မီးတောက်နီဂိုဏ်း
Vol. 22 Ch. 310
ယဲ့လော်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က ရောက်ရာနေရာတွင် ရပ်တန့်လိုက်ပြီး လိုက်ပါမသွားခဲ့ပေ။ သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့၏။ လော့အာနှင့် ရန်ယွင်မြို့အတွင်း တွေ့ဆုံခြင်းက မတော်တဆဖြစ်သည်။ သူမ၏မျက်နှာလေးက ညှိုးငယ်နေသောကြောင့် မီးတောက်နီဂိုဏ်းအတွင်း ကောင်းစွာမနေရကြောင်း ယဲ့ချန် နားလည်လိုက်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ ယဲ့အိမ်တော်တွင် ယဲ့လော် ကြီးပြင်းလာရသည့်တလျှောက်လုံး ခွဲခြားဆက်ဆံခြင်း မခံခဲ့ရပေ။
ယဲ့ချန်၏သွေးကြောများ ပျက်စီးနေချိန်တွင် ယဲ့လော်သာမရှိလျှင် သူက သေဆုံးပြီးဖြစ်ပေလိမ့်မည်။ ယဲ့ချန်သည် ကြင်နာတတ်သော သူမ၏စိတ်ထားကို ကောင်းကောင်းသိသည်။ ယဲ့လော်က သူ့ကို မြင်မြင်ချင်းထွက်ပြေးသွားသော အကြောင်းအရင်းမှာ တစ်ခုတည်းဖြစ်နိုင်သည်။ သူက ယဲ့လော်ကို ပြဿနာမဖြစ်စေလိုသဖြင့် နောက်သို့လိုက်မသွားခဲ့ပေ။ သူ့ကို အေးစက်စက်ကြည့်သွားသော အဘွားကြီးကြောင့်လည်း ကိစ္စအချို့ကို နားလည်လိုက်သည်။
"မီးတောက်နီဂိုဏ်း"
ယဲ့ချန်၏အကြည့်များက ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။
ယဲ့ချန်သည် သခင်လေးလျန်ပြောသော စကားကို ချက်ချင်းအမှတ်ရလိုက်သည်။ မုန်တိုင်းအိမ်တော်၏ သခင်လေးဆိုသူက ယဲ့လော်ကို လက်ထပ်ချင်နေခဲ့သည်။
"လော့အာကိုလက်ထပ်မယ် ဟုတ်လား။ မင်းက ဘယ်လောက်အစွမ်းထက်လို့ ငါ့မိန်းကလေးကို လုယူချင်ရတာလဲ။ မီးတောက်နီဂိုဏ်းက ငါမရှိချိန်မှာ လော့အာကိုခေါ်သွားတယ်။ အခု ငါကိုယ်တိုင် လော့အာကို ပြန်လာခေါ်မယ်"
ယဲ့ချန်က ဒေါသထွက်နေပြီဖြစ်သည်။
"ရှောင်ရိ မီးတောက်နီဂိုဏ်းကို သွားကြမယ်"
"ဘာသွားလုပ်ကြမလဲ"
"တိုက်ခိုက်ဖို့အတွက်"
"ကြိုက်ပီဗျာ"
ရှောင်ရိက ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ယဲ့လော်ကို အာရုံခံလိုက်သည်။ သူမ၏မျက်နှာထက်ရှိ ဝမ်းနည်းရိပ်များကြောင့် အသည်းနှလုံးကြေမွလုမတတ် ခံစားလိုက်ရ၏။ သူမက လက်ရှိတွင် မြေဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ရောက်နေပြီး ဘေးရှိအဘွားအိုက အလယ်အဆင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သည်။
"သခင်မလေး ဂိုဏ်းချုပ်နဲ့လုပ်ထားတဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့။ နင်က အခုမုန်တိုင်းအိမ်တော်ရဲ့ သတို့သမီးဖြစ်နေပြီ။ အခြားယောကျ်ားတွေနဲ့ အဆက်အသွယ်မလုပ်ရင် ကောင်းမယ်။ ဒါက မီးတောက်နီဂိုဏ်းကို ပြဿနာတက်စေနိုင်တယ်"
"ငါ နားလည်တယ်"
ယဲ့လော်က ဒေါသသံနှင့်ပြောလိုက်၏။
"တကယ်လို့ နင်က အခြားယောကျ်ားတွေနဲ့ဆက်ဆံမိရင် သူတို့အတွက်လည်း မကောင်းဘူး။ ဂိုဏ်းချုပ်က လူလွှတ်ပြီး သူတို့ကိုသတ်ခိုင်းလိမ့်မယ်"
အဘွားအိုက အေးစက်စက်ခြိမ်းခြောက်သည်။
"အခုနကတွေ့ခဲ့တဲ့ ကောင်လေးနဲ့ ဝေးဝေးနေစမ်း။ မဟုတ်ရင် မုန်တိုင်းအိမ်တော်နဲ့ လက်မထပ်ခင် ငါ့ကိုယ်ငါသတ်သေလိုက်မယ်"
ယဲ့လော်၏မျက်နှာက ချက်ချင်းအေးစက်သွားကာ အဘွားအိုကို စိုက်ကြည့်လိုက်သည်။
"သခင်မလေးကို ငါကခြိမ်းခြောက်နေတာ မဟုတ်ဘူး။ တကယ်လို့ နင်သာ မုန်တိုင်းအိမ်တော်သခင်လေးကို လက်မထပ်ဘူးဆိုရင် မီးတောက်နီဂိုဏ်းတင်မကဘူး။ ရှီဝူယဲ့မျိုးနွယ်လည်း သုတ်သင်ခံရလိမ့်မယ်"
အဘွားအိုက ထပ်မံသတိပေးလိုက်ပြန်သည်။
ယဲ့လော်၏မျက်ဝန်းများတွင် ဝမ်းနည်းစိတ်များ အထင်းသားထွက်ပေါ်နေသည်။ သူမက အားနည်းလွန်းသဖြင့် ဤအခြေအနေကို ခုခံနိုင်စွမ်းမရှိချေ။ အရူးအမူးကျင့်ကြံပြီး ဂိုဏ်းတွင်ရှိသော အဖိုးတန်ဆေးဝါးများကို သောက်သုံးခဲ့သည့်အပြင် သူမ၏အထူးရုပ်ခန္ဓာကြောင့် တစ်နှစ်အတွင်း မြေဝိဇ္ဇာအဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။ သို့သော်လည်း သူမက ကိုယ်ပိုင်ကံကြမ္မာနှင့် ရှီဝူယဲ့မျိုးနွယ်၏ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းမရှိချေ။
အဘွားအိုနှင့် ယဲ့လော်က ကြီးမားသော လင်းယုန်တစ်ကောင်ပေါ်တက်ပြီး အဝေးသို့ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။
စကားလုံးတိုင်းကို အတိအကျကြားလိုက်ရသော ယဲ့ချန်၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။ သူ၏သတ်ဖြတ်လိုစိတ်က တဟုန်ထိုးပေါက်ကွဲ ထွက်ပေါ်လာသည်။ ဤလူများက သူ၏မျိုးနွယ်ကိုသုတ်သင်ရန် ကြံစည်နေကြသည်။ အတိတ်တွင် အလယ်အင်ပါယာ၏ဂိုဏ်းများက ရှီဝူယဲ့မျိုးနွယ်ကိုဖျက်ဆီးလိုလျှင် လွယ်ကူနိုင်သော်လည်း ယဲ့ချန်ရှိနေချိန်တွင် မဖြစ်နိုင်ချေ။
"လော့အာ အရူးမလေး သူတို့က ယဲ့မျိုးနွယ်ကိုချမ်းသာပေးဖို့ မင်းကိုယ်မင်း အနစ်နာခံစရာ မလိုဘူး"
ယဲ့ချန်နှင့်ရှောင်ရိက နေလင်းယုန်ကိုစီးနင်း၍ ရန်ယွင်ပြည်နယ်မှ ထွက်ခွာလာခဲ့သည်။
ယဲ့လော်တို့စီးနင်းသွားသော လင်းယုန်က ကောင်းကင်အဆင့် မှော်သားရဲတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် အလယ်အင်ပါယာ၏ ထိပ်တန်းဂိုဏ်းကြီးငါးခုတွင်ပါဝင်သော မီးတောက်နီဂိုဏ်းကလည်း အစွမ်းထက်ကြောင်း သိနိုင်သည်။
"လောလောဆယ် လော့အာကိုသွားမတွေ့ခင် မီးတောက်နီဂိုဏ်းအကြောင်း အရင်စုံစမ်းရမယ်"
ငါးနာရီအကြာတွင် နေလင်းယုန်က ကောင်းကင်သို့ထိုးဖောက်မတတ် မြင့်မားသော တောင်တန်းကြီးတစ်ခုထံ ရောက်လာခဲ့သည်။ တောင်ထိပ်များတွင် ကြီးမားသည့်အဆောက်အအုံများ တည်ဆောက်ထားသည်။ ယဲ့အိမ်တော်ဟောင်းနှင့် မီးတောက်ဂိုဏ်း၏အရွယ်အစားက အလွန်ကွာခြားလှသည်။ ဤနေရာရှိ အဆောက်အအုံတိုင်းက ယဲ့အိမ်တော်ထက် လေးငါးဆခန့် ပို၍ကြီးမားနေသည်။
ယဲ့ချန်ကမျက်လုံးမှိတ်၍ ဝိညာဥ်အသိစိတ်ကို ထုတ်လွှင့်လိုက်သည်။ တောင်တန်းများအတွင်း၌ ဝိညာဥ်အသိစိတ်နှစ်ဆယ်ကျော်ရှိနေပြီး ဆယ်ခုက ဆန်းကျယ်အဆင့်များဖြစ်ကြသည်။ မီးတောက်နီဂိုဏ်းအတွင်း ကောင်းကင်သားရဲများစွာ ရှိနေခဲ့သည်။
တောင်ထိပ်တွင် ကြီးမားသော ဖိအားကြီးတစ်ခု ကျရောက်နေသည်။ ထောင်ချီသောဓားများ ပျံသန်းနေသကဲ့သို့ လေပြင်းများကလည်း တဝေါဝေါတိုက်ခတ်နေသည်။
"မီးတောက်နီဂိုဏ်းမှာတောင် အကာအကွယ်အစီအရင်တစ်ခု ရှိနေတယ်။ ဒီလောက်ကြီးမားတဲ့ အစီအရင်ကိုလုပ်ဖို့ဆိုရင် အစွမ်းထက်မှရမယ်"
ယဲ့မျိုးနွယ်ခွဲ အလယ်အင်ပါယာသို့ ပြောင်းရွှေ့မလာခင် နှစ်ပေါင်းထောင်ချီကပင် မီးတောက်နီဂိုဏ်းက တည်ရှိနေခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ၎င်းကနိမ့်ကျလာသော်လည်း ဆင်ပိန်ကျွဲလောက်သာဖြစ်သည်။ သာမန်ဂိုဏ်းများက ၎င်းကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိချေ။
တောင်ခြေတွင် လူအများဝင်ရောက်နေကြသော ဧရာမတံခါးကြီးတစ်ခု တည်ဆောက်ထားသည်။ မိုးပျံသားရဲနှင့်မြင်းများကို စီးနင်းလာသူတိုင်းက ဂိတ်ရှေ့ရှိရင်ပြင်တွင် သားရဲများကို ထားရစ်ခဲ့ကြရသည်။ ယဲ့လောစီးနင်းထားသော မိုးပျံသားရဲတစ်ကောင်တည်းသာလျှင် တောင်ထိပ်သို့ ပျံလျက်သား တက်ရောက်သွားလေသည်။
အကယ်၍ အပြင်လူများပျံသန်းဝင်ရောက်လျှင် ကျူးကျော်သူအဖြစ် သတ်မှတ်ခံရပြီး တောင်ကာကွယ်ရေးအစီအရင်နှင့် သတ်ဖြတ်ခံရပေလိမ့်မည်။
ယဲ့ချန်က နေလင်းယုန်ကို ရင်ပြင်တွင် ဆင်းသက်စေသည်။ ဤနေရာတွင် လူများစွာရောက်ရှိနေကြပြီး သိုင်းပြိုင်ပွဲ တက်ရောက်ရန်ဖြစ်သည်။ သူက နေလင်းယုန်ကိုထားရစ်၍ ရှောင်ရိနှင့်အတူ ဝင်ပေါက်ထံ ဦးတည်လာခဲ့သည်။
"ဟေ့ ညီအစ်ကို ဒီမိုးပျံမှော်သားရဲက မြေအဆင့် နေလင်းယုန်လား"
ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ခပ်၀၀လူငယ်တစ်ယောက်က ယဲ့ချန်နောက်ရှိ လင်းယုန်ကိုကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက သူ့နောက်တွင်ရှိနေသော အဆင့်တစ်ဆယ် သွေးနှောလင်းယုန်ကို ပြန်ကြည့်လိုက်သည်။
ယဲ့ချန်က လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက အသက်နှစ်ဆယ်ခန့်ရှိပြီး မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြပြီး ကိုယ်လမ်းကိုယ် ဆက်လျှောက်လိုက်သည်။
"ငါက နတ်ဆရာဂိုဏ်းရဲ့သခင်လေး မိုပိုင်ပါ။ အလယ်အင်ပါယာမှာ ကျော်ကြားသမျှ သခင်လေးတွေကို ငါ သိပါတယ်။ မင်းကိုတော့ မမြင်ဖူးဘူး။ နာမည်လေး ပြောပြနိုင်မလား"
မိုပိုင်က ရယ်ရယ်မောမောနှင့် မိတ်ဆက်လိုက်သည်။ မြေအဆင့်မိုးပျံသားရဲတစ်ကောင်ကို အသုံးပြုလိုလျှင် အကြီးအကဲတစ်ယောက်ဖြစ်ရပေမည်။ သူက နတ်ဆရာဂိုဏ်း၏ သခင်လေးဖြစ်သော်လည်း မြေအဆင့်သားရဲတစ်ကောင်ကို စီးနင်းခွင့်မရှိချေ။ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ ရောက်နိုင်မှသာ စီးခွင့်ရပေလိမ့်မည်။
ယဲ့ချန်သည် နတ်ဆရာဂိုဏ်းက ခြင်္သေ့ဘုရင်ထုံတန်၏ လက်အောက်မှဖြစ်ကြောင်း ချက်ချင်းအမှတ်ရလိုက်သည်။ သူက အနာဂတ်တွင် ထိုဂိုဏ်းနှင့် ပတ်သက်ရပေဦးမည်။
"ငါက ယဲ့ချန်ပါ။ သူက ရှောင်ရိလို့ခေါ်တယ်"
ယဲ့ချန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မင်းလည်း သိုင်းပြိုင်ပွဲ လာကြည့်တာလား"
မိုပိုင်က ဉာဏ်ကောင်းသူတစ်ဦးဖြစ်၍ ယဲ့ချန်၏အမူအရာကို ချက်ချင်းသတိထားမိခဲ့သည်။ ယဲ့ချန်က မူလတွင် ယဥ်ကျေးခြင်းမရှိသော်လည်း နတ်ဆရာဂိုဏ်း၏နာမည်ကို ကြားသောအခါ အပြုအမူပြောင်းသွားခဲ့သည်။ ထို့ကြောင့် ယဲ့ချန်နှင့် နတ်ဆရာဂိုဏ်းကြားတွင် ဆက်ဆံရေးကောင်းတစ်ခု ရှိနိုင်သည်။
"ဟုတ်တယ်။ မင်းကရော အတူတူမဟုတ်ဘူးလား"
"ဘယ်ကလာဟုတ်ရမှာလဲကွာ။ ဒီနေရာမှာ အလှလေးတွေ လာကြည့်တာကွ။ သိုင်းပြိုင်ပွဲမှာ အလှလေးတွေ အများကြီးဝင်ပြိုင်မယ်လို့ ကြားထားတယ်။ ပြီးတော့ မီးတောက်နီဂိုဏ်းချုပ်သမီးကလည်း ပြိုင်ဘက်ကင်းအလှလေး ဖြစ်နေတယ်လေ"
မိုပိုင်က ခေါင်းယမ်း၍ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ သူက ယဲ့ချန်နှင့်စကားပြောနေရင်းပင် ဖြတ်သွားဖြတ်လာမိန်းကလေးများကို မျက်စိအစာကျွေးနေခဲ့သည်။ ယဲ့ချန်က မိုပိုင်နှင့် နည်းနည်းခွာလိုက်ပြီး လူချင်းမသိယောင်ဆောင်လိုက်ရသည်။
ထိုအချိန်တွင် မြင်းခွာသံများ ထွက်ပေါ်လာပြီး မြင်းကြီးနှစ်ကောင်က နောက်ပါအခြွေအရံများခြံရံ၍ ရောက်ရှိလာခဲ့သည်။
"ရန်ယွင်အမတ်ကြီးနဲ့ မြို့စားဇီလန် ရောက်လာပြီ"
ယဲ့ချန်က အကဲခတ်လိုက်သည်။ ရန်ယွင်အမတ်က သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး လေးထောင့်ကျကျမျက်နှာ၊ အရပ်ရှည်ရှည်နှင့် သန်မာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ ထိုလူက ဆန်းကျယ်ဝိဇ္ဇာ ထိပ်ဆုံးအဆင့်ဖြစ်ကြောင်းနှင့် နောက်လိုက်များတွင် ဆန်းကျယ်ဝိဇ္ဇာများရှိကြောင်း သိလိုက်ရ၏။
ရန်ယွင်အမတ်၏အင်အားစုက အတော်အတန် အစွမ်းထက်ပုံရလေသည်။
လူငယ်ယောကျ်ားလေးတိုင်း၏ မျက်လုံးများက ဇီလန်ထံ ကျရောက်နေသည်။ သူမက မည်သည့်ဆေးဝါးများကို အသုံးပြုထားသည်မသိ၊ ဒဏ်ရာများအားလုံး ပျောက်ကင်းနေပြီဖြစ်သည်။ သူမ၏အသားအရေက သွေးရောင်လွှမ်းနေပြီး ရင်မှည့်စပန်းသီးတစ်လုံးနှင့် တူညီနေသည်။ သူမ၏တောင့်တင်းဖြောင့်စင်းသော ကောက်ကြောင်းများက ယောကျ်ားအများစုကို ရူးသွပ်သွားစေနိုင်သည်။
ဇီလန်က မြင်းပေါ်မှ ခုန်ဆင်းလိုက်ချိန်တွင် သူမ၏အိမ်စေက လာရောက်ကူညီပေးခဲ့သည်။ အိမ်စေကလည်း အလွန်လှပပြီး ဇီလန်ကိုကြည့်နေသော အကြည့်များက ချစ်ရည်ရွှန်းလဲ့နေသည်။
"သတိထားပါ မြို့စားရှင့်"
.
အိမ်စေက ပြောလိုက်သည်။
ယဲ့ချန်က ဤမြင်ကွင်းကြောင့် မျက်ခုံးပင့်လိုက်မိသည်။ အိမ်စေနှင့်ဇီလန်ကြားတွင် ဇာတ်လမ်းတစ်ခုရှိကြောင်း ငတုံးတစ်ယောက်ပင် ပြောနိုင်သည်။ အလယ်အင်ပါယာရှိ မင်းမျိုးမင်းနွယ်များ၏ တဏှာစိတ်က အလွန်ထူးဆန်းလှပေသည်။
ဇီလန်သည် လူအုပ်ကို ကြည့်လိုက်မိသောအခါ ယဲ့ချန်ကိုမြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။
"မြို့စား ဘာမှားနေလို့လဲ"
လှပသောအိမ်စေက စိုးရိမ်တကြီး မေးလိုက်သည်။ သူမက ပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း လူငယ်လေးများမှအပ သံသယဖြစ်စရာကို မတွေ့မိပေ။
"ဘာမှမဟုတ်ပါဘူး"
ဇီလန်က ခေါင်းယမ်းပြလိုက်သည်။ သူမက ယဲ့ချန်ကိုကြောက်လွန်းသဖြင့် အိပ်မက်ဆိုးတစ်ခုပင် မက်ခဲ့သည်။ အိပ်မက်အတွင်း၌ ယဲ့ချန်က သူမကို ဆက်တိုက်နှိပ်စက်နေပြီး သူ၏နောက်ခံက အစွမ်းထက်လွန်းနေသောအခါ ဇီလန်က လက်တုံ့မပြန်ရဲခဲ့ပေ။ သူမက ယဲ့ချန်ကို နောက်တစ်ကြိမ်မြင်သောအခါ တစ်ကိုယ်လုံးတုန်ယင်နေသည်။
ဇီလန်က အမတ်ကြီးကို ဤအဖြစ်အပျက်ကြောင်း မပြောခဲ့ပေ။ သူမ၏ဖခင်သည်ပင် ယဲ့ချန်၏နောက်ခံကို မယှဥ်နိုင်ကြောင်း မသိစိတ်မှခံစားနေမိသည်။ အမတ်ကြီးက လူမှား၍ရန်စမိသော သူမကို အပြစ်တင်မည် စိုးရိမ်သောကြောင့် မပြောရဲခဲ့ချေ။
ယဲ့ချန်က ဇီလန်ကို တစ်ချက်သာကြည့်ပြီး ဂရုမစိုက်ခဲ့ပေ။ သူမက ရန်ယွင်အမတ်၏နောက်မှ ကြောက်လန့်တကြားနှင့် လိုက်ပါသွားခဲ့သည်။ ပုံမှန်ဆိုလျှင် ဆူညံနေ၍စကားများတတ်သော သမီးဖြစ်သူက ထူးထူးခြားခြားတိတ်ဆိတ်နေသောအခါ ရန်ယွင်အမတ်ကြီးပင် ထူးဆန်းနေသည်။ သူက လူအုပ်အတွင်း ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဇီလန်ကို ဤမျှအထိကြောက်လန့်စေနိုင်သူက မည်သူဖြစ်မည်ကို သူကိုယ်တိုင် သိချင်နေခဲ့သည်။
ထို့နောက် ရန်ယွင်အမတ်ကြီးနှင့် ဇီလန်က နောက်လိုက်နောက်ပါများနှင့်အတူ မီးတောက်နီဂိုဏ်းအတွင်း ဝင်ရောက်သွားကြသည်။
"မြို့စားဇီလန်က မင်းနဲ့ သိတာလား"
မိုပိုင်က စပ်စုလိုက်သည်။
"မဟုတ်ပါဘူး"
ယဲ့ချန်က ခေါင်းယမ်း၍ ရှေ့ဆက်သွားလိုက်၏။
"အစ်ကိုကြီး ဒီမိန်းမကို မနေ့က ကျွန်တော်တို့ ရိုက်နှက်ခဲ့ကြတယ်လေ။ ဒီလောက်မြန်မြန်နဲ့ ဘယ်လိုလုပ်မေ့သွားရတာလဲ"
ရှောင်ရိက ယဲ့ချန်၏အင်္ကျီစကိုဆွဲ၍ ပြောလိုက်သည်။
ယဲ့ချန်သည် ရှောင်ရိ၏စကားကြောင့် ဆွံ့အသွားကာ ခါးသက်သက်ပြုံးလိုက်မိသည်။ အနာဂတ်တွင် သူက ရှောင်ရိကို ပြောသင့်မပြောသင့် ဆင်ခြင်တတ်ရန် သင်ပေးရမည်ဖြစ်လေသည်။