ရာဖြတ်ခြင်း
Vol. 22 Ch. 306
လမ်းထောင့်တစ်ခုတွင် ရတနာစံအိမ်ဟုခေါ်တွင်သော ဆိုင်ကြီးတစ်ဆိုင် ရှိနေသည်။ ၎င်းက အနီးအနားပတ်ဝန်းကျင်ရှိ ဆိုင်များတွင် အကြီးဆုံးလည်း ဖြစ်သည်။
"ရတနာစံအိမ်တဲ့လား"
ယဲ့ချန်၏မျက်ခုံး အနည်းငယ် မြင့်တက်သွားသည်။ သူ့ထံတွင် နဂါးပြာဓားမြှောင်နှင့် ဆေးအိုးလေးကဲ့သို့ ဆန်းကျယ်သောရတနာများ ရှိနေခဲ့သည်။ အကယ်၍ သူက ၎င်းတို့ကိုရာဖြတ်ပြီး အသုံးဝင်ပုံကိုရှာဖွေနိုင်လျှင် အချိန်ကုန်အလုပ်ရှုပ် သက်သာသွားပေလိမ့်မည်။
"ရှောင်ရိ ရတနာစံအိမ်ကို သွားကြစို့"
ယဲ့ချန်သည် တံခါးအတွင်းမှ ဝင်ရောက်လိုက်ချိန်တွင် လူငယ်လေးတစ်ယောက်က လာရောက်ကြိုဆိုခဲ့သည်။ သူက ယဲ့ချန်နှင့်ရှောင်ရိ၏ အဝတ်အစားများကို အကဲခတ်လိုက်သည်။ သူတို့က သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားသောကြောင့် သိုင်းပညာမျိုးနွယ်တစ်ခုမှ လာခြင်းဖြစ်ကြောင်း ပြောနိုင်သည်။ ထို့ကြောင့် ဧည့်ကြိုလူငယ်က ရိုရိုသေသေ ဆက်ဆံလိုက်သည်။
"ဧည့်သည်တော်နှစ်ယောက်က ဘာများအလိုရှိပါသလဲ။ ရတနာစံအိမ်က လူကြီးမင်းတို့ရတနာတွေကို အကဲဖြတ်ပေးနိုင်ပါတယ်။ အဆင့်အမျိုးမျိုးရှိတဲ့ ဝိညာဥ်လက်နက်နဲ့ အဖိုးတန်ရတနာတွေလည်း ရောင်းချပေးပါတယ်"
လူငယ်က ရတနာစံအိမ်အကြောင်း တက်ကြွစွာရှင်းပြလိုက်သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်နှင့် လူငယ်ကို စစ်ဆေးလိုက်သည်။ လူငယ်က အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ကာ အဆင့်ကိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ယဲ့ချန်သည် ဆိုင်အတွင်း၌ ကောင်းကင်ဝိဇ္ဇာတစ်ယောက်နှင့် မြေဝိဇ္ဇာအချို့ရှိကြောင်းလည်း အာရုံခံမိလိုက်သည်။ ရတနာစံအိမ်က ရိုးရှင်းသောစျေးဆိုင်တစ်ခု မဟုတ်နိုင်ပေ။
"ငါ့ရတနာတွေကို ရာဖြတ်ပေးစေချင်တယ်"
ယဲ့ချန်က ပြန်ပြောလိုက်သည်။
"ရာဖြတ်ခြင်းအတွက် ချီစုစည်းဆေးဆယ်လုံး သို့မဟုတ် ချီပြိုကွဲဆေးလုံး ငါးဆယ်ကျသင့်ပါတယ်။ ကျေးဇူးပြုပြီး ဆေးလုံးတွေ ပြင်ဆင်ထားပေးပါ"
စကားပြောနေချိန်တွင် လူငယ်က ယဲ့ချန်၏မျက်နှာအမူအရာကို တစ်ချိန်လုံး အကဲခတ်နေခဲ့သည်။ ယဲ့ချန်က ဆေးလုံးများအကြောင်းပြောနေချိန်တွင် မျက်နှာထား တည်ငြိမ်နေသည်ကို မြင်ရသောအခါ သူက လူချမ်းသာများဖြစ်ရမည်ဟု သတ်မှတ်လိုက်သည်။
"ကျေးဇူးပြုပြီး လိုက်ခဲ့ပါခင်ဗျာ"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ လူငယ်၏အပြုံးက ပို၍ထင်ရှားလာကာ ယဥ်ယဥ်ကျေးကျေးပြောဆိုလိုက်၏။
လူငယ်က ယဲ့ချန်နှင့်ရှောင်ရိကို ဆိုင်၏ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ရောက်သောအခါ ယဲ့ချန်သည် ခန်းမကျယ်တစ်ခုအတွင်း ရောက်သွားခဲ့သည်။ နံရံများတွင် ကြီးမားသောစင်ကြီးများတည်ရှိပြီး အပေါ်တွင် အဖိုးတန်ရှေးဟောင်းပစ္စည်းများနှင့် ရတနာများစွာ တင်ထားကြသည်။ ခန်းမ၏အလယ်တွင် ကုလားထိုင်များခင်းကျင်းထားပြီး လူတစ်စုက ထိုနေရာတွင်ထိုင်၍ စကားစမြည်ပြောဆိုနေကြသည်။
လူတိုင်းက အဖိုးတန်ပိုးထည်များကို ဝတ်ဆင်ထားသောကြောင့် တဖိတ်ဖိတ်တောက်ပနေကာ ချမ်းသာခြင်းကို ဖော်ဆောင်ထား၏။
"ကျေးဇူးပြုပြီး နေရာယူကြပါ"
လူငယ်က ယဲ့ချန်နှင့်ရှောင်ရိကို ကုလားထိုင်များ၏နောက်ဆုံးရှိ ထိုင်ခုံနှစ်ခု၌ နေရာချထားပေးခဲ့သည်။
ယဲ့ချန်က ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အဓိကအားဖြင့် လူငယ်များဖြစ်ပြီး မိန်းမသုံးယောက်နှင့် ယောကျ်ားငါးယောက် စုစုပေါင်းရှစ်ယောက်ဖြစ်သည်။ ယောကျ်ားပျိုများကချောမောပြီး မိန်းမပျိုများက အတော်လှပကြသည်။ အထူးသဖြင့် အလယ်တွင်ထိုင်နေသော အသက်နှစ်ဆယ်အရွယ် မိန်းမပျိုဖြစ်သည်။ သူမကလှပပြီး ရယ်မောလိုက်တိုင်း ပါးစပ်ကို လက်ကလေးနှင့် ကာထားတတ်သည်။ သူမတွင် နူးညံ့ပျော့ပြောင်းသော ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး အနီရောင်ပိုးထည်ကို ဝတ်ဆင်ထားသည်။ သူမပြုံးလိုက်တိုင်း ပုလဲဖြူရောင်သွားလေးများ ထွက်ပေါ်လာတတ်သည်။ လူအများစုက သူမကို နှစ်ခါပြန်ကြည့်မိပေလိမ့်မည်။ အားလုံးက မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အမြင့်ဆုံးက မြေဝိဇ္ဇာအလယ်အဆင့်ဖြစ်သည်။
လူငယ်သုံးယောက်က အနီရောင်မိန်းမပျိုကို ဆက်တိုက်ခိုးကြည့်နေကြသည်။ သုံးယောက်လုံးက သူမကိုနှစ်သက်နေကြောင်း အလွန်သိသာနေသည်။
ဤအုပ်စုမှလွဲလျှင် ခပ်ဝဝယောကျ်ားကြီးနှစ်ယောက်လည်း ထိုင်နေကြသည်။ ရွှေတွဲလွဲငွေတွဲလွဲ ဝတ်ဆင်ထားသော ဤလူနှစ်ယောက်မှာ အသွင်အပြင်အရ ချမ်းသာကြွယ်ဝသော ကုန်သည်များဖြစ်နိုင်သည်။
ယဲ့ချန်နှင့်ရှောင်ရိ ဝင်လာသောအခါ သူတို့အားလုံးက တစ်ချက်သာကြည့်၍ လုပ်လက်စအလုပ်ကိုသာ အာရုံပြန်စိုက်သွားကြသည်။ သူတို့က ယဲ့ချန်တို့နှစ်ယောက်ကို လုံးဝအရေးမစိုက်ချေ။
ခန်းမ၏အလယ်တွင် စားပွဲတစ်ခုရှိပြီး အပေါ်တွင် ရတနာခုနစ်ခုရှစ်ခု တင်ထားသည်။ ၎င်းတို့က လက်နက်များ၊ ကျောက်စိမ်းဆွဲသီးများ၊ ပုလဲများစသော ရတနာမျိုးစုံဖြစ်သည်။ အားလုံးကို တစ်နေရာရာမှ တူးဖော်လာဟန်ရှိပြီး ဟောင်းနွမ်းနေကြသည်။
စားပွဲဘေးတွင် ထူးခြားသောအရှိန်အဝါပိုင်ရှင် သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေသည်။ သူက လက်ထဲတွင် ကျောက်စိမ်းလက်ကောက်တစ်ခုကို ကိုင်ထားပြီး ကောင်းကင်ချီကိုထိုးသွင်းကာ သေချာစွာစစ်ဆေးနေသည်။ သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ရတနာစံအိမ်၏ပိုင်ရှင် ဖြစ်နိုင်လေသည်။
"ဂုဏ်ယူပါတယ် မြို့စားဇီလန် ဒီလက်ကောက်က ဝိညာဥ်လက်နက်မဟုတ်ပေမယ့် ဝတ်ဆင်ထားရင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တန်ဖိုးက အဆင့်လေးဝိညာဥ်လက်နက်အောက် မနိမ့်ကျဘူး"
ထိုလူက လက်ကောက်ကို စားပွဲပေါ်ပြန်တင်ပြီး တစ်ချက်ပြုံးကာ ရှင်းပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာချီ"
ဇီလန်ဆိုသော အနီရောင်ဝတ်မိန်းမလှက နှုတ်ခမ်းတွန့်ရုံမျှသာ ပြုံးလိုက်သည်။ သူမက လက်ကောက်၏တန်ဖိုးကို များစွာအလေးထားပုံမရချေ။ အနီရောင်ဝတ်မိန်းမပျိုက မြို့စားတစ်ယောက်ဖြစ်သောကြောင့် ဂုဏ်သရေရှိနေခြင်း ဖြစ်နိုင်သည်။
ရှီဝူအင်ပါယာကဲ့သို့ နေရာများတွင် အဆင့်လေးဝိညာဥ်လက်နက်တစ်ခုက မျိုးနွယ်ရတနာဖြစ်နိုင်သော်လည်း အလယ်အင်ပါယာ၌ အရေးမပါသော အရာတစ်ခုဖြစ်နေခဲ့သည်။
"သခင်လေးလျန်ကရော ဆရာချီရာဖြတ်ပေးဖို့အတွက် ဘယ်လိုရတနာမျိုး ယူလာခဲ့လဲဟင်"
ဇီလန်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မေးလိုက်ခြင်းဖြစ်သည်။ ဤအုပ်စုကြားတွင် ထိုလူငယ်က မြေဝိဇ္ဇာအလာ်အဆင့်ဖြစ်ကာ ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်သည်။
"ကျုပ်က ဒီရတနာကို ချီပြိုကွဲဆေးလုံးခြောက်သောင်းသုံးပြီး ဝယ်ယူလာတယ်။ ဒါကို အကြီးအကဲတစ်ယောက်ဆီကနေ ဝယ်လာတာဖြစ်တယ်။ သေချာပေါက်မပြောနိုင်ပေမယ့် ဒီရတနာက အဆင့်ငါးဝိညာဥ်လက်နက် အထက်ဖြစ်မယ်လို့ ခံစားနေရတယ်"
သခင်လေးလျန်က မောက်မာစွာပြောလိုက်ပြီး လက်ထဲရှိယပ်တောင်ကို ဟန်ပါပါခတ်လိုက်သည်။
"သခင်လေးလျန်ရဲ့အမြင်က မမှားနိုင်ဘူး"
"ချီပြိုကွဲဆေးလုံးခြောက်သောင်းနဲ့ အဆင့်ငါးဝိညာဥ်လက်နက်တစ်ခု ရလာတယ်။ တော်တော်အမြတ်ထွက်လိမ့်မယ်"
ချမ်းသာသော ကုန်သည်နှစ်ယောက်က ရယ်မော၍ ချီးကျူးလိုက်ကြသည်။
သူတို့၏စကားကို ကြားသောအခါ သခင်လေးလျန်က အလွန်ကျေနပ်သွားပုံပေါ်သည်။
ယဲ့ချန်သည် သခင်လေးလျန်ကို တစ်ချက်ကြည့်၍ အင်အားစုတစ်ခုမှဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ ဤလူများအားလုံးတွင် နောက်ခံတစ်ခုစီ ရှိနေနိုင်သည်။
"အစ်ကိုကြီး ဝိညာဥ်အဆင့်ငါးလက်နက်ဆိုရင် အဖိုးတန်တယ်မလား။ ဒါကို ကျွန်တော်တို့ လုယူကြမလား"
ယဲ့ချန်၏ဘေးတွင် ထိုင်နေသော ရှောင်ရိက ရုတ်တရက်ကျယ်လောင်စွာ ပြောလိုက်သည်။ သူက သခင်လေးလျန်၏စကားကြောင့် စိတ်လှုပ်ရှားနေပုံပေါ်သည်။
ခန်းမအတွင်းရှိ လူတိုင်း၏မျက်လုံးများက ယဲ့ချန်နှင့်ရှောင်ရိထံ ပြိုင်တူကျရောက်လာသည်။
"ကလေးတစ်ယောက်ရဲ့စကားပါ။ အားလုံးဗွေမယူကြပါနဲ့"
ယဲ့ချန်က တစ်ချက်ပြုံး၍ တောင်းပန်လိုက်ရသည်။ ရှောင်ရိမှာ ဖြူစင်သောကြောင့် စိတ်ထဲရှိသမျှကို ထုတ်ပြောတတ်သော ကလေးတစ်ယောက်ဖြစ်နေသည်။ ယဲ့ချန်က သူ့ကိုယ်စားတာဝန်ယူ၍ ဖြေရှင်းပေးရပေလိမ့်မည်။
"ဒီကလေးက ရိုင်းစိုင်းလှချည်လား"
ဇီလန်က နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။
"ဟုတ်တယ် ဆရာချီ။ ခင်ဗျားတို့က ဒီလိုရိုင်းစိုင်းသူမျိုးကို ရတနာစံအိမ်ထဲ အဝင်ခံတယ်လား"
သခင်လေးလျန်က ဇီလန်ဘက်မှ ဝင်ရောက်ထောက်ခံကာ ကဲ့ရဲ့လိုက်သည်။
"တောင်းပန်ပါတယ် ဂုဏ်သရေရှိဧည့်သည်တော်တို့။ သူကလည်း ဧည့်သည်တစ်ယောက်ဖြစ်လို့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ဧည့်သည်တွေကို တံခါးဝမှာ ပစ်မထားနိုင်ပါဘူး"
ဆရာချီကပြုံး၍ တုံ့ပြန်လိုက်သည်။ သူက စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ယောက် ဖြစ်ပုံရသည်။
ယဲ့ချန်သည် မောက်မာသူများ၏စကားကြောင့် ရှောင်ရိကိုယ်စား ဒေါသထွက်မိသော်လည်း အလယ်အင်ပါယာသို့ ရောက်ရောက်ချင်း ပြဿနာမရှာလိုသဖြင့် ငြိမ်နေလိုက်သည်။
"ငါက မရိုင်းစိုင်းဘူး"
ရှောင်ရိက ငြင်းဆန်လိုက်သည်။ ယဲ့ချန်က သူ၏ခေါင်းကိုပုတ်၍ နှစ်သိမ့်လိုက်သည်။ ဤနေရာတွင် သူတို့က ရတနာအကဲဖြတ်ရန် လာရောက်ခြင်းဖြစ်ပြီး တိုက်ပွဲတစ်ခုအတွက် လာရောက်ခြင်းမဟုတ်ပေ။
"သခင်လေးလျန်ရဲ့ရတနာက သေချာပေါက် ဝိညာဥ်အဆင့်ငါးလက်နက်တစ်ခု ဖြစ်ပါတယ်။ နည်းနည်းထိခိုက်နေပေမယ့် လေလံစံအိမ်မှာ ချီပြိုကွဲဆေးလုံးနှစ်သိန်းနဲ့ ရောင်းချနိုင်မှာ သေချာတယ်"
ဆရာချီက အခြေအနေကိုထိန်းရန်အတွက် ရတနာကို အလျင်အမြန်ရာဖြတ်ပေးလိုက်သည်။
"ဒါက အဆင့်ငါးဖြစ်မယ်ဆိုတာကို ငါ သိနေတယ်"
ဆရာချီ၏စကားကို ကြားသောအခါ သခင်လေးလျန်က ချက်ချင်းအောင်ပွဲခံလိုက်သည်။ ဤသို့ဆိုလျှင် သူက ချီပြိုကွဲဆေးလုံးတစ်သိန်းကျော် အမြတ်ထွက်ပြီဖြစ်သည်။
"သခင်လေးလျန် အမြင်ကောင်းတယ်ဗျာ"
"ချီပြိုကွဲဆေးလုံးနှစ်သိန်းဆိုတာက သာမန်ဂိုဏ်းလေးတွေ တစ်သက်လုံးပိုင်ဆိုင်လာသမျှ ရောင်းချလိုက်ရင်တောင် မရနိုင်ဘူး"
"တိမ်ဖြူတောင်ကြားက အလယ်အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းကြီးငါးခုထဲကဖြစ်တယ်။ သခင်လေးလျန်လိုလူတစ်ယောက်က ဒီလိုပမာဏလောက်ကို ခေါင်းထဲထည့်စရာ မလိုလောက်ပါဘူး"
ချီးကျူးသံများကို နားထောင်နေသော ယဲ့ချန်က နောက်ခံများကို ဖြည်းဖြည်းချင်း ခန့်မှန်းနိုင်လိုက်သည်။ လူငယ်သုံးယောက်က အလယ်အင်ပါယာ၏ ထိပ်တန်းဂိုဏ်းကြီးများမှဖြစ်ကာ မြို့စားဇီလန်ကိုပိုးပန်းရန် ရောက်နေခြင်းဖြစ်သည်။ သူမက ရန်ယွင်မြို့တော်၏မြို့စားဖြစ်ကာ တော်ဝင်သွေးဆက်ဖြစ်သည်။
ယဲ့ချန်က ဤနေရာတွင် အလုပ်ကိစ္စရှိသောကြောင့် လာရောက်ခြင်းဖြစ်၍ သူများ၏အရေးကို စိတ်မဝင်စားပေ။ သူကဤလူများနှင့်ပတ်သက်ရန် အကြောင်းလည်း မရှိချေ။
ယဲ့ချန်က သူတို့၏စကားဝိုင်းကို နားထောင်နေရင်း ဆရာချီရာဖြတ်နေသည်ကို ဆက်လက်စောင့်ကြည့်နေသည်။ သူက အလယ်အင်ပါယာအကြောင်း ဗဟုသုတများစွာကို သိလာရသည်။
"မီးတောက်နီဂိုဏ်းတပည့်တွေက မနက်ဖြန်ကျရင် သိုင်းပြိုင်ပွဲတစ်ခု ကျင်းပမယ်တဲ့။ မင်းတို့ သွားကြမှာလား"
သခင်လေးလျန်ကပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။
"စိတ်ဝင်စားစရာပဲ"
"ငါလည်း အစ်ကိုလျန်နဲ့အတူ လိုက်ခဲ့မယ်"
"မြို့စားရော ဘယ်လိုသဘောရလဲ"
သခင်လေးလျန်က ဇီလန်ကိုကြည့်၍ မေးလိုက်သည်။
"သွားမယ်"
ဇီလန်ကခေါင်းညိတ်၍ လက်ခံလိုက်သည်။
"မီးတောက်နီဂိုဏ်းချုပ်ရဲ့သမီး ယဲ့လော်က ပြိုင်ဘက်ကင်းလှပတယ်လို့ ကြားတယ်။ အမှန်ပဲလား"
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က စကားဖြတ်ပြောလိုက်သည်။
"သခင်လေးဆောင် စိတ်ကူးမယဥ်ပါနဲ့ဗျာ။ ယဲ့လော်ကို မုန်တိုင်းအိမ်တော်သခင်လေးက သဘောကျနေတယ်။ မင်းမှာ အခွင့်အရေးမရှိဘူး။ မုန်တိုင်းအိမ်တော်ခေါင်းဆောင်က နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်လို့ ငါတို့ဂိုဏ်းတွေ အားလုံးပူးပေါင်းလိုက်ရင်တောင် သူတို့ကိုမယှဥ်နိုင်ဘူး။ ယဲ့လော်က အလှလေးတစ်ယောက်ဖြစ်တယ်။ အရင်က မီးတောက်နီဂိုဏ်းမှာ ကပ်ဘေးတစ်ခုဖြစ်ခဲ့လို့ သူမကို အဝေးပို့ထားခဲ့ရတယ်။ အလယ်အင်ပါယာကို ဒီနှစ်မှပြန်ရောက်လာတာ ဖြစ်တယ်။ မုန်တိုင်းအိမ်တော်သခင်လေးက သူမကိုမြင်မြင်ချင်း သဘောကျသွားတယ်။ သူက ချက်ချင်းလက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယဲ့လော်က ငြင်းဆန်ခဲ့တယ်။ ဒါပေမယ့် မုန်တိုင်းအိမ်တော်လိုဂိုဏ်းကို ဘယ်သူက ဆန့်ကျင်နိုင်မှာလဲ။ ယဲ့လော်က အသက်၁၈နှစ်မပြည့်ခင် အိမ်ထောင်မပြုချင်ဘူးလို့ အချိန်ဆွဲထားတယ်လို့ ကြားတယ်"
သခင်လေးလျန်က ခါးသက်သက်ပြုံး၍ သခင်လေးဆောင်ကို အကြောင်းစုံရှင်းပြလိုက်သည်။
"ဟမ့် ငါက ယဲ့လော်ကို မြင်ဖူးပါတယ်။ မုန်တိုင်းအိမ်တော်နဲ့လက်ထပ်ရတာ သူမအတွက် ဘုရားက ကောင်းချီပေးလိုက်တာပဲ။ ဒီကောင်မက အပေါ်ယံမှာ မြင့်မြတ်ချင်ဟန်ဆောင်ပြီး နောက်ကွယ်မှာ မိန်းမပျက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။ သူမက တခြားတစ်ယောက်နဲ့ လက်ထပ်ထားတာလည်း ဖြစ်နိုင်တာပဲ"
ဇီလန်က ယဲ့လော်ကို မနာလိုဝန်တိုကြီးစွာဖြင့် မကောင်းပြောလိုက်သည်။ သူမက ယဲ့လော်နှင့်ပေါင်းသင်းဆက်ဆံရန် အကြိမ်အနည်းငယ် သွားရောက်တွေ့ဆုံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ယဲ့ချန်သည် သူမ၏စကားကို ကြားသောအခါ ဒေါသမီး ဝင်းဝင်းတောက်လာသည်။ ဤမိန်းမက မြို့စားတစ်ယောက်ပမာ အဆင့်အတန်းမြင့်ချင်ယောင် ဆောင်နေသော်လည်း အတွင်းစိတ်က အောက်တန်းကျလှသည်။ ယဲ့ချန်က ဇီလန်၏မျက်နှာကို ဖြတ်ရိုက်ချင်စိတ်ပေါက်သွားခဲ့သည်။
"ထားလိုက်ပါ။ ဒီအကြောင်း မပြောတော့ဘူး။ ရာဖြတ်တာကို ဆက်လုပ်ကြမယ်"
သခင်လေးလျန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ငါတို့ယူလာတဲ့ ရတနာရှစ်ခုမှာ ခြောက်ခုက အဆင့်လေးဝိညာဥ်လက်နက်တွေဖြစ်ပြီး အဆင့်ငါးတစ်ခုတောင် ပါနေသေးတယ်။ ဒီလိုရတနာတွေကိုရမယ်ဆိုရင် တိုင်းပြည်ငယ်လေးတွေကလူတွေ သွားရေတမြားမြားကျနေမှာ သေချာတယ်"
သခင်လေးဆောင်က လှောင်ပြောင်လိုက်ပြီး ယဲ့ချန်ကို ရည်ရွယ်ချက်ရှိရှိ ကြည့်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် အထင်သေးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်နေသည်။
ရှောင်ရိ၏စကားကြောင့် သူတို့အားလုံးက ယဲ့ချန်နှင့်ရှောင်ရိကို လှောင်ပြောင်စရာသတ္တဝါများသဖွယ် သဘောထားနေကြသည်။
သခင်လေးလျန်၏အကြည့်ကလည်း ယဲ့ချန်ထံ ကျရောက်လာသည်။ သူက ဆိုးယုတ်စွာပြုံး၍ စကားတစ်ခွန်း ပြောလိုက်သည်။
"ဟိုကောင် ငါတို့အားလုံးရဲ့ရတနာတွေကို ဆရာချီက အကဲဖြတ်ပေးပြီးပြီ။ မင်းရဲ့ရတနာတွေရော ဘယ်မှာလဲ။ ဆရာချီကိုထုတ်ပြပြီး ရာဖြတ်ခိုင်းရအောင်"