← Chapters

ပြဿနာကြီး

Vol. 93 Ch. 1290

ပြဿနာကြီး

Vol. 93 Ch. 1290

ကျန်းရီက ပါးနပ်သော မေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။ ထိုမေးခွန်းတစ်ခုထဲတွင် မေးခွန်းများစွာပါသည်။ ကျန်းရီသည် သူအလိုရှိသောအရာကို ရရန် ကြိုးစားနေခြင်းပင်။ ဟဲဝေက စိတ်မရှိဟန်ဖြင့် သိမ်မွေ့စွာ ပြုံးလိုက်သည်။ ထို့နောက် ဟဲဝေသည် ကျန်းရီကို လေးစားစွာကြည့်၍ နှုတ်ခမ်းလှုပ်ကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ညီလေး... မင်းရဲ့ မိတ်ဆွေကို အချိန်တိုအတွင်း ရှာတွေ့ဖို့ မျှော်လင့်မထားနဲ့။ အထက်ဘုံက အနိမ့်ဘုံကနေ တက်လာတဲ့သူတွေကို အလှည့်ကျ လက်ခံတာ။ ဒီနှစ်က တိရှဘုံက လူသစ်တွေ လက်ခံဖို့ အလှည့်ကျတဲ့နှစ်ပဲ။ ပြီးတော့ ဒီလက သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ လူသစ်လက်ခံဖို့ အလှည့်။ ဒါပေမဲ့ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ နတ်ဘုရားလက်ခံအစီအရင်တွေ ဘယ်နှစ်ခုရှိတယ်လို့ မင်းထင်လဲ။ တစ်ရာ...”

“တိရှဘုံက အကန့်အသတ်မဲ့တယ်၊ ပြီးတော့ သိမ်းငှက်ပြာစီရင်စုနယ်က တိရှဘုံရဲ့ အကြီးဆုံးစီရင်စုနယ်(၁၈)နယ်ထဲက တစ်ခုပဲ။ သိမ်းငှက်ပြာစီရင်စုနယ်မှာ မြို့တွေ သောင်းနဲ့ချီပြီးရှိတယ်။ အခု ငါတို့က ဘယ်မြို့ကို သွားနေတာလဲဆိုတာကိုတောင် မသိနိုင်ဘူး။ အဲ့တော့ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာရှိတဲ့ လူစာရင်းအကုန်လုံးကို မင်း ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး။ ပြောရရင်‌တော့ မင်းရဲ့ မိတ်ဆွေကို နောက်နှစ်အနည်းငယ်အတွင်း ရှာတွေ့နိုင်ဖို့ မျှော်လင့်မနေနဲ့။ ဒါပေမဲ့ မင်းရဲ့မိတ်ဆွေက သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာပဲ ရှိလိမ့်မယ်လို့တော့ ငါ အာမခံပါတယ်”

‘အဲ့လူက အသံပို့လွှတ်နိုင်တာလား’

ကျန်းရီ အတန်ငယ် တုန်ယင်သွားသည်။ ဤဘုံတွင် သူ၏ ကောင်းကင်စိတ်အာရုံကို ထုတ်၍မရပေ။ ယခု ထိုလူငယ်က အသံပင်ပို့လွှတ်နိုင်ရာ သူ၏စိတ်ဝိညာဉ်က အလွန်စွမ်းအားကြီးလောက်ပေသည်။ ထိုအခိုက်တွင် ကျန်းရီသည် ထိုလူငယ်၏ အဖေက မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပ်မှူးတစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွားသည်။ ထို့ကြောင့် ကျန်းရီ နားလည်နိုင်သွားသည်။ ထို့နောက် ကျန်းရီသည် မျက်မှောင်ကြုတ်ကာ စိတ်လောဟန်ဖြင့် တီးတိုး‌မေးလိုက်သည်။

“နောက်နှစ်အနည်းငယ်လား... ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး။ နှစ်အနည်းငယ်ဆိုတာ တော်တော်ကြာတဲ့အချိန်ပဲ”

“ဟင်းဟင်း...”

ဟဲဝေက ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်သည်။ ထို့နောက် သူ အသံထပ်မံပို့လွှတ်လိုက်သည်။

“ငါ မင်းကို သတင်းအချက်အလက်တစ်ခု အလကားပေးလိုက်မယ်။ မင်း အဲ့သတင်းအချက်အလက်ကို နားထောင်ပြီးရင် နားလည်သွားမှာပါ။ ဒီကတစ်နှစ်က အနိမ့်ဘုံရဲ့ နှစ်တစ်ရာနဲ့ ညီမျှတယ်။ ဒီက နှစ်အနည်းငယ်ဆိုရင် အနိမ့်ဘုံမှာ နှစ်ရာချီပဲ။ ပြီးတော့ အစောက အရှင်အန်ဝူက တစ်ရက်နဲ့ နေ့တစ်ပိုင်းလို့ ပြောသွားတယ်မလား... အဲ့အချိန်က အနိမ့်ဘုံမှာဆိုရင် ရက်ပေါင်းရာကျော် ကြာလိမ့်မယ်”

“ဘာ...”

ကျန်းရီ မျက်လုံးပြူးသွားပြီး မျက်နှာရှုံ့မဲ့သွားသည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။ ဟဲဝေပြောသည်မှာ အမှန်ဆိုလျှင် သူ ကျန်းရှောင်နူကို ရှာနိုင်ရန်အတွက်ပင် နှစ်ရာနှင့်ချီ၍ လိုအပ်မည်လော။ သူ့အကြည့်များ အေးစက်သွားသည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။

“”အရှင်ဟဲ.... ခင်ဗျားက ကျွန်တော့်ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”

ဟဲဝေက ပခုံးတွန့်၍ ပြောသည်။

“အဲ့အကြောင်းတွေကို မင်း အနှေးနဲ့အမြန်ဆိုသလို သိလာမှာပဲ။ ဒါက အခြေခံဗဟုသုတပဲ။ ပြီးတော့ ငါ မင်းကို လိမ်လို့ ဘာရမှာမလို့လဲ”

‘ငါတို့တော့ ပြဿနာအကြီးကြီးတက်ပြီ’

ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားသည်။ အထက်ဘုံက သူထင်ထားသည်ထက် များစွာပို၍ ကြီးနေပေသည်။ သိမ်းငှက်ပြာစီရင်စုနယ်တစ်ခုကို ရှာရန်ပင် အနိမ့်ဘုံအချိန်နှင့်ဆိုလျှင် နှစ်ရာနှင့်ချီ၍ ကြာပေလိမ့်မည်။ အထက်ဘုံအချိန်နှင့်ဆိုလျှင် ဆယ်နှစ်လောက် ကြာမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ‌တော်စင်တစ်သောင်းနယ်နမိတ်နှင့် ဝိညာဉ်သူတော်စင်ဘုံသို့ သွားရန်မဆိုထားနှင့် သူ သိမ်းငှက်ပြာစီရင်စုနယ်မှ ပြန်ထွက်နိုင်ရန်ပင် ဆယ်နှစ်ကျော် ကြာသွားပေလိမ့်မည်။

ရှူး...ရှူး...

ကျန်းရီသည် အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ စိတ်တည်သွားအောင် ဖိအားပေးလိုက်သည်။ သူ အတန်ငယ် စိတ်တည်ငြိမ်သွားမှ လေသံတိုးတိုးဖြင့် ထပ်မေးသည်။

“သူတော်စင်တစ်သောင်းနယ်နမိတ်နဲ့ ဝိညာဉ်သူတော်စင်ဘုံဆီ ဆယ်နှစ်အတွင်း ရောက်အောင်သွားနိုင်လောက်လား။ အဲ့ဆယ်နှစ်ဆိုတာ အနိမ့်ဘုံအချိန်နဲ့ ပြောတာပါ”

“မဖြစ်နိုင်ဘူး...”

ဟဲဝေက ပြတ်သားသောလေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“မင်းအတွက် သိမ်းငှက်ပြာစီရင်စုနယ်မှာ မှီခိုစရာလူမရှိဘူးဆိုရင်... အဲ့ မှီခိုစရာလူဆိုတာ အနိမ့်ဆုံး စီရင်စုနယ်အရှင် ဖြစ်ရမှာနော်... အဲ့လိုမှ မရှိဘူးဆိုရင် အနိမ့်ဘုံအချိန် ဆယ်နှစ်မပြောနဲ့ အထက်ဘုံအချိန် နှစ်တစ်ထောင်အတွင်းမှာကို မင်း တိရှဘုံက ထွက်နိုင်မှာ မဟုတ်ဘူး။ ငါ့အဖေက သိမ်းငှက်ပြာစီရင်စုနယ်က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပ်မှူးတစ်ယောက်ပဲ။ သူ့လို ကြွယ်ဝတဲ့ လူတစ်ယောက်ကတောင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ သဘောရှိ မဝင်ရဲဘူး။ မဟုတ်ရင် သူက ငါ့ကို အရင်ကတည်းက လာခေါ်ပြီးနေပြီပေါ့...”

“တိရှဘုံမှာ နတ်ဘုရားအသုံးအဆောင်တစ်ခုက နတ်ဘုရားအမြစ်တစ်ခုစာပဲ တန်တယ်။ မင်း သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ တစ်မြို့ကနေတစ်မြို့ တည်နေရာပြောင်းရွှေ့ချင်ရင် နတ်ဘုရားအမြစ်တစ်ရာလိုတယ်။ စီရင်စုနယ်တစ်ခုကနေတစ်ခုကို တည်နေရာပြောင်းရွှေ့ချင်ရင်တော့ အနည်းဆုံး နတ်ဘုရားအမြစ်တစ်သောင်းလိုတယ်။ ဘုံတစ်ခုကနေတစ်ခုကို တည်နေရာပြောင်းရွှေ့ချင်တာ ဆိုရင်တော့ တွေးကြည့်လိုတောင်မရနိုင်တဲ့ နတ်ဘုရားအမြစ်တွေ လိုတယ်။ စီရင်စုနယ်အရှင် ဒါမှမဟုတ် သူလို့အာဏာရှိတဲ့လူမှ မဟုတ်ရင် တတ်နိုင်မှာ မဟုတ်ဘူး...”

ဂျိန်း...

ကျန်းရီသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ဖြတ်ကျော်လာခဲ့ရသူတစ်ယောက် မဟုတ်လျှင် ထိုနေရာမှာပင် သတိလစ်သွားနိုင်သည်။

နောက်ဆုံးတွင် ကျန်းရီသည် နတ်ဘုရားအမြစ်များက မည်သည့်အရာဖြစ်ကြောင်း နားလည်သွားပေပြီ။ နတ်ဘုရားအမြစ်မှာ အထက်ဘုံမှာ ငွေကြွေးတစ်ခုပင်။ နတ်ဘုရားအမြစ်တစ်ခုက နတ်ဘုရားအသုံးအဆောင်တစ်ခုနှင့် တန်ဖိုးတူသည်။ သူ စီရင်စုနယ်တစ်ခုနှင့်တစ်ခုကြား တည်နေရာပြောင်းရွှေ့ရန် နတ်ဘုရားအသုံးအဆောင်တစ်သောင်း လိုအပ်သည်။ နတ်ဘုရားအသုံးအဆောင်များကို ရရှိရန် ထိုမျှ လွယ်ကူပါသလော။ ကျန်းရီ မသိပေ။ သို့သော် သူ့အတွေ့အကြုံများအရ ယင်းက အလွန်ခက်မည်ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။ အနိမ့်ဘုံအချိန်ဆယ်နှစ်အတွင်း သူက နတ်ဘုရားအမြစ် မည်မျှများများ စုဆောင်းနိုင်ပါမည်နည်း။ သူ စီရင်စုနယ်များကြားတွင်ပင် တည်နေရာပြောင်းရွှေ့နိုင်ပါမည်လော။

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပထမဆုံး နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်၍ ယခုလောက်ဆို အထက်ဘုံတွင် အဆင့်တစ်ခု ရှိနေလောက်ပြီဟု ထင်ခဲ့သည်။ သူကလည်း အထက်ဘုံ၌ လျင်မြန်စွာ ကျော်ကြားလာလောက်သည်ဟု တွေးခဲ့သည်။ သူက ထိပ်ဆုံးသို့ မရောက်နိုင်လျှင်ပင် ဆန်းကြယ်ဧကရာဇ်နှင့် ရီဖျောင်ဖျောင်ကိုတော့ ရှာနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခုတွင်မူ ထိုအထင်များ၊ အတွေးများက ဟာသများကဲ့သို့ ဖြစ်သွားပေပြီ။

ဆယ်နှစ်ဟူသော အချိန်က အလွန်တိုးတောင်းလွန်းသည်။ ကျန်းရီသည် သိမ်းငှက်ပြာစီရင်စုနယ်ထဲကပင် မထွက်နိုင်လောက်ချေ။ သို့ဖြစ်ရာ ဆန်းကြယ်ဧကရာဇ်နှင့် ရီဖျောင်ဖျောင်တို့ကို မည်သို့ သွားရှာမည်နည်း။ တမလွန်ဘုံ၏ စစ်တပ်ကို ယှဉ်နိုင်မည့် နည်းလမ်းကိုလည်း မည်သို့ ရှာနိုင်ပါမည်နည်း။

အကယ်၍ ကျန်းရီက တမလွန်ဘုံ၏စစ်တပ်ကို မတိုက်ခိုက်နိုင်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ဖျက်ဆီးခံရပေလိမ့်မည်။ နယ်နမိတ်တစ်ခွင်လုံးရှိ သက်ရှိအားလုံးလည်း ရက်ရက်စက်စက် သတ်ဖြတ်ခံရပေမည်။ ကျန်းရီသည် ထိုအကြောင်းများကို တွေးကြည့်ရုံဖြင့်ပင် မျက်လုံးများ နီရဲလာသည်။ သူသည် ဟဲဝေကို ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် အနိမ့်ဘုံကိုရော ပြန်သွားလို့ရလား”

အကယ်၍ ဆန်းကြယ်ဧကရာဇ်နှင့် ရီဖျောင်ဖျောင်တို့ကို မည်သို့မှ မရှာနိုင်လျှင် ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်သွား၍သာ တမလွန်ဘုံစစ်တပ်နှင့် ရင်ဆိုင်ပြီး ချစ်ရသူများနှင့်အတူ သေဆုံးလိုနေပေသည်။

“မရဘူး”

ဟဲဝေက ခါးသက်သက် ပြုံးသည်။

“အနိမ့်ဘုံကနေပြီး အထက်ဘုံကို တက်လာဖို့က လွယ်တယ်။ နတ်ဘုရားအဆင့်ကို ရောက်ပြီဆိုရင် အထက်ဘုံကို အလွယ်လေး တက်လာနိုင်တာပဲ မဟုတ်လား။ အထက်ဘုံကနေပြီး အနိမ့်ဘုံကို ပြန်ဆင်းဖို့ကတော့ မင်း မပြောနဲ့ စီရင်စုနယ်အရှင်တွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး။ မင်း အဲ့လိုမျိုးလုပ်ချင်ရင် တိရှဘုံရဲ့ အရှင်ဆီ သွားရလိမ့်မယ်”

“...”

ကျန်းရီ ယိမ်းယိုင်သွားပြီး ဖင်ထိုက်ရက် လဲကျသွားမလိုပင် ဖြစ်သွားသည်။ သူသည် မေးခွန်းများ ထပ်မမေးလိုတော့သဖြင့် သူ့နေရာသို့သာ ဒယိမ်းဒယိုင်ဖြင့် ပြန်လျှောက်သွားလိုက်သည်။ အနက်ရောင်နတ်ဘုရားက သူ့ကို တွဲ၍ ထိုင်စေလိုက်သည်။ အနက်ရောင်နတ်ဘုရားသည် ကျန်းရီကို မေးခွန်းများစွာ မမေးဝံ့ဘဲ စိုးရိမ်ဟန်ဖြင့်သာ ကြည့်နေသည်။

“ငါလည်း ပြန်လာချင်ပါတယ်။ ဒါပေမဲ့ ပြန်မလာနိုင်ဘူး။ ငါ မင်းကို ရှင်းပြလို့မရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မင်း ဆက်ပြီး ကြိုးစားကျင့်ကြံပါ။ မင်း နတ်ဘုရားအဆင့်ကို ရောက်တာနဲ့ ကိစ္စတွေအများကြီးကို နားလည်သွားပါလိမ့်မယ်...”

ထိုအခိုက်တွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ် ပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားသည်။ ယခု ထိုစကားများကို သူ နားလည်သွားပေပြီ။ ဆန်းကြယ်ဧကရာဇ်က ပြန်မလာလိုခဲ့ခြင်း မဟုတ်ပေ။ ပြန်မလာနိုင်ခဲ့ခြင်းသာ။ ဆန်းကြယ်ဧကရာဇ်က သူတော်စင်တစ်သောင်းနယ်နမိတ်၏ တောင်ဘက်အကျဆုံးအပိုင်းရှိ ကောင်းကင်ကြယ်တာရာမြို့တွင် မြို့အရှင် ဖြစ်နေပုံပေါ်သည်။ သို့သော် သူက မြို့အရှင်တစ်ပါးသာ။ စီရင်စုနယ်အရှင်ပင် မဟုတ်ချေ။ သို့ဖြစ်ရာ သူက အဘယ်သို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်နိုင်ပါမည်နည်း။

ဆန်းကြယ်ဧကရာဇ်ပင် အနိမ့်ဘုံသို့ မပြန်နိုင်လျှင် ကျန်းရီသည်လည်း မပြန်နိုင်လောက်ပေ။ သို့ဖြစ်ရာ ကျန်းရီက ဆန်းကြယ်ဧကရာဇ်ကို ရှာနိုင်လျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ကျန်းရီသည် ရင်နာစွာဖြင့် မျက်လုံးမှိတ်လိုက်၏။ ယခင်တွင် သူက အထက်ဘုံကို တက်လှမ်းကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်တင်နိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် ယခုတွင်မူ သူသည် ကျန်းရှောင်နူကို ဆုံးရှုံးလိုက်ရရုံသာမက ပြဿနာကြီးတစ်ခုနှင်လည်း ရင်ဆိုင်နေရပေသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို သူ မကယ်တင်နိုင်လောက်တော့ပေ။ ကျန်းရှောင်နူကိုလည်း ရှာနိုင်လောက်မည် မဟုတ်ချေ။ အဆိုးဆုံးမှာ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကိုပင် မပြန်နိုင်လောက်တော့ခြင်းပင်။

“အနက်ရောင်နတ်ဘုရား... ကျွန်တော်တို့တော့ ပြဿနာတက်ပြီ။ ပြဿနာအကြီးကြီးတက်ပြီ။ ပြီးတော့ အဲ့ပြဿနာကြီးကို ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူး”

အတော်ကြာပြီးမှ ကျန်းရီက မျက်လုံးများ ပြန်ဖွင့်၍ အားမရှိသော လေသံဖြင့် အနက်ရောင်နတ်ဘုရားကို ပြောလိုက်သည်။ အနက်ရောင်နတ်ဘုရား၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူသည် ကျန်းရီကို တောက်ပသောမျက်ဝန်းများဖြင့်ကြည့်၍ ပြောလိုက်သည်။

“သခင်လေး... ပြဿနာက ဘယ်လောက်ကြီးကြီး ကျုပ်တို့ ရင်ဆိုင်နိုင်မှာပါ။ ကျုပ် သခင်လေးကို ယုံတယ်”

“ဟင်းဟင်း...”

ကျန်းရီက ခေါင်းငုံ့၍ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ သူ အနက်ရောင်နတ်ဘုရားကို မည်သို့ပြန်ပြောရမည်ကိုပင် မသိတော့ပေ။ ထို့နောက် သူသည် လှေ၏ နံရံအကြည်မှနေ၍ သူတို့အောက်ဘက်ရှိ ကြောက်မက်ဖွယ် ပင်လယ်လှိုင်းလုံးများကို ကြည့်လိုက်သည်။ အထက်ဘုံတွင် သွားရှုပ်၍မရဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ ယခု သူက ကြိုးပြတ်စွန်တစ်စင်းကဲ့သို့ ဦးတည်ချက်မဲ့၊ ရည်မှန်းချက်မဲ့နေပေပြီ။

ကျန်းရီ၏ ပန်းတိုင်က အလွန်ဝေးကွာပုံပေါ်သည်။ သူသည် ထိုပန်းတိုင်ဆီကို မည်သည့်အခါတွင်မှ မရောက်နိုင်လောက်ပေ။

“ညီလေး...”

ဟဲဝေသည် အခြားလူနှစ်ယောက်ထံမှ နတ်ဘုရားအသုံးအဆောင်တစ်ခုစီ ထပ်ရလိုက်၍ ထိုလူနှစ်ယောက်ကို သတင်းအချက်အလင်းအချို့ ပြောပြလိုက်သည်။ ပြီးနောက်တွင် သူက ကျန်းရီထံ လျှောက်လာ၍ ကျန်းရီ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

“မင်း ဒီလောက်လည်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ အထက်ဘုံမှာ ဖြစ်နိုင်ခြေတွေ အများကြီးရှိတယ်။ မင်း ပိုသန်မာလာရင်၊ မင်းမှာ နတ်ဘုရားအမြစ်တွေ အများကြီးရှိလာရင် ဘာမဆို လုပ်နိုင်မှာပါ။ ငါနဲ့အတူ မိစ္ဆာသတ်ဖြတ်စံအိမ်ကို လိုက်ခဲ့ပါ။ မင်းက အရမ်းငယ်သေးတယ်၊ ဒါပေမဲ့ ဒီအသက်အရွယ်မှာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီမဟုတ်လား။ အဲ့တော့ မင်း ဆယ်စုနှစ်နည်းနည်းလောက် ကျင့်ကြံလိုက်မယ်ဆိုရင် မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါတယ်”

“ဆယ်စုနှစ်နည်းနည်း...”

ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ ထိုဆယ်စုနှစ်နည်းနည်းက အထက်ဘုံအချိန်နှင့်ဖြစ်စေ၊ အနိမ့်ဘုံအချိန်နှင့်ဖြစ်စေ ထိုအချိန်ပြည့်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းပြီးနေလောက်ပေပြီ။

***

All Chapters