← Chapters

ခရီးသစ်တစ်ခု

Vol. 93 Ch. 1286

ခရီးသစ်တစ်ခု

Vol. 93 Ch. 1286

ကျန်းရီက နတ်ဘုရားအစစ်အမှန်အဆင့်သို့ တက်လှမ်းနိုင်သွားပြီဆိုသော သတင်းက သုံးရက်အတွင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ထိုသတင်းကို ရရှိလိုက်သော မျိုးနွယ်ခေါင်းဆောင်များနှင့် အကြီးအကဲများအားလုံး ကျန်းဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့ခဲ့ကြသည်။ ကျန်းမျိုးနွယ်၏ ဒေသလေးခုအနီးရှိ သာမန်သိုင်းသမားများစွာကမူ တည်နေရာပြောင်းရွှေ့ရန် ကောင်းကင်ကျောက်တုံး မရှိကြ၍ ကောင်းကင်ကံကြမ္မာသင်္ဘောများကို စီး၍တစ်မျိုး၊ ပျံသန်း၍တစ်ဖုံဖြင့် ကျန်းဧကရာဇ်မြို့သို့ အလျင်အမြန် လာကြလေသည်။ ဆယ်ရက်အတွင်းမှာပင် ကျန်းဧကရာဇ်မြို့ထဲရှိ တည်းခိုခန်းအားလုံး လူပြည့်သွားသည်။ မြို့ရင်ပြင်ထဲတွင်လည်း လူများ ဖွေးဖွေးလှုပ်နေသည်။

ကျန်းရီသည် ပြန်ရောက်လာပြီးနောက် ကျန်းရဲတိုက်ဝန်းထဲမှ ထွက်မလာတော့ပေ။ သူသည် ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများကို တစ်ကြိမ်တွေ့ပြီးနောက် မည်သူနှင့်မှ ထပ်မတွေ့တော့ချေ။ သူသည် နောက်ဆုံးတစ်လကို သူ၏အမျိုးသမီးများနှင့် အတူနေရန်၊ ကျန်းယွင်ဟိုင်နှင့် စကားပြောရန်၊ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီရှောင်တို့နှင့် သေရည်အတူသောက်ရန်သာ ကြံရွယ်ထားသည်။ ထိုတစ်လအချိန်ကို သူ အလွန်တန်ဖိုးထားသည်။ အားလုံးကလည်း ဤတစ်ခေါက်တွင် ကျန်းရီက ပြန်လာချင်မှ ပြန်လာနိုင်မည်ဖြစ်ကြောင်း သိထားကြသည်။

အနက်ရောင်နတ်ဘုရား ရောက်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် မိစ္ဆာမျိုးနွယ်၏ ဆန်းကြယ်သောအတတ်တစ်မျိုးကို အသုံးပြု၍ ကျန်းရီနှင့် စိတ်ဝိညာဉ်စာချုပ် ချုပ်လိုက်သည်။ ယခုတွင် အနက်ရောင်နတ်ဘုရားက ကျန်းရီ၏ ဝိညာဉ်သားရဲ ဖြစ်သွားပေပြီ။ ထိုဆန်းကြယ်သောအတတ်က အလွန်ထူးခြားသည်။ အနက်ရောင်နတ်ဘုရား၏ စိတ်ဝိညာဉ်က ကျန်းရီနှင့် ပေါင်းစည်းသွားခြင်းဖြစ်၍ ကျန်းရီသာအလိုရှိလျှင် အနက်ရောင်နတ်ဘုရားကို အလွယ်တကူ သတ်ပစ်နိုင်ပြီဖြစ်သည်။ ကျန်းရီ၏ အနက်ရောင်နတ်ဘုရားအပေါ် ထိန်းချုပ်နိုင်မှုက ဝိညာဉ်ကျွန်များအပေါ် ထိန်းချုပ်နိုင်မှုထက်ပင် ပိုသာပေသည်။

ကျန်းရီ၏ အမျိုးသမီးအားလုံးသည် စိတ်ဆင်းရဲနေသည့် အရိပ်အယောင်မျိုး မပြကြပေ။ သူမတို့သည် ထိုတစ်လအတွင်း အမြဲပြုံး၍ ကျန်းရီကို အဖော်ပြုပေးနေကြသည်။ တစ်ညလျှင်တစ်ယောက် အသုံးတော်ခံနေကြသည်။ စုလောရွှယ်သည် အတိတ်ကို မမှတ်မိသေးသော်လည်း ကျန်းရီကို သူမ၏လင်ယောက်ျားအဖြစ် ရင်ထဲမှ လက်ခံလိုက်ပြီဖြစ်သည်။

စုလောရွှယ်၏ ဝိညာဉ်ခန္ဓာက ကျန်းရီကို အလွန်ကျေနပ်စေသည်။ ထို့ပြင် နတ်သူငယ်သခင်မမျိုးနွယ်မှ အမွှာနှစ်ယောက်ဖြစ်သော ထန်ရွှယ်နှင့် ထန်ယန်တို့ကလည်း ကျန်းရီကို အလွန်ကျေနပ်အောင် ပြုစုပေးကြသည်။

ကျန်းရီ၏ တစ်ခုတည်းသော နောင်တမှာ ကျန်းရှောင်နူက အခန်းအောင်း ကျင့်ကြံနေသေးခြင်းဖြစ်သည်။ ကျန်းရီသည် ကျန်းဧကရာဇ်မြို့တွင် တစ်လနီးပါး နေပြီးပြီဖြစ်၍ မနက်ဖြန်ဆိုလျှင် အထက်ဘုံကို တက်လှမ်း‌တော့မည်ဖြစ်သည်။ သို့သော် ကျန်းရှောင်နူက နိုးထမလာသေးပေ။

“အစ်ကိုကြီး... ရှောင်ဖေး အစ်ကိုကြီးနဲ့အတူ အထက်ဘုံကို လိုက်ခဲ့လို့ရလား”

ရှောင်ဖေးက ထိုရက်ပိုင်းအတွင်းတွင် ကျန်းရီအနား ကပ်နေသည်။ ချမ်ဝမ်ကွမ်းသည် ရှောင်ဖေး ပျင်းကာ အထီးမကျန်ရအောင် လူများစေလွှတ်၍ မိစ္ဆာဧကရီကို ကျန်းဧကရာဇ်မြို့သို့ ခေါ်ထားခဲ့ပြီးပြီဖြစ်သည်။ ထိုအခိုက်တွင် သူမက ကျန်းရီကို စိုးရိမ်သော မျက်နှာကလေးဖြင့် ပြောနေသည်။

“ဟင်းဟင်း...”

ကျန်းရီက ရှောင်ဖေး၏ ခေါင်းကို ပွတ်သပ်၍ ပြောလိုက်သည်။

“ရှောင်ဖေးက ငယ်‌သေးတယ်လေ။ အထက်ဘုံဆိုတာ အရမ်းအန္တရာယ်များတယ်။ ရှောင်ဖေး ကျန်းဧကရာဇ်မြို့ထဲမှာ နေခဲ့ပြီး ကျင့်ကြံပါ။ အစ်ကိုကြီးက နှစ်အနည်းငယ်အတွင်း ပြန်လာမှာပါ။ အစ်ကိုကြီးရဲ့ တာဝန်တွေ ပြီးသွားတာနဲ့ အစ်ကိုကြီးက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာပဲ ရှောင်ဖေးတို့အားလုံးနဲ့ ထာဝရအတူနေမှာ”

“တကယ်လား”

ရှောင်ဖေးသည် မျက်လုံးများ တောက်ပသွားပြီး သူမ၏ လက်ကလေးကို ဆန့်တန်း၍ ပြောလိုက်သည်။

“အဲ့ဒါဆို လက်သန်းချင်းချိတ်ပြီး ကတိပေး။ အစ်ကိုကြီး ရှောင်ဖေးကို မလိမ်ရဘူးနော်... မဟုတ်ရင် ရှောင်ဖေး အရမ်းဝမ်းနည်းနေမှာ”

“မလိမ်ပါဘူး”

ကျန်းရီသည် အလယ်ခန်းမထဲတွင် ထိုင်နေသော သူ၏အမျိုးသမီးအားလုံးကို ကြည့်၍ အလေးအနက် ခေါင်းညိတ်ကာ ပြောသည်။

“အစ်ကိုကြီးရဲ့ တာဝန်တွေ ပြီးသွားတာနဲ့ အစ်ကိုကြီး ချက်ချင်း ပြန်ခဲ့မယ်။ ပြီးရင် အစ်ကိုကြီးတို့ ဘယ်တော့မှ ထပ်မခွဲတော့ဘူး”

“အွန်း...”

ယဉ်ရို့ပင်း၊ မိုယောင်အာနှင့် အခြားသူများသည် မျက်ရည်များ ဝဲလာ၍ မျက်နှာလွှဲလိုက်ကြသည်။ သူမတို့သည် သူမတို့၏ မျက်ရည်များကို ကျန်းရီမြင်သွားမည်ကို မလိုလားပေ။ ရီချန်ကမူ စိတ်မာသည်။ သူမသည် ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။

“ကျန်းရီ... စိတ်မပူပါနဲ့။ ဒီကကိစ္စတွေကို ကျွန်မ တာဝန်ယူမှာပါ။ ရှင် အထက်ဘုံမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းတွန်းအား မပေးပါနဲ့။ လူတစ်စုက ကျန်းဧကရာဇ်မြို့မှာ ရှင် အိမ်ပြန်လာမှာကို စောင့်နေတယ်ဆိုတာကို မမေ့ပါနဲ့။ ရှင် အသက်ရှင်နေရင် တခြားဘာကမှ အရေးမကြီးတော့ဘူး။ ပြီးတော့... ရှင် ပွေရှုပ်ခွင့်မရှိဘူး။ မဟုတ်ရင် ရှင် ကျွန်မတို့နဲ့ ဘယ်တော့မှ ထပ်အိပ်ရတော့မှာ မဟုတ်ဘူး”

“ငါသိပါတယ်”

ကျန်းရီက ခါးသက်သက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် အနက်ရောင် ကျောက်စိမ်းအဆောင်တစ်ခု ထုတ်လိုက်သည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော် ပတ်ပတ်လည်တွင် ကောင်းကင်စွမ်းအားကို စီးဆင်းစေလိုက်၏။ ပြီးနောက် သူ့တွင် ကျန်သည့် ကောင်းကင်စွမ်းအား၏ တစ်ဝက်ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ထည့်သွင်းလိုက်သည်။ စွမ်းအားထည့်သွင်းပြီးသောအခါ သူနှင့် နန်းတော်ကြားရှိ စိတ်ဆက်နွယ်မှုကို ဖြတ်တောက်လိုက်သည်။

ကျန်းရီသည် နန်းတော်ကို ရီချန်အား ပေး၍ ပြောလိုက်သည်။

“အထက်ဘုံမှာ ဆန်းကြယ်နတ်ဘုရားနန်းတော်က သိပ်အသုံးဝင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါ့အဆင့်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ အကာအကွယ်ကို မလိုတော့ဘူး။ အဲ့တော့ ဒီနန်းတော်ကို မင်းတို့ကို ပေးခဲ့မယ်။ ငါ နန်းတော်ထဲကို ကောင်းကင်စွမ်းအားနည်းနည်း ထည့်ပေးခဲ့တယ်။ ဒီနန်းတော်ကို ဖောက်နိုင်ဖို့ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်အတွက်တောင် ခက်ခဲလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် မင်းတို့အကုန်လုံး နန်းတော်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”

ရီချန်က မငြင်းလိုက်ပေ။ နန်းတော်ကို ပေးခဲ့ရန်မှာ ကျန်းရီ၏ဆန္ဒဖြစ်သည်။ ထို့ကြောင့် သူမသည် နန်းတော်ကို ယူလိုက်ပြီး စတင် သန့်စင်လိုက်သည်။ သို့သော် သန့်စင်မှုက အတော်ကြာခဲ့သည်။ ကျန်းရီက သူနှင့်နန်းတော်ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ပေးလိုက်ပြီဖြစ်သော်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်မှာ နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်သည် မဟုတ်လော။

ဝှစ်...

ကျန်းရီသည် ရီချန်နားသို့ လျှောက်သွားပြီး ရီချန်၏ ကိုယ်ထဲသို့ ကောင်းကင်စွမ်းအားအနည်းငယ် ထည့်ပေးလိုက်သည်။ ထိုအခါမှ သူမ၏ သန့်စင်မှုက မြန်ဆန်လာသည်။ တစ်နာရီအတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ရီချန်၏အပိုင် ဖြစ်သွားလေသည်။

“ညီမလေးရှောင်နူက အခန်းအောင်းကျင့်ကြံနေတုန်းပဲ...”

ရီချန်က မျက်လုံးများဖွင့်၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ မနက်ဖြန်ဆိုလျှင် ကျန်းရီက အထက်ဘုံသို့ တက်‌တော့မည်ဖြစ်သည်။ အချိန်ထပ်ဆွဲနေလျှင် ရွှေတံခါးက ပျောက်ကွယ်သွားပေတော့မည်။ မနက်ဖြန်အထိ ကျန်းရှောင်နူ ထွက်မလာသေးလျှင် သူမသည် ကျန်းရီကို နောက်ဆုံးတစ်ခေါက်ပင် မြင်လိုက်ရမည် မဟုတ်ချေ။

“ထားလိုက်ပါ... သူ့ကို မနှောင့်ယှက်ပါနဲ့”

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ ကျန်းရှောင်နူကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။ ထိုညတွင် မည်သည့်အမျိုးသမီးကမှ မအိပ်ခဲ့ပေ။ သူမတို့အားလုံးသည် အရုဏ်တက်သည်အထိ ကျန်းရီကို အဖော်ပြုပေးခဲ့ပြီး မိနစ်တိုင်း၊ စက္ကန့်တိုင်းကို တန်ဖိုးထားခဲ့သည်။

အရုဏ်တက်သောအခါ...

ကျန်းဧကရာဇ်မြို့တစ်မြို့လုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်လာသည်။ အရှေ့အရပ်မှ နေထွက်လာချိန်တွင် ကျန်းဧကရာဇ်မြို့ထဲ၌ လူများ ပြည့်နှက်နေပေပြီ။ မြို့ထဲတွင် အနည်းဆုံး လူဆယ်သန်းလောက် ရှိပေမည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးရှိ စွမ်းအားကြီး သိုင်းသမားအားလုံးနီးပါး စုဝေးနေကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားသူများအားလုံးက ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြသည်။ ဗုဒ္ဓအင်ပါယာတို့ကလည်း နောက်မှ ကပ်လိုက်သွားကြသည်။ ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် တစ်ရာကျော် ရပ်နေသည်။ သူတို့သည် ကျန်းရီ ထွက်ပေါ်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြပေသည်။

ဟိန်း...

ကြောက်မက်ဖွယ် နဂါးဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ကျန်းရဲတိုက်ဝန်းထဲမှနေ၍ ဧရာမအနက်ရောင်နဂါးကြီးတစ်ကောင် ပျံထွက်လာသည်။ ၎င်းသည် လေထဲတွင် အကြိမ်အနည်းငယ် မာန်ဖီလိုက်ပြီးမှ ရပ်တန့်လိုက်သည်။ အနက်ရောင်နတ်ဘုရား ထွက်လာပေပြီ။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းယွင်ဟိုင်၊ ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်း၊ ချမ်ကွေ့၊ ယန်ချန်းထျန်းနှင့် အခြားသူများသည် ကောင်းကင်ဧကရာဇ်များကို ဦးဆောင်၍ လေထဲသို့ ပျံတက်လာကြသည်။ သူတို့နှင့်အတူ ကျန်းရီလျှိုလည်း ပါလာသည်။ ထို့နောက် သူတို့အားလုံး တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြသည်။

ဝှစ်...

ရီချန်၊ ယဉ်ရို့ပင်း၊ မိုယောင်အာ၊ စုလောရွှယ်၊ ဖုန်းလန်၊ ချင်းယွီ၊ နန်ကုန်းချီလင်း၊ ထန်ရွှယ်၊ ထန်ယန်နှင့် ဟူတန်နီတို့အားလုံးလည်း ကောင်းကင်ထက်သို့ ပျံတက်လာသည်။ မိစ္ဆာဧကရီကလည်း ရှောင်ဖေးကို ပွေ့ချီ၍ ပျံတက်လိုက်သည်။ သူမတို့အားလုံး၏ ဝတ်စုံအစွန်းလေးများက တဖျပ်ဖျပ် ဝဲလွင့်နေသည်။ သူမတို့အားလုံးသည် မိန်းမလှများပင်။ ယောက်ျားပျိုများစွာက သူမတို့ကို မော့ကြည့်လိုက်ကြသည်။ သို့သော် မည်သူကမှ တဏှာအတွေး မတွေးဝံ့ပေ။ သူမတို့က ကျန်းရီ၏ အမျိုးသမီးများ မဟုတ်ပါလား။

ဝှစ်...

နောက်ဆုံးတွင် ကျန်းရီ ရောက်ရှိလာသည်။ သူက ခပ်ဖြည်းဖြည်းသာ ပျံသန်းလာသည်။ သူ့ခန္ဓာကိုမှနေ၍ မည်သည့်အရှိန်အဝါမှ ထွက်မနေသော်လည်း သူ၏ဩဇာကြီးသောအငွေ့အသက်က လူအားလုံးကို ဒူးထောက်လိုစိတ် ပေါ်လာစေပေသည်။ ကျန်းရီ ထွက်ပေါ်လာသည်နှင့် မြို့ထဲရှိ လူဆယ်သန်းစလုံးသည် ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။

“ကျန်းဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီက မည်သို့မှ ပြန်မပြောပေ။ သူသည် အောက်ဘက်ရှိ လူဆယ်သန်းကို တည်ငြိမ်စွာ ငုံ့ကြည့်၏။ ထို့နောက် ဗုဒ္ဓဧကရာဇ်တို့၏ မျက်နှာများ၊ ကျန်းယွင်ဟိုင်၊ ချမ်ဝမ်ကွမ်း၊ ချမ်ကွေ့နှင့် အခြားသူများ၏ မျက်နှာထားများနှင့် နောက်ဆုံးတွင် ရီချန်နှင့် သူ၏အမျိုးသမီးများကို ကြည့်လိုက်သည်။ ထို့နောက် သူ နူးညံ့စွာ မေးလိုက်သည်။

“ရှောင်နူက အခုထိ ထွက်မလာသေးဘူးလား”

ရီချန်က ခေါင်းခါသည်။ ထို့ကြောင့် ကျန်းရီသည် တုံ့ဆိုင်းမနေတော့ဘဲ အနက်ရောင်နတ်ဘုရား၏ ကျေပေါ်သို့ လျင်မြန်စွာ ပျံတက်ကာ အော်ပြောလိုက်သည်။

“အနက်ရောင်နတ်ဘုရား... သွားကြစို့။ အားလုံးပဲ... ကျွန်တော် ပြန်လာတာကို စောင့်နေကြပါ”

ဟိန်း...

အနက်ရောင်နတ်ဘုရားက ကျယ်လောင်စွာ ဟိန်း၍ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။ ကျန်းရီသည် အားလုံးကို ကျောခိုင်းထားပြီး တစ်ချက်ပင် နောက်လှည့်မကြည့်ခဲ့ချေ။ ရီချန်၊ ယဉ်ရို့ပင်းနှင့် အမျိုးသမီးအားလုံးသည်လည်း နှုတ်ခမ်းကိုက်ထားကြကာ အသံတစ်ချက်မှ မထွက်ကြပေ။ သူမတို့သည် ကျန်းရီ နောက်လှည့်မကြည့်ခြင်းမှာ သူကြည့်လိုက်မိလျှင် သူမတို့ကို မခွဲနိုင်တော့မည်ကို စိုးရိမ်၍ဖြစ်ကြောင်း သိကြပေသည်။

ရွှီး...

ထိုအခိုက်တွင် ရီချန်၏ လက်ထဲရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ပေါ်မှ အကာအရံများက လင်းလက်လာသည်။ ရီချန်သည် အာရုံခံကြည့်ပြီးနောက် ဝမ်းသာသွားသည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က လင်းလက်သွားပြီး ကျန်းရှောင်နူ အပြင်သို့ ထွက်လာသည်။ သူမသည် နောက်ဆုံးအခိုက်အတန့်တွင် အခန်းအောင်းကျင့်ကြံနေရာမှ ထွက်လာပေပြီ။

“အာ...”

ကျန်းရှောင်နူသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပုံစံပြောင်းလိုက်သည်။ သူမ ပုံစံပြောင်းသွားသောအခါ သူမ၏အရှိန်အဝါက ကျန်းရီ၏အရှိန်အဝါနှင့်ပင် ယှဉ်နိုင်သွားသည်။ သူမ၏အရှိန်အဝါကြောင့် ဗုဒ္ဓဧကရာဇ်သည်ပင် မွန်းကြပ်မှုကို ခံစားလိုက်ရပေသည်။

ကျန်းရှောင်နူသည် ကောင်းကင်ထက်ရှိ ကျန်းရီကို လှမ်းကြည့်လိုက်၏။ ထို့နောက် ကျန်းယွင်ဟိုင်၊ ရီချန်နှင့် အခြားသူများကို ဆက်ကြည့်သည်။ ‌နောက်ဆုံးတွင် သူမသည် နှုတ်ခမ်းကိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“အဘိုး၊ သခင်မလေးတို့... ကျွန်မ အဆင့်တက်သွားပါပြီ။ ကျွန်မ သခင်‌လေးနောက်ကို လိုက်ပြီး သူနဲ့အတူ အထက်ဘုံကို သွားပါ‌တော့မယ်။ ဂရုစိုက်ကြပါ...”

ဝှစ်...

ကျန်းရှောင်နူသည် သူမ၏ အစိမ်းရောင် အတောင်ပံများကို ဖြန့်၍ ကျန်းရီထံသို့ ပျံတက်သွားလိုက်သည်။ မကြာခင်မှာပင် သူမနှင့် ကျန်းရီတို့နှစ်ယောက်စလုံးက ဟင်းလင်းပြင်အထက်တွင် ပျောက်ဆုံးသွားကြသည်။

“ကျန်းဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းဧကရာဇ်မြို့ထဲမှနေ၍ မြေပြင်ကိုပင် တုန်ဟည်းသွားစေသည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကြီးက ကောင်းကင်နှင့်မြေကြီးကြားတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေပေသည်။

ကျန်းယွင်ဟိုင်၏ မျက်ဝန်းများထဲတွင် မျည်ရည်ပူများနှင့် ပြည့်နှက်နေသည်။ သူသည် အထက်ရှိ ဟင်းလင်းပြင်ကို မော့ကြည့်၍ အသက်ကင်းမဲ့စွာ ရေရွတ်လိုက်သည်။

“အရှင်မဖျောင်ဖျောင်... နောက်ဆုံးတော့ သခင်လေးက လုပ်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ သူက အရှင်မကို လာရှာနိုင်ပြီ။ သူ့ကို စောင့်နေပါ။ သူက သေချာပေါက် အရှင်မကို ကယ်တင်ပြီး ဒီကို ပြန်ခေါ်လာနိုင်မှာပါ”

ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် သူတော်စင်ဧကရီတို့ကလည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့သုံးယောက်စလုံး ရယ်လိုက်ကြသည်။ ဗုဒ္ဓဧကရာဇ်သည် သူ၏ဦးပျဉ်းပြောင်ကို ကုတ်၍ သက်ပြင်းချကာ ပြောသည်။

“ပတ္တမြားမှန်ရင် နွံမနစ်ဘူး။ သူက ကောင်းကင်ကိုးဘုံအထက်ကို တက်ဖို့ ကံကြမ္မာပါလာတာပဲ။ ကျန်းရီ... မင်းရဲ့ ခရီးအသစ်က အခုစပြီ။ ဒီတစ်ခေါက် မင်း ဘယ်လောက်မြင့်မြင့် တက်နိုင်မလဲ။ ငါတို့... ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေမှာပါ”

***

All Chapters