← Chapters

နတ်ဘုရားလှေ

Vol. 93 Ch. 1288

နတ်ဘုရားလှေ

Vol. 93 Ch. 1288

‘ဟင့်အင်း... မဖြစ်သေးဘူး။ ငါ သတင်းစုံစမ်းဖို့ နည်းလမ်းတစ်ခု ရှာရမယ်’

ကျန်းရီသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုစင်ပေါ်တွင် သိုင်းသမားများစွာ ရှိနေသည်။ သို့သော် သူတို့အများစုက သူ့ကဲ့သို့ ယခုမှ အထက်ဘုံသို့ တက်လာခဲ့သူများပင်။ ထို့ကြောင့် သူတို့၏ အရှိန်အဝါများက ထူးထူးခြားခြား အားကောင်းမနေဘဲ သူနှင့် မတိမ်းမယိမ်းသာ ရှိကြသည်။ စင်အစွန်းပိုင်းတွင် ထိုင်နေကြသော ချပ်ဝတ်နက်ဝတ် သိုင်းသမားတစ်ဒါဇင်လောက်ကသာ စွမ်းအားကြီး အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် ဤတိရှဘုံမှ စွမ်းအားကြီး သိုင်းသမားများ ဖြစ်နိုင်ပေသည်။

‘တိရှဘုံ... ဆန်းကြယ်ဧကရာဇ်က သူတော်စင်တစ်သောင်းနယ်နမိတ်မှာ၊ အမေက သူတော်စင်ဝိညာဉ်ဘုံမှာ။ ငါ အဲ့နေရာတွေကို ဘယ်လိုသွားရမလဲ’

ကျန်းရီသည် တွေးတောရင်းဖြင့် ခေါင်းကိုက်လာသည်။ ထို့ကြောင့် သူ ခေါင်းခါလိုက်ပြီး လောလောဆယ်တွင် ထိုနှစ်ယောက်အကြောင်းကို မတွေးသေးရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် အရေးအကြီးဆုံးမှာ ကျန်းရှောင်နူက အထက်ဘုံကို ရောက်လာခဲ့၊ မလာခဲ့ကို အတည်ပြုရန် ဖြစ်သည်။ အကယ်၍ သူမက အထက်ဘုံကို ရောက်လာခဲ့သည်ဆိုလျှင် ယခု မည်သည့်နေရာ၌ ရှိနေသည်ကို သိအောင်လုပ်ရပေမည်။

ကျန်းရီသည် အစောက အနက်ရောင်နတ်ဘုရားကို တိုက်ခိုက်ခဲ့သော ချပ်ဝတ်နက်ဝတ် သိုင်းသမားအား လှမ်းကြည့်လိုက်သည်။ သူသည် ထိုလူထံ အသံပို့လွှတ်၍ မေးခွန်းအချို့ မေးလိုနေသည်။ သို့သော် အံ့အားသင့်ဖွယ်ကိစ္စတစ်ခုကို သူ သိလိုက်ရသည်။ ဤနေရာတွင် အသံပို့လွှတ်၍ မရပေ။ ဤနေရာမှ အာကာပြင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခိုင်မာသည်။ သေမင်း၏ သိပ်သည်းပင်လယ်ကထက်ပင် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုသန်မာသည်။

နောက်ဆုံးတွင် ကျန်းရီသည် အံကြိတ်၍ ထရပ်လိုက်ပြီး ချပ်ဝတ်နက်ဝတ် သိုင်းသမားထံ လက်ဆုပ်အရိုအသေပြု၍ ပြောလိုက်သည်။

“အရှင်... ကျွန်တော် ကိစ္စတချို့ မေးလို့ရမလားခင်ဗျာ”

“ပါးစပ်ပိတ်ထား”

ချပ်ဝတ်နက်ဝတ် သိုင်းသမားက ကျန်းရီကို မျက်နှာသေဖြင့် ကြည့်၍ အေးစက်စက် ပြန်ပြောသည်။

“မင်းမှာ စကားပြောခွင့် မရှိဘူး။ မင်း တိရှဘုံအကြောင်း ပိုသိချင်ရင် နောက်ကျ အခွင့်အရေး ရှိလာလိမ့်မယ်။ အခုတော့... မရဘူး”

ထိုနေရာတွင် လူပိုများလေလေ၊ အခြေအနေများက ပိုရှုပ်ထွေးလာနိုင်လေလေပင်။ ထို့ပြင် ဤဘုံ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အကယ်၍ ကျန်းရီသာ အလျင်စလို ပြုမူလိုက်လျှင် ဒုက္ခကြုံရနိုင်သည်။ ထို့ကြောင့် သူသည် အချိန်တစ်ခုအထိ မည်သို့မှ မလုပ်သေးဘဲ တိတ်တဆိတ် ဆက်စောင့်နေရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။

ရွှီး...

တစ်နာရီကြာပြီးနောက် စင်ပေါ်မှ အစီအရင်က လင်းလက်လာပြီး တုတ်ခိုင်သော လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် သတိမေ့နေပြီး စင်ပေါ်တွင် လဲကျသွားသည်။ ထို့နောက် စင်ပေါ်မှ အစီအရင်က ပြန်မှိန်သွားသည်။ ပတ်ဝန်းကျင်သည်လည်း ပြန်လည် တိတ်ဆိတ်သွားပေသည်။

“ဟားဟားဟား”

ငါးမိနစ်ကြာပြီးနောက် အစောတွင် ရောက်လာခဲ့သော တုတ်ခိုင်သည့် သိုင်းသမားက မျက်လုံးများ ပွင့်လာကာ စတင် ရယ်မောလေသည်။ သူသည် ဂုဏ်ယူနေပုံပေါ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ ထို့နောက် လက်နှစ်ဘက်မြှောက်ကာ အော်ပြောလိုက်သည်။

“တက်လှမ်းနိုင်ခဲ့ပြီ... နောက်ဆုံးတော့ ငါ တက်လှမ်းနိုင်ခဲ့ပြီ။ နတ်ဘုရားဘုံ ငါ မင်းကို သိမ်းပိုက်ဖို့လာပြီ”

ရွှစ်...ရွှစ်...

ထင်ထားသလိုပင် ချပ်ဝတ်နက်ဝတ် သိုင်းသမားက မျက်လုံးများဖွင့်ကာ ကြာပွတ်ဖြင့် ထပ်မံရိုက်လိုက်သည်။ တုတ်ခိုင်သော သိုင်းသမားသည် တုံ့ပြန်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ အဝေးသို့ လွင့်ထွက်သွားသည်။ သူသည် စင်ပေါ်မှနေ၍ ပင်လယ်ထဲ ကျသွားမလိုပင် ဖြစ်သွားသည်။

“မင်းက ငါ့ကို ရိုက်ရဲတယ်လား။ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

အစတွင် ကျန်းရီသည် ထိုတုတ်ခိုင်သော သိုင်းသမားက ဉာဏ်ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သူသည် ဒဏ်ရာရသွားပြီးသည်ပင် လှံတစ်ချောင်း ထုတ်၍ ချပ်ဝတ်နက်ဝတ် သိုင်းသမားဆီသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပြေးသွားသည်။ လှံကလည်း အရိပ်ဖြစ်သွားပြီး ချပ်ဝတ်နက်ဝတ် သိုင်းသမားကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

“မင်းက ကိုယ့်သေတွင်းကိုယ်တူးမှတော့ အသက်ရှင်ခွင့် မရှိတော့ဘူး”

ချပ်ဝတ်နက်ဝတ် သိုင်းသမားဘေးရှိ ပို၍ဝါစဉ်ကြီးပုံပေါ်သော မီးခိုးရောင်ဆံပင်နှင့် သိုင်းသမားက မျက်လုံးများဖွင့်လာပြီး အေးစက်စက် ပြောလိုက်သည်။ ချပ်ဝတ်နက်ဝတ် သိုင်းသမားကလည်း ဆက်၍ညှာမနေတော့ဘဲ ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ဤတစ်ကြိမ်တွင် တိုက်ခိုက်မှုက အစောကဲ့သို့ မပျော့ပေ။ စူးရှသော လေခွင်းသံတစ်သံပင် ထွက်ပေါ်လာသည်။ ထိုနေရာရှိ အလွန်ခိုင်မာသော အာကာပြင်သည်ပင် အတန်ငယ် တုန်ခါသွားသည်။ ကျန်းရီနှင့် အခြားသူများအားလုံးကို တုန်လှုပ်သွားစေသော အရှိန်အဝါတစ်ခုကလည်း ကြာပွတ်မှနေ၍ ထွက်လာသည်။

ဖြန်း...

ထင်ထားသလိုပင် တုတ်ခိုင်သော သိုင်းသမားက ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ သူသည် ရုတ်ခြည်း ပေါက်ကွဲသွားပြီး သွေးမှုန်သွေးမွှားများ ဖြစ်သွားသည်။ သူ၏အကြွင်းအကျန်တစ်ခုပင် မကျန်ခဲ့ချေ။ သူကိုင်ထားသော လှံကိုမူ ချပ်ဝတ်နက်ဝတ် သိုင်းသမားက ယူလိုက်ပြီး လက်စွပ်ထဲတွင် သိမ်းလိုက်သည်။ ထို့နောက် သူသည် ကျန်းရီနှင့် အခြားလူများကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ဒီနေရာမှာ စည်းမျဉ်းတွေကို မလိုက်နာတဲ့သူတိုင်း သေရမယ်”

ကျန်းရီနှင့် အခြားသူအားလုံးသည် ကြောက်ရွံ့တုန်လှုပ်ကာ မှင်တက်နေကြသည်။ အထက်ဘုံတွင် အမှန်ပင် စွမ်းအားကြီး သိုင်းသမားများနှင့် ပြည့်နှက်နေသည်။ ဤနေရာတွင် အဆင့်တက်လာခဲ့သော နတ်ဘုရားအစစ်အမှန်များက သာမန်သာဖြစ်သည်။ ဤနေရာတွင် ပြဿနာရှာသူများသည် အမှန်ပင် နောက်တစ်ရက်ကို တွေ့နိုင်တော့မည် မဟုတ်ပေ။

‘ဘာလို့ အထက်ဘုံက ဒဏ္ဍာရီတွေထဲကလို မအေးချမ်းရတာလဲ။ မအေးချမ်းတဲ့အပြင် အန္တရာယ်တွေ၊ သတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေတယ်လား’

ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ သူသည် အထက်ဘုံက မသေမျိုးဘုံ၊ နတ်ဘုရားဘုံဟု အမြဲထင်ခဲ့သည်။ အထက်ဘုံသည် မကုန်ခမ်းနိုင်သော မသေဆေးများနှင့် နတ်ဘုရားအသုံးအဆောင်များ ပြည့်နှက်နေသော သာယာသည့်နေရာတစ်ခု၊ သတ်ဖြတ်မှုများမရှိသည့် နေရာတစ်ခု၊ ပဋိပက္ခများ၊ အခက်အခဲများမရှိသည့် နေရာတစ်ခု၊ အကျဉ်းတန်မှုများမရှိသည့် နေရာတစ်ခုဟုလည်း သူ ထင်ခဲ့သည်။

သို့သော် ကျန်းရီသည် လက်ရှိနေရာက ကောင်းကင်ဘုံဟု မခံစားရဘဲ ငရဲဟုသာ ခံစားနေရသည်။ ဤနေရာတွင် သတ်ဖြတ်ခြင်းမှာ အနိမ်ဘုံကထက်ပင် ပို၍သာမန်ဆန်သည်။ တုတ်ခိုင်သော သိုင်းသမားသည် ချပ်ဝတ်နက်များကို တိုက်ခိုက်ရုံသာ တိုက်ခိုက်လိုခဲ့ခြင်းဖြစ်သော်လည်း ချပ်ဝတ်နက်များက သူ့ကို အခွင့်အရေးတစ်ခုပင် မပေးဘဲ သတ်ပစ်ခဲ့သည်။

လူတစ်ယောက်အတွက် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ရန်မှာ မည်မျှ ခက်ခဲပါသနည်း။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တည်ရှိခဲ့သော နှစ်တစ်သန်းအတွင်း၌ လူနှစ်ယောက်သာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ သို့သော် အခက်အခဲများစွာကို ကျော်ဖြတ်၍ နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးနောက် ရုတ်ခြည်းအတွင်း အသတ်ခံလိုက်ရခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပေသည်။ တုတ်ခိုင်သော သိုင်းသမားသည် ဉာဏ်နည်းပြီး စိတ်ကြီးဝင်နေခဲ့သော်လည်း သူ့ကို အခွင့်အရေးတစ်ခုတော့ ပေးသင့်သည် မဟုတ်ပါလား။

ရွှီး...ရွှီး...

ကျန်းရီ အတွေးနက်နေစဉ်တွင် ထိုနေရာသို့ လူများ ထပ်ရောက်လာသည်။ ကျန်းရီ တင်ပျဉ်ခွေထိုင်နေခဲ့သည့် နာရီနှစ်ဆယ်ကျော်အတွင်း လူဒါဇင်အနည်းငယ် ထပ်မံရောက်လာခဲ့သည်။ သူတို့အများစုက လူသားများဖြစ်သော်လည်း ထူးခြားသည့်မျိုးနွယ်အချို့လည်း ပါပေသည်။ ဥပမာအနေဖြင့် မကြာသေးခင်ကမှ ရောက်လာခဲ့သူကို ကြည့်ပါ။ သူ့တွင် လက်ချောင်းခြောက်ချောင်းရှိပြီး သူ့ပုံစံက အလွန်ထူးဆန်းသည်။

‘အာ... နာရီနှစ်ဆယ်ကျော် ကြာပြီးတာတောင် ကြက်သွေးရောင်လတွေက ရွေ့ရုံပဲ ရွေ့သေးတယ်လား။ အဲ့လိုဆို လဝင်ဖို့ နှစ်နည်းနည်းလောက် ကြာနိုင်တယ် မဟုတ်ဘူးလား’

ကျန်းရီသည် ကိစ္စတစ်ခုကို သတိပြုမိသွား၏။ ကောင်းကင်ထဲရှိ ကြက်သွေး‌ရောင်လနှစ်စင်းက ရွေ့လျားနေသည်။ သို့သော် တိရှဘုံက အလွန်ကြီးမားသဖြင့် နာရီနှစ်ဆယ်ကြာပြီးနောက်တွင်ပင် လနှစ်စင်းက အနည်းငယ်သာ ရွေ့သေးသည်ဟု ထင်ရခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ သေချာအာရုံစိုက်၍ မကြည့်ပါက လနှစ်စင်း ‌ရွေ့လျားနေသည်ကို သတိပြုမိမည် မဟုတ်ပေ။

ပြီးခဲ့သော နာရီနှစ်ဆယ်ကျော်အတွင်း၌ ချပ်ဝတ်နက်ဝတ် သိုင်းသမား တစ်ဒါဇင်သည် တစ်ကြိမ်ပင် ထမရပ်ခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည်လည်း နာရီများကို ရေတွက်ရင်းသာ ဆက်ထိုင်နေရသည်။

တစ်ရက်၊ သုံးရက်... ငါးရက်...

ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ငါးရက်နှင့်ညီသောအချိန် ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း စင်ပေါ်သို့ နောက်ထပ်လူတစ်ရာ ထပ်မံရောက်ရှိလာသည်။ ထိုထဲမှ သုံးယောက်က တိရှဘုံ၏ တပ်သားများနှင့် တိုက်ခိုက်ခဲ့သည်။ နှစ်ယောက်က ဒဏ်ရာအနည်းအပါး ရသွားခဲ့ပြီး တစ်ယောက်မှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

ခုနစ်ရက်မြောက်နေ့တွင် ချပ်ဝတ်နက်များကြားမှ ဝါစဉ်ပိုကြီးပုံပေါ်သော သိုင်းသမားကြီးသည် မျက်လုံးဖွင့်ကာ ထရပ်၍ ပြောလိုက်သည်။

“ကောင်းပြီ.. အချိန်စေ့ပြီ။ ဒီတစ်ခေါက် အထက်ဘုံကို တက်လှမ်းလာမဲ့ သူတွေကို စောင့်တာ ဒီမှာပဲ ပြီးဆုံးပြီ။ အန်ထျန်း၊ အန်ဟွင်း... မင်းတို့နှစ်ယောက်က ဒီမှာ နေခဲ့ကြ။ ကျန်တဲ့သူတွေက ဒီလူတွေကို ခေါ်ပြီး ငါနဲ့ပြန်လိုက်ခဲ့”

“ဟုတ်ကဲ့ပါ အရှင်အန်ယင်း”

ချပ်ဝတ်နက် တစ်ဒါဇင်က ထရပ်လိုက်ပြီး အမိန့်နာခံလိုက်ကြသည်။ ကြာပွတ်အသုံးပြုခဲ့သော သိုင်းသမားက သူ့လက်စွပ်ထဲမှနေ၍ နဂါးလှေတစ်စီး ထုတ်လိုက်သည်။ သေးငယ်သော နဂါးလှေလေးက တောက်ပလာပြီး လျင်မြန်စွာ ကြီးမားလာသည်။ နောက်ဆုံးတွင် ပေတစ်သောင်းရှည်သွားသည်။ ထိုနဂါးလှေမှာ အမိုးပိတ်နှင့်ဖြစ်သည်။ ၎င်း၏ ဝမ်းဘေးတွင် ဧရာမတံခါးကြီးတစ်ချပ်ပါသည်။ ယခုတွင် ထိုတံခါးက ဖြည်းဖြည်းချင်း ပွင့်လာလေသည်။

အရှင်အန်ယင်းဟုခေါ်သော သိုင်းသမားအိုကြီးက ကျန်းရီနှင့် အခြားသူအားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ ပြောသည်။

“ငါ့နာမည်က အန်ယင်း။ ငါက တိရှဘုံက သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ တပ်မှူးပဲ။ အခု ငါက မင်းတို့အကုန်လုံးကို သိမ်းငှက်ပြာစီရင်စုနယ်ဆီ ခေါ်သွားမယ်။ အဲ့တော့ မင်းတို့အကုန်လုံး နတ်ဘုရားလှေပေါ် တက်ကြပါ။ နတ်ဘုရားလှေထဲမှာ စွမ်းရည်သုံးတာတွေ၊ သိုင်းပညာသုံးတာတွေကို တားမြစ်ထားတယ်။ ရုတ်ရုတ်ရက်ရက် လုပ်တဲ့သူမှန်သမျှ အသတ်ခံရမယ်...”

“အဲ... လှေပေါ်ကို တက်မယ်၊ မတက်ဘူးကိုတော့ မင်းတို့ ရွေးချယ်နိုင်ပါတယ်။ မင်းတို့ဘာသာလည်း တိရှဘုံမှာ သွားလာနိုင်တယ်။ ဒါပေမဲ့... မင်းတို့ရဲ့ လက်ရှိစွမ်းအားတွေအရ မင်းတို့အကုန်လုံးက တိရှပင်လယ်ထဲကတောင် ထွက်နိုင်လိုက်မှာ မဟုတ်ဘူး။ ဒီတော့ ငါတို့ရဲ့ စည်းမျဉ်းတွေကို မကျေနပ်ဘူးဆိုရင် မင်းတို့ ထွက်သွားလို့ရတယ်”

အန်ယင်းသည် စကားပြောပြီးနောက် သူ့လူတစ်ဒါဇင်ကို ခေါ်၍ နဂါးလှေပေါ်သို့ ပျံတက်သွားသည်။ အနက်ရောင်နတ်ဘုရားသည် ရက်အနည်းငယ် အနားယူပြီးနောက် ယခု အတော်လေး ပြန်ကောင်းနေပြီဖြစ်သည်။ ကျန်းရီကလည်း သူ့ကိုယ်ထဲသို့ ကောင်းကင်စွမ်းအား နှစ်တန်း ထည့်သွင်းပေးခဲ့ပြီး သူ့ကို ကူညီပေးခဲ့သည်။ အနက်ရောင်နတ်ဘုရားက နဂါးလှေကိုကြည့်၏။ ထို့နောက် ချပ်ဝတ်နက်များကို ကြည့်၏။ သူ၏မျက်ဝန်းများထဲတွင် အမုန်းတရား ပေါ်ထွက်လာသည်။ ပြီးနောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျန်းဧကရာဇ် ကျုပ်တို့ ဘာလုပ်သင့်လဲ။ ကျုပ်တို့ဘာသာ သွားပြီး မိန်းကလေးရှောင်နူကို သွားရှာရင် မကောင်းဘူးလား”

“ကျွန်တော့်ကို ကျန်းဧကရာဇ်လို့ မခေါ်ပါနဲ့။ ဒီနေရာက ကောင်းကင်ကြယ်တာရာနယ်နမိတ် မဟုတ်ပါဘူး။ ကျန်းရီ ဒါမှမဟုတ် သခင်လေးလို့ပဲ ခေါ်ပါ”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြတ်ပြတ်သားသား ထရပ်ကာ ပြောလိုက်သည်။

“နတ်ဘုရားလှေပေါ် တက်ကြတာပေါ့။ အခု ကျွန်တော်တို့ လုပ်ရမှာက တိရှဘုံနဲ့ ရင်းနှီးလာအောင်ပဲ။ နောက်မှ နောက်ခြေတစ်လှမ်းအတွက် ပြင်ဆင်ရမယ်။ ကျွန်တော်တို့ သေသွားရင် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူးမလား။ ကျွန်တော်တို့ပဲ သေမှာဆိုရင် အရေးမကြီးဘူးဆိုပေမဲ့ ကျွန်တော်တို့သေရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က သန်းထောင်ချီတဲ့ သက်ရှိတွေလည်း သေရလိမ့်မယ်။ ကျွန်တော်တို့ ရှောင်နူကို ရှာမှာပါ.. ဒါပေမဲ့ အခုက အချိန်မကျသေးဘူး”

“ဟုတ်ကဲ့ပါ သခင်လေး”

အနက်ရောင်နတ်ဘုရားလည်း ထရပ်လိုက်ပြီး ကျန်းရီနောက်မှနေ၍ နတ်ဘုရားလှေဆီသို့ သွားလိုက်သည်။ လှေက ကောင်းကင်ထက် ပေတစ်ထောင်အမြင့်တွင် ရပ်နေခြင်းပင်။ ထိုနေရာရှိ အာကာပြင်က အလွန်ခိုင်မာသဖြင့် ကျန်းရီသည် ကောင်းကင်စွမ်းအားကို သုံးလျှင်ပင် လုံးဝပျံမတက်နိုင်ကြောင်း သိလိုက်ရသည်။ အနက်ရောင်နတ်ဘုရား၏ အခြေအနေက ပိုဆိုးသည်။ သူ၏ အပြေးနှုန်းသည်ပင် နှေးနေပေသည်။

“သွားမယ်...”

ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို ဆုပ်ကိုင်၍ ဒူးကွေးကာ ကောင်းကင်ထက် ခုန်တက်လိုက်သည်။ သူသည် ပေတစ်ထောင်အမြင့်ကို ခုန်နိုင်သည်ဆိုရုံသာ ခုန်နိုင်လိုက်သည်။ သူ့လက်တစ်ဘက်က နတ်ဘုရားလှေ၏ တံခါးကို ဆုပ်ကိုင်နိုင်လိုက်သည်။ ထို့နောက်မှ သူသည် ဆွဲခိုတက်၍ လှေထဲဝင်လိုက်ရလေသည်။

***

All Chapters