ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲ
Vol. 93 Ch. 1291
ဟဲဝေက အလွန်အမြင်စူးရှသူတစ်ယောက် ဖြစ်သည်။ သူသည် ကျန်းရီက ငယ်ရွယ်ကာ တက်ကြွသူတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။ ကျန်းရီ၏ အသက်က မည်မျှဖြစ်ကြောင်းကို အတိအကျ မပြောနိုင်သော်လည်း ကျန်းရီက အသက်သုံးဆယ်ပင် မကျော်လောက်သေးကြောင်း သူ သိသည်။
ထိုအသက်အရွယ်တွင် အထက်ဘုံသို့ တက်လှမ်းလာနိုင်ပြီး အနိမ့်ဘုံရှိ နတ်ဘုရားအသုံးအဆောင်များကိုပင် ပိုင်ဆိုင်ထားသူတစ်ယောက်က ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ထို့ကြောင့် ကျန်းရီက အစွမ်းအစရှိရမည်ဖြစ်ကြောင်း ဟဲဝေသိသည်။ သူသည် ကျန်းရီ၏ လျှို့ဝှက်ချက်များကို မတူးဖော်လိုသော်လည်း ကျန်းရီကို စည်းရုံးသိမ်းသွင်းလိုသည်။ ထိုမှ သူ့အဖေနှင့် မိစ္ဆာသတ်ဖြတ်စံအိမ်က အရည်အချင်းရှိသူတစ်ယောက်ကို ရရှိမည်ဖြစ်သည်။
သို့သော် ကျန်းရီက လုံးဝ စိတ်မဝင်စားပေ။ ထိုအခိုက်တွင် သူက အလွန်စိတ်ဓာတ်ကျနေသည်။ သို့ဖြစ်ရာ သူသည် သာမန်တပ်မှူးလေးတစ်ယောက်၏ သားဖြစ်သူ၏ စည်းရုံးမှုကို အဘယ်သို့ စိတ်ဝင်စားပါမည်နည်း။
ဟဲဝေသည် ကျန်းရီဘေးတွင် ခေတ္တမျှ စောင့်နေ၏။ သို့သော် ကျန်းရီက မည်သို့မှ ပြန်မတုံ့ပြန်ကြောင်းကို တွေ့သောအခါ ထပ်မံ ပြောလိုက်သည်။
“ညီလေး... တိရှစံအိမ်ရဲ့ စံအိမ်အရှင်က မြို့အရှင်လေးတစ်ယောက်ပဲ။ သူ့မှာ တောက်ပတဲ့ အနာဂတ် မရှိဘူး။ စစ်နတ်ဘုရားစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ် နှစ်ခုစလုံးကတော့ တောက်ပတဲ့ အနာဂတ် ရှိကြတယ်။ ဒါပေမဲ့ မင်းကို လမ်းညွှန်ပြသပေးမဲ့သူတစ်ယောက် မရှိဘူးဆိုရင် မင်း နာမည်တစ်လုံးရဖို့ ခက်လိမ့်မယ်...”
“မင်း နာမည်တစ်လုံး မရရင် နတ်ဘုရားအမြစ်တွေ ရဖို့နဲ့ တိုက်ပွဲအမှတ်တွေရနိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ငါ့အဖေရဲ့ အကူအညီနဲ့သာဆိုရင် အနည်းဆုံး မင်းက အထက်ဘုံအချိန် တစ်နှစ်အတွင်းမှာ လက်ထောက်တပ်မှူးတစ်ယောက် ဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်။ အဲ့အခါကျရင် မင်း နတ်ဘုရားအမြစ်တွေကို အလွယ်တကူ ရနိုင်ပြီ”
“အရှင်ဟဲ... ကျွန်တော် တစ်ယောက်တည်းပဲ နေချင်ပါတယ်။ အဲ့အကြောင်းတွေကို ကျွန်တော်တို့ရဲ့ သွားရမဲ့နေရာကို ရောက်မှ ပြောကြတာပေါ့”
ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူသည် လူတစ်ယောက်၏ ဘက်လိုက်သော အမြင်အပေါ် မူတည်၍ ဆုံးဖြတ်ချက် မချနိုင်ပေ။ မည်သည့်နေရာ၊ မည်သည့်ဘုံတွင် ဖြစ်စေ အခြေအနေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချသင့်သည်။ ယခုတွင် သူ၏ နှလုံးသားကလည်း ငြိမ်းချမ်းမနေချေ။ ထို့ကြောင့် သူသည် ထိုအကြောင်းများကို နားမထောင်လိုသေးပေ။
“အဲ့လိုမလုပ်ပါနဲ့ ညီလေး...”
ဟဲဝေသည် ကျန်းရီက မျက်လုံးမှိတ်လိုက်သည်ကို မြင်လိုက်သောအခါ ခေတ္တမျှ နှုတ်ဆိတ်သွားသည်။ ပြီးနောက်မှ သူ ဆက်ပြောသည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ တကယ်လို့ မင်းက ငါနဲ့အတူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်မယ်ဆိုရင် မင်းရဲ့မိတ်ဆွေကို ရှာပေးဖို့ ငါ ငါ့အဖေကို အကူအညီတောင်းပေးမယ်။ ကဲ... ဘယ်လိုလဲ”
“တကယ်ပြောတာလား”
ကျန်းရီသည် ချက်ချင်း မျက်လုံးပြန်ဖွင့်လိုက်ပြီး ဟဲဝေကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျားက တကယ်ပဲ ကျွန်တော့်ရဲ့မိတ်ဆွေကို ရှာပေးမှာလား။ အချိန်ဘယ်လောက်လောက် လိုမလဲ။ ခင်ဗျား ရှာပေးနိုင်တာ သေချာတယ်ဆိုရင် ကျွန်တော် ခင်ဗျားနဲ့အတူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်မယ်”
“သေချာတာပေါ့”
ဟဲဝေက တောက်ပစွာ ပြုံး၍ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
“မင်းရဲ့မိတ်ဆွေက မင်းနဲ့အတူ အထက်ဘုံကို တက်လာခဲ့တာဆိုရင် သူက သေချာပေါက် သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ ရှိမှာပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ ကိုယ်ပိုင်သတင်းကွန်ရက်ရှိတယ်။ ငါ့အဖေက တပ်မှူးတစ်ယောက် ဆိုမှတော့ အဲ့သတင်းကွန်ရက်ကို သုံးနိုင်တယ်။ ပြီးတော့ သူက မင်းမိတ်ဆွေကို ရှာဖို့ လူတွေလည်း စေလွှတ်ပေးနိုင်တယ်။ သုံးရက်အတွင်းမှာ မင်းမိတ်ဆွေရဲ့ တည်နေရာကို သိရလိမ့်မယ်။ အဲ့ကျရင် ငါတို့ သူ့ဆီကို လိုက်သွားနိုင်မယ့် နည်းလမ်းတစ်ခု ရှာလို့ရတယ်”
“သုံးရက်ဆိုတာ အထက်ဘုံအချိန်လား”
ကျန်းရီက မေးလိုက်သည်။ ဟဲဝေက မျက်လုံးပင့်၍ ပြောလိုက်သည်။
“ငါတို့က သိမ်းငှက်ပြာစီရင်စုနယ်ထဲက မြို့တစ်မြို့စီရောက်ဖို့တောင် တစ်ရက်နဲ့ နေ့တစ်ပိုင်းလိုသေးတာပဲ။ ဒါပေါ့.. ငါပြောတဲ့ သုံးရက်ဆိုတာ အထက်ဘုံအချိန်ပေါ့”
‘သုံးရက်... အဲ့ဒါက အနိမ့်ဘုံမှာဆိုရင် ရက်ပေါင်းသုံးရာပဲ... တစ်နှစ်နီးပါးလောက်ရှိတယ်’
ကျန်းရီသည် စိတ်ထဲမှ တွက်ချက်လိုက်ပြီး ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ ကျန်းရှောင်နူကို တစ်နှစ်အတွင်း ရှာတွေ့မည်ဆိုလျှင် မဆိုးလှပေ။ သို့သော် သူသည် မျက်မှောင်ကြုတ်၍ ဟဲဝေကို ထပ်ကြည့်လိုက်၏။
“ဘာလို့ ခင်ဗျားက ကျွန်တော့်ကို မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်စေချင်တာလဲ။ အမှန်အတိုင်းပဲ ပြောပါ”
“အဲ့ဒါက ရှင်းပြလို့မရတဲ့ ခံစားချက်တစ်ခုကြောင့်ပေါ့...”
ဟဲဝေက ကျန်းရီကို စိတ်ရင်းအမှန်နှင့် ကြည့်ကာ ပြန်ဖြေသည်။
“ဟီးဟီး... ညီလေး... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အထက်ဘုံကို တက်လာနိုင်ခဲ့တယ်။ အဲ့ဒါ မင်းက အရမ်းပါရမီကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပါရမီတွေကို ဘေးဖယ်ထားရင်တောင် ငါက လူကဲခတ်တဲ့နေရာမှာ အရမ်းတိကျတယ်။ မင်းက တိရှဘုံမှာ နာမည်တစ်လုံး ရလာလိမ့်မယ်လို့ ငါ ထင်တယ်။ မင်း နာမည်ကြီးလာရင် ငါ့ကို မင်းနဲ့အတူ ခေါ်သွားနိုင်တယ်မလား...”
ကျန်းရီ၏ မျက်နှာထားက အေးစက်သွားသည်။
“လူနားလည်တဲ့စကားနဲ့ ပြောပါ”
“ကောင်းပြီ.. ညီလေး.. မင်းက စောက်ရမ်းတော်လွန်းတယ်”
ဟဲဝေက အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်ကာ ပြောသည်။
“တကယ်တော့ ပါရမီရှင်တွေကို စည်းရုံးပေးနိုင်ရင် တိုက်ပွဲအမှတ်တွေရတယ်။ မင်းက အသက်သုံးဆယ်မပြည့်ခင်မှာ အထက်ဘုံကို တက်နိုင်ခဲ့တာဆိုတော့ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ စည်းမျဉ်းတွေအရ ငါ မင်းကို စည်းရုံပေးနိုင်ရင် တိုက်ပွဲအမှတ်ငါးဆယ်ရလိမ့်မယ်”
“အို့...”
ကျန်းရီသည် ထိုအကြောင်းပြချက်ကို လက်ခံ၏။ ဤလောကထဲတွင် အကြောင်းမရှိဘဲ ချစ်ခြင်း၊ မုန်းခြင်း မရှိနိုင်ပေ။ လူတိုင်းသည် ကိုယ်ကျိုးကိုသာ ကြည့်ကြမည်ဖြစ်သည်။ သူသည်လည်း သူ့အကျိုးအတွက် စိတ်ဝင်တစား မေးလိုက်သည်။
“တိုက်ပွဲအမှတ်တွေကို ဘာအတွက် သုံးတာလဲ”
“အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်...”
ကျန်းရီက ထိုအကြောင်းများကို အနှေးနှင့်အမြန်ဆိုသလို သိသွားမည်ဖြစ်ရာ ဟဲဝေထံတွင် ကျန်းရီကို ထိုအကြောင်းများ မပြောဘဲ ဖုံးကွယ်ထားရန် အကြောင်းမရှိပေ။ ထို့ကြောင့် သူသည် အလွန်ရက်ရောစွာနှင့် ကျန်းရီထံ ထပ်မံအသံပို့လွှတ်လိုက်သည်။
“မိစ္ဆာသတ်ဖြတ်စံအိမ်၊ စစ်နတ်ဘုရားစံအိမ်နဲ့ တိရှစံအိမ်.. အဲ့စံအိမ်သုံးခုစလုံးက မြို့တိုင်းမှာ ခြေကုပ်ယူထားကြတယ်။ တကယ်လို့ မင်း စံအိမ်တစ်ခုထဲ ဝင်လိုက်ရင် ချက်ချင်းပြီး စံအိမ်ရဲ့ တရားဝင်တပည့် ဖြစ်မှာမဟုတ်ဘူး။ မင်းက တပည့်တစ်ယောက်အဖြစ်ပဲ မှတ်တမ်းတင်ထားခံရမှာ။ မင်း တိုက်ပွဲအမှတ်တစ်ရာ ရမှ တရားဝင်တပည့်ဖြစ်မှာ...”
“မင်း တရားဝင်တပည့် ဖြစ်သွားတာနဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှာ နေခွင့်ရလိမ့်မယ်။ နောက်ပိုင်း မင်း တိုက်ပွဲအမှတ်တွေ ထပ်စုပြီး အမှတ်တစ်ထောင်အထိ ရလာရင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးတစ်ယောက် ဖြစ်သွားလိမ့်မယ်။ အဲ့ကျရင် မင်း ရဲတိုက်တစ်ခုထဲမှာ အလကားနေခွင့်ရပြီ။ တိုက်ပွဲအမှတ်တစ်သိန်းရရင် မင်း မိစ္ဆာသတ်ဖြတ်စစ်ဘုရင်ဖြစ်ပြီ...”
“တိုက်ပွဲအမှတ်တစ်သန်းဆိုရင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်။ အဲ့ကျရင် မင်းက အထူးဂုဏ်ပုဒ်တစ်ခု ရလာပြီး အာဏာပိုရှိလာလိမ့်မယ်။ အရေးအကြီးဆုံးကတော့... မင်း ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရမှာပဲ။ ကျင့်ကြံနှုန်းကို အဆတစ်သောင်း၊ အဆတစ်သန်း၊ အဆတစ်သန်း ပိုမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွေမှာ ကျင့်ကြံခွင့်ရမယ်။ မင်း ရှေးဟောင်းဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနဲ့ ဟွင့်သွမ့်သားရဲဆန်းကြယ်နယ်မြေထဲကိုတောင် ဝင်နိုင်လိမ့်မယ်။ မရေမတွက်နိုင်တဲ့ ဝိညာဉ်ဆေးလုံးတွေ၊ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ ဆန်းကြယ်စွမ်းရည်တွေကိုလည်း ရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေ ရနိုင်ဖို့ မင်းဆီမှာ တိုက်ပွဲအမှတ်တွေ ရှိဖို့လိုတယ်”
“အာ...”
အထက်ဘုံက အမှန်ပင် ဆန်းကြယ်ပေသည်။ ထိုနေရာတွင် ကျန်းရီ ယခင်က မမြင်ဖူး၊ မကြားဖူးသည့် အရာများစွာ ရှိသည်။ ထိုအရာများကို နားထောင်ရသည်နှင့်ပင် သူ အံ့ဩမိသည်။ သူ့အပေါ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ဖိအား ရှိမနေပါက၊ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ သူ့မိသားစုကို အလွန်လွမ်းမနေပါက ထိုအရာများကြောင့် သူ စိတ်လှုပ်ရှား၊ တက်ကြွမိပေလိမ့်မည်။
“ကောင်းပါပြီ... ကျွန်တော်တို့ သွားရမဲ့နေရာကိုရောက်မှ အဲ့အကြောင်းတွေ ဆက်ပြောကြတာပေါ့”
ကျန်းရီသည် ဟဲဝေကို ချက်ချင်း အဖြေမပေးလိုပေ။ ဦးတည်ရာကိုရောက်၍ အခြေအနေကို သုံးသပ်ပြီးမှ သူ ဆုံးဖြတ်ချက်ချလိုသည်။ ဟဲဝေသည် ကျန်းရီကို ဆက်မစည်းရုံးတော့ဘဲ ခေါင်းညိတ်ကာ ကျန်းရီဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်.
‘စိတ်လျှော့၊ စိတ်လျှော့.. အချိန်နည်းနည်း ရှိပါသေးတယ်။ ငါသာ ကြိုးစားလုပ်ဆောင်ရင် ဆန်းကြယ်မှုတစ်ခုက သူ့အလိုလို ထွက်ပေါ်လာမှာပဲ’
ကျန်းရီသည် အသက်ပြင်းပြင်းရှူသွင်း၍ မျက်လုံးများ ပြန်မှိတ်လိုက်သည်။ သူ ကျင့်ကြံရပေမည်။ သူ့တွင် ကောင်းကင်စွမ်းအားများစွာ မရှိပေ။ သူရောက်နေသောဘုံတွင် မိုးမြေအတွင်းအားက အလွန်သိပ်သည်းသည်။ ထို့ကြောင့် ယခု ကျင့်ကြံလျှင် လျင်မြန်စွာ တိုးတက်နိုင်ကြောင်း သူ သိပေသည်။
ထို့ပြင် ဤဘုံ၌ အချိန်မရွေး အန္တရာယ်ကြုံရနိုင်သည်။ သို့ဖြစ်၍ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကျင့်ကြံနိုင်သမျှ ကျင့်ကြံထားရပေမည်။ ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်နိုင်မည်၊ မနိုင်မည်က ကိစ္စတစ်ခုဖြစ်သည်။ လက်ရှိတွင် သူလုပ်ရန် အလိုအပ်ဆုံးအရာမှာ စိတ်တည်ငြိမ်အောင်ထား၍ ကျန်းရှောင်နူကို ရှာရန်ဖြစ်သည်။
မျှော်လင့်ထားသလိုပင်...
ဤဘုံမှ မိုးမြေအတွင်းအားက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ မိုးမြေအတွင်းအားထက် အဆတစ်သောင်း ပိုသိပ်သည်းသည်။ ထိုသိပ်သည်းမှုကို ကျန်းရီ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်သောအခါ တိုးတက်နှုန်းက အံ့မခန်းပင်။ ကျန်းရီ၏ နတ်ဘုရားအမြုတေထဲတွင် ကောင်းကင်စွမ်းအားများ လျင်မြန်စွာ ပေါ်လာသည်။ ပုံမှန်ထက် အနည်းဆုံး အဆတစ်ရာပိုမြန်ပေသည်။
‘တစ်ခုခုတော့ မှားနေပြီ...’
ကျန်းရီသည် အတော်ကြာ ကျင့်ကြံပြီးနောက် တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိလိုက်၏။ ဤဘုံမှ မိုးမြေအတွင်းအားက ကောင်းကင်ကြယ်တာရာနယ်မြေမှ မိုးမြေအတွင်းအားထက် အဆတစ်သောင်း ပိုသိပ်သည်း၍ ကျန်းရီနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ကျင့်ကြံနှုန်းက အဆတစ်သိန်း ပိုမြန်ရမည်ဖြစ်သည်။ ယင်းနှုန်းမှာ သူ သေမင်း၏ သိပ်သည်းပင်လယ်ထဲ၌ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲဝင်၍ ကျင့်ကြံခဲ့စဉ်ကနှုန်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ယခု ကောင်းကင်စွမ်းအား တိုးနှုန်းက ယခင်ကထက် အဆတစ်ရာ ပိုမြန်နေရသနည်း။
“အရှင်ဟဲ... ဒီက မိုးမြေအတွင်းအားနဲ့ အနိမ့်ဘုံက မိုးမြေအတွင်းမှာ ကွာခြားမှု ရှိလား”
ကျန်းရီသည် သိလိုစိတ်ကို မထိန်းနိုင်တော့သဖြင့် သူ့ဘေးတွင် တင်ပျဉ်ခွေထိုင်နေသော ဟဲဝေကို မေးလိုက်သည်။ ဟဲဝေက မျက်လုံးပင့်၍ ပြန်ဖြေသည်။
“ကွာခြားမှု ရှိတာပေါ့။ ဒီက မိုးမြေအတွင်းအားကို ဝိညာဉ်စွမ်းအင်လို့ခေါ်တယ်။ အဲ့ဒါက အနိမ့်ဘုံက မိုးမြေအတွင်းအားနဲ့ မတူဘူး။ ကဲပါ စကားပြောမနေနဲ့တော့.. အရင်ဆုံး ကျင့်ကြံလိုက်။ ငါ့မှာလည်း ကောင်းကင်စွမ်းအား အများကြီးမရှိဘူး။ ငါလည်း ကျင့်ကြံနိုင်သမျှ ကျင့်ကြံချင်တယ်”
ထို့ကြောင့် ကျန်းရီသည် စကားဆက်မပြောတော့ဘဲ အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်။ အနက်ရောင်နတ်ဘုရားကလည်း တင်ပျဉ်ခွေထိုင်၍ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံနေသည်။ အတန်ကြာပြီးနောက် အနက်ရောင်နတ်ဘုရား၏ မျက်နှာထားက ဝင်းပလာသည်။ ဤဘုံရှိ ဝိညာဉ်စွမ်းအင်က သူ့ကို ကောင်းစွာအထောက်အကူပြုနေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မကြာခင်တွင် နတ်ဘုရားလှေက တိတ်ဆိတ်သွားသည်။ လှေဝမ်းထဲရှိ လူအားလုံးသည် ရသည့်အချိန်ကို အပြည့်အဝ အသုံးချ၍ ကျင့်ကြံနေကြသည်။ အပြင်ဘက်မှ လှိုင်းလုံကြီးများက ပို၍ကြီးမားလာသည်။ ကြက်သွေးရောင်လနှစ်စင်းသည် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေသည်။ လဝင်ရန် အချိန်များစွာ လိုသေးပုံပင်။
ဟိန်း...ဟိန်း...
အတော်ကြာပြီးနောက် ကောင်းကင်ထဲမှ ဟိန်းသံများကြောင့် ကျန်းရီ လန့်နိုးသွားသည်။ လှေဝမ်းထဲရှိ လူအားလုံးသည် ရေခဲတမျှအေးစက်သော အရှိန်အဝါတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ကြရသည်။ ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့လည်း တုန်ယင်သွားသည်။ ထိုအရှိန်အဝါက တမလွန်ဘုံစစ်သူကြီး ထုတ်လွှတ်ခဲ့သော အရှိန်အဝါကဲ့သို့ပင်။ ကျန်းရီ အပြင်ကို လှမ်းကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ မျက်နှာပျက်သွားသည်။
အဝေးရှိ လှိုင်းထန်သော ပင်လယ်ပြင်ထဲတွင် လှိုင်းလုံးများထဲမှနေ၍ ဧရာမ ပင်လယ်မိစ္ဆာကြီးတစ်ကောင် ထွက်လာသည်ကို လှမ်းမြင်ရသည်။ ဧရာမသားရဲကြီးက မီတာသုံးထောင်လောက် အရှည်ရှိသည်။ ၎င်း၏ ဧရာမမျက်လုံးကြီးနှစ်လုံးက ကောင်းကင်ထဲရှိ ကြက်သွေးရောင်လနှစ်စင်းကဲ့သို့ပင်။ ကျန်းရီတို့သည် ၎င်း၏ မျက်လုံးကြီးများကို ကြည့်မိသောအခါ ကျောစိမ့်သွားကြသည်။ ထိုသားရဲ၏ အရှိန်အဝါကပင် သူတို့ကို အားငယ်သွားစေနိုင်ပေသည်။
“မင်းတို့ရဲ့ နှလုံးသားကို ဂရုစိုက်ပါ။ အဲ့ဟွင့်သွမ့်သားရဲရဲ့ မျက်လုံးတွေကို မကြည့်နဲ့။ မဟုတ်ရင် မင်းတို့ ရူးသွားလိမ့်မယ်”
ကျန်းရီနှင့် အခြားသူများသည် နားထဲတွင် အေးစက်စက်အသံတစ်သံကို ကြားလိုက်ကြရသည်။ ထို့နောက် ချပ်ဝတ်နက် တစ်ဒါဇင်သည် အရှေ့လှေဝမ်းထဲမှနေ၍ အနောက်လှေဝမ်းထဲသို့ ဝင်လာသည်။ အရှင်အန်ယင်းက ဒေါသတကြီး အော်ပြောလိုက်သည်။
“နတ်ဘုရားလှေရဲ့ ရှောင်တိမ်းအစီအရင်ကို နှိုးကြ။ အန်ဝူနဲ့ မင်းတို့နှစ်ယောက်က ဟွင့်သွမ့်သားရဲကို အဝေးဆီ မျှားခေါ်သွား။ အဲ့ဒါက ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲပဲ။ ငါတို့အင်အားနဲ့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
***