← Chapters

ယဲ့လော့ကို ပြန်တွေ့ခြင်း

Vol. 22 Ch. 309

ယဲ့လော့ကို ပြန်တွေ့ခြင်း

Vol. 22 Ch. 309

"ရှောင်ရိ သွားကြစို့"

ယဲ့ချန်သည် စုတ်ပြတ်နေအောင် အရိုက်ခံထားရသော လူစုကိုကြည့်၍ ဒေါသစိတ်များ ပျောက်ကွယ်သွားခဲ့သည်။ သူက ရှောင်ရိကိုလှမ်းခေါ်လိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို ချီယွင်ထံ ပစ်ပေးလိုက်သည်။

"ဆရာချီ ချီစုစည်းဆေးလုံးငါးရာက အပျက်အစီးတွေပြင်ဖို့ လုံလောက်တယ်မလား"

"လုံလောက်ပါတယ်ဗျာ"

ချီယွင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် ပြင်ဆင်ထားသမျှက စိတ်ဝိညာဥ်လက်နက်များမဟုတ်သောကြောင့် ဤပမာဏမှာ ပျက်စီးသမျှအတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။ အကယ်၍ ယဲ့ချန်က လျော်ကြေးမပေးလျှင်လည်း ချီယွင်က တောင်းဆိုရဲမည်မဟုတ်ပေ။

ရှောင်ရိက လက်ကိုနောက်ပစ်၍ လူကြီးတစ်ယောက်ပမာ သခင်လေးလျန်တို့လူစုရှေ့မှ ဖြတ်လျှောက်လာခဲ့သည်။ သူတို့က ကြောက်စိတ်ကြောင့် လျင်မြန်စွာနောက်ဆုတ်သွား၍ နံရံနား တိုးကပ်သွားကြသည်။

ရှောင်ရိ၏ လူမိုက်ဆန်ဆန်အမူအရာကြောင့် ယဲ့ချန်ကမပြုံးဘဲ မနေနိုင်ခဲ့ပေ။ ထွင်ထျန်း၏ဟန်ထုတ်မှုများကို ရှောင်ရိက အတုခိုးထားခဲ့သော်လည်း အကြောက်လွန်ခြင်းတော့မပါပေ။ ဤကမ္ဘာတွင် သူကြောက်ရသူမှာ ထန်တိုက်လင်တစ်ယောက်တည်းသာ ရှိနိုင်လေသည်။

ယဲ့ချန်နှင့်ရှောင်ရိ ထွက်ခွာသွားပြီးနောက် ဖရိုဖရဲဖြစ်နေသော ရတနာစံအိမ်က တိတ်ဆိတ်စွာကျန်ရစ်ခဲ့သည်။ အချိန်ခဏအကြာတွင် အစေခံများက ရှင်းလင်းပြင်ဆင်ရန် ဝင်ရောက်လာကြသည်။

မြို့စားဇီလန်၊ သခင်လေးလျန်နှင့် အခြားလူများက နာကျင်လွန်းသဖြင့် အစေခံများကူညီမှသာ မတ်တပ်ရပ်နိုင်ခဲ့သည်။

"ချီယွင် ခင်ဗျား ဘာလို့ရပ်ကြည့်နေတာလဲ"

သခင်လေးလျန်က ဒေါသတကြီးမေးလိုက်သည်။

"သခင်လေးလျန် ဒီလိုမပြောပါနဲ့။ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးဗျ။ ကျုပ်ဝင်ပါလိုက်ရင် အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်။ အဲ့ဒီသခင်လေးဒေါသထွက်သွားရင် လူသတ်မှာသေချာတယ်။ သူ့ခွန်အားက ကျုပ်ထက်ပိုသာနေတော့ ဆိုးကျိုးများသွားလိမ့်မယ်"

ချီယွင်ကခေါင်းယမ်း၍ ပြောလိုက်သည်။

သခင်လေးလျန်တို့လူစုက တိတ်ဆိတ်သွားကြသည်။ ဤကားအမှန်တရားဖြစ်ပြီး ဉာဏ်နည်းသောဇီလန်သာ ပြဿနာထမရှာခဲ့လျှင် သူတို့အားလုံး အရိုက်ခံရမည်မဟုတ်ပေ။ သူတို့၏မျက်နှာထက်တွင် သိသာသောအမူအရာမရှိသော်လည်း ဇီလန်ကိုကြည့်နေသော မျက်ဝန်းများတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်းတို့အားလုံးက အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကိုတောင် မနိုင်ဘူး။ သူက အနည်းဆုံး ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်လိမ့်မယ်။ သူ့အစ်ကိုက ပိုအစွမ်းထက်နိုင်တယ်။ သူတို့ရဲ့နောက်ခံက သေချာပေါက်ရိုးရှင်းမှာမဟုတ်တော့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်ဖို့ အကြံပေးချင်တယ်"

ချီယွင်က သခင်လေးလျန်တို့လူစုကို အကြံပေးလိုက်သည်။ သူတို့၏နောက်တွင် အစွမ်းထက်ဂိုဏ်းများရှိနေသော်လည်း တစ်ဖက်လူက ရှေးဟောင်းမျိုးနွယ်များမှဖြစ်နိုင်သည်။

သခင်လေးလျန် တိတ်ကျသွားသည်။ သူတို့ဘက်တွင် မြေဝိဇ္ဇာများရှိသော်လည်း ကလေးတစ်ယောက်ကိုပင် မယှဥ်နိုင်ခဲ့ပေ။ အသက်ငါးနှစ်အရွယ်တွင် ကောင်းကင်ဝိဇ္ဇာခွန်အားကို ပိုင်ဆိုင်ထားသူတစ်ယောက်က အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လာပေလိမ့်မည်။

"ကျုပ် နောက်ထပ်ပြောချင်တာ ရှိသေးတယ်။ ပြောသင့်မပြောသင့် စဥ်းစားနေတာ"

ချီယွင်က တစ်လုံးချင်းပြောလိုက်သည်။

"ပြောပါ"

သခင်လေးလျန်က တစ်ချက်ကြည့်လိုက်သည်။ သူက ဒဏ်ရာများကြောင့် နာကျင်နေသောအခါ အသက်ရှူရန်ပင် ခက်ခဲနေရသည်။

"တစ်ယောက်က အသက်ငါးနှစ်အရွယ်နဲ့ နောက်တစ်ယောက်က ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်။ သူတို့က ဒီလိုရတနာတွေကို သယ်ဆောင်ထားပြီး အကာအကွယ်မရှိဘဲ လျှောက်သွားနေပါ့မလား။ ရှေးဟောင်းမျိုးနွယ်က သူတို့ကို တစ်ကိုယ်တော်စေလွှတ်ပါ့မလား"

ချီယွင်က သခင်လေးလျန်တို့ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ။ သူတို့ကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ကာကွယ်ပေးနေတယ်လို့ ပြောချင်တာလား"

သခင်လေးလျန်၏မျက်နှာက အေးခဲသွားသည်။

"ဒီနေရာက ရန်ယွင်ပြည်နယ်ဖြစ်နေလို့ မင်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် မင်းရဲ့အကြီးအကဲတွေက မင်းကို အဝေးသွားခွင့်မပြုဘူးမလား။ မင်းကိုစောင့်ရှောက်ဖို့ ဆန်းကျယ်ဝိဇ္ဇာတစ်​ယောက် စေလွှတ်ထားတယ်။ သူတို့နှစ်ယောက်မှာလည်း သက်တော်စောင့် သေချာပေါက်ရှိရမယ်။ ဆန်းကျယ်ဝိဇ္ဇာအဆင့်အထက်ဆိုရင် မင်းတို့လုပ်ရပ်တွေက မင်းတို့မျိုးနွယ်နဲ့ဂိုဏ်းအတွက် ကပ်ဘေးကြီး ဖြစ်လာစေလိမ့်မယ်"

ချီယွင်က ခဏတာတုံ့ဆိုင်းသွားပြီးနောက် အေးစက်စက်သတိပေးလိုက်သည်။

သူ၏စကားလုံးများက သခင်လေးလျန်တို့လူစု၏ စိတ်အတွင်းပိုင်းအထိ ကြောက်လန့်သွားစေသည်။ ဇီလန်ပင်လျှင် ကြောက်စိတ်ကို ခံစားလိုက်ရသည်။ ချီယွင်က သူတို့ကိုခြောက်လှန့်ရန် ပြောဆိုခြင်းဖြစ်နိုင်သော်လည်း ဤကား မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ မဟာအရှေ့ကုန်းမြေတိုက်ကြီးတွင် ပုန်းကွယ်နေသော အစွမ်းထက်ရှေးဟောင်းမျိုးနွယ်လေးငါးခု အမှန်တကယ် တည်ရှိနေခဲ့သည်။

သူတို့က ဤနေ့တွင် သံပြားကို ကန်မိပြီဖြစ်သည်။ သူတို့က အရိုက်ခံရသော်လည်း လက်စားမချေနိုင်ပေ။

သခင်လေးလျန်က ဇီလန်ကို စိတ်ပျက်စွာကြည့်လိုက်သည်။ သူမ၏ဉာဏ်နည်းမှုကြောင့်မဟုတ်လျှင် သူလည်း အရိုက်ခံရမည်မဟုတ်ပေ။ ထို့အပြင် ယဲ့ချန်ပြောသွားသော စကားများအရ သူက မြို့စားမိန်းကလေးအပေါ် ရွံရှာနေပြီဖြစ်သည်။

"မြို့စားဇီလန် ကျုပ်က အဖေ့ကိုသတင်းပို့ရမှာမို့လို့ အရင်ဆုံးသွားနှင့်ပြီ"

သူက ဇီလန်ကိုနှုတ်ဆက်ကာ နောက်လိုက်များနှင့်တကွ အလျင်အမြန်ထွက်ခွာသွားသည်။

"မြို့စား ခင်ဗျားအဖေကို ဒီကိစ္စပြောပြရင် ကောင်းလိမ့်မယ်။ ကျန်တာ သူ ကိုင်တွယ်ပါလိမ့်မယ်"

ချီယွင်က ဇီလန်၏နားကိုကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။ သူမက အကြောက်လွန်နေဆဲဖြစ်၍ စကားပင် ပြန်မပြောနိုင်ချေ။ အစေခံများက သူမကိုသယ်ဆောင်၍ ရတနာစံအိမ်အတွင်းမှ ထွက်ခွာသွားရလေသည်။

ယဲ့ချန်နှင့်ရှောင်ရိသည် ရတနာစံအိမ်အတွင်းမှ ထွက်လာပြီးနောက် စားသောက်ရန် ဆိုင်တစ်ခု ရှာဖွေလိုက်သည်။ ကောင်းကင်သို့ကြည့်လိုက်သောအခါ နေဝင်စပြုနေသဖြင့် နောက်ကျနေပြီဖြစ်သည်။ သူက နောက်နေ့နံနက်ခင်းတွင် မီးတောက်နီဂိုဏ်းသို့သွားရောက်ရန် စီစဥ်ထားသည်။

စားသောက်ဆိုင်အတွင်း ထိုင်နေသူများက မီးတောက်နီဂိုဏ်း၏ သိုင်းပြိုင်ပွဲအကြောင်း ဆွေးနွေးနေကြသည်။

"ဂိုဏ်းတွေအများကြီးက သိုင်းပြိုင်ပွဲဝင်ဖို့အတွက် ကိုယ်စားပြုကျင့်ကြံသူတွေ လာမယ်တဲ့။ ဒီသိုင်းပြိုင်ပွဲကတော့ မကြုံစဖူးဟေ့"

"မုန်တိုင်းအိမ်တော်သခင်လေး ကုန်းရီလာမယ်လို့လည်း ကြားတယ်။ သူက မီးတောက်နီဂိုဏ်းချုပ်ရဲ့သမီး ယဲ့လော်ကို ပိုးပန်းနေတာလေ။ ဒီပွဲကို အလွတ်ခံလို့်မရဘူး"

"ကုန်းရီက အလယ်အင်ပါယာရဲ့လူငယ်တွေထဲမှာ ထိပ်တန်းကျင့်ကြံသူဖြစ်တယ်။ နောက်ဆုံးတစ်ခေါက် သူ နန်ချီတိုင်းပြည်ရဲ့ကျင့်ကြံသူနဲ့ တိုက်ခိုက်တုန်းက လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ တော်ဝင်မျိုးနွယ်ကတောင် သူ့ကို တော်တော်အလေးထားတယ်လို့ ကြားတယ်"

"အလယ်အင်ပါယာရဲ့ ထိပ်တန်းပါရမီရှင်သုံးယောက် ကုန်းရီ၊ ပိုင်လန်တန်းနဲ့ စစ်ထူလင်းအာတို့မှာ အစွမ်းထက်နောက်ခံတွေပိုင်ဆိုင်ထားတဲ့အပြင် ပါရမီလည်းကောင်းတယ်။ သူတို့က တကယ်အံ့သြစရာကောင်းနေပြီ"

"မုန်တိုင်းအိမ်တော်က အလယ်အင်ပါယာရဲ့နံပတ်တစ်ဂိုဏ်း ဖြစ်လာတာကြာပြီဆိုတော့ အင်အားကမသေးဘူး။ တော်ဝင်မျိုးနွယ်တောင် သူတို့ကို​ကြောက်ရတယ်။ အခုတစ်ခေါက် သူတို့က ဆန်းကျယ်ဝိဇ္ဇာသုံးယောက်တည်း စေလွှတ်လိုက်တယ်။ ကျန်တဲ့သူတွေအားလုံးက ဝိညာဥ်မျှော်စင်ပွင့်လာတာကို သွားစောင့်နေကြပြီထင်တယ်"

"ဝိညာဥ်မျှော်စင် နောက်တစ်ကြိမ် ပွင့်လာတော့မှာလား"

"မင်း မသိဘူးလား။ ငါက ဒီကောလဟာလတွေအကြောင်း ကြားထားတယ်။ ဝိညာဥ်မျှော်စင်မှာ အလွန်အမင်းအဖိုးတန်တဲ့ ရတနာတစ်ခု ပေါ်လာတယ်တဲ့။ တော်ဝင်မျိုးနွယ် ၊ဂိုဏ်းကြီးတွေနဲ့ ရှေးဟောင်းမျိုးနွယ်တွေတောင် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးစေလွှတ်ထားကြတယ်။ ဒဏ္ဍာရီလာ ဆေးဘုရင်မြို့တော်တောင်မှ ကျင့်ကြံသူတွေ ထွက်လာတယ်"

"ဘယ်လိုရတနာလဲ"

"ဒါတော့ ငါလည်းမသိဘူး"

ကောလဟာလများက အမှားအမှန် မသဲကွဲသော်လည်း ယဲ့ချန်က မီးတောက်နီဂိုဏ်းအကြောင်း များစွာသိလိုက်ရသည်။

"လော့အာ အခု ဘာတွေများလုပ်နေမလဲ"

ယဲ့ချန်၏မျက်နှာက အနည်းငယ်မှိုင်တွေနေသည်။ မြို့စားဇီလန်၊ သခင်လေးလျန်စသူတို့ကို ဆုံးမပြီးနောက် သူတို့က နောက်တစ်ကြိမ် ရန်စရဲမည်မဟုတ်ပေ။ သို့သော်လည်း လုံခြုံစေရန်အတွက် သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး နောက်ယောင်ခံလိုက်သူများရှိမရှိ စစ်ဆေးခဲ့သည်။

သူက တည်းခိုခန်းတစ်ခုတွင် တည်းခိုပြီး ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို စစ်ဆေးလိုက်သည်။ နောက်ယောင်ခံလိုက်သူများ မရှိသောကြောင့် သူက ကျေနပ်သွားသည်။ အနည်းဆုံး ထိုလူများက သူ့ကို နောက်တစ်ကြိမ်ရန်စလောက်အောင် ဉာဏ်နည်းသူများမဟုတ်ပေ။ သူထုတ်ပြထားသော ခွန်အားကြောင့် လုံးဝကြောက်လန့်သွားခြင်းဖြစ်သည်။

နံနက်စောစောတွင် အရုဏ်ဦးနေရောင် ထွက်ပေါ်လာသည်။

"ရှောင်ရိ သွားကြစို့"

ယဲ့ချန်နှင့်ရှောင်ရိက တည်းခိုခန်းမှထွက်ခွာလာပြီး သာယာလှပသော နေရောင်အောက်တွင် နေလင်းယုန်ရှိရာထံ ဦးတည်လာကြ၏။ နံနက်စောစောဖြစ်သော်လည်း လမ်းပေါ်တွင် လူများပြည့်နှက်နေပြီး မြို့က သက်ဝင်လှုပ်ရှားနေသည်။ သို့သော်လည်း သူက ဤနေရာတွင် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိဘဲ မီးတောက်နီဂိုဏ်းသို့သွားရန် စိတ်စောနေခဲ့သည်။

အရှေ့အနောက် ဟိုမှသည် ဥဒဟိုသွားလာနေကြသော လူများကြားတွင် ယဲ့ချန်နှင့်ရင်းနှီးသော ပုံရိပ်လေးတစ်ခု ရှိနေသည်။ သူမနှင့်ယဲ့ချန်က ငယ်စဥ်မှစတင်၍ အတူကြီးပြင်းလာခဲ့သောကြောင့် ချက်ချင်းမှတ်မိသွားသည်။ ကြာပန်းလေးသဏ္ဍာန် လှပနေသော မိန်းကလေးက ပန်းချီကားအတွင်းမှ ခုန်ထွက်လာသည့်ပမာ လှပနေသည်။

ဖြတ်သွားဖြတ်လာသူများပင် ယဲ့လော်၏အလှကို လည်ပြန်ကြည့်ကြည့်သွားကြသည်။ အချိန်များ ရပ်တန့်သွားသယောင်ထင်ရပြီး သူမ၏အလှကြောင့် လူတိုင်း ရင်သပ်ရှုမောဖြစ်နေကြသည်။ သူမက ယဲ့အိမ်တော်တွင်နေထိုင်စဥ်ကထက် ပို၍ပိန်သွားပြီး မျက်ဝန်းများတွင် ဝမ်းနည်းစိတ်များဖြစ်ပေါ်နေသည်။

"လော့အာ မဟုတ်လား။ သူမကို ရန်ယွင်မြို့တော်မှာ ဆုံရမယ်လို့ မထင်ထားဘူး"

"လော့အာ"

ယဲ့ချန်က ပျော်ရွှင်စွာအော်ဟစ်၍ လူအုပ်အကြား တိုးသွားလိုက်သည်။ သူ၏အသံကိုကြားသောအခါ ယဲ့လော်က သတိထားမိသွားပြီး မျက်ဝန်းလေးများက ပျော်ရွှင်မှု​ကြောင့် တောက်ပသွားသည်။

"အစ်ကိုယဲ့ချန်လား။ ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား"

ယဲ့လော်၏မျက်ဝန်းအတွင်းမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူမက ယဲ့ချန်ကို ဤနေရာတွင်တွေ့ရမည်ဟု မျှော်လင့်မထားပေ။ ယဲ့အိမ်တော်မှထွက်ခွာလာပြီးနောက် သူမ၏စိတ်အတွင်း ယဲ့ချန်နှင့်ယဲ့မျိုးနွယ်ဝင်များကို နေ့တိုင်းတွေးမိခဲ့သည်။ သူမဘဝတွင် အပျော်ရွှင်ရဆုံးနေ့ရက်များမှာ ယဲ့အိမ်တော်၌ကျန်ရစ်ခဲ့ပြီး နှလုံးသားကလည်း ယဲ့ချန်နှင့်အတူ ပါသွားခဲ့သည်။

ညစဥ်ညတိုင်း သူမက ယဲ့ချန်ကိုအိပ်မက်မက်ပြီး ရင်းနှီးသောအရှိန်အဝါက ဝိညာဥ်အထိ ဝင်ရောက်လာသည်။

"လော့အာ ငါ မင်းကို နောက်ဆုံးတော့ရှာတွေ့ပြီ"

ယဲ့ချန်က ပျော်ရွှင်စွာရေရွတ်၍ လူအုပ်ကိုတိုးဖယ်ကာ ယဲ့လော်ထံ လျင်မြန်စွာသွားနေသည်။

ယဲ့ချန်၏မျက်နှာကို မြင်လိုက်ချိန်တွင် ယဲ့လော်မှာ ချက်ချင်းပြေးထွက်သွားပြီး သူ၏ရင်ခွင်အတွင်းဝင်ရောက်ကာ စိတ်ရှိတိုင်းငိုယိုချင်ခဲ့သည်။ သို့သော်လည်း သူမအနေဖြင့် ဤသို့လုပ်လိုက်ပါက ယဲ့ချန်နှင့်ယဲ့အိမ်တော်အတွက် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သောကြောင့် မလုပ်ရဲပေ။

ယဲ့လော်၏မျက်လုံးများတွင် စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် ပြတ်သားမှုများ ထွက်ပေါ်လာသည်။ သူမက လှပသော လိပ်ပြာလေးတစ်ကောင်သဖွယ် ချာခနဲလှည့်ထွက်သွားလိုက်သည်။

"အစ်ကိုယဲ့ အလယ်အင်ပါယာကို ရှင် မလာခဲ့သင့်ဘူး"

မီတာရာချီအဝေးသို့ ရောက်ရှိသွားသော ယဲ့လော်၏မျက်လုံးများမှ မျက်ရည်များ ထိန်းမရအောင် စီးကျနေခဲ့သည်။

ယဲ့ချန်သည်လည်း သူမ၏လုပ်ရပ်ကြောင့် တုန်လှုပ်သွားခဲ့သည်။ သူက အ​ကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူ့ကိုမြင်လိုက်သော ယဲ့လော်၏မျက်ဝန်းတွင် ပျော်ရွှင်မှုက သိသာနေသော်လည်း အဘယ်ကြောင့် လှည့်ထွက်သွားရပါသနည်း။

ယဲ့လော် မူလရပ်နေသောနေရာတွင် ယဲ့ချန်ကို အေးစက်စက်ကြည့်နေသော အဘွားအိုတစ်ယောက် ရှိနေခဲ့သည်။ သူမက သိမ်းငှက်ကဲ့သို့မျက်လုံးများနှင့် ယဲ့ချန်ကို တစ်ချက်ကြည့်ပြီးနောက် ယဲ့လော်နောက်သို့ လိုက်ပါသွားခဲ့​လေသည်။

All Chapters