အဖိုးမဖြတ်နိုင်သော ရတနာ
Vol. 22 Ch. 307
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သစ်ပင်က တည်ငြိမ်နေသော်လည်း လေက လာဝင်တိုးနေသည်။ ယဲ့ချန်သည် အလယ်အင်ပါယာရှိလူတိုင်းက ဤသို့မောက်မာသည်လားဟု တွေးမိလိုက်သည်။ အလယ်အင်ပါယာသည် မဟာအရှေ့တိုက်ကြီး၏အလယ်တွင် တည်ရှိသောကြောင့် တိုင်းပြည်ငယ်များမှလူများကို အထင်သေးတတ်ကြသည်။
ယဲ့ချန်၏ဝတ်စားဆင်ယင်ပုံက သူတို့အောက်မနိမ့်သော်လည်း ရှီဝူအင်ပါယာ၏လေသံမျိုး ပျောက်ကွယ်မသွားခဲ့ပေ။ အလယ်အင်ပါယာရှိလူများက ကွဲပြားမှုကို ချက်ချင်းပြောဆိုနိုင်ကြသည်။ ထို့အပြင် ရှောင်ရိပြောလိုက်သော စကားကြောင့် ခန်းမအတွင်းရှိလူများက ယဲ့ချန်နှင့်ရှောင်ရိကို တိုင်းပြည်ငယ်များမှတောသားများဟု သဘောထားကာ ဖိနှိပ်ချင်နေကြသည်။
"အလယ်အင်ပါယာက ဘာတွေကြီးမြတ်နေလို့လဲ။ မင်းတို့ရဲ့ဂိုဏ်းတွေကရော ဘယ်လောက်မြင့်မြတ်နေလို့လဲ"
ယဲ့ချန်က စိတ်ထဲတွင် အေးစက်စက်ကြုံးဝါးလိုက်သည်။ သူက စိတ်ထားနိမ့်သူလူတစ်စုကို လုံးဝဂရုမစိုက်ချေ။
"ဆရာ ကျေးဇူးပြုပြီး ရာဖြတ်ချင်တဲ့ရတနာရှိရင် ဒီကိုယူလာပေးပါ။ ကျုပ်က နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပေးပါမယ်။ ရတနာစံအိမ်မှာ ခါတိုင်းထက် ဧည့်သည်တွေများနေတော့ မင်းကိုစော်ကားမိရင် ခွင့်လွှတ်ပေးပါ"
ဆရာချီက ယဲ့ချန်ကိုပြုံးပြပြီး ပြောလိုက်ခြင်းဖြစ်သည်။ စကားလုံးအနည်းငယ်ဖြင့် ယဲ့ချန်ကိုရန်စနေသူများမှာ ရတနာစံအိမ်နှင့်မဆိုင်သောကြောင့် သူလည်း မဖြေရှင်းနိုင်ကြောင်း ဖော်ပြလိုက်သည်။ ဤကိစ္စသည် ရတနာစံအိမ်နှင့်မသက်ဆိုင်ကြောင်း ပေါ်လွင်သည့်အပြင် ယဲ့ချန်၏စိတ်ကိုလည်း နှစ်သိမ့်ရာရောက်အောင် ပြောနိုင်သဖြင့် သူက ပါးနပ်သော စီးပွားရေးသမားတစ်ယောက်ဖြစ်ကြောင်း သိသာနေသည်။
"ဆရာချီက အားနာလွန်းနေပါပြီ။ ငါ့မှာ ရတနာအနည်းငယ်ရှိတယ်။ ဒါတွေရဲ့အသုံးဝင်ပုံကို သိချင်တယ်"
ယဲ့ချန်ကမတ်တပ်ရပ်လိုက်ပြီး စားပွဲထံလျှောက်သွားကာ နဂါးပြာဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ၎င်းကို သူက နက်ခရိုရေကန်၏အောက်ခြေမှ ရှာတွေ့လာခြင်းဖြစ်သည်။ ထက်ရှပုံပေါ်သောအချက်မှလွဲလျှင် ၎င်းက သာမန်ဆန်လွန်းနေပြီး ဟောင်းနွမ်းနေသည်။ ယဲ့ချန်က ဓားမြှောင်ကို မရေမတွက်နိုင်အောင်စစ်ဆေးခဲ့သော်လည်း မည်သည့်ထူးခြားချက်ကိုမှ ရှာမတွေ့ခဲ့ပေ။
"ဒါက ပျက်စီးနေတဲ့ ဓားမြှောင်တစ်လက်ပါလား။ ရာဖြတ်ပြီးရင် ဝိညာဥ်လက်နက်တစ်ခု ဖြစ်လာနိုင်မှာလား။ အဆင့်တစ်လား နှစ်လား ဟား ဟားဟား"
သခင်လေးမိုက လှောင်ရယ်လိုက်သည်။
"သာမန်အဆင့်နှစ်ဝိညာဥ်လက်နက်တစ်ခုကို ချီစုစည်းဆေးလုံးသောင်းချီအထိ စျေးကောင်းရနိုင်တယ်။ သာမန်လူတစ်ယောက်တတ်နိုင်တဲ့ ပမာဏမဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီဓားမြှောင်ကို ဝိညာဥ်လက်နက်လမ်းကနေ ဝယ်ယူလာတာလား"
သခင်လေးလျန်က ခေါင်းယမ်းပြီး ထပ်မံလှောင်ပြောင်လိုက်သည်။ ရန်ယွင်ပြည်နယ်တွင် ဝိညာဥ်လက်နက်အတုများကို ဝိညာဥ်စုစည်းခြင်းဆေးလုံးထောင်ချီဖြင့် ရောင်းချတတ်သော ဝိညာဥ်လက်နက်လမ်း ဟူ၍ရှိသည်။ ထိုနေရာက အလယ်အင်ပါယာသို့ရောက်ခါစလူများကို ပစ်မှတ်ထားတတ်သည်။ အလယ်အင်ပါယာ၏ပြည်သူများကမူ ဝိညာဥ်လက်နက်လမ်းကို အဝေးမှရှောင်ရှားကြသည်။
"ဖြစ်နိုင်တယ်"
လူတိုင်းက လှောင်ပြောင် ရယ်မောလိုက်ကြသည်။
"ကြည့်ရတာ ဒါက ဘာမှကောင်းတဲ့ပုံလည်း မပေါ်ဘူး။ ဒီလိုအတုမျိုးကို သိမ်းထားရမှာပေါ့။ ဘာလို့ ရတနာစံအိမ်မှာလာပြီး ရာဖြတ်ခိုင်းနေရတာလဲ။ စိတ်ပျက်စရာကောင်းလိုက်တာ"
ဇီလန်ကလည်း ဝင်ရောက်လှောင်ပြောင်ခဲ့သည်။ သူမက လှပသောမြို့စားတစ်ယောက်ဖြစ်သော်လည်း အတွင်းစိတ်က အောက်တန်းကျလှသည်။
ယဲ့ချန်က သူမကို အေးစက်စက်ကြည့်လိုက်သည်။ ထို့ကြောင့် ဇီလန်က မျက်မှောက်ကြုတ်လိုက်ပြီး သူမကိုစော်ကားသကဲ့သို့ ခံစားလိုက်ရသည်။
"ငါက လူတွေကြားမှာ ဖီးနစ်တစ်ကောင်ဖြစ်တယ်။ ဒီလိုတောသားကများ ရာရာစစစော်ကားရဲတယ်"
သူမက စိတ်ထဲတွင် ယဲ့ချန်ကို အငြိုးထားလိုက်သည်။
ပတ်ဝန်းကျင်တွင် အခြေအနေက ချက်ချင်းတင်းမာလာသည်။ ဆရာချီက ခါးသက်သက်ပြုံးလိုက်သည်။ ဤလူများက အဆင့်အတန်းမနိမ့်သည့်အပြင် ဒေါသထွက်နေကြသောကြောင့် ပြဿနာတစ်ခုဖြစ်နိုင်သည်။ ထို့ကြောင့် သူက ယဲ့ချန်၏ဓားမြှောင်ကိုယူ၍ လျင်မြန်စွာစစ်ဆေးလိုက်သည်။
ယဲ့ချန်သည်လည်း ရတနာစံအိမ်ကို ဒုက္ခမပေးလိုပေ။ ဆရာချီက လူကောင်းတစ်ယောက်ဖြစ်ပုံရပြီး သူ့ကိုလည်း ယဥ်ကျေးစွာဆက်ဆံခဲ့သည်။
"ဒါက သာမန်ဓားမြှောင်လား။ ဘယ်လိုအသုံးပြုနိုင်မှာလဲ"
သူက ဆရာချီရာဖြတ်နေသည်ကို စိတ်ဝင်တစားစောင့်ကြည့်လိုက်၏။
သခင်လေးလျန်၊ ဇီလန်နှင့် အခြားလူများကလည်း တိတ်ဆိတ်သွား၍ ဆက်လက်စောင့်ကြည့်နေကြသည်။ သူတို့က ယဲ့ချန်ကိုလှောင်ပြောင်ရန် အသင့်ပြင့်ထားကြသည်။
ဆရာချီက ပိုးပုဝါတစ်ထည်နှင့် ဓားမြှောင်ပေါ်ရှိအညစ်အကြေးများကို သုတ်လိုက်သည်။ အချိန်ကြာမြင့်စွာစစ်ဆေးပြီးနောက် သူက ရှေးစာအုပ်အချို့ကိုထုတ်ယူကာ ဖတ်ရှုလိုက်သည်။ သူ၏မျက်နှာက အလွန်တည်ငြိမ်နေသည်။
ဆရာချီ၏မျက်နှာထားကြောင့် အခြားလူများက စိတ်များလေးလံလာကြသည်။ ဤဓားမြှောင်က အဆင့်မြင့်ဝိညာဥ်လက်နက်တစ်ခု ဖြစ်နိုင်နေသည်။ ဆရာချီ၏ရာဖြတ်စွမ်းရည်ကို သူတို့အားလုံးသိထားကြပြီး ၎င်းကအတုဆိုလျှင် အချိန်ကြာမြင့်စွာစစ်ဆေးပြီးနောက် ထွက်ပေါ်နေမည်ဖြစ်သည်။
သခင်လေးလျန်က ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ အဝတ်အစားကမထူးခြားသောကြောင့် ယဲ့ချန် မည်သည့်တိုင်းပြည်မှဖြစ်ကြောင်းကို သူ မပြောနိုင်ပေ။ သူက ဤဓားမြှောင်ကို တစ်နေရာရာမှ တူးဖော်လာခြင်းဖြစ်နိုင်နေသည်။
ဆရာချီက ဓားကိုစစ်ဆေးနေရင်း ပိုမိုလေးနက်လာသည်။ သခင်လေးလျန်နှင့်ဇီလန်က အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့၏မျက်ဝန်းများတွင် လောဘစိတ်များ ထင်ဟပ်နေသည်။ ယဲ့ချန်ကဲ့သို့တောသားတစ်ယောက်က ဤရတနာကိုထိန်းသိမ်းရန် ခွန်အားရှိမည်ဟု သူတို့က မယုံချေ။
"အရှက်မရှိတဲ့ ခွေးကောင်တွေ"
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လူတိုင်းကို အပေါ်စီးမှစောင့်ကြည့်နေခဲ့သည်။ သူက စိတ်ထဲတွင် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ဆရာချီ အခြေအနေ ဘယ်လိုရှိလဲ"
ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။
"ငါ မသေချာဘူး။ ဒီရတနာရဲ့သရုပ်မှန်ကို ငါ မဖော်ထုတ်နိုင်ဘူး"
ဆရာချီက နဖူးမှ ချွေးများကိုသုတ်၍ ခေါင်းယမ်းပြလိုက်သည်။
"ဆရာချီတောင် မသိဘူးလား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက နောက်ထပ်နေရာတစ်ခု ရှာဖွေရမည့်ပုံပေါ်သည်။
"ဆရာချီတောင်မဆုံးဖြတ်နိုင်ရင် ထူးဆန်းတယ်။ ရန်ယွင်ပြည်နယ်တစ်ခုလုံးမှာ ဆရာချီထက်တော်တဲ့ ရာဖြတ်ဆရာမရှိဘူး။ ဖြစ်နိုင်တာ တစ်ယောက်ယောက်က လျှို့ဝှက်နည်းလမ်းသုံးပြီး အတုလုပ်ထားတာ ဖြစ်လိမ့်မယ်"
သခင်လေးလျန်က အသေအချာပြောလိုက်သည်။ ယဲ့ချန်က တိုင်းပြည်ငယ်တစ်ခုမှ လာသူဖြစ်သောကြောင့် အဖိုးတန်ရတနာကို ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ပေ။
"ဟုတ်တယ်။ ဆရာချီက မဆုံးဖြတ်နိုင်ဘူးဆိုရင်တောင် အတုလားအစစ်လားဆိုတာတော့ ပြောနိုင်မယ်ထင်တယ်"
ဇီလန်က ထောက်ခံလိုက်သည်။
ဆရာချီသည် ဤလူများက ပြဿနာကိုမီးမွှေးနေကြောင်း နားလည်လိုက်သည်။ သူသာ ဂရုတစိုက်မဖြေရှင်းနိုင်လျှင် ဤကိစ္စကြောင့် ရတနာစံအိမ်၏နာမည် ကျဆင်းသွားနိုင်သည်။
"မြို့စား သခင်လေးလျန် ဒီကမ္ဘာမှာ သရုပ်မှန်ကိုရှာဖွေမရနိုင်တဲ့ ရတနာတွေ အများကြီးရှိတယ်။ ဒါပေမယ့် အတုလားအစစ်လားဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ငါက ဒီရတနာရဲ့အဆင့်ကိုမပြောနိုင်နိုင်ပေမယ့် ဒီအတွက် ချီစုစည်းဆေးလုံးနှစ်သိန်းပေးပြီး ဝယ်မယ်။ ရောင်းချင်ပါသလား"
ဆရာချီက ယဲ့ချန်ဘက်လှည့်၍ မေးလိုက်သည်။
ဆရာချီသည် နဂါးပြာဓားမြှောင်က ထူးခြားကြောင်း သိနေသည်။ ထို့အပြင် ယဲ့ချန်ကိုလည်း အခြားမှလာသူဖြစ်သောကြောင့် စီးပွားရေးသမားပီပီ လှည့်စားဝယ်ယူရန် ကြိုးစားခြင်းဖြစ်သည်။
ချီစုစည်းဆေးလုံးနှစ်သိန်းဆိုသည်က သခင်လေးလျန်ယူလာသော အဆင့်ငါးဝိညာဥ်လက်နက်၏ တန်ဖိုးပင်ဖြစ်သည်။ သခင်လေးလျန်ရော ဇီလန်ပါ အံ့သြသွားကြသည်။ ဆရာချီဆိုသောအဘိုးကြီးက အရှုံးပေါ်မည့်ကိစ္စကို လုပ်တတ်သူမဟုတ်ပေ။
"ချီစုစည်းဆေးလုံးနှစ်သိန်း မပြောနဲ့။ တစ်သန်းပေးရင်တောင် မရောင်းဘူး"
ယဲ့ချန်က ချက်ချင်းငြင်းဆန်လိုက်သည်။ ဆရာချီက ကြင်နာပုံပေါ်သော်လည်း ပါးနပ်သောစီးပွားရေးသမားတစ်ယောက်ဖြစ်ကြောင်း သူ နားလည်ထားသည်။
ချီယွင်သည် ယဲ့ချန်၏စကားကြောင့် နေရာတွင် အေးခဲသွားသည်။ သူက ဓားမြှောင်ကိုင်ထားပြီး တန်ဖိုးကို တွက်ချက်နေဆဲပင်ဖြစ်သည်။ သူက ယဲ့ချန်ကိုအထင်သေးလိုက်မိပြီး ဤစကားများကိုပြောရဲသူတွင် နောက်ခံတစ်ခုခုရှိနေတတ်သည်။ ထို့အပြင် ယဲ့ချန်က ဓားမြှောင်၏တန်ဖိုးကို သိထားသောကြောင့် သူက လုံးဝမစော်ကားမိစေရန် ဆုံးဖြတ်လိုက်သည်။
"ဆေးလုံးတစ်သန်း ဟုတ်လား။ ဒီဓားလေးအတွက်နဲ့ ဒီစျေးကို ဘယ်သူက ပေးမှာလဲ။ တော်တော်လေကြီးတဲ့ကောင်။ မင်းက ဆရာချီဆီကနေ ဆေးလုံးနှစ်သိန်းရတာတောင် မကျေနပ်နိုင်ဘူးလား"
သခင်လေးလျန်က လှောင်ပြောင်လိုက်ပြန်သည်။
ချီယွင်က အတွေးနက်နေသည်။ ရတနာစံအိမ်တွင်လည်း နောက်ခံရှိပြီး သခင်လေးလျန်နှင့်ဇီလန်ကို အလေးထားရန်မလိုချေ။ သို့သော်လည်း ဆန်းကျယ်သောနောက်ခံပိုင်ရှင် ယဲ့ချန်ကဲ့သို့လူမျိုးက အန္တရာယ်အများဆုံးဖြစ်သည်။ သူက မျိုးနွယ်ကြီးတစ်ခုထံမှ အတွေ့အကြုံရှာရန် ထွက်လာသော သခင်လေးတစ်ယောက်လည်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူက အဖိုးတန်ရတနာတစ်ခုကိုရာဖြတ်ပေးရန် ထုတ်ပြနိုင်မည် မဟုတ်ချေ။
"ငါက ဒီလက်နက်ရဲ့အဆင့်ကို မဆုံးဖြတ်တတ်ပေမယ့် အနည်းဆုံး အဆင့်ခြောက်ဖြစ်လိမ့်မယ်။ အဆင့်ခုနစ်တောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် လက်နက်ဝိညာဥ်ကတော့ ဘဝင်စိုက်တဲ့အခြေအနေ ဖြစ်နေတယ်"
ချီယွင်က သခင်လေးလျန်၏စကားကို အမြန်ဖြတ်၍ ယဲ့ချန်ဘက်လှည့်ကာ ပြောလိုက်သည်။ သူ၏စကားကြောင့် မောက်မာနေသူများက မျက်လုံးပြူးသွားကြသည်။ ချီယွင်က ရာဖြတ်တစ်ယောက်ဖြစ်သောကြောင့် လိမ်လည်ရန်အကြောင်း လုံးဝမရှိပေ။
"ဓားမျက်နှာပြင်ပေါ်မှာ ထွင်းထားတဲ့ နဂါးပြာဓားမြှောင်ဆိုတဲ့စကားလုံးက ရိုးရှင်းပေမယ့် ခမ်းနားတယ်။ ကုလန်မင်းဆက်က အရေးအသားမျိုးဖြစ်နိုင်တယ်။ ဒါက လွန်ခဲ့တဲ့နှစ်သောင်းချီအကြာက တော်ဝင်လက်နက်တစ်ခုတောင် ဖြစ်နေနိုင်တယ်"
ချီယွင်က တစ်လုံးချင်းထပ်ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် နှလုံးခုန်မြန်နေခဲ့သည်။ ထို့နောက် သူက အနီးရှိဗီရိုတစ်လုံးအတွင်းမှ ကျောက်ပြားဝိုင်းတစ်ချပ်နှင့်တူညီသော ရွှေရောင်သတ္တုတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကို နတ်ရွှေလို့ခေါ်တယ်။ အဆင့်ခြောက်ဝိညာဥ်လက်နက်တစ်ခုတောင် ဒါကိုထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ ဝိညာဥ်လက်နက်ရဲ့အဆင့်ကို ဒါနဲ့ စစ်ဆေးနိုင်တယ်"
ချီယွင်က ပြောပြောဆိုဆိုနှင့် နဂါးပြာဓားမြှောင်ကိုကိုင်ပြီး နတ်ရွှေကို ထိုးစိုက်လိုက်သည်။ ၎င်းက အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။
သခင်လေးလျန်နှင့် ဇီလန်က အလန့်တကြားစိုက်ကြည့်နေခဲ့သည်။ သူတို့က ချီယွင်၏စကားများကို မယုံနိုင်သော်လည်း လက်တွေ့မြင်ရသောအခါ ယုံကြည်ရပေလိမ့်မည်။
"ငါ....ငါ မှားသွားတယ်။ အဆင့်ခုနစ်ဝိညာဥ်လက်နက်တောင် နတ်ရွှေကို ဒီလိုထိုးစိုက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် နဂါးပြာဓားမြှောင်က လုပ်နိုင်ခဲ့တယ်။ အနည်းဆုံးအဆင့်ရှစ်ဖြစ်နိုင်ပြီး အဆင့်ကိုးအထိတောင် ရောက်နေနိုင်တယ်"
ဤဖြစ်ရပ်ကြောင့် ချီယွင်လည်း နေရာတွင် မင်သက်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ချွေးများစီးထွက်လာကာ ထစ်ထစ်အအနှင့် ပြောလိုက်မိသည်။
လူသား၊ မြေနှင့် ကောင်းကင်အဆင့် ဝိညာဥ်လက်နက်များက ဒဏ္ဍာရီအတွင်း၌သာရှိသောကြောင့် ချီယွင်က ၎င်းတို့ကို ခွဲခြားနိုင်စွမ်းမရှိပေ။ သူက ဓားမြှောင်ကို အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးဟုသာ သတ်မှတ်နိုင်သည်။
"ဒီလိုအဆင့်မြင့်ဝိညာဥ်လက်နက်တစ်ခုကို မြင်ဖူးလိုက်ရပြီဆိုတော့ သေပျော်ပါပြီ။ နဂါးပြာဓားမြှောင်က သေချာပေါက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်တယ်"
"လက်နက်ဝိညာဥ်ကို ဘယ်လိုနှိုးရမလဲ"
ယဲ့ချန်သည် လိပ်ပြာလက်နက်တစ်ခုကို မြင်ဖူးထားသောကြောင့် နဂါးပြာဓားမြှောင်၏အဆင့်ကို သိလိုက်ရသော်လည်း စိတ်လှုပ်ရှားခြင်းမရှိချေ။ လက်နက်ဝိညာဥ်နိုးထမလာလျှင်ပင် ၎င်းက သာမန်ထက် ပို၍ထက်ရှသော လက်နက်တစ်ခုဖြစ်နေခဲ့သည်။ လက်နက်ဝိညာဥ်သာ နိုးထလာပါက ယဲ့ချန်သည် နဂါးပြာဓားမြှောင်၏အစွမ်းနှင့် အသုံးဝင်မှုက အဆများစွာ တိုးတက်လာမည်ဖြစ်လေသည်။