နတ်ဘုရားဓားပြများ
Vol. 93 Ch. 1292
ရွှီး...
နတ်ဘုရားလှေက လင်းလက်လာပြီး လှေဝမ်းဘေးမှ တံခါးက ပွင့်သွားသည်။ အန်ဝူနှင့် ချပ်ဝတ်နက်အချို့သည် ချက်ချင်း ပျံထွက်သွားပြီး လှိုင်းလုံးကြီးများကြားရှိ ဧရာမဟွင့်သွမ့်သားရဲကြီးဆီသို့ ဦးတည်သွားလိုက်ကြသည်။ ထို့နောက် နတ်ဘုရားလှေက ပြန်မှိန်သွားကာ အခြားဦးတည်ရာဘက်သို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားသည်။ ၎င်း၏ အမြန်နှုန်းက ယခင်ကထက် နှစ်ဆပိုမြန်နေပြီဖြစ်သည်။
ဟူး...ဟူး...
ကျန်းရီတို့သည် အန်ဝူ၏စကားကို ကြားပြီးနောက် ဟွင့်သွမ့်သားရဲကြီးကို ဆက်မကြည့်ဝံ့ကြတော့ပေ။ သူတို့သည် မျက်လုံးများမှိတ်ကာ စိတ်တည်ငြိမ်အောင် လုပ်နေကြသည်။ အစောတွင် သူတို့ ခံစားခဲ့ရသော ခံစားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ဟွင့်သွမ့်သားရဲကြီးက သူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားတော့မလိုပင်။ သူတို့၏ စိတ်ဝိညာဉ်က သူတို့ကိုယ်ထဲမှထွက်ကာ တကွဲတပြားစီ ဖြစ်သွားတော့မည်ဟုပင် ထင်ခဲ့ရလေသည်။
ဘုန်း...
ကျန်းရီသည် သူ့ဘေးမှ အသံကြောင့် တုန်လှုပ်သွားသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရုတ်ခြည်း မျက်နှာပျက်သွားသည်။ အနက်ရောင်နတ်ဘုရားက လှေကြမ်းပြင်ပေါ်တွင် နာကျင်တကြီး မျက်နှာထားဖြင့် လဲကျနေသည်။ သူ၏ ပုံမှန်အေးစက်စက်မျက်နှာထားက ယခုတွင် ရှုံ့တွနေပေပြီ။ သူ၏စိတ်ဝိညာဉ်က ပြင်းစွာသော နာကျင်မှုကို ခံစားနေရကြောင်း ထင်ရှားပေသည်။
“အနက်ရောင်နတ်ဘုရား...”
ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို ခပ်သွက်သွက် ပွေ့ယူလိုက်၏။ ထို့နောက် သူ၏ ကောင်းကင်စွမ်းအားကို အနက်ရောင်နတ်ဘုရား၏ စိတ်ဝိညာဉ်ထဲသို့ ပို့လွှတ်လိုက်သည်။ ဟဲဝေက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရီကို ချက်ချင်း ဆွဲခေါ်လိုက်သည်။
“မလှုပ်နဲ့... ဒီမိစ္ဆာလေးရဲ့ စိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရထားတယ်။ မင်းရဲ့ ကောင်းကင်စွမ်းအားက သူ့ဒဏ်ရာကို ပိုဆိုးသွားစေတာပဲရှိမယ်။ သူ့ကို ဝိညာဉ်အားဖြည့် ဆေးပင်တချို့ ပေးလိုက်ပါ... အဲ့ဒါမှ သူ့ဘာသာ ပြန်ကောင်းလာနိုင်မှာ”
ရွှီး...
ကျန်းရီသည် လက်စွပ်ထဲမှနေ၍ ဝိညာဉ်အားဖြည့် ဆေးလုံးများကို ထုတ်ကာ အနက်ရောင်နတ်ဘုရားကို တိုက်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် အနက်ရောင်နတ်ဘုရား၏ နာကျင်မှုက အတန်ငယ် လျော့ကျလာသည်။ ထို့နောက် သူ လှေနံရံကို ကျောမှီကာ အနားယူလိုက်သည်။ လှေပေါ်ရှိ အခြားလူတော်တော်များများလည်း ဒဏ်ရာရထားကြသည်။ ထို့ကြောင့် နာကျင်သံများက နေရာအနှံ့မှ ထွက်ပေါ်လာနေသည်။ လူအချို့ဆိုလျှင် ကြမ်းပြင်ပေါ်တွင် လူးလွန့်နေကြသည်။
“အကုန်လုံး ပါးစပ်ပိတ်ထားကြ။ မဟုတ်ရင် ငါ မင်းတို့ကို အပြင်ကို ကန်ထုတ်ပစ်မယ်”
အန်ယင်းက ဟွင့်သွမ့်သားရဲကြီးကို အဝေးသို့ မျှားခေါ်သွားသော အန်ဝူနှင့် အခြားနှစ်ယောက်ကို အာရုံစိုက်နေခဲ့သည်။ နောက်ဆုံးတွင်မူ သူ စိတ်မထိန်းနိုင်တော့ပေ။ သူ သတိပေးလိုက်သောအခါ အားလုံးသည် ချက်ချင်း အသံတိတ်သွားကြသည်။ သူတို့သည် သေလုမတတ် နာကျင်နေကြသော်လည်း ပါးစပ်ပိတ်ထားကြပေသည်။ လှေထဲမှ ကန်ထုတ်ခံရလျှင် သေချာပေါက် သေရမည်ဖြစ်ကြောင်း သူတို့ သိပေသည်။
“မစိုးရိမ်ပါနဲ့။ သူတို့က အဲ့ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲကို မသတ်နိုင်ဘူးဆိုပေမဲ့ အဲ့သားရဲက အသိဉာဏ်နည်းနည်းပဲ ရှိတာပါ။ သူ့ကို အဝေးကို မျှားခေါ်သွားဖို့ လွယ်ပါတယ်။ ငါတို့က နတ်ဘုရားလှေထဲမှာ ရှိနေရင်၊ အဲ့ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲနဲ့ ထိပ်တိုက်မဆုံရင် ဘာအန္တရာယ်မှရှိမှာ မဟုတ်ပါဘူး”
ဟဲဝေက စိတ်လက်ပေါ့ပါးနေသော မျက်နှာထားဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ ကျန်းရီသည် အပြင်ဘက် အဝေးရှိ ခပ်ရေးရေး မြင်နေရသော ဟွင့်သွမ့်သားရဲကြီးကို လှမ်းကြည့်လိုက်သည်။ ၎င်းက ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေဆဲပင်။ ထို့ကြောင့် သူ့ရင်ထဲတွင် အကြောက်တရားအနည်းငယ် ကျန်နေပေသေးသည်။
“အဲ့ဟွင့်သွမ့်သားရဲက ဘယ်လောက်သန်မာလဲ။ ဘာလို့ သူတို့က အဲ့သားရဲကို မသတ်နိုင်ရတာလဲ”
“သူတို့က မသတ်နိုင်တာရယ်လို့တော့ မဟုတ်ပါဘူး”
ဟဲဝေက အန်ယင်းနှင့် အခြားချပ်ဝတ်နက်များကို လှမ်းကြည့်ပြီးမှ ဆက်ပြောသည်။
“တိရှဘုံမှာ သိုင်းသမားတွေကို တိုက်ခိုက်စွမ်းအားအရ အဆင့်သုံးဆင့်ခွဲထားတယ်။ ငါတို့လိုလူတွေက စွမ်းအားအနည်းဆုံးဆိုတော့ ဘယ်အဆင့်ထဲမှ မပါဘူး။ အဆင့်သုံးဆင့်ကတော့ သိုင်းစစ်သူကြီး၊ သိုင်းဘုရင်နဲ့ သိုင်းဧကရာဇ်ပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှာတော့ အဲ့အဆင့်တွေကို မိစ္ဆာသတ်ဖြတ်စစ်သူကြီး၊ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်နဲ့ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားဆိုပြီး ခေါ်တယ်။ တိရှစံအိမ်မှာကျ တိကွေ့(သရဲ)၊ တိရှ(မြေ)နဲ့ တိထျန်း(ကောင်းကင်)ဆိုပြီး ခေါ်တယ်။ စစ်နတ်ဘုရားစံအိမ်မှာဆို နတ်ဘုရားစစ်သူကြီး၊ နတ်ဘုရားဘုရင်နဲ့ နတ်ဘုရားဧကရာဇ်ဆိုပြီး ခေါ်တယ်။ နာမည်တွေက ကွဲပြားပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပါပဲ...”
“ဟွင့်သွမ့်သားရဲတွေကိုလည်း အမျိုးအစားသုံးမျိုး ခွဲထားတယ်။ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲ၊ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲနဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲဆိုပြီး ခွဲထားတယ်။ သိုင်းသမားတွေက သူတို့နဲ့ အဆင့်တူတဲ့ ဟွင့်သွမ့်သားရဲတွေကို မသတ်နိုင်ကြဘူး။ အဲ့ချပ်ဝတ်နက်တစ်ဒါဇင်က တိကွေ့အဆင့်မှာပဲ ရှိကြတယ်။ အရှင်အန်ယင်းက နည်းနည်းပိုသန်မာနိုင်ပေမဲ့ သူကလည်း တိကွေ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိလောက်တယ်။ ဒါပေမဲ့ ဟွင့်သွမ့်သားရဲတစ်ကောင်ကို သတ်ဖို့က သူ့အတွက် အရမ်းခက်သေးတယ်...”
‘တိကွေ့၊ တိရှ၊ တိထျန်း၊ မိစ္ဆာသတ်ဖြတ်စစ်သူကြီး၊ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်၊ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား၊ နတ်ဘုရားစစ်သူကြီး၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်’
ကျန်းရီသည် ထိုအဆင့်အားလုံးကို မှတ်သားလိုက်သည်။ သူသည် အထက်ဘုံ၏ အဆင့်များကို အနည်းငယ်ပို၍ နားလည်လာပေပြီ။ ထို့နောက် သူသည် ဟွင့်သွမ့်သားရဲကြီးကို မျှားခေါ်နေသော အန်ဝူနှင့် အခြားနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့က လှေနှင့် ဆန့်ကျင်ရာဘက်သို့ ပျံသန်းကာ ဟွင့်သွမ့်သားရဲကြီးကို လှေနှင့်ဝေးရာသို့ ခေါ်သွားနေကြသည်။ ကျန်းရီသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ချ၍ တီးတိုး မေးလိုက်သည်။
“ခင်ဗျားက တိရှဘုံ၊ တိရှဘုံဆိုပြီးပဲ ပြောနေတယ်။ ဒီဘုံကို အထက်ဘုံလို့ ခေါ်တာ မဟုတ်ဘူးလား”
ကျန်းရီ၏ လေသံက အလွန်တိုးသည်။ လှေဝမ်းထဲရှိ အခြားသူများကလည်း သူတို့ဘာသာ ဆွေးနွေးပြောဆိုနေကြသည်။ အန်ယင်းနှင့် အခြားချပ်ဝတ်နက်များမှာလည်း အဝေးရှိ ဟွင့်သွမ့်သားရဲကိုသာ အာရုံစိုက်နေကြသဖြင့် သူတို့ကို ဂရုမစိုက်အားပေ။ ဟဲဝေသည် ဘေးဘီကို ကြည့်ရှုပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ငါတို့က ဒီဘုံကို ‘အထက်ဘုံ’လို့ ရည်ညွှန်းရုံပဲ။ ဒါပေမဲ့ ဒီလောကကို ကောင်းကင်ဘုံ၊ တိရှဘုံနဲ့ သေမျိုးဘုံဆိုပြီး ဘုံသုံးခု ခွဲထားတယ်။ သေမျိုးဘုံက အနိမ့်ဘုံပဲ။ အဲ့မှာ သာမန်လူတွေ နေကြတယ်။ ဒါက တိရှဘုံ။ ငါ့အဖေ ပြောပြတာတွေအရဆိုရင် အထက်မှာ ဘုံကြီးတွေ အများကြီး ထပ်ရှိသေးတဲ့ပုံပဲ။ ငါတို့က အဲ့ဘုံတွေကို ‘ကောင်းကင်ဘုံ’ဆိုပြီး ရည်ညွှန်းတယ်။ ဒါပေမဲ့ ငါတို့ မိစ္ဆာသတ်ဖြတ်နတ်ဘုရားတွေ မဖြစ်သေးသ၍ အဲ့ဘုံတွေကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး...”
“ဒါက...”
ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဤလောကကြီးက အလွန်ကြီးမားပေသည်။ သူ ထင်ထားသည်ထက် များစွာ ပိုကြီးပုံပင်။ ထို့ပြင် သူထင်ထားခဲ့သည်ထက်လည်း များစွာ ပိုရှုပ်ထွေးပေသည်။
ယခုတွင် ဟဲဝေသည် ဆက်ကျင့်ကြံ၍လည်း မရတော့သဖြင့် ကျန်းရီကို အခြားကိစ္စများပါ ဆက်ရှင်းပြလိုက်သည်။ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျန်းရီက အံကြိတ်ကာ မေးလိုက်သည်။
“တကယ်လို့ ကျွန်တော်က တခြားဘုံတွေဆီ သွားချင်တယ်ဆိုရင် ဘယ်လောက်ထိ စွမ်းအားကြီးဖို့ လိုလဲ”
“အနိမ့်ဆုံး အဆင့်မြင့် မိစ္ဆာသတ်ဖြတ်ဘုရင်အဆင့်တော့ ရှိရမယ်လို့ ငါထင်တယ်”
ဟဲဝေက ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီကို မပြတ်သားသောအဖြေ ပေးလိုက်သည်။
“မင်း မိစ္ဆာသတ်ဖြတ်နတ်ဘုရားဖြစ်မှ ဘုံတွေကြားမှာ စိတ်ကြိုက်သွားလာနိုင်မှာ။ ဒါပေမဲ့ အဆင့်မြင့် မိစ္ဆာသတ်ဖြတ်ဘုရင်အဆင့်ကို ရောက်ရင် မင်း မတရားချမ်းသာလာနိုင်တယ်။ အရေးပါတဲ့လူတွေအများကြီးနဲ့လည်း သိကျွမ်းလာမယ်။ အဲ့ကျရင် မင်း တခြားဘုံတွေဆီ သွားနိုင်အောင် ကူညီပေးမဲ့လူတစ်ယောက်ကို အလွယ်တကူ ရှာနိုင်ပြီပေါ့”
ကျန်းရီသည် ခေတ္တမျှ စဉ်းစားကာ အလွန်လက်တွေ့ကျသော မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။
“ခင်ဗျားအဖေရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်လဲ။ သူ အထက်ဘုံကို တက်လှမ်းလာပြီးတာ ဘယ်လောက်ကြာခဲ့ပြီလဲ”
“ငါ့အဖေလား...”
ဟဲဝေ၏ မျက်နှာက နီမြန်းသွားသည်။ ထို့နောက် ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
“ငါ့အဖေက တိရှဘုံကို တက်လှမ်းလာခဲ့တာ တစ်နှစ်ပဲရှိသေးတယ်။ သူက မိစ္ဆာသတ်ဖြတ်ဘုရင်အဆင့်ကို ရောက်သွားလို့ တပ်မှူးဖြစ်သွားတာပဲ။ ငါတို့ဘုံမှာ ငါ့အဖေက နှစ်တစ်သန်းအတွင်း အထူးချွန်ဆုံးလူပဲ”
‘အထက်ဘုံက တစ်နှစ်က အနိမ့်ဘုံက နှစ်တစ်ရာနဲ့ညီတယ်။ နှစ်တစ်ရာကုန်သွားတာတောင် သူက မိစ္ဆာသတ်ဖြတ်ဘုရင်အဆင့်ကိုပဲ ရောက်သေးတာလား...’
ကျန်းရီသည် မျက်လုံးပင့်လိုက်ပြီး မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွားသည်။ သူ မိစ္ဆာသတ်ဖြတ်နတ်ဘုရားအဆင့်ကို ရောက်ရန် အချိန်မည်မျှ လိုမည်နည်း။ နှစ်တစ်ထောင်လော။ နှစ်တစ်သောင်းလော။ သို့မဟုတ် သူ့တစ်သက်တွင် ထိုအဆင့်သို့ ရောက်ပင်မရောက်နိုင်မည်လော။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် အတွေးနက်နေစဉ်တွင် အဝေးရှိ လှိုင်းလုံများကြားမှနေ၍ အရိပ်နက်တစ်ခုက လှေဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်နက်နောက်တွင် နောက်ထပ်အရိပ်နက်နှစ်ခု ပါလာသည်။ ယခုမှ အန်ယင်းက စိတ်အေးသွားပုံပေါ်၏။ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တံခါးကို ဖွင့်လိုက်ကြ။ ပြီးရင် ရှောင်တိမ်းပြီး ဆက်သွားမယ်”
တံခါးပွင့်သွားပြီး အန်ဝူနှင့် အခြားချပ်ဝတ်နက်နှစ်ယောက် ဝင်လာကြသည်။ သူတို့သုံးယောက်၏ နှုတ်ခမ်းစွန်းများတွင် သွေးများစီးကျနေသည်။ သူတို့၏ မျက်နှာများကလည်း ဖြူဖျော့နေကြသည်။ သူတို့ ဒဏ်ရာရလာကြောင်း ထင်ရှားပေသည်။ သူတို့သည် လှေထဲသို့ ရောက်လျင်ရောက်ချင်း မည်သို့စကားမှ မဆိုဘဲ အရှေ့လှေဝမ်းထဲသို့ လျှောက်သွားလိုက်ကြသည်။ နတ်ဘုရားလှေသည် ပြန်၍ အေးချမ်းသွားပေပြီ။ ကျန်းရီနှင့် ကျန်လူများလည်း ဆက်ကျင့်ကြံကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းရီတို့သည် ဟွင့်သွမ့်သားရဲတစ်ကောင်၏ အရှိန်အဝါကြောင့် လန့်နိုးလာကြရပြန်သည်။ ဤတစ်ခေါက်တွင် အားလုံးသည် မည်သို့လုပ်ရမည်ကို သိထားပြီးဖြစ်သည်။ သူတို့သည် ဟွင့်သွမ့်သားရဲကို မကြည့်ကြတော့ပေ။ ထိုအစား နေရာမှာပင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ထားကာ သူတို့၏နှလုံးသားကို ကာကွယ်နေကြသည်။ အန်ယင်းက ထိုဟွင့်သွမ့်သားရဲကို အဝေးသို့ မျှားခေါ်သွားရန် ချပ်ဝတ်နက်သုံးယောက်ကို တာဝန်ပေးလိုက်သည်။ သို့သော် နှစ်ယောက်သာ ပြန်လာနိုင်ခဲ့ပေသည်။
“ညီလေး.. ဘာမှ မပြောနဲ့။ အရှင်အန်ယင်းနဲ့ တခြားသူတွေကို ဒေါသမထွက်စေနဲ့”
ဟဲဝေသည် အန်ယင်း၏ မျက်နှာထားက အလွန်အေးစက်မည်းမှောင်နေသည်ကို တွေ့လိုက်ရ၍ ကျန်းရီထံ ခပ်သွက်သွက် အသံပို့လွှတ်လိုက်သည်။ ကျန်းရီက အနက်ရောင်နတ်ဘုရားကို မျက်နှာရိပ်၊ မျက်နှာကဲပြလိုက်သည်။ သူကိုယ်တိုင်လည်း မည်သည့်အသံမှ မပြုဝံ့ပေ။ အခြားလူများကလည်း ဉာဏ်ကောင်းကြသည်။ မည်သူကမှ အန်ယင်းနှင့် အခြားချပ်ဝတ်နက်များကို ဒေါသထွက်သွားအောင် မလုပ်လိုကြပေ။ ထိုသို့လုပ်လျှင် သေရမည်ဖြစ်ကြောင်း သူတို့ သိပေသည်။
နတ်ဘုရားလှေက အရှေ့သို့ ဆက်သွားနေသည်။ လမ်းတစ်လျှောက်တွင် သူတို့ ဟွင့်သွမ့်သားရဲများစွာနှင့် တွေ့ခဲ့ရသည်။ သို့သော် နတ်ဘုရားလှေတွင် စွမ်းအားကြီး ရှောင်တိမ်းအမျိုးအစား အစီအရင်တစ်ခု ရှိပေသည်။ ထို့ကြောင့် လှေသည် မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။ ကျန်းရီနှင့် ကျန်လူများသည် တိတ်တဆိတ် ကျင့်ကြံနေခဲ့ကြသည်။ ကြက်သွေးရောင်လနှစ်စင်း ဝင်သွားသည်နှင့် နတ်ဘုရားလှေက တိရှပင်လယ်ထဲမှ ထွက်နိုင်သွားလေတော့သည်။ ထို့ကြောင့် အောက်ဘက်မှ မြင်ကွင်းက တောင်တန်းများနှင့် အစာထိုးခံလိုက်ရလေသည်။
အရှေ့ဘက်ကောင်းကင်က အတန်ငယ် လင်းလက်လာသည်။ မကြာခင်မှာပင် ကောင်းကင်ထဲ၌ ဧရာမခရမ်းရောင်နေလုံးကြီးတစ်လုံး ထွက်ပေါ်လာကာ အေးစက်နေသော ဒေသတစ်ခွင်လုံးကို အလင်းပေးလိုက်သည်။ ကျန်းရီတို့အပါအဝင် နတ်ဘုရားလှေထဲရှိ လူများစွာသည် ကျင့်ကြံခြင်းကို ရပ်လိုက်ကြပြီး အောက်ဘက်ရှိ တောင်များကို စိတ်ဝင်တစား ငုံ့ကြည့်ကြသည်။
အောက်ဘက်၌ မည်သည့်လမ်းမှ ရှိပုံမပေါ်ချေ။ နေရာအနှံ့တွင် မရေမတွက်နိုင်သော တောင်ထွတ်များ၊ တောင်ကြားများ၊ ရေကန်များနှင့် စမ်းချောင်းလေးများ ရှိနေသည်။ မြေပြင်တွင်လည်း မိုးထိုးနေသော ရှေးဟောင်းသစ်ပင်ကြီးများနှင့် ဆူးခြုံများ ပေါက်ရောက်နေကြသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ထိုကဲ့သို့သော ရှုခင်းမျိုး မရှိပေ။ ထို့ကြောင့် ကျန်းရီသည် ထိုနေရာ၌ မည်သည့်ပိုးမွှားများ၊ မည်သည့်အန္တရာယ်များ စောင့်ကြိုနေကြောင်းကို မသိပေ။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီက ရှုခင်းကို ကြည့်ရှုခံစားနေချိန်တွင် လေထဲ၌ နတ်ဘုရားလှေ ဆယ်စင်းလောက် ထွက်ပေါ်လာပြီး သူတို့၏ နတ်ဘုရားလှေကို တားလိုက်ကြသည်။ ထို့နောက် ကျန်းရီနှင့် ကျန်လူများကို ကြောက်မက်ဖွယ်အရှိန်အဝါများက လွှမ်းခြုံသွားသည်။ အေးစက်စက်အသံတစ်သံကလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
“မင်းတို့လက်ထဲက ရတနာအကုန်လုံးကို ပေးကြ။ နတ်ဘုရားအမြစ်တွေလည်း ထုတ်ပေးကြ။ ခုခံတဲ့သူတွေကတော့ ချက်ချင်း သတ်ပစ်ခံရလိမ့်မယ်”
ကျန်းရီက မျက်တောင်ပုတ်ခတ်၍ ဟဲဝေကို ကြည့်လိုက်သည်။
“အထက်ဘုံမှာလည်း တောင်ပေါ်ဓားပြတွေ ရှိသေးတာပဲလား”
“ဟင်းဟင်း...”
ဟဲဝေက အလွန်တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
“လူတွေရှိနေသ၍ ဂိုဏ်းတွေ၊ ဓားပြတွေ ရှိနေဦးမှာပဲ။ အထက်ဘုံက နတ်ဘုရားတွေဆိုတာကလည်း ရင်ထဲမှာတော့ လူသားတွေပဲ။ အဲ့တော့ ဒီမှာလည်း ဓားပြတွေ ရှိတာပေါ့။ ဒါပေမဲ့ သူတို့ကို နတ်ဘုရားဓားပြတွေလို့ ခေါ်တယ်။ မစိုးရိမ်ပါနဲ့။ ထိုင်နေပြီး ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ဖို့သာ ပြင်ထားပေတော့။ ဒီမှာ စစ်နတ်ဘုရားစံအိမ်၊ တိရှစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်တွေက သွားရှုပ်လို့ရတဲ့ စံအိမ်တွေ မဟုတ်ဘူး”
***