← Chapters

ဆေးဘုရင်မြို့တော်

Vol. 22 Ch. 305

ဆေးဘုရင်မြို့တော်

Vol. 22 Ch. 305

"လက်ရှိအမြန်နှုန်းအရဆိုရင် ငါတို့က အလယ်အင်ပါယာကို နှစ်လအတွင်း ရောက်လိမ့်မယ်"

ရွှမ်းယီက ယဲ့ချန်ကို ထူးဆန်းစွာကြည့်၍ ပြောလိုက်သည်။ ယဲ့ချန်ကျွေးလိုက်သော တစ်စုံတစ်ရာကြောင့် နေလင်းယုန်က ဆန်းကျယ်အလယ်အဆင့်သို့ ရောက်သွားသောအခါ ရွှမ်းယီက သိချင်စိတ်ဖြစ်ပေါ်နေသည်။

နေလင်းယုန်သည် လက်ရှိတွင် အဆင့်တက်သွားပြီဖြစ်သောကြောင့် နန်မန်တိုင်းပြည်၏ဘုရင် ထို့ပါဟုန်ယဲ့ပင်လျှင် ခက်ခဲစွာ အနိုင်တိုက်ယူရမည်ဖြစ်သည်။

"ဆရာ ကျွန်တော့်မှာ ဆေးလုံးတွေရှိပါတယ်။ ဒါတွေက ဆရာနဲ့အစ်ကိုလီအတွက် အကျိုးရှိနိုင်ပါတယ်"

ယဲ့ချန်က ဝိညာဥ်စုစည်းဆေးနှင့် ဝိညာဥ်အခြေတည်ဆေးလုံးများကို ထုတ်ယူလိုက်သည်။ သူက ရွှမ်းယီနှင့်လီရှုကို ကျေးဇူးဆပ်ရန် အမြဲမပြတ်တွေးတောနေခဲ့သည်။ ထို့ကြောင့် သူ့ထံတွင် ဤဆေးလုံးများ အလွန်များပြားနေသောအခါ ထုတ်ပေးရန် ဝန်မလေးခဲ့ပေ။

"ဒါ...ဒါက ဝိညာဥ်စုစည်းဆေးနဲ့ ဝိညာဥ်အခြေတည်ဆေးတွေလား"

ရွှမ်းယီသည် ယဲ့ချန်၏လက်ဝါးအတွင်းရှိ ဆေးများကို မြင်သောအခါ အံ့သြလွန်းသဖြင့် အသံများပင်တုန်ယင်နေသည်။

"ဆရာ ဒီဆေးတွေအကြောင်း သိထားတယ်လား"

ယဲ့ချန်လည်း ရွှမ်းယီ၏ဗဟုသုတကြောင့် အံ့သြသွားသည်။

လီရှုက ယဲ့ချန်တို့နှစ်ယောက်ကို သိလိုစိတ်ဖြင့် စူးစမ်းနေခဲ့သည်။ ရွှမ်းယီ၏အမူအရာကို ပြောင်းလဲစေနိုင်သော ဆေးလုံးများ၏အမည်ကို သူက လုံးဝမကြားဖူးပေ။

"သိတယ်။ ဒီဆေးတွေအကြောင်းကို ငါ့ဆရာရဲ့ ဆေးပညာမှတ်စုထဲမှာ တွေ့ဖူးတယ်။ သန့်စင်ဖော်စပ်ရမယ့် နည်းလမ်းက အလွန်ရှုပ်ထွေးလို့ သာမန်ဆေးဆရာတစ်ယောက် သန့်စင်နိုင်တာမျိုး မဟုတ်ဘူး"

ရွှမ်းယီက အတိတ်ကိုပြန်တွေး၍ ပြောလိုက်သည်။

ရွှမ်းယီ၏ဆရာက ရှေးဟောင်းဆေးပညာကို လေ့လာခြင်းဖြစ်နိုင်သောကြောင့် ယဲ့ချန် မင်သက်သွားရသည်။ ရှေးဟောင်းဆေးပညာက လက်ရှိအချိန်အထိ ထွန်းကားနေရသည့် အကြောင်းအရင်းမှာ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာသောကြောင့် ဖြစ်နိုင်သည်။

"ငါက မင်းရဲ့ဆရာတူအစ်ကိုလီကိုတောင် မရှင်းပြထားတဲ့ ကိစ္စတွေရှိတယ်။ ငါတို့က အလယ်အင်ပါယာကို ပြန်လာကြပြီဆိုတော့ ငါ့နောက်ခံအကြောင်း မင်းတို့အားလုံးကို ပြောပြမယ်"

ရွှမ်းယီက သက်ပြင်းတစ်ချက် ချလိုက်သည်။ လီရှုသည်လည်း အာရုံစိုက်ကာ နားထောင်နေသည်။ သူက ရွှမ်းယီ၏တပည့်ကြီးအဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းလာသော်လည်း ဆရာဖြစ်သူ၏နောက်ခံအကြောင်းကို အနည်းငယ်သာသိထားသည်။

"ငါ့နောက်ခံက အစွမ်းထက်အင်အားစုတစ်ခုဖြစ်ပြီး ဆေးဘုရင်မြို့တော်လို့ ခေါ်တယ်။ အလယ်အင်ပါယာရဲ့ဂိုဏ်းတွေတောင် ဒီမြို့တော်ရဲ့တည်ရှိမှုကို မသိကြဘူး။ လျှို့ဝှက်လွန်းတဲ့နေရာမှာ တည်ရှိတယ်။ ဆေးဘုရင်မြို့တော်က အလုပ်သင်တပည့်တွေကို နှစ်စဥ်နှစ်တိုင်း အပြင်လောကကို လေ့ကျင့်ရေးအတွက် စေလွှတ်တယ်။ အလုပ်သင်တပည့်တိုင်းက ဆရာသခင်အဆင့်တွေဖြစ်ကြပြီး မြို့တော်ရဲ့ဂုဏ်သတင်းကို သယ်ဆောင်ထားရတယ်"

"အလုပ်သင်တိုင်းက ဆရာသခင်အဆင့်တွေလား"

ယဲ့ချန်က တအံ့တသြဖြစ်သွားခဲ့ရသည်။

"ဟုတ်တယ်။ တစ်ယောက်ချင်းစီက ဉာဏ်ပညာထက်မြက်ပြီး ထူးချွန်တဲ့တပည့်တွေဖြစ်မှသာ ဆေးဘုရင်မြို့တော်ရဲ့ဂုဏ်သတင်းနဲ့ ကိုက်ညီမယ်။ သူတို့အားလုံးက မြို့တော်ရဲ့တည်နေရာနဲ့ မြို့တော်အကြောင်းကို လုံးဝ​မပြောကြဘူး။ လူတိုင်းထင်တာက ငါဟာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်းဆေးဆရာဆယ်ယောက်ထဲက တစ်ယောက်ပေါ့။ အမှန်တကယ်တော့ ဒီအဆင့်က ဆေးဘုရင်မြို့တော်နဲ့ယှဥ်ရင် ဟာသတစ်ခုဖြစ်သွားပြီ။ မဟာအကြီးအကဲသုံးယောက်နဲ့ အကြီးအကဲဆယ့်နှစ်ယောက်ရှိပြီး သူတို့အားလုံးက ဆေးပညာမှာ ဒီလောကရဲ့အကန့်အသတ်ကို ကျော်လွန်ပြီး ပြိုင်ဘက်ကင်းဖြစ်နေကြပြီ။ ငါ့ဆရာကလည်း အကြီးအကဲတစ်ယောက်ဖြစ်ပေမယ့် အခုတော့ ကွယ်လွန်သွားပြီ"

ရွှမ်းယီသည် သူ၏နောက်ခံအကြောင်း ပြောပြနေရင်း ဝမ်းနည်းစိတ်ကြောင့် မျက်နှာက မှိန်ဖျော့သွားခဲ့သည်။

ဆေးဆရာရွှမ်းယီကိုယ်တိုင်ပင် ဤမျှချီးကျူးရသည်ဆိုလျှင် ဆေးဘုရင်မြို့တော်၏ အကြီးအကဲများက ဆေးပညာတွင် သူမတူအောင် ထူးချွန်သူများ သေချာပေါက်ဖြစ်ပေလိမ့်မည်။

"ဆေးဘုရင်မြို့တော်ရဲ့ စွမ်းအားကိုလည်း လျှော့တွက်လို့မရဘူး။ အကြီးအကဲအချို့က နတ်ဝိဇ္ဇာအဆင့်ကို ရောက်နေကြပြီ။ ပြီးတော့ ဆေးဆရာတစ်ယောက် အကူအညီတောင်းရင် လာရောက်တိုက်ခိုက်ပေးမယ့် အစွမ်းထက်ကျင့်ကြံသူတွေလည်း အများကြီးရှိတယ်။ အစွမ်းထက်ဆေးတစ်လုံးက အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိလို့ ဆေးဘုရင်မြို့တော် မျက်နှာသာပေးတာကို ခံချင်တဲ့အတွက် တိုက်ခိုက်ပေးချင်သူတွေ ဒုနဲ့ဒေးဖြစ်တယ်။ ဒဏ္ဍာရီလာသမာဓိကောင်စီတောင် ဆေးဘုရင်မြို့တော်ကို ရန်မစရဲဘူး။ ဒါပေမယ့် အလုပ်သင်တပည့်တွေကို စေလွှတ်တာကလွဲရင် လောကီရေးရာတွေနဲ့ ခပ်ကင်းကင်းနေကြတယ်"

ရွှမ်းယီက ဆက်လက်ရှင်းပြသည်။

ယဲ့ချန်က ဆေးဘုရင်မြို့တော်သည်လည်း အလွန်အစွမ်းထက်သော အဖွဲ့တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။ လီရှုအတွက် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ရွှမ်းယီ၏နောက်ခံက ထူးခြားမည်ဟုထင်ထားသော်လည်း ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။

"ဒါဆိုရင် ဆရာက ဆေးဘုရင်မြို့တော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းလား"

ယဲ့ချန်က မေးလိုက်သည်။ ရွှမ်းယီသည် အလယ်အင်ပါယာသို့မပြန်သည်မှာ နှစ်ပေါင်းတစ်ရာကျော်ပြီဟု သူက သိထားသည်။

"ငါက ထုတ်ပယ်ခံလိုက်ရတယ်"

ရွှမ်းယီက မျက်နှာပျက်သွားသော်လည်း အမှန်အတိုင်း ဖြေလိုက်သည်။

"ဘာကြောင့်များလဲ"

"ပြောရရင် အရှည်ကြီးပဲ။ ငါက ဆေးဘုရင်မြို့တော်မှာ သာမန်အရည်အချင်းပဲရှိတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တယ်။ ဆရာ့လက်အောက်မှာ တပည့်ခုနစ်ယောက်ရှိပြီး အဆင့်အရဆိုရင် ငါက ခြောက်မှာရှိတယ်။ ဒါပေမယ့် ဆရာက လူတိုင်းကို ကောင်းကောင်းဂရုစိုက်ပေးပါတယ်"

"တစ်နေ့မှာ မဟာအကြီးအကဲတစ်ယောက် ဖော်စပ်ထားတဲ့ ဝိညာဥ်သန်မာဆေးတစ်လုံး ပျောက်ဆုံးသွားခဲ့တယ်။ စုံစမ်းစစ်ဆေးလိုက်တဲ့အခါ တရားခံက ဆရာ့တပည့်တွေထဲကဖြစ်တယ်လို့ အဖြေထွက်လာခဲ့တယ်။ ဒေါသထွက်နေတဲ့ မဟာအကြီးအကဲက ငါတို့အားလုံးကိုသတ်ချင်ပေမယ့် ဆရာကာကွယ်ပေးလို့ အသက်ရှင်ခဲ့တယ်။ ဒါပေမယ့် မြို့တော်ကနေ ထုတ်ပယ်ခံလိုက်ရတယ်"

"ဒါဆိုရင် ဆေးလုံးကိုရော ဘယ်သူခိုးတာလဲ"

ယဲ့ချန်က မေးလိုက်သည်။

"ငါတို့ငါးယောက် သံသယဝင်တာကတော့ အကြီးဆုံးဆရာတူအစ်ကိုပဲ။ ဒါပေမယ့် သက်သေမရှိတော့ ငါတို့လည်း မြို့တော်ကနေ မောင်းထုတ်ခံလိုက်ရတယ်။ ဆယ်နှစ်အကြာမှာ ဆရာသေဆုံးသွားတယ်လို့ သတင်းရခဲ့တယ်။ ဒါပေမယ့် ငါတို့က မြို့တော်ကိုပြန်ပြီး ဆရာ့ကို အရိုအသေမပေးနိုင်ခဲ့ဘူး။ ဆရာ့ကျေးဇူးနဲ့မေတ္တာကို ငါတို့စော်ကားမိသလို ခံစားနေကြရတယ်"

ရွှမ်းယီ၏မျက်လုံးများတွင် ဝမ်းနည်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

လီရှုသည်လည်း ရွှမ်းယီ၏အဖြစ်ဆိုးကြောင့် ထပ်တူဝမ်းနည်းခဲ့သည်။

"ဝမ်းမနည်းပါနဲ့ ဆရာ။ ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းရှိလား"

ယဲ့ချန်က ဆရာဖြစ်သူကို နှစ်သိမ့်လိုက်သည်။ ရွှမ်းယီကိုစွပ်စွဲခံရသော အဖြစ်အပျက်မှ လွတ်မြောက်စေရန် သူက ကြိုးစားပေးမည်ဖြစ်သည်။ ရွှမ်းယီကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ဦးက ဆေးလုံးကိုခိုးမည်ဟု ယဲ့ချန်က လုံးဝမယုံပေ။

"အဲ့ဒီနောက်မှာ အကြီးအကဲတစ်ယောက်က စစ်ဆေးခဲ့ပြီး ငါတို့ငါးယောက်ကို တရားခံအဖြစ်က လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် အဖြစ်အပျက်က ကြာလွန်းတော့ တရားခံအစစ်ကို ရှာမတွေ့ခဲ့ဘူး"

ရွှမ်းယီက ပြောလိုက်သည်။

"ဒါဆိုရင် ဆရာက ဘာကြောင့် ဆေးဘုရင်မြို့တော်ကို ပြန်လို့မရတာလဲ"

"မဟာအကြီးအကဲက သူ့အမှားကိုသူ ဝန်မခံရဲဘူး။ သူက ငါတို့ကိုတောင်းပန်ပြီး အပြစ်လွှတ်ပေးဖို့အတွက် မျက်နှာအောက်ကျမခံချင်ဘူး။ အဲ့ဒီအစား သူက ကမ်းလှမ်းချက်တစ်ခု ပေးခဲ့တယ်။ ငါတို့ရဲ့တပည့်တွေထဲမှာ ဆရာသခင်အဆင့်ကိုရောက်တဲ့ လူရှိမှသာ ပြန်လာခွင့်ပြုမယ်"

ရွှမ်းယီက ခါးသက်စွာပြုံး၍ ခေါင်းယမ်းပြလိုက်သည်။

"တော်တော်ရယ်စရာကောင်းပါလား။ သူက မဆင်မခြင်စွပ်စွဲဖို့ကျ သတ္တိရှိပြီး အမှားဝန်ခံရမှာကျ ကြောက်နေတယ်ပေါ့။ ဒီအဘိုးကြီးက တော်တော်အကျိုးအကြောင်းမသင့်ပါလား"

ယဲ့ချန်က ဒေါသတကြီး ရေရွတ်လိုက်သည်။

"ညီလေးယဲ့ အစ်ကိုက ဆရာ့အစား မင်းကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်။ ဆရာရဲ့ဘဝတလျှောက်လုံးမှာ ဆေးဘုရင်မြို့တော်ကိုပြန်ပြီး ဆရာဘိုးဘိုးရဲ့အုတ်ဂူကို အရိုအသေပေးချင်တဲ့ ဆန္ဒတစ်ခုရှိတယ်။ ငါ့အရည်အချင်းကနည်းပါးလွန်းတော့ ဒီကိစ္စကို မစွမ်းဆောင်နိုင်ဘူး။ ညီလေးက ဆရာသခင်အဆင့်ကို ရောက်နေပြီဆိုတော့ ဆရာ့ဆန္ဒကို ကူညီဖြည့်ဆည်းပေးပါ"

လီရှုက ချက်ချင်းတောင်းဆို၍ ဒူးထောက်ရန် ပြင်လိုက်သည်။

"အစ်ကိုလီ ကျွန်တော်ကလည်း ဆရာ့တပည့်တစ်ယောက်ပါ။ ဆေးဘုရင်မြို့တော်ကို သေချာပေါက်သွားမှာပါ။ ဆရာ အခုသွားကြမလား"

ယဲ့ချန်က လီရှုဒူးမထောက်နိုင်စေရန် ကပျာကယာဆွဲထူလိုက်ရသည်။

"ဆေးဘုရင်မြို့တော်ဝင်ခွင့်က နှစ်တစ်နှစ်ရဲ့အလယ်မှာသာ ကျင်းပတယ်။ အခုမှ နှစ်အစရှိသေးတာဆိုတော့ ငါးလလောက်လိုသေးတယ်။ ဒီအချိန်အတွင်းမှာ ငါက မိတ်ဆွေဟောင်းတွေနဲ့တွေ့ဆုံဖို့ စီစဥ်ထားတယ်"

ရွှမ်းယီက ယဲ့ချန်ကို အလွန်ကျေးဇူးတင်မိသည်။ သူက သက်တမ်း၏အဆုံးသတ်သို့ ရောက်နေသော်လည်း ဆရာ၏အုတ်ဂူကို သွားရောက်ဂါရဝမပြုနိုင်ခဲ့ပေ။ ထို့ကြောင့် ယဲ့ချန်ကူညီမည်ဆိုသောအခါ သူ၏အဆင့်အတန်းကိုပင် မေ့လျော့သွားလေသည်။

"ညီလေးယဲ့ရော ငါတို့နဲ့အတူ လိုက်မှာလား"

လီရှုက မေးလိုက်သည်။

"ငါးလက ကြာလွန်းတယ်"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။

"ဒီလိုလုပ်ကြရအောင်။ ငါတို့အလယ်အင်ပါယာကိုရောက်ရင် ယာယီလမ်းခွဲကြတာပေါ့။ ငါးလကြာရင် မြို့တော်က နင်ယွင်တည်းခိုခန်းမှာ ပြန်ဆုံကြမယ်"

ရွှမ်းယီက အကြံပေးလိုက်သည်။ ယဲ့ချန်တွင်လည်း အလယ်အင်ပါယာ၌ ဆောင်ရွက်စရာကိစ္စများ ရှိနေနိုင်သည်။ မူလတွင် သူက ယဲ့ချန်ကို ဂရုစိုက်ရန် သတိပေးချင်ခဲ့သော်လည်း နတ်ဘုရင်တစ်ယောက်ကို အလွန်အစွမ်းထက်သူများသာ အန္တရာယ်ပေးနိုင်သောကြောင့် မပြောဖြစ်ခဲ့ပေ။ သာမန်ကျင့်ကြံသူများက ယဲ့ချန်ကို ဒုက္ခတွေ့စေမည်မဟုတ်ချေ။

"ဟုတ်ကဲ့။ ငါးလကြာရင် ကျွန်တော်က မြို့တော်မှာ ဆရာတို့ကိုလာရှာပါမယ်"

ယဲ့ချန်က ကတိပေးလိုက်ပြီး ဆေးလုံးများ လက်ဆောင်ပေးလိုက်သည်။

"ဒီဆေးလုံးတွေက အလွန်အဖိုးတန်လို့ မင်းသုံးဖို့အတွက် သိမ်းဆည်းထားလိုက်ပါ။ ငါ့လိုအဘိုးအိုတစ်ယောက်အတွက် ဒါတွေက အသုံးမဝင်ပါဘူး။ မင်းရဲ့အစ်ကိုလီကိုသာ ဆေးလုံးနည်းနည်း ပေးလိုက်ပါ"

ရွှမ်းယီက နှစ်ခါပင်မတွေးဘဲ ငြင်းဆန်လိုက်သည်။

"ဆရာ ကျွန်တော့်မှာရှိပါသေးတယ်"

ယဲ့ချန်က ဇွတ်အတင်းပေးနေသဖြင့် နောက်ဆုံးတွင် ရွှမ်းယီက လက်ခံလိုက်ရသည်။ ရွှမ်းယီနှင့်ယဲ့ချန်အဖြစ်ကို မြင်နေရသော ရှောင်ရိက သူ၏သိုလှောင်အိတ်အတွင်း လက်နှိုက်၍ ဝိညာဥ်ဆေးလုံးများထုတ်ယူကာ ပါးစပ်အပြည့်ဝါးစားလိုက်သည်။ ဤအရာများက ဆေးလုံးများသာဖြစ်သော်လည်း ရွှမ်းယီက ငြင်းဆန်နေသောအကြောင်းအရင်းကို သူက နားမလည်ပေ။

နောက်ထပ်တစ်လကြာအောင် ခရီးနှင်ခဲ့ပြီးနောက် ယဲ့ချန်က လမ်းတလျှောက်ကျင့်ကြံခဲ့သောအခါ တိုးတက်မှုများရှိလာသည်။ သူ၏ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်နှင့် နီးကပ်လာခဲ့သည်။ အကယ်၍ သူက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်သွားလျှင် ဝိညာဥ်စစ်သည်တော်ကလည်း ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်မည်ဖြစ်သောကြောင့် နတ်ဘုရင်အဆင့်အောက်ကျင့်ကြံသူများကို ကြောက်စရာလိုမည် မဟုတ်ပေ။

ယဲ့ချန်သည် ရွှမ်းယီနှင့်လီရှုကို ရွှမ်မင်ဟုခေါ်သော မြို့တစ်ခုသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် သူက ရန်ယွင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ မီးတောက်နီဂိုဏ်းက ထိုပြည်နယ်၏ တောင်တန်းများအပေါ်တွင် တည်ရှိသည်။ မီးတောက်နီဟူသော အမည်ကိုရခဲ့ခြင်းမှာ တောင်တန်းတလျှောက် မီးတောင်ရှင်များစွာ ရှိသောကြောင့်ဖြစ်သည်။

"လော့အာ အဆင်ပြေရဲ့လား သိချင်မိတယ်။ ယဲ့မုန့်နဲ့ယဲ့ရွှမ့်ရော မီးတောက်နီဂိုဏ်းထဲကို ဝင်သွားကြပြီလား"

ယဲ့ချန်က သိချင်စိတ်ကြောင့် ရေရွတ်လိုက်မိသည်။ အကယ်၍ ယဲ့မုန့်တို့ကို မီးတောက်နီဂိုဏ်း၌ရှာမတွေ့လျှင် ယဲ့ချန်က မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်ကို မတွေးတတ်ပေ။

"အားဖန်ကိုး နည်းနည်းသေးလိုက်"

ယဲ့ချန်က အမိန့်ပေးလိုက်သည်။ ဆန်းကျယ်အဆင့် သားရဲတစ်ကောင်က အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်သည်။ သူက နေလင်းယုန်ကို အဆင့်တစ်ဆယ်သားရဲတစ်ကောင်အဖြစ် ဟန်ဆောင်စေသည်။ လမ်းတလျှောက်တွင် ယဲ့ချန်က ဆေးလုံးများစွာ ကျွေးမွေးခဲ့သောကြောင့် ၎င်းမှာ ဆန်းကျယ်ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ ခန္ဓာကိုယ်ကိုသေးငယ်၍ ရုပ်ဖျက်ရသောအလုပ်က နေလင်းယုန်အတွက် မခက်ခဲပေ။

ယဲ့ချန်၏အမိန့်ကိုရသောအခါ နေလင်းယုန်၏ ဧရာမခန္ဓာကိုယ်ကြီးက ကျုံ့ဝင်သွား၍ အဆင့်တစ်ဆယ် သားရဲတစ်ကောင်အရွယ်အစားအထိ ရောက်သွားလေသည်။

"အလယ်အင်ပါယာက တကယ့်ကိုကြီးမားပြီး ချမ်းသာလွန်းတယ်။ ရှီဝူအင်ပါယာနဲ့ ဘာမှကိုမဆိုင်ဘူး"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် မြေပြင်ပေါ်ရှိအရာအားလုံးကို စူးစမ်းခဲ့သည်။ လမ်းများပေါ်တွင် လူများပြည့်နှက်နေပြီး အများစုက အဆင့်ရှစ်ကိုးကျင့်ကြံသူများဖြစ်ကာ အဆင့်တစ်ဆယ်ကျင့်ကြံသူများလည်း ရှိသည်။ တွန်းလှန်းတွန်းနေသူများပင် အနည်းဆုံးအဆင့်ငါးကျင့်ကြံသူများ ဖြစ်နေသည်။

အလယ်အင်ပါယာသို့ တိုင်းပြည်ပေါင်းတစ်ရာကျော်မှ လူများသည် ကုန်သွယ်ရေးအတွက် လာရောက်ကြခြင်းဖြစ်သည်။ အလယ်အင်ပါယာသည် အိမ်နီးချင်းတိုင်းပြည်အားလုံးအပေါ် သြဇာညောင်းသောကြောင့် သူတို့၏ကြွယ်ဝမှုအားလုံး ပေါင်းဆုံရာအရပ် ဖြစ်နေသည်။

စီးနင်းသောမြင်းများကပင် ညဥ့်လေမဟုတ်ဘဲ ပိုမိုအဆင့်မြင့်သော တိမ်လမ်းလျှောက်သူ၊ မီးတိမ် အစရှိသည်တို့ဖြစ်သည်။ လူအများစုက အဆင့်ငါးအထက် မိုးပျံမှော်သားရဲများကို စီးနင်းပျံသန်းနေကြသည်။ ဤနေရာတွင် ငွေလုံလုံလောက်လောက်ရှိလျှင် မှော်သားရဲစီးတော်ယာဥ်များကို စျေးအတွင်း၌ပင် ဝယ်ယူနိုင်သည်။

ယဲ့ချန်သည် ကျယ်ပြန့်သောလွင်ပြင်တစ်ခုကို ကျော်ဖြတ်လာပြီးနောက် အလွန်ကြီးကျယ်ခမ်းနားသော မြို့တော်တစ်ခုထံ ရောက်လာခဲ့သည်။ ၎င်းက တောင်ကြီးတစ်လုံးပမာမြင့်မားပြီး မီတာရာချီမြင့်သော မြို့ရိုးများကို ရွှမ်သံနက်ဖြင့် တည်ဆောက်ထားသည်။ ၎င်းက စျေးပေါသော်လည်း မြို့ကြီးတစ်ခုလုံး၏မြို့ရိုးအဖြစ် အသုံးချနိုင်ခြင်းမှာ မယုံနိုင်စရာဖြစ်သည်။

ယဲ့ချန်သည် ရွှမ်းယီပေးအပ်လိုက်သော အလယ်အင်ပါယာ၏မြေပုံကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက ရန်ယွင်မြို့တော်ဖြစ်လိမ့်မယ်။ ဒီနေကဆိုရင် မီးတောက်နီဂိုဏ်းကိုရောက်ဖို့ နေ့ဝက်ခရီးပဲလိုတယ်။ ခဏအနားယူကြတာပေါ့"

ယဲ့ချန်က ရှောင်ရိကိုပြောလိုက်ပြီး နေလင်းယုန်ကို အောက်သို့ဆင်းသက်စေသည်။

ရန်ယွင်မြို့တော်၏ လေပိုင်နက်တွင် မှော်သားရဲများ ပျံသန်းခွင့်မရှိပေ။ ချိုးဖောက်ပါက မြို့ရိုးအရောက်တွင် ပစ်ချခံရနိုင်သည်။

မြို့ဝင်ကြေးမှာ ကျင့်ကြံသူတစ်ယောက်အတွက် ငွေဆယ်စဖြစ်ပြီး မှော်သားရဲတစ်ကောင်အတွက် ငါးဆယ်ဖြစ်သောကြောင့် အလွန်စျေးကြီးသည်။ မြို့တော်အတွင်း ပျံသန်းနိုင်သောမှော်သားရဲများကို ခေါ်ဆောင်ခွင့်မပြုသောကြောင့် သတ်မှတ်နေရာများတွင် ထားခဲ့ရသည်။

နေလင်းယုန်ကို နေရာချထားပေးပြီးနောက် ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကိုထုတ်လွှတ်ကာ လမ်းမများကို စစ်ဆေးလိုက်သည်။ ရန်ယွင်မြို့၏ လူဦးရေသိပ်သည်းမှုက မယုံနိုင်လောက်အောင်များပြားပြီး လူတိုင်းက ချမ်းသာသူများဖြစ်ကြသည်။ အဖိုးတန်ပိုးဖဲများကို ဝတ်ဆင်ထားသူများရှိကာ သာမန်ကုန်သည်များပင် ကောင်းစွာဝတ်ဆင်ထားကြသည်။

အလယ်အင်ပါယာတွင် ခန္ဓာကိုယ်သန်မာသူများက ချမ်းသာသူများ၏ကုန်ပစ္စည်းများကို သယ်ဆောင်ပေးခြင်းဖြင့် အသက်မွေးကြရသည်။

ယဲ့ချန်သည် လမ်းပေါ်တွင် ကောင်းကင်ဝိဇ္ဇာငါးယောက်နှင့် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ကို ထောက်လှမ်းမိခဲ့သည်။ လူတိုင်းက အဝတ်အစားများကွဲ ပြားသောကြောင့် တိုင်းပြည်မျိုးစုံမှ ရောက်လာခြင်းဖြစ်နိုင်သည်။

ရှီဝူအင်ပါယာတွင် ကောင်းကင်ဝိဇ္ဇာအနည်းငယ်သာရှိသော်လည်း အလယ်အင်ပါယာတွင် လမ်းပေါ်၌ပင်တွေ့နေရသည်။ ဤနေရာက အစွမ်းထက်ကျင့်ကြံသူများ၏ ဘူမိနက်သန်နေရာ ဖြစ်နိုင်ပေသည်။

ယဲ့ချန်သည် လမ်းမကျယ်ကြီးပေါ် လျှောက်လှမ်းနေစဥ် ဝိညာဥ်အသိစိတ်က ရတနာများတောက်ပနေသော နေရာတစ်ခုကို အာရုံခံမိခဲ့သည်။

"ရှောင်ရိ သွားကြည့်ရအောင်"

ယဲ့ချန်က ဆော်သြောလိုက်သည်။

"ဟုတ်"

ရှောင်ရိက ပတ်ဝန်းကျင်ကို အကဲခတ်နေပြီး မြင်မြင်သမျှက အံ့သြစရာများဖြစ်နေသည်။ အပြာရောင်ဆံပင်နှင့်လူများ ၊ခရမ်းရောင်မျက်လုံးပိုင်ရှင်များ၊ အပေါ်ပိုင်းဗလာတွင် လည်ပင်း၌ အသံမြည်သောခြူကို တပ်ဆင်ထားသူများစသည့် ထူးဆန်းသောလူမျိုးစုံက သူ့အတွက် အသစ်အဆန်းဖြစ်နေသည်။

ယဲ့ချန်သည် ရှောင်ရိနှင့်အတူ ရှုပ်ထွေးသော လမ်းတစ်ခုအတွင်း ဝင်ရောက်လာခဲ့သည်။ ဤလမ်းက ရန်ယွင်မြို့တော်တွင် အစည်ကားဆုံးဖြစ်ပြီး လမ်းဘေးဝဲယာတလျှောက်တွင် ဆိုင်ခန်းများ ပြည့်နှက်နေသည်။ ကျောက်စိမ်းအိမ်တော်၊ ဝိညာဥ်လက်နက်အိမ်တော်စသော ဆိုင်းဘုတ်များလည်း လက်ညှိုးထိုးမလွဲပင်။

ဤကား ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တောက်ပသောအလင်းတစ်ခုကို အာရုံခံမိသည့်နေရာ ဖြစ်သည်။ ထိုအလင်းက ရတနာ ဖြစ်နိုင်လေသည်။

All Chapters