← Chapters

တိရှဘုံ

Vol. 93 Ch. 1287

တိရှဘုံ

Vol. 93 Ch. 1287

“ရှောင်နူ...”

ကျန်းရှောင်နူက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ ထွက်လာချိန်တွင် ကျန်းရီက ကောင်းကင်ထက် ပေတစ်သန်းသို့ ရောက်နေပြီဖြစ်သည်။ သူသည် အောက်ဘက်မှ ထွက်ပေါ်လာသော စွမ်းအားကြီး အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၍ အောက်ငုံ့ကြည့်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ကျန်းရှောင်နူက အစိမ်းရောင် အလင်းတန်းတစ်တန်းအလား သူ့နောက်သို့ လိုက်လာကြောင်း တွေ့လိုက်ရသည်။ ကျန်းရီ မျက်လုံးများ အရောင်လက်သွားပြီး အံ့ဩတကြီး အော်ပြောလိုက်သည်။

“ရှောင်နူ... မင်း မင်ရည်တောင်ပံကျင့်စဉ်ရဲ့ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်သွားပြီလား။ မင်းလည်း နတ်ဘုရားခန္ဓာတစ်ခု ရသွားပြီပေါ့”

“အွန်း...”

ကျန်းရှောင်နူက ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

“သခင်လေး... သွားကြစို့။ ကျွန်မ သခင်လေးနဲ့အတူ အထက်ဘုံကို လိုက်ပြီး အရှင်မဖျောင်ဖျောင်ကို ရှာမယ်”

ကျန်းရီသည် ခေတ္တ တွေဝေသွားသော်လည်း သူမကို မငြင်းလိုက်ပေ။ အကယ်၍ ကျန်းရှောင်နူက နတ်ဘုရားခန္ဓာ မရသေးလျှင် သူသည် သူမကို စွန့်စားစေမည် မဟုတ်ချေ။ သို့သော် သူမကလည်း နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်နေပြီဖြစ်၍ ကျန်းရီထံတွင် သူမကို တားရန်အကြောင်း မရှိတော့ပေ။ မင်ရည်တောင်ပံမျိုးနွယ်က အထက်ဘုံမှ ဖြစ်သည်။ ထို့ပြင် ကျန်းရီသည် ကျန်းရှောင်နူကို သူမ၏ မျိုးနွယ်ကို ရှာပေးမည်ဟု ကတိပေးထားသည်။

ကျန်းရီသည် ကျန်းရှောင်နူ၏ အကျင့်စရိုက်ကိုလည်း ‌ကောင်းစွာသိသည်။ သူ သူမကို ခေါ်မသွားလျှင်လည်း သူမက အထက်ဘုံသို့ သူမဘာသာ သွားမည်ဖြစ်သည်။ သို့ဆိုလျှင် ပို၍ အန္တရာယ်များနိုင်ပေသည်။

ထို့ကြောင့် ကျန်းရီသည် လေကုန်ခံမနေတော့ဘဲ ကျန်းရှောင်နူကို အနက်‌ရောင်နတ်ဘုရား၏ ကျောပေါ်တွင် ရပ်စေလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်း၍ ကောင်းကင်ထက်မှ ဝိညာဉ်လေများကို ဖယ်ရှားလိုက်သည်။ ယခုတွင် သူက နတ်ဘုရားခန္ဓာကို ရထားပြီး နတ်ဘုရားအရှိန်အဝါလည်း ရှိနေသဖြင့် ဝိညာဉ်လေများက အလွယ်တကူ ဖယ်ရှားခံလိုက်ရလေသည်။

ပေတစ်သန်း... ပေငါးသန်း...

အနက်ရောင်နတ်ဘုရားက အထက်သို့ ဆက်၍ ပျံတက်နေသည်။ အထက်ရောက်လာလေလေ ဝိညာဉ်လေများက မယုံနိုင်လောက်အောင် သိပ်သည်းလာလေလေပင်။ အကယ်၍ အနက်ရောင်နတ်ဘုရားသာ ကျန်းရီနှင့်အတူ မဟုတ်ပါက သေပြီးသည်မှာ ကြာ‌လောက်ပေပြီ။ သို့သော် ယခုတွင်မူ ဝိညာဉ်လေများက သူတို့အနားပင် မကပ်နိုင်ချေ။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားသည် ဖြည်းဖြည်းချင်း ဆက်ပျံတက်နေပေသည်။

ပေဆယ်သန်း... ပေသန်းတစ်ရာ...

နောက်ဆုံးတွင် ဟင်းလင်းပြင်အထက်ရှိ ရွှေရောင်အက်ကြောင်းကို မြင်လာရသည်။ ကျန်းရီသည် အတန်ငယ် စိတ်လှုပ်ရှားလာ၏။ ထိုအက်ကြောင်းက တစ်ကိုယ်စာသာ ကျယ်သည်။ ကျန်းရှောင်နူက နတ်ဘုရားခန္ဓာ ရထားပြီး ထူးခြားသောမျိုးနွယ်တစ်ခုမှ ဖြစ်သော်လည်း သူမကို နတ်ဘုရားအစစ်အမှန်တစ်ပါးဟု သတ်မှတ်နိုင်မည်လော။ မိုးမြေစည်းမျဉ်းကို သူမကို တားဆီးမည်လော။ အနက်ရောင်နတ်ဘုရားအတွက်ရော အသို့နည်း။ အကယ်၍ အနက်ရောင်နတ်ဘုရားသာ တားဆီးခံရလျှင် သေချာပေါက် ဝိညာဉ်လေများ၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

“အနက်ရောင်နတ်ဘုရား... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လိုက်ပါ”

ကျန်းရီက အော်ပြောလိုက်ပြီး ကျန်းရှောင်နူကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အနက်ရောင်နတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး တစ်ချက်ဟိန်း၍ ဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲကာ ကျန်းရီ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားလိုက်သည်။ သူက ကျန်းရီ၏ ဘယ်ဘက်လက်ပေါ်ရှိ နဂါးပုံစံ ဆေးမင်‌ကြောင်တစ်ခုဖြစ်သွားသည်။ ယင်းမှာ အောင်းလု ချန်ထားခဲ့သော ဆန်းကြယ်သည့်အတတ်တစ်ခု ဖြစ်သည်။ အနက်ရောင်နတ်ဘုရားက ကျန်းရီ၏ ဝိညာဉ်သားရဲဖြစ်သွားပြီဖြစ်၍ ကျန်းရီ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်သည်။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားသည် မိုးမြေစည်းမျဉ်းများ၏ တားဆီးမှုကို ခံရတော့မည် မဟုတ်ချေ။

“သွားမယ်...”

ကျန်းရီသည် ကျန်းရှောင်နူ တင်းကြပ်စွာ ဆုပ်ကိုင်၍ ရွှေ‌ရောင်အက်ကြောင်းအတွင်းသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပျံဝင်သွားသည်။ အက်ကြောင်းထဲရောက်သွားသည်နှင့် သူတို့နှစ်ယောက်သည် အားကောင်းသော စုပ်အားတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ကြရသည်။ ထိုအခြေအနေမှာ သူတို့ ပင်လယ်နက်ထဲရှိ ရေဝဲကြီးထဲသို့ ဝင်လိုက်စဉ်ကဲ့သို့ပင်။ သူတို့၏ခန္ဓာကိုယ်များက လျင်မြန်စွာ လည်ပတ်နေပြီး သူတို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။

“ရှောင်နူ...”

စုပ်အားက ပို၍ပို၍ အားကောင်းလာသောအခါ ကျန်းရီသည် ကျန်းရှောင်နူကို ဆက်ဆုပ်ကိုင်ထားနိုင်လိမ့်မည်ဟု မထင်တော့သဖြင့် စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ ကျန်းရှောင်နူကလည်း ထိုအကြောင်းကို သိရှိပြီးဖြစ်ပြီး သူမတို့ လူကွဲသွားမည်ကို စိုး၍ အတောင်ပံနှစ်ဘက်ကို တဖျပ်ဖျပ်ခတ်ကာ ကျန်းရီကို ဆုပ်ကိုင်ထားရန် ကြိုးစားနေသည်။

သို့သော်...

နောက်ဆုံးတွင် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အဆက်မပြတ် လည်ပတ်မှုကြောင့် ခေါင်းမူးလာကြကာ သတိလွတ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များကလည်း ဆက်မတောင့်ခံနိုင်တော့ဘဲ သူတို့ လူကွဲသွားသည်။ အနက်ရောင်နတ်ဘုရားကမူ မိုးမြေစည်းမျဉ်းများ၏ တားဆီးမှုကို မခံရဘဲ ကျန်းရီ၏ကိုယ်ပေါ်တွင် ဆေးမင်ကြောင်တစ်ခုအဖြစ် ဆက်ရှိနေနိုင်သည်။ အောင်းလု ချန်ထားခဲ့သော ဆန်းကြယ်သည့်အတတ်က ထိရောက်ပုံပင်။

ဝှစ်...ဝှစ်...

ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ချောက်နက်ကြီးတစ်ခုထဲ ဝင်သွားရသကဲ့သို့ပင်။ သူတို့သည် ဆက်၍ လည်ပတ်နေပြီး ပိုမြင့်တက်သွားနေသည်။ အရှိန်လည်း မြန်လာသည်။ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကလည်း ဝေး၍ ဝေး၍လာသည်။ နောက်ဆုံးတွင် သူတို့သည် ရွှေရောင်အက်ကြောင်းအတွင်းရှိ မည်းမှောင်နေသော အာကာသထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

အပြင်ဘက်မှ ရွှေရောင်အက်ကြောင်းကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ အထက်ဘုံသို့ သွားရာလမ်းက ပိတ်သွားပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပြန်အေးချမ်းသွားသည်။

“အာ...”

အချိန်မည်မျှ ကြာပြီးသည်မသိနောက်မှ ကျန်းရီ ဖြည်းဖြည်းချင်း သတိလည်လာသည်။ သူသည် လှိုင်းမူးသလိုမျိုး မူးဝေနေဆဲပင်။ သူသည် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းခါကာ သူ့ကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လည်ပတ်စေလိုက်သည်။ ထို့နောက် သူ မူးဝေစွာဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

ကျန်းရီကို ကြိုဆိုနေသော မြင်ကွင်းက အလွန်သူစိမ်းဆန်သည်။ သူမြင်ရသည်မှာ ကောင်းကင်ကြီးတစ်ခုပင်။ ကောင်းကင်ထက်တွင် ကြက်သွေးရောင်လ နှစ်စင်း ရှိနေသည်။ ထိုလနှစ်စင်းက အေးစက်စက်အလင်း ဖြာထုတ်နေသည်။ ပတ်ဝန်းကျင် လေထုကလည်း အလွန်ထူးခြားသည်။ ထိုနေရာရှိ မိုးမြေအတွင်းအား သိပ်သည်းဆမှာလည်း ကြောက်မက်ဖွယ်ပင်။ သေမင်း၏ သိပ်သည်းပင်လယ်ကထက် အဆတစ်ထောင်လောက် ပိုသိပ်သည်းသည်။ ယင်းမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထက် အဆတစ်သောင်း ပိုသိပ်သည်းသည်ဟူသော အဓိပ္ပာယ်ပင်။

“ဒါက ဘယ်နေရာလဲ”

ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူက ကမ်းပါးထိပ်တစ်ခုသို့ ရောက်နေခြင်းပင်။ သူ့ပတ်ပတ်လည်တွင် အဆုံးမဲ့ပင်လယ်ကြီးတစ်စင်း ရှိသည်။ ပင်လယ်က လှိုင်းထန်နေပြီး မကြာမကြာဆိုသလို လှိုင်းလုံးများက ကမ်းပါးကို လာလာရိုက်ကြသည်။ ထို့ကြောင့် ကျယ်လောင်သော လှိုင်းပုတ်သံများ ထွက်ပေါ်နေသည်။

ကျန်းရီသည် ထိုကဲ့သို့သော လှိုင်းလုံးကြီးများကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဤနေရာမှ လှိုင်းလုံးကြီးများက အဆုံးမဲ့စွမ်းအင်တစ်ခုကို ပိုင်ဆိုင်ကြပုံပေါ်သည်။ အကယ်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ ထိုလှိုင်းလုံးကြီးတစ်လုံး၏ ရိုက်ပုတ်မှုကို ခံရပါက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်လောက်သည်ဟုပင် ကျန်းရီ ခံစားနေရလေသည်။

ကမ်းပါးထိပ်တွင် ဆန်းကြယ်သော ဧရာမစင်ကြီးတစ်စင်ရှိသည်။ လက်ရှိတွင် ကျန်းရီက ထိုစင်ကြီးပေါ်တွင် ရှိနေခြင်းပင်။ သူနှင့်အတူ လူများစွာလည်း ရှိနေသည်။ အရေအတွက် တစ်ထောင်နီးပါးလောက် ရှိမည်။ အများစုက တင်ပျဉ်ခွေ ထိုင်နေကြပြီး အချို့မှာ သတိလစ်နေကြသည်။ ကျန်းရီသည် ဝေ့ဝဲကြည့်လိုက်ရာ သူ့ဘေးတွင် အနက်ရောင်နတ်ဘုရားကို တွေ့သည်။ အနက်ရောင်နတ်ဘုရားက လူသားအသွင် ဖြစ်နေပြီဖြစ်ပြီး သတိလည်မလာသေးပေ။

“ရှောင်နူ..‌.ရှောင်နူ...”

နောက်ဆုံးတွင် ကျန်းရီ လုံးဝအသိပြန်ကပ်လာပြီး စိုးရိမ်တကြီး ထရပ်ကာ လှည့်ပတ်ကြည့်၍ အော်ခေါ်လိုက်သည်။ ထိုစင်ပေါ်တွင် ကျန်းရှောင်နူကို မတွေ့ပေ။ ကျန်းရှောင်နူက အထက်ဘုံသို့ သူနှင့်အတူ လိုက်လာခဲ့သည်။ သို့သော် ကျန်းရီ မှတ်မိသည့် နောက်ဆုံးအရာမှာ သူတို့နှစ်ယောက်က အားကောင်းသော စုပ်အားကြီးကြောင့် လူကွဲသွားခြင်းပင်။ သူမက မိုးမြေစည်းမျဉ်းများ၏ တားဆီးမှုကို ခံလိုက်ရခြင်းလော။ သို့မဟုတ် သူမက အခြားနေရာတစ်ခုသို့ ရောက်သွားခြင်းလော။

“ပါးစပ်ပိတ်ထားစမ်း”

တိုးညင်းသော အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် အသံထွက်ပေါ်လာရာဘက်ကို ကြည့်လိုက်ရာ စင်အစွန်းပိုင်းတွင် ထိုင်နေသော ချပ်ဝတ်နက်ဝတ်ဆင်ထားသည့် စွမ်းအားကြီး လူတစ်စုကို တွေ့လိုက်ရသည်။ သူတို့ချပ်ဝတ်နက်၏ ရင်ဘတ်နေရာတွင် ဆူးပါသော ပန်းသီးပန်းပွင့်ပုံ တံဆိပ်ပါသည်။ စကားပြောလိုက်သူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏အကြည့်ထဲတွင် သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ သူက တွေး၍ပင် မကြည့်နိုင်လောက်သော ဖိအားပမာဏကို ပိုင်ဆိုင်ထားသဖြင့် နတ်ဘုရားအစစ်အမှန်တစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ နတ်ဘုရားအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏အကြည့်တစ်ချက်က ကျန်းရီကို ကျောစိမ့်သွားစေသည်။

“ကျန်းဧကရာဇ်...”

ထိုအခိုက်တွင် အနက်ရောင်နတ်ဘုရားက သတိပြန်လည်လာသည်။ သူ ကုန်းထလိုက်ပြီး ကျန်းရီအရှေ့တွင် ရပ်လိုက်သည်။ ချပ်ဝတ်နက်ဝတ် သိုင်းသမားက ကျန်းရီကို မကျေနပ်ဟန်ဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်သောအခါ အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာစွမ်းအားစုဝေးလာသည်။ သူက ထိုလူကို အမှန်ပင် တိုက်ခိုက်လိုနေပေသည်။

“ဟွန်း...”

ချပ်ဝတ်နက်ဝတ် သိုင်းသမားက နှာမှုတ်လိုက်၏။ ထို့နောက် သူ့လက်ထဲတွင် ကြာပွတ်တစ်လက် ရုတ်ခြည်းထွက်ပေါ်လာသည်။ သူသည် အနက်ရောင်နတ်ဘုရားကို ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။

ရွှစ်...ရွှစ်...

ထိုကြာပွတ်က အလွန်လျင်မြန်၏။ အနက်ရောင်နတ်ဘုရား မဆိုထားနှင့် ကျန်းရီသည်ပင် ၎င်း၏ အရိပ်ကိုသာ မြင်လိုက်ရသည်။ ကျန်းရီက မတုံ့ပြန်နိုင်သေးခင်မှာပင် ကြာပွတ်သည် အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ အနက်ရောင်နတ်ဘုရားသည် အဝေးသို့ လွင့်ပျံထွက်သွား၏။ သူ့ရင်ဘတ်ပေါ်တွင်လည်း နက်ရှိုင်းသော ဒဏ်ရာတစ်ခု ပေါ်လာသည်။ သူ့ရင်ဘတ်က ဓားဖြင့် အပိုင်းခံလိုက်ရသကဲ့သို့ပင်။ သူ့အရိုးများ ထိခိုက်သွားပြီး သူ့ကိုယ်တွင်းအင်္ဂါများလည်း ပေါ်သွားသည်။

“အနက်ရောင်နတ်ဘုရား”

ကျန်းရီက အပြေးသွား၍ အနက်ရောင်နတ်ဘုရားကို ပွေ့ထူလိုက်သည်။ ထို့နောက် သူသည် ချပ်ဝတ်နက်ဝတ် အသက်လတ်ပိုင်းယောက်ျားကို လှည့်ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဒေါသများ ပျို့တက်လာသည်။ သို့သော် သူ မဆင်မခြင် မလှုပ်ရှားလိုက်ပေ။ ကျန်းရီသည် အထက်ဘုံသို့ မလာခင်က အထက်ဘုံတွင် မဆင်မခြင် မလုပ်ဘဲ သည်းခံနိုင်သမျှ သည်းခံမည်ဟု ရီချန်ကို ကတိပေးခဲ့သည်။ သူ့တွင် သူအိမ်ပြန်လာမည်ကို စောင့်နေသော မိသားစုတစ်စု ရှိပေသည်။

အရေးအကြီးဆုံးမှာမူ ထိုအသက်လတ်ပိုင်းယောက်ျား၏ အရှိန်အဝါက အလွန်အားကောင်းနေခြင်းပင်။ ကျန်းရီသည် သူတို့နှစ်ယောက်က ပုရွက်ဆိတ်နှင့် နတ်ဘုရားကဲ့သို့ ကွာခြားသည်ဟု ခံစားနေရသည်။ သူ မဆင်မခြင် လုပ်လိုက်လျှင် သေသွားနိုင်သည်။

“အနိမ့်ဘုံက မိစ္ဆာလေးတစ်ကောင်က ဒီမှာ ပြဿနာရှာချင်တာလား။ ဒါက မင်းတို့နှစ်ယောက်အတွက် သင်ခန်းစာပဲ။ မင်းတို့ ထပ်ပြီး အော်လားဟစ်လား လုပ်ရင် ငါ့ကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”

ချပ်ဝတ်နက်ဝတ် ယောက်ျားက အနက်ရောင်နတ်ဘုရားကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။ ထို့နောက် ကျန်းရီကို ကြည့်ကာ သရော်သလို ဆက်ပြောသည်။

“ဒါက တိရှဘုံ... အနိမ့်ဘုံက နယ်နမိတ်လေးတစ်ခု မဟုတ်ဘူး။ ကောင်လေး... မင်းရဲ့ မာနကို ဖယ်ထားလိုက်။ မင်း တိရှဘုံက စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် တစ်ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်။ ကဲ.. အခု ပါးစပ်ပိတ်ထားပြီး တိတ်တိတ်လေး ထိုင်နေလိုက်တော့”

“အနက်ရောင်နတ်ဘုရား.. အရင်ဆုံး ခင်ဗျားရဲ့ ဒဏ်ရာကို ကုသလိုက်ပါ။ အခုကစပြီး ကျွန်တော့်ရဲ့ အမိန့်မရရင် အလျင်စလို မတိုက်ခိုက်ပါနဲ့”

ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို အားဖြည့်ဆေးအချို့ ပေးလိုက်ပြီး တွဲထူ၍ တင်ပျဉ်ခွေထိုင်စေကာ ဒဏ်ရာကုသခိုင်းလိုက်သည်။ သူသည်လည်း တင်ပျဉ်ခွေထိုင်၍ တိတ်တဆိတ်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြသော်လည်း သူ အလွန်စိုးရိမ်နေပေသည်။ ကျန်းရှောင်နူက ပျောက်နေသည် မဟုတ်ပါလား။ ထိုကောင်မလေးက စက္ကူဖြူလေးတစ်စကဲ့သို့ သန့်စင်ကာ အပြစ်ကင်းသည်။ အကယ်၍ သူမက မိုးမြေစည်းမျဉ်းများ၏ တားဆီးမှုကို ခံလိုက်ရ၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် ကျန်ခဲ့ခြင်းဆိုလျှင်မူ ကောင်းပေသည်။ သို့သော် သူမက အမှန်ပင် အထက်ဘုံသို့ ရောက်လာပြီး ဤတိရှဘုံရှိ အခြားနေရာတစ်ခုသို့ သို့မဟုတ် အခြားဘုံတစ်ခုသို့ ရောက်ရှိသွားခြင်းဆိုလျှင် ပြဿနာတက်ပေလိမ့်မည်။

***

All Chapters