်က ဒီကိစ္စကို အလေးအနက်ထားနေမှာ မဟုတ်ဘူးး"
ငွေဘုရင်ကသေချာကြောင်း အာမခံလိုက်သည်။ သူက ယဲ့တောင်ကြားမှ အဖြစ်အပျက်ကို ပြန်တွေးမိလိုက်လျှင် ဤအချိန်အထိ ကြောက်စိတ်ဝင်နေဆဲပင်။
"ဒါဆိုရင် ဘိုးဘေးနဲ့တိုင်ပင်ကြတာပေါ့"
သွေးဘုရင်က ခေါင်းညိတ်လိုက်သည်။
ဘုရင်သုံးယောက်က သွေးမြူများရှေ့သို့ ရောက်သောအခါ ရပ်တန့်၍ ဝိညာဥ်အသိစိတ်များ ထုတ်ဖော်လိုက်သည်။
ထို့နောက် သူတို့၏ဝိညာဥ်အသိစိတ်များ အတွင်းသို့ရောက်သောအခါ ဆေဘာအတွင်းမှ ဧရာမအနီရောင် ဝံပုလွေပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရှစ်မီတာအထိရှည်လျားပြီး မျက်လုံးများက ရဲရဲတောက်နေသည်။ တစ်ကိုယ်လုံး မီးများတောက်လောင်နေသော ဝံပုလွေကြီးက ဘုရင်သုံးကောင်ကို အေးစက်စက်စိုက်ကြည့်၍ မေးလိုက်သည်။
"အခုရော မင်းတို့ ဘာထပ်လိုချင်ပြန်ပြီလဲ"
"ဘိုးဘေး ကျင့်ကြံနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ညီသုံးက ရှီဝူအင်ပါယာရဲ့တောင်ကြားတစ်ခုမှာ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရှိနေတာကို တွေ့ခဲ့ပါတယ်။ ဒီအကြောင်း လာလျှောက်တင်တာပါခင်ဗျာ"
သွေးဘုရင်၏အသံက ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။
"ငါ့ကို အကုန်လုံး အသေးစိတ်ပြောစမ်း"
ဤအကြောင်းကို ကြားသောအခါ ဘိုးဘေး၏မျက်လုံးများတွင် ထူးဆန်းသောအတွေးတစ်ခု ထင်ဟပ်လာသည်။
သွေးဘုရင်က ဘေးတွင်ရပ်နေသော ငွေဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ ငွေဘုရင်သည် ယဲ့တောင်ကြားမှအဖြစ်အပျက် အသေးစိတ်ကို ရှင်းရှင်းလင်းလင်း တင်ပြလိုက်၏။
ဘိုးဘေးက အသေအချာနားထောင်ပြီးနောက် စဥ်းစားခန်းဝင်သွားခဲ့သည်။
"ဒီကိစ္စကို ဘိုးဘေး ဘယ်လိုသဘောရပါသလဲ"
သွေးဘုရင်က ဘိုးဘေးကိုမော့ကြည့်၍ ဂရုတစိုက်မေးလိုက်သည်။
"မဟာကပ်ဘေးကြီး ပြီးဆုံးသွားတဲ့အခါ အစွမ်းထက်သူတွေက ရှေးဟောင်းထျန်းယွမ်မြို့တော်ကို ပြောင်းသွားကြတယ်။ ဒီလောက်အချိန်တွေကြာရင် အသက်ကြီးပြီး သေသွားရမှာပဲ။ ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ ပထမတစ်ခုက ဒီကျင့်ကြံသူက ငါ့လိုမျိုး လိပ်ပြာလက်နက်တစ်ခုအဖြစ် ပြောင်းလဲထားတယ်။ နောက်တစ်ခုအတိုင်းဆိုရင် သူက အစွမ်းထက်လွန်းလို့ မဟာကပ်ဘေးကို နည်းလမ်းအချို့နဲ့ ရှောင်လွှဲနိုင်ခဲ့တာဖြစ်မယ်"
ဘိုးဘေးက အချိန်တစ်ခုကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက အလေးအနက်စဥ်းစား၍ ကောက်ချက်ချလိုက်သည်။
"လိပ်ပြာလက်နက်လား"
ဘုရင်သုံးပါး၏မျက်လုံးများ လောဘကြောင့် အရောင်လက်သွားသည်။ လိပ်ပြာလက်နက်များ မည်မျှအစွမ်းထက်ကြောင်း သူတို့က သေချာသိရှိထားသည်။ အစွမ်းထက်ကျင့်ကြံသူများက လိပ်ပြာလက်နက်အဖြစ်ပြောင်းလဲ၍ မသေမျိုး ဖြစ်လာခဲ့ကြသည်။ ၎င်းတို့ကို ကောင်းကင်ကပ်ဘေးမှမဖျက်ဆီးလျှင် ထာဝရအသက်ရှင်နိုင်ကြသည်။ ဘေးထွက်ဆိုးကျိုးအဖြစ် ခွန်အားများ ဖိနှိပ်ခံထားရခြင်းဖြစ်သည်။ ဥပမာပြောရလျှင် မိစ္ဆာဝံပုလွေဆေဘာသည် ကိုင်ဆောင်သူမရှိလျှင် စွမ်းအားရာနှုန်းပြည့်ကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။
သွေးဘုရင်သည် နတ်ဘုရင်အဆင့်တွင် ထိပ်ဆုံးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကယ်၍ သူက ဆေဘာကိုကိုင်ဆောင်လိုက်လျှင် သာလွန်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။
လိပ်ပြာလက်နက် အမျိုးအစားနှစ်ခုရှိသည်။ ပထမတစ်ခုတွင် အစောင့်ဝိညာဥ်မရှိသောကြောင့် ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်ခြင်းမရှိပေ။ နောက်တစ်မျိုးတွင် ရှေးဟောင်းဘိုးဘေးကြီးများက အစောင့်ဝိညာဥ်များ ဖြစ်နေကြသည်။ ရှေးခေတ်ဟောင်းတွင် မဟာကပ်ဘေးကြီးဖြစ်ပေါ်လာပြီး အသက်များကို ရိတ်သိမ်းခဲ့သည်။ အစွမ်းထက်ကျင့်ကြံသူများက ၎င်းကိုရှောင်လွှဲရန် ကိုယ့်ကိုကိုယ် လိပ်ပြာလက်နက်များအဖြစ် သန့်စင်လိုက်ကြသည်။ ထို့ကြောင့် ဝံပုလွေမဟာဘိုးဘေး၏ ခန့်မှန်းချက်နှစ်ခုတွင် လိပ်ပြာလက်နက်ဖြစ်နိုင်ချေက ပိုများနေသည်။
"တကယ်လို့ ဒါက လိပ်ပြာလက်နက်တစ်ခုဆိုရင် ကျွန်တော်တို့ မယူသင့်ဘူးလား"
မီးဘုရင်က လောဘတကြီး အကြံပြုလိုက်သည်။
"မစွန့်စားတာ ပိုကောင်းလိမ့်မယ်။ သတင်းအချက်အလက် ပိုစုဆောင်းပြီးမှ ဆုံးဖြတ်မယ်"
ဘိုးဘေးက ခေါင်းယမ်းပြလိုက်သည်။ တစ်ဖက်လူက အမှန်တကယ်အစွမ်းထက်နေလျှင် ဝံပုလွေတိုင်းပြည်အတွက် သူ့ကိုရန်စမိခြင်းအတွက် ကပ်ဘေးကြီးတစ်ခု ပေးဆပ်ရနိုင်သည်။
"အမိန့်အတိုင်းပါ ဘိုးဘေး"
ဘုရင်သုံးပါးက သူတို့၏ဘိုးဘေးကို ကလန်ကဆန်မလုပ်ရဲချေ။ သူတို့က ပြိုင်တူခေါင်းညိတ်လိုက်ကြပြီး ယဲ့တောင်ကြားတွင်ရှိနေသည်မှာ အစွမ်းကျင့်ကြံသူတစ်ယောက်ဟုတ်မဟုတ် ဆက်လက်စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့က ယဲ့မျိုးနွယ်ဝင်များမှ စတင်စုံစမ်းရမည်ဖြစ်သည်။ ယဲ့မျိုးနွယ် ပင်မမျိုးနွယ်ဝင်များ၏ပါးစပ်မှ သတင်းအချို့ရယူနိုင်ရန် လှည့်ကွက်ပေါင်းစုံ အသုံးပြုပြီး သဲလွန်စရှာဖွေမည်ဖြစ်သည်။
နှစ်ရက်အကြာတွင် ယဲ့ချန်သည် မင်းနေပြည်တော်သို့ ရောက်ရှိခဲ့သည်။ စစ်ကြီးပြီးဆုံးသွားသဖြင့် ရှီဝူအင်ပါယာက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ ဧကရာဇ်မင်ဝူ၏အုပ်ချုပ်မှုဖြင့် အရာအားလုံးက ပုံမှန်အတိုင်း စတင်လည်ပတ်နေပြီဖြစ်သည်။
ထိုက်ရီဓားဂိုဏ်းနှင့် ထန်းရှန်းတောင်ဂိုဏ်းကို ဖြေရှင်းပြီးနောက် ရှဲ့တောက်နှင့်ရှဲ့ကျန်က ပြန်ရောက်နေပြီဖြစ်သည်။ သူတို့က နင်ချင်းယွင်နှင့်အတူ ဧကရာဇ်မင်ဝူကို ကူညီပေးနေကြသည်။ ယဲ့ချန်သည် ရွှမ်းယီနှင့်လီရှုကို ခေါ်ဆောင်ပြီးနောက် မင်ဝူတို့ကိုနှုတ်ဆက်ကာ အလယ်အင်ပါယာသို့ စတင်ခရီးထွက်ခွာလာခဲ့သည်။
ယဲ့ချန်သည် အလယ်အင်ပါယာသို့ရောက်ရှိနေသော သူ့မျိုးနွယ်ဝင်များ၏ လက်ရှိအခြေအနေကို သိလိုနေသည်။
"ဆရာ ကျွန်တော်တို့က အလယ်အင်ပါယာကိုရောက်ဖို့ ဘယ်လောက်ကြာကြာသွားရမလဲ"
ယဲ့ချန်က အလယ်အင်ပါယာမှ လာသူဖြစ်သော ရွှမ်းယီကို မေးလိုက်သည်။
"ညဥ့်လေမြင်းတစ်ကောင်ကို စီးသွားရင် နှစ်ဝက်လောက်ကြာမယ်။ နေလင်းယုန်က ပိုမြန်တယ်ဆိုတော့ သုံးလကြာရင် ရောက်လောက်ပါပြီ"
ရွှမ်းယီက ဖြေလိုက်သည်။ မဟာအရှေ့ပိုင်းကုန်းမြေကြီးက အလွန်ကျယ်ဝန်းပြီး ရှီဝူအင်ပါယာနှင့် အလယ်အင်ပါယာကြားတွင် တောင်တန်းမြစ်ချောင်းများစွာရှိပြီး ကီလိုမီတာများစွာ ခြားထားသည်။ ကောင်းကင်အဆင့် နေလင်းယုန်က အလွန်မြန်ဆန်သောအလျင်ကြောင့် ကျော်ကြားသည်။
"သုံးလဆိုတာကတော့ ကြာလွန်းတယ်"
ယဲ့ချန်သည် ဤခရီးစဥ်တွင် ဆန်းကျယ်အဆင့်ဆေးလုံးများကို ပုံမှန်သောက်သုံးခဲ့သည်။ သူက နေလင်းယုန်ကိုလည်း ဝိညာဥ်ဆေးဝါးများ ဆက်တိုက်ကျွေးခဲ့သည်။ ၎င်းက ဆန်းကျယ်အဆင့်သို့တက်နိုင်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။
မှော်သားရဲများနှင့် ကောင်းကင်သားရဲများက အလွန်ကွာခြားသည်။ ကောင်းကင်သားရဲများနှင့်ယှဥ်လျှင် ၎င်းတို့က ပိုပြီးအဆင့်တက်မြန်နေသည်။ သို့သော်လည်း အဆင့်တူချင်းတွင် ပို၍အားနည်းကာ လူအသွင်ပြောင်းခြင်း၊ ဝိညာဥ်အသိစိတ်၊ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းစသော စွမ်းရည်များလည်း မရှိချေ။ အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ရှောင်ရိကဲ့သို့မှော်သားရဲများသာလျှင် ချွင်းချက်အနေဖြင့် လူအသွင်ပြောင်းနိုင်ခြင်းဖြစ်သည်။ မှော်သားရဲများတွင် ရုပ်ခန္ဓာသန်မာခြင်း၊ အရွယ်အစားကို စိတ်ကြိုက်ပြောင်းနိုင်ခြင်းစသော အရည်အချင်းများသာ ရှိသည်။
နေလင်းယုန်သည် အဆင့်တက်ရန် အလွန်နီးကပ်နေပြီး ဆေးလုံးများ ဆက်လက်သောက်သုံးရန်သာ လိုအပ်သည်။ အကယ်၍ ၎င်းသာ ဆန်းကျယ်အဆင့်သို့ရောက်လျှင် အလျင်က ပို၍မြန်ဆန်လာပေလိမ့်မည်။
ယဲ့ချန်က ဝိညာဥ်အခြေတည်ဆေးတစ်လုံးကို နေလင်းယုန်ထံ ပစ်ပေးလိုက်သည်။ ၎င်းက ခေါင်းကိုမော့၍ ဆေးလုံးကိုဟပ်ကာ မျိုချလိုက်သည်။ ယဲ့ချန်ကလည်း သူ၏ကောင်းကင်ချီများနှင့် နေလင်းယုန်၏ကျင့်ကြံဆင့် အကန့်အသတ်ချိုးဖျက်နိုင်ရန် ကူညီပေးလိုက်ပြန်သည်။
နေလင်းယုန်သည် ကောင်းကင်အဆင့်ထိပ်ဆုံးတွင်ရှိသော သားရဲတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်ဆေးများကိုစားသောက်ပြီး ခန္ဓာကိုယ်က ထွားကျိုင်းသန်မာလာသည်။ ယဲ့ချန်၏ ကောင်းကင်ချီအထောက်အပံ့ကိုရသောအခါ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။
"ဂီး"
နေလင်းယုန်၏အော်သံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားသည်။ အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အမွေးအတောင်များက ရွှေရောင်တောက်ပလာသည်။ ခန္ဓာကိုယ်ကလည်း စတင်ကြီးမားလာသည်။ ၎င်း၏ပတ်လည်တွင် တောက်ပသော အလင်းတန်းများဝိုင်းရံနေပြီး မျက်လုံးများကလည်း အရောင်တောက်နေသည်။
"ယဲ့ချန် နေလင်းယုန်က အဆင့်တက်သွားတာလား"
လီရှုသည် ထူးဆန်းသောဖြစ်ရပ်ကို ချက်ချင်းသတိထားမိသဖြင့် ယဲ့ချန်ကို မေးလိုက်သည်။
နေလင်းယုန်သည် ဆန်းကျယ်အဆင့်သို့ တက်သွားခြင်းဖြစ်သည်။ ယဲ့ချန်သည် စစ်မြေပြင်တွင် ၎င်းနှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး ကျော်ကြားလာခဲ့သည်။ သူက နတ်ဘုရင်တစ်ယောက်ဖြစ်ကြောင်း ကောလဟာလများရှိသော်လည်း လီရှုကမယုံပေ။ သူက ယဲ့ချန်ကို ယွင်အိမ်တော်တွင်မြင်ဖူးခဲ့ပြီး ထိုအချိန်တွင် ယဲ့ချန်က အားနည်းသော လူငယ်လေးတစ်ယောက်သာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်က အချိန်တိုအတွင်း ကျင့်ကြံဆင့်မြင့်တက်လာ၍ တစ်ခုခုပူးကပ်နေသယောင် ထင်မှတ်ရသည်အထိ အစွမ်းထက်လာခဲ့သည်။
"ဟုတ်တယ်"
ယဲ့ချန်က ပျော်ရွှင်စွာဖြေလိုက်သည်။ ယဲ့ချန်၏ကောင်းကင်ချီများကြောင့် နေလင်းယုန်၏ရုပ်ခန္ဓာတွင် ပြောင်းလဲမှုများ ဖြစ်ပွားနေသည်။ ၎င်း၏ကိုယ်တွင်းစွမ်းအင်က တဟုန်ထိုးမြင့်တက်လာ၍ ပိုမိုကြီးမားလာကာ ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည်။ အမွေးအတောင်များက သွန်းလုပ်ထားသော သံမဏိများပမာ မာကျောလာခဲ့သည်။
"မဟုတ်သေးဘူး။ ဆက်ပြီးအဆင့်တက်နေတယ်"
ယဲ့ချန်သည် နေလင်းယုန်၏အဆင့်တက်မှုကို ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သည်။ ၎င်းက ဆန်းကျယ်စဦးအဆင့်မှ အလယ်အဆင့်သို့ ခုန်တက်သွားသည်။ ထို့နောက် ဆန်းကျယ်ထိပ်ဆုံးအဆင့်သို့ရောက်ရန် လက်မတင်လေးအလို၌ ရပ်တန့်သွားခဲ့သည်။
"အဆင့်တက်တာ မြန်လှချည်လား"
ယဲ့ချန်က အနည်းငယ် အံ့သြသွားခဲ့သည်။
နေလင်းယုန်သည် ကောင်းကင်အဆင့်တွင် အဆင့်မတက်နိုင်ဘဲ အလွန်တစ်ဆို့နေခဲ့သည်။ ထို့ကြောင့် သူ၏ပိုင်ရှင်ဟောင်းက နေလင်းယုန်ကို တောနက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ နေလင်းယုန်မှာ မသေခင်အချိန်တွင် ဆန်းကျယ်အဆင့်သို့ရောက်ရန် မဖြစ်နိုင်ဟု သတ်မှတ်ကြသောကြောင့် လေလံတင်ခံလိုက်ရသည်။ သို့သော် ၎င်းက ယဲ့ချန်၏သားရဲဖြစ်လာချိန်တွင် ဆန်းကျယ်အဆင့်ဆေးလုံးများကို နေ့စဥ်ရက်ဆက်စားသုံးရပြီး ပါရမီကိုတိုးတက်စေနိုင်သော ဝိညာဥ်ဆေးဝါးများကိုလည်း မှီဝဲခဲ့ရသည်။ ထို့အပြင် ယဲ့ချန်၏ဆန်းကျယ်သော ကောင်းကင်ချီနှင့် ကူညီပေးခြင်းခံရသောအခါ ၎င်းက အဆင့်တက်သွားခဲ့သည်။ အဆင့်တက်သွားသောအခါ တစ်ဆို့နေချိန်၌ စုဆောင်းထားသမျှ စွမ်းအင်များကြောင့် ခုန်ပေါက်တိုးတက်သွားခဲ့ရသည်။
နေလင်းယုန်က ပျော်ရွှင်စွာအော်ဟစ်ပြီး အလျင်က လေးငါးခြောက်ဆ တိုးတက်လာ၏။ ၎င်းက အတောင်များကို အစွမ်းကုန်ခတ်ပြီး ရှေ့သို့တဟုန်ထိုး ပျံသန်းလိုက်လေသည်။