← Chapters

တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်

Vol. 93 Ch. 1289

တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်

Vol. 93 Ch. 1289

နတ်ဘုရားလှေက မကြီးပေ။ သို့သော် အလွန်ရှည်သည်။ လှေဝမ်းထဲ၌ ရှင်းလင်းနေသည်။ လှေဝမ်းကို အရှေ့အနောက် ခြားထားသော ဧရာမတံခါးကြီးမှလွဲ၍ အထဲတွင် အခြားမည်သည့်အရာမှ မရှိ‌ပေ။ အန်ယင်းနှင့် ချပ်ဝတ်နက်တစ်ဒါဇင်က အရှေ့ဝမ်းထဲသို့ ဝင်သွားကြသည်။ သူတို့သည် ကြာပွတ်ကိုင် အသက်လတ်ပိုင်းအရွယ် သိုင်းသမားကိုသာ ထားခဲ့သည်။ ထိုသိုင်းသမားက တံခါးအပြင်တွင် ရပ်နေသည်။

“မင်းတို့ ဝင်သွားပြီးတာနဲ့ ကိုယ့်နေရာကိုယ်ရှာပြီး ထိုင်နေကြ။ ဘာရုတ်ရုတ်ရက်ရက်မှ မလုပ်နဲ့... မဟုတ်ရင် မင်းတို့ကို လှေပေါ်ကနေ ချက်ချင်း ကန်ချပစ်မယ်”

ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ လှေဝမ်းထဲ ရောက်လာသောအခါ အသက်လတ်ပိုင်းအရွယ် သိုင်းသမား၏ အကြည့်က သူတို့အပေါ် ကျရောက်လာသည်။ ကျန်းရီသည် သူနှင့်အတူ အနက်ရောင်နတ်ဘုရား ရှိနေသော်လည်း ထိုလူအနားသို့ အရမ်းမကပ်ဝံ့ပေ။ ထို့ကြောင့် အခန်းအလယ်လောက်တွင်သာ တင်ပျဉ်ခွေထိုင်လိုက်သည်။

လူများဆက်၍ ဝင်ရောက်လာသည်။ သူတို့သည်လည်း နေရာရှာ၍ တိတ်တဆိတ် ထိုင်လိုက်ကြသည်။ ကျန်းရီသည် လှေဝမ်းထဲ ဝင်လာသော လူအရေအတွက်ကို ရေတွက်ကြည့်၏။ စင်ပေါ်ရှိ လူအားလုံးထဲမှ အယောက်တစ်ရာလောက်သာ လှေထဲ ဝင်မလာကြောင်း သူ သိလိုက်ရသည်။ ထိုလူများက သူတို့၏ ကံကိုစမ်း၍ တိရှဘုံတွင် သူတို့ဘာသာ သွားလာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်။

ဘုန်း...ဘုန်း...

လှေဝမ်းထဲသို့ လူများ ဆက်ဝင်မလာတော့သည်ကို တွေ့လိုက်သောအခါ အသက်လတ်ပိုင်း သိုင်းသမားက လှေနံရံကို လက်တစ်ဘက်ဖြင့် ပုတ်လိုက်သည်။ ထိုအခါ လှေဝမ်းဘေးမှ တံခါးကြီး ပိတ်သွားပြီး နတ်ဘုရားလှေ တောက်ပလာသည်။ လှေနံရံကလည်း ဖောက်ထွင်းမြင်နိုင်သော အကြည်နံရံဖြစ်သွားသည်။ ထို့ကြောင့် လှေဝမ်းထဲမှ လူအားလုံးသည် အပြင်ဘက်မှ ပတ်ဝန်းကျင်ကို မြင်နိုင်သွားကြပေသည်။

‘တကယ်ကို လူတစ်ယောက်လောက်က လှေပေါ်မတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပဲ။ အဲ့လူတွေက သူတို့ရဲ့ စွမ်းရည်တွေအပေါ် အရမ်းယုံကြည်မှုရှိတဲ့ပုံပဲ’

ကျန်းရီသည် အောက်ဘက်မှ စင်ကို ငုံ့ကြည့်လိုက်ရာ စင်ပေါ်တွင် လူတစ်ယောက်လောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ နတ်ဘုရားလှေ ထွက်ခွာမသွားခင်အထိ သူတို့ထဲက မည်သူမှ မလှုပ်ကြပေ။ စင်ပေါ်တွင် ကျန်နေခဲ့သော ချပ်ဝတ်နက်နှစ်ယောက်သည် သူတို့ကို အရေးမလုပ်ကြဘဲ တင်ပျဉ်ခွေသာ ဆက်ထိုင်နေကြသည်။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ လှေဝမ်းထဲရှိ ကျန်းရီတို့က အပြင်ဘက်ကို မြင်နေရသော်လည်း အပြင်ဘက်မှ လူတစ်ယောက်လောက်သည် လှေဝမ်းထဲရှိ ကျန်းရီတို့ကို မမြင်နိုင်ခြင်းပင်။ နတ်ဘုရားလှေသည် အဖြူရောင်အလင်း ဆက်တောက်ပလာပြီး အဖြူရောင်မျောလွင့်နဂါးတစ်ကောင်ကဲ့သို့ တိရှပင်လယ်ထဲ ပျံသန်းသွားလိုက်လေသည်။ မျက်တောင်နှစ်ခတ်စာအတွင်းမှာပင် နတ်ဘုရားလှေသည် စင်ပေါ်တွင် ရပ်နေသော လူတစ်ရာလောက်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

“သွားမယ်...”

စင်ပေါ်တွင် ရပ်နေသော လူများထဲမှ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက် အော်ပြောလိုက်သည်။ ထိုအခါ လူတစ်ရာလောက်သည် ပင်ဘယ်ဘက်သို့ အမြန်ဆုံး ပျံသန်းသွားလိုက်ကြသည်။ သို့သော် ပင်လယ်ထဲ ရောက်သောအခါ သူတို့အများစု မှင်တက်သွားကြသည်။ လှိုင်းလုံးများက အလွန်အားကောင်းသည်။ သူတို့တော်တော်များများသည် လှိုင်းလုံးများ၏ ရိုက်ပုတ်မှုကို ခံရကာ ကမ်းပါးနံရံနှင့် သွားဆောင့်ကြပြီး သွေးအန်သွားကြသည်။ သူတို့ ဒဏ်ရာရသွားကြောင်း ထင်ရှားပေသည်။ သို့သော် အချို့လူများ၏ စွမ်းရည်များက မဆိုးပေ။ အချို့သည် လှိုင်းလုံးများအကြားတွင် သွက်လက်စွာ ရှောင်တိမ်းပျံသန်းကြသည်။ အချို့မှာ နက်ရှိုင်းသော ပင်လယ်ရေထဲ ငုပ်ဝင်သွားကြသည်။

‘ဒါက ဘယ်လို သောက်ပင်လယ်မျိုးလဲ။ ဘာလို့ လှိုင်းလုံးတွေက ဒီလောက်ကြောက်စရာ‌ကောင်းနေရတာလဲ’

နောက်ဆုံးတွင် လူအချို့သည် လှိုင်လုံးများ၏ ရိုက်ပုတ်မှုကို ထပ်ခါထပ်ခါ ခံရပြီးနောက် သူတို့ ရှေ့ဆက်မသွားနိုင်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့သည် ကမ်းပါးပေါ်တွင်သာ အိုးတိုးအန်းတန်းနှင့် ရပ်နေရတော့သည်။ ထို့နောက်တွင် သူတို့သည် ချပ်ဝတ်နက်နှစ်ယောက်ထံသွား၍ ဒူးထောက်လိုက်ကြသည်။

“အရှင်တို့... ကျွန်တော်တို့ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နတ်ဘုရားလှေပေါ် တက်ခွင့်ပေးပါ”

“ခင်ဗျားတို့က အခုမှ နတ်ဘုရားလှေပေါ် တက်ချင်နေကြတာလား။ အရမ်းနောက်ကျသွားပြီ...”

ချပ်ဝတ်နက်တစ်ယောက်က မျက်လုံးဖွင့်ကြည့်၍ သူတို့ကို လှောင်ပြောင်လိုက်သည်။

“ဒီမှာထိုင်ပြီး တစ်နှစ်စောင့်နေ”

“တစ်နှစ်လား.. ရပါတယ်၊ ရပါတယ်”

မျက်နှာတွင် အမာရွတ်များ ပြည့်နှက်နေသော သိုင်းသမားတစ်ယောက်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူတို့အဆင့် သိုင်းသမားများအတွက် တစ်နှစ်ဟူသောအချိန်က တစ်ခဏအတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ သူတို့သည် ထိုင်၍ ကျင့်ကြံနေရုံပင်။

“ဟင်းဟင်း...”

အခြားချပ်ဝတ်နက်ကလည်း မျက်လုံးဖွင့်ကာ သရော်ပြုံး ပြုံးလိုက်သည်။

“ကျုပ်တို့က ခင်ဗျားတို့ကို ပြောဖို့ မေ့နေတာ။ ဒီဘုံမှာ ကြက်သွေးရောင်လ ဝင်သွားပြီး ခရမ်းရောင်နေ ထွက်လာမှ တစ်ရက်လို့ ရေတွက်တယ်။ ဒီကတစ်ရက်က ခင်ဗျားတို့ရဲ့ အနိမ့်ဘုံက ရက်တစ်ရာနဲ့ ညီမျှတယ်”

“ဗျာ...”

လူများက ချပ်ဝတ်နက်နှစ်ယောက်ကို မှင်တက်စွာ ငေးကြည့်လိုက်ကြသည်။ ဤဘုံမှ တစ်ရက်က အနိမ့်ဘုံ၏ ရက်တစ်ရာနှင့် ညီမျှသည်လော။ သို့ဆိုလျှင် သူတို့က ထိုနေရာတွင် နှစ်ရာနှင့်ချီ စောင့်ရတော့မည် မဟုတ်လော။

လူအနည်းငယ်သည် စိတ်ပျက်ဟန်ဖြင့် ပင်လယ်ပြင်ကျယ်ကြီးကို ပြန်ကြည့်လိုက်ကြသည်။ အချို့က ရူးမိုက်စွာဖြင့် ကံထပ်စမ်းကြည့်လိုနေကြသည်။ သူတို့အတွက် နှစ်ရာချီမှာ အလွန်ကြာပေသည်။ ထိုစဉ် ချပ်ဝတ်နက်တစ်ယောက်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ခင်ဗျားတို့ တိရှပင်လယ်ထဲကို ကိုယ့်ဘာသာသွားချင်ရင် သွားလို့ရပါတယ်။ ဒါပေမဲ့... အခု ကျုပ် ခင်ဗျားတို့ကို ရှင်းရှင်းပဲ ပြောလိုက်မယ်။ နတ်ဘုရားလှေမရှိရင် ကျုပ်တို့တောင် တိရှပင်လယ်ထဲကို မသွားနိုင်ဘူး။ ကျုပ်တို့ သေချာပေါက် သေလိမ့်မယ်”

“အာ...”

ယခုတွင် ကျန်ခဲ့သော လူဆယ်ချီက လုံးဝကြောက်ရွံ့သွားသည်။ သူတို့သည် ပင်လယ်ထဲတွင် ရုန်းကန်နေသော လူများကို ကြည့်ရင်း ရေမျောနေသည့် အလောင်းများကို ကြည့်နေရသကဲ့သို့ ခံစားလာရသည်။ မည်သူကမှ မစွန့်စားဝံ့တော့ပေ။ သူတို့အားလုံးသည် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ကျင့်ကြံရန် အသင့်ပြင်လိုက်ကြသည်။ သို့သော် သူတို့ စိတ်ပျက်နေကြပေသည်။ ထိုအကြောင်းကိုသာ အစောက သိခဲ့လျှင် သူတို့သည် သေချာပေါက် နတ်ဘုရားလှေပေါ် တက်ခဲ့ကြမည်ဖြစ်သည်။

***

“အားလုံး နားထောင်ကြ”

နတ်ဘုရားလှေထဲတွင် ကြာပွတ်ကိုင် အသက်လတ်ပိုင်း သိုင်းသမားက ရုတ်တရက် အော်ပြောလိုက်သည်။

“ကျုပ်နာမည်က အန်ဝူ။ ကျုပ်က သိမ်းငှက်ပြာစံအိမ်ရဲ့ တတိယလက်ထောက်တပ်မှူးပဲ။ အခု ခင်ဗျားတို့ကို တိရှဘုံအကြောင်းနဲ့ သိမ်းငှက်ပြာစံအိမ်အကြောင်းကို အကျဉ်း ပြောပြမယ်။ ကျုပ် အဲ့အကြောင်းတွေကို တစ်ကြိမ်ပဲ ပြောမယ်”

ကျန်းရီနှင့် အခြားသူများအားလုံး စိတ်ဝင်စားသွားကြပြီး အန်ဝူပြောမည့်စကားများကို အာရုံစိုက်ထားလိုက်ကြသည်။ အန်ဝူသည် ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် လှေဝမ်းထဲမှ လူတစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။ ထို့နောက်မှ လေသံတိုးတိုးဖြင့် ပြောသည်။

“တိရှဘုံက အင်အားအကြီးဆုံး ဘုံဆယ်ဘုံထဲက တစ်ဘုံပဲ။ တိရှဘုံရဲ့ အုပ်စိုးသူက တိရှအရှင်။ တိရှအရှင်က တိရှဘုံမှာ စွမ်းအားအကြီးဆုံး၊ ဩဇာအာဏာအကြီးဆုံးသူဖြစ်တယ်။ တိရှစစ်တပ်က ဒီဘုံမှာ စည်းကမ်းထိန်းသိမ်းပေးတဲ့ တစ်ခုတည်းသော စစ်တပ်ပဲ။ တကယ်လို့ တစ်ယောက်ယောက်က စစ်တပ်ကို ရန်ပြုမယ်ဆိုရင် ဒါမှမဟုတ် တိရှဘုံရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင် သေရလိမ့်မယ်...”

“တိရှဘုံမှာ စည်းမျဉ်းတွေ အများကြီး မရှိပါဘူး။ ပထမစည်းမျဉ်းက မင်းတို့ တိရှိစစ်တပ်က တပ်သားတွေကို တိုက်ခိုက်လို့မရဘူး။ မဟုတ်ရင် မင်းတို့ အသတ်ခံရမယ်။ ဒုတိယစည်းမျဉ်းက မြို့တွေထဲမှာ စွမ်းအားသုံးခွင့်မရှိဘူး။ မလိုက်နာရင် အသတ်ခံရမယ်။ တတိယစည်းမျဉ်းကတော့ တိရှအရှင်ရဲ့ အမိန့်တွေကို မဆန့်ကျင်ရဘူး.. ဆန့်ကျင်ရင် အသတ်ခံရမယ်။ အဲ့စည်းမျဉ်းသုံးခုကလွဲပြီး တခြားစည်းမျဉ်းတွေ မရှိဘူး...”

“တစ်ရက်နဲ့ နေ့တစ်ပိုင်းကြာပြီးရင် မင်းတို့ သိမ်းငှက်ပြာစီရင်စုနယ်ကို ရောက်လိမ့်မယ်။ အဲ့ကျရင် မင်းတို့ တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်ဆိုတဲ့ စံအိမ်သုံးခုထဲက တစ်ခုနဲ့ ပူးပေါင်းဖို့ ရွေးချယ်ရမယ်။ မင်းတို့က ဘယ်သူနဲ့မှ မပူးပေါင်းချင်ဘူး၊ ကိုယ့်ဘာသာပဲ ကြိုးစားချင်တယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့... မင်းတို့ တိုက်ပွဲအမှတ်တွေနဲ့ နတ်ဘုရားအမြစ်တွေအများကြီး ရနိုင်တဲ့ နေရာကတော့ သုံးနေရာပဲရှိတယ်။ မင်းတို့မှာ အဲ့ဒါတွေ မရှိဘူးဆိုရင် တိရှဘုံထဲမှာ ခက်ခဲလိမ့်မယ်။ ကောင်းပြီ... အခု မင်းတို့ ပြန်ကျင့်ကြံနိုင်ပြီ။ ရုတ်ရုတ်ရက်ရက်တွေ မလုပ်နဲ့၊ ဒီမှာ သိုင်းပညာတွေ မသုံးနဲ့.. မဟုတ်ရင်တော့ မင်းတို့ အကျိုးဆက်ကို ခံရလိမ့်မယ်”

အန်ဝူသည် စကားပြောပြီးသည်နှင့် အရှေ့လှေဝမ်းသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလေသည်။ ထို့နောက် လှေဝမ်းနှစ်ခုကို ဆက်ထားသော တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားသည်။ အနောက်လှေဝမ်းထဲရှိ လူများကမူ စိတ်ရှုပ်ထွေး၍ ကျန်ခဲ့ကြသည်။ ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် အစောက အန်ဝူပြောသွားသော စကားများကို နားမလည်ကြပေ။

“တိရှဘုံက အထက်ဘုံလား။ တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်တွေက ဘာကွာခြားတာလဲ။ ဘာလို့ သူက အဲ့အကြောင်းတွေကိုပါ ရှင်းမပြရတာလဲ။ တိုက်ပွဲအမှတ်ရအောင်ကရော ဘယ်လိုလုပ်ရမှာလဲ။ ပြီးတော့ နတ်ဘုရားအမြစ်ဆိုတာ ဘာလဲ”

ကျန်းရီသည် သူ့ဘာသာ တီးတိုးရေရွတ်နေ၏။ သူ့ပတ်ပတ်လည်မှ လူများကလည်း အချင်းချင်း တွတ်ထိုးနေကြသည်။ သို့သော် အားလုံးသည် စည်းမျဉ်းများကိုမူ အပြည့်အဝ နားလည်ကြပေသည်။ ထို့ကြောင့် သူတို့သည် တီးတိုးသာ ပြောနေကြသည်။ အန်ဝူသည် ရုတ်ရုတ်ရက်ရက် မလုပ်ရန် ပြောခဲ့သည်။ သို့သော် စကားမပြောရဟုတော့ မပြောခဲ့ပေ။ သို့ဖြစ်၍ သူတို့ တီးတိုးသာပြောမည်ဆိုလျှင် ပြဿနာမရှိလောက်ချေ။

“ဟင်းဟင်း...”

လှပသော စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ငယ်ရွယ်ခံ့ညားသည့် သိုင်းသမားတစ်ယောက် ရုတ်တရက် စကားထပြောသည်။

“အားလုံးပဲ... ကျွန်တော့်ရဲ့ အဖေက မိစ္ဆာသတ်ဖြတ်စံအိမ်ကပါ။ ပြီးတော့ သူက တပ်မှူးတစ်‌‌‌ယောက်လည်းဖြစ်တယ်။ အဖေက ထူးခြားတဲ့အတတ်တစ်ခုကို သုံးပြီး ကျွန်တော့်ဆီကို တိရှဘုံနဲ့ ပတ်သတ်တဲ့ သတင်းတချို့ လှမ်းပို့ပါတယ်။ တကယ်လို့ ခင်ဗျားတို့ နားထောင်ချင်တယ်ဆိုရင် ကျွန်တော့်ကို လာမေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ရတနာတချို့တော့ ပေးရမယ်။ ကျွန်တော့်ကို ရတနာတစ်ခု ပေးရင် ကျွန်တော်က တိရှဘုံရဲ့အကြောင်းတစ်ခု ပြောပြမယ်။ ရုတ်ရုတ်သဲသဲဖြစ်အောင်တော့ မလုပ်ကြပါနဲ့။ ခင်ဗျားတို့ ရုတ်ရုတ်သဲသဲ လုပ်လို့ ကန်ချခံရမှ ကျွန်‌တော့်ကို အပြစ်မတင်ပါနဲ့...”

“တိရှပင်လယ်ထဲမှာ ဟွင့်သွမ့်သားရဲတွေရှိတယ်.. အဲ့သားရဲတွေက မိုးမြေစည်းမျဉ်းတွေကို သဘာဝအတိုင်း အသုံးပြုနိုင်လို့ အရမ်းစွမ်းအားကြီးကြတယ်။ ကျွန်တော်တို့ မပြောနဲ့... အရှင်အန်ဝူတောင် တိရှပင်လယ်ထဲမှာ ရှင်သန်နိုင်ခြေ ဆယ်ရာခိုင်နှုန်းပဲရှိတယ်။ အဲ... ဒီနတ်ဘုရားလှေထဲမှာ ဆိုရင်တော့ ခင်ဗျားတို့ သေချာပေါက် လုံခြုံပါတယ်”

“အာ...”

လူငယ်၏ စကားများက အားလုံးကို စိတ်ဝင်စားသွားစေ၏။ သူတို့အားလုံးသည် အနိမ့်ဘုံမှနေ၍ ယခုမှ အထက်ဘုံသို့ တက်လာခဲ့သူများဖြစ်၍ ဤနေရာမှ အကြောင်းများကို တစ်ခုမှ မသိကြပေ။ ထို့ကြောင့် သူတို့သည် သိနိုင်သမျှ သိလိုနေကြသည်။ ချက်ချင်းဆိုသလိုပင် လူနှစ်ယောက်က လူငယ်ဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။ သူတို့သည် သူတို့၏ လက်စွပ်များအတွင်းမှနေ၍ ရတနာအချို့ကို ထုတ်လိုက်သည်။ သို့သော် လူငယ်က ခေါင်းခါကာ ပြောလိုက်သည်။

“အဲ့ဒါတွေက အနိမ့်ဘုံမှာပဲ ရတနာဖြစ်မယ်။ ဒီမှာတော့ တစ်ပြားတောင် မတန်ဘူး။ နတ်ဘုရားအသုံးအဆောင်တွေ... ကျွန်တော်က နတ်ဘုရားအသုံးအ‌ဆောင်တွေကိုပဲ လိုချင်တာ။ နတ်ဘုရားအသုံးအဆောင်တစ်ခု ပေးရင် မေးခွန်းသုံးခု မေးခွင့်ရမယ်”

ရှူး...ရှူး...

လူများစွာသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ သူတို့အားလုံးက အနိမ့်ဘုံမှ ဖြစ်ရာ မည်သူ့တွင် နတ်ဘုရားအသုံးအဆောင် ရှိပါမည်နည်း။ လူများစွာသည် မေးခွန်းများစွာ မေးလိုနေကြ၏။ သို့သော် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ အိုးတိုးအန်းတန်းနှင့် နောက်လှည့်သွားရတော့သည်။

သို့သော် ကျန်းရီ၏ မျက်ဝန်းများ တောက်ပလာသည်။ သူသည် အတန်ကြာ တွေးတောပြီးနောက် အံကြိတ်၍ လူငယ်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်မှနေ၍ ဓားတစ်ချောင်ကို ထုတ်ကာ ခံ့ညားသော လူငယ်ကို ပေးလိုက်သည်။

“ကျွန်တော် မေးခွန်းသုံးခု မေးချင်တယ်”

ထိုဓားက ဝူရှန်း၏ နတ်ဘုရားဓားဖြစ်သည်။ ကျန်းရီသည် ထိုဓားကို မည်သူ့ကိုမှ မပေးခဲ့ချေ။ လက်ရှိတွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အလွန်လုံခြုံနေသည်။ ထို့ကြောင့် ၎င်းဓားကို ပေးခဲ့ရန် မလိုခဲ့ပေ။

နတ်ဘုရားဓားကို လူငယ်အား ပေးရခြင်းမှာ နှမြောစရာကောင်းသော်လည်း ကျန်းရီသည် ကျန်းရှောင်နူနှင့် ပတ်သတ်သည့် သတင်းကို သိလိုနေသည်။ ထို့ကြောင့် သူသည် အံကြိတ်၍သာ ဓားကို ပေးလိုက်ရတော့သည်။

“ဒီလူက အနိမ့်ဘုံမှာ တော်တော်အစွမ်းထက်ခဲ့ပုံပဲ။ ငါ့နာမည်က ဟဲဝေပါ။ အခုကစပြီး မင်း ငါနဲ့ ပေါင်းလို့ရပြီ”

ခံ့ညားသော လူငယ်က နတ်ဘုရားဓားကို ကျေနပ်စွာယူ၍ ပြုံးလိုက်သည်။ အခြားလူများစွာသည် ဟဲဝေ သိမ်းလိုက်သော နတ်ဘုရားဓားကို အားကျတပ်မက်စွာ ကြည့်လိုက်ကြသည်။

“ကဲ... မေးပါ”

‘ငါ့ လုပ်ရပ်က မှားသွားပြီ။ ငါ့ရဲ့ ကြွယ်ဝမှုကို ဒီလိုမျိုး လူကြားထဲ မဆင်မခြင် ထုတ်မပြခဲ့သင့်ဘူး’

ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ယခုတွင် ရာချီသော မျက်ဝန်းအစုံများက သူ့ကို ကြည့်နေပေပြီ။ ထိုထဲမှ ဆယ်နှင့်ချီသော လူများက သတ်ဖြတ်အရှိန်အဝါ ထုတ်လွှတ်နေကြသည်။ သူတို့သည် ကျန်းရီထံတွင်ရှိမည့် ရတနာများကို သရေကျနေကြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ဟဲဝေသည် သူ့အဖေက မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပ်မှူးတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သာမန်လူများသည် သူ့ကို ရန်ပြုဝံ့မည် မဟုတ်ချေ။ သို့သော် ကျန်းရီမှာမူ မတူပေ။

‘ဟာကွာ... အရေးစိုက်မနေနဲ့တော့’

ကျန်းရီတို့က နတ်ဘုရားလှေထဲတွင်သာ ရှိနေသေးဖြင့် မည်သူကမှ ပြဿနာရှာဝံ့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် သိမ်းငှက်ပြာစီရင်စုနယ်မြေကို ရောက်မှ နောက်ခြေတစ်လှမ်းအတွက် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ဟဲဝေကို ကြည့်၍ အလေးအနက် ‌မေးလိုက်လေသည်။

“အရှင်ဟဲ... အထက်ဘုံကို တက်လာတုန်းက ကျွန်တော်နဲ့အတူ မိတ်ဆွေတစ်ယောက် ပါလာခဲ့ပါတယ်။ ဒါပေမဲ့ အခု သူက ဘယ်ကိုရောက်သွားလဲဆိုတာကို ကျွန်တော် မသိဘူးဖြစ်နေတယ်။ ကျွန်တော် သူ့ကို ဘယ်လိုရှာလို့ ရမလဲ”

***

All Chapters