← Chapters

နတ်သိမ်းငှက်မြို့

Vol. 93 Ch. 1293

နတ်သိမ်းငှက်မြို့

Vol. 93 Ch. 1293

ဝှစ်...ဝှစ်...ဝှစ်...

နတ်ဘုရားလှေများ၏ တံခါးများက ပွင့်လာပြီး သိုင်းသမားတစ်စု ပျံထွက်လာကြသည်။ သူတို့၏ အရှိန်အဝါများက အန်ဝူနှင့် အခြားချပ်ဝတ်နက်များထက် မနိမ့်ပေ။ သူတို့ဘက်တွင် အနည်းဆုံး အင်အားထောင်ဂဏန်းရှိလောက်သည်။ သူတို့ထဲမှ အချို့၏ အရှိန်အဝါများက အန်ယင်း၏ အရှိန်အဝါထက်ပင် အားကောင်းကြသည်။

“ဟွန်း...”

အန်ယင်းက နှာမှုတ်၍ သူ့လူတစ်ဒါဇင်ကို ဦးဆောင်ကာ အပြင်သို့ ပျံထွက်သွားသည်။ သူသည် လေထဲတွင် ရပ်လိုက်ပြီး ဓားပြများကို တစ်ချက်ဝေ့ဝဲကြည့်၍ ပြောလိုက်သည်။

“မင်းတို့တွေက တိရှစံအိမ်ရဲ့ နတ်ဘုရားလှေတစ်စင်းကို တားရဲတယ်ပေါ့လေ။ မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

“အို့... အဲ့ဒါက တိရှစစ်တပ်ပဲ”

နတ်ဘုရားဓားပြများသည် အန်ယင်းနှင့် ချပ်ဝတ်နက်များ၏ ရင်ဘတ်ပေါ်မှ တံဆိပ်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ နတ်ဘုရားဓားပြအဖွဲ့၏ ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။

“ကျုပ်သိပါပြီ... ဒါက တိရှစစ်တပ်ပဲ။ အရှင်တို့ကို ကျုပ်တို့ မမှတ်မိခဲ့တာ ခွင့်လွှတ်ပေးပါ။ ညီနောင်တို့... ပြန်ဆုတ်ကြ”

“ပြန်ဆုတ်မှာလား”

အန်ယင်းက ခနဲ့တဲ့တဲ့ပြုံး၍ ပြောသည်။

“မင်းတို့က ငါတို့ကို တားပြီးတော့ ဒီအတိုင်းပဲ ပြန်ဆုတ်သွားချင်နေတာလား။ ငါသာ မင်းတို့ကို တိုင်လိုက်ရင် ငါတို့စစ်တပ်က မင်းတို့အကုန်လုံးကို ရက်အနည်းငယ်အတွင်းမှာ သတ်ပစ်နိုင်တယ်ဆိုတာကို မင်းယုံလား”

အန်ယင်း၏ စကားများက ကျန်းရီနှင့် ကျန်လူအားလုံးကို တန်လှုပ်သွားစေသည်။ အန်ယင်းက ဦးနှောက်ပျက်နေခြင်းလော။ သူတို့ဘက်တွင် အင်အားတစ်ဒါဇင်ပျော့ပျော့သာ ရှိပြီး ဓားပြများဘက်တွင်မူ အင်အားထောင်ကျော် ရှိနေသည်။ အကယ်၍ ထိုနတ်ဘုရားဓားပြအုပ်စုက ဒေါသထွက်သွားလျှင် သူတို့အားလုံး အသတ်ခံရပေလိမ့်မည်။

“ဟားဟား... အဲ့ဓားပြတစ်အုပ်တော့ ပြဿနာအကြီးအကြီးတက်ပြီ”

ဟဲဝေက ခပ်သဲ့သဲ့ရယ်၍ ပြောလိုက်သည်။

“ဒီတိရှဘုံမှာ ဘယ်သူကမှ တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်၊ စစ်နတ်ဘုရားစံအိမ်တွေကို သွားမရှုပ်ရဲဘူး။ တိရှစံအိမ်က လူတစ်ယောက်ကို သတ်မိတာနဲ့ တိရှဘုံက ထွက်မပြေးနိုင်ရင် အကုန်သေရမှာပဲ။ အန်ယင်းတို့က ဒီနတ်ဘုရားလှေပေါ်မှာ တိရှစစ်တပ်ရဲ့ တံဆိပ်ကို တမင် မရေးထိုးထားတာ။ သူတို့က အဲ့နတ်ဘုရားဓားပြတွေကို မျှားခေါ်ခဲ့တယ်ဆိုတာ အသိသာကြီးပဲ...”

မျှော်လင့်ထားသလိုပင်။

ဓားပြအဖွဲ့ခေါင်းဆောင်က ခါးသက်သက်ရယ်၍ မေးသည်။

“အရှင်... အဲ့ဒါဆို အရှင် ဘာလိုချင်ပါသလဲ”

အန်ယင်းက လက်တစ်ဘက်ဆန့်၍ အရေးမစိုက်ဟန်ဖြင့် ပြန်ပြောသည်။

“နတ်ဘုရားအမြစ်တစ်ထောင်ပေး... အဲ့ဒါဆို ငါတို့ ဒီကိစ္စကို လျစ်လျူရှုပေးမယ်။ မဟုတ်ရင်တော့...ဟွန်း...”

“တစ်ထောင်လား...”

ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ အံ့အားသင့်နေကြပေသည်။ နတ်ဘုရားအမြစ်တစ်ထောင်က နတ်ဘုရားအသုံးအဆောင်တစ်ထောင်နှင့် ညီမျှသည်။ ယင်းမှာ အလွန်များပြားသော ပမာဏပင်။

“အရှင်... အရေအတွက်ကို နည်းနည်းလောက် လျှော့ပေးလို့ရမလားခင်ဗျာ။ ကျုပ်တို့က ခက်ခက်ခဲခဲ လုပ်ကိုင်နေရတာပါ။ နည်းနည်းလောက် သက်ညှာပေးပါ။ ငါးရာဆိုရင်ရော ဘယ်လိုပါလဲ”

နတ်ဘုရားဓားပြခေါင်းဆောင်က တောင်းပန်တိုးလျှိုးသံဖြင့် ပြောသည်။ သို့သော် အန်ယင်းတို့က သူတို့၏ နတ်ဘုရားလှေထံသို့ ချက်ချင်း လှည့်ပြန်ရန် ဟန်ပြင်လိုက်ကြသည်။ ထိုအခါ ဓားပြခေါင်းဆောင်က ထိတ်လန့်သွားပြီး အံကြိတ်၍ ပြောလိုက်ရတော့သည်။

“ကောင်းပါပြီ... ကျုပ်တို့ ပေးပါမယ်။ ဒီမှာ နတ်ဘုရားအမြစ်တစ်ထောင်ပါ။ ညီနောင်တို့... ဆုတ်ကြစို့”

ဝှစ်...

ဓားပြခေါင်းဆောင်က လက်စွပ်တစ်ကွင်း ပစ်ပေးကာ ဆုတ်သွားကြသည်။ အန်ယင်းက လက်စွပ်ကို ဖမ်းယူ၍ အာရုံခံကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ချက် ပေါ်လာသည်။ သူသည် အားလုံးကို ‌ခေါ်၍ နတ်ဘုရားလှေထဲသို့ ပြန်ဝင်သွားလိုက်သည်။ လှေထဲသို့ ရောက်သောအခါ သူက အနောက်လှေဝမ်းထဲရှိ လူအားလုံးကို အေးစက်စက်ကြည့်၍ ‌ပြောလိုက်သည်။

“ဘယ်သူကမှ ဒီအကြောင်းကို ပြန်ပြောခွင့်မရှိဘူး။ မဟုတ်ရင်တော့ မင်းတို့တွေ နောင်တရသွားရမယ်”

အားလုံး ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြသည်။ ယင်းနောက် အန်ယင်းနှင့် ချပ်ဝတ်နက်များက အရှေ့လှေဝမ်းထဲသို့ ဝင်သွားကြသည်။ ချပ်ဝတ်နက်တစ်ယောက်က နောက်တွင် နေခဲ့ပြီး ပြောလိုက်သည်။

“နေ့ဝက်အတွင်း ငါတို့ နတ်သိမ်းငှက်မြို့ကို ရောက်လိမ့်မယ်။ အခုကစပြီး မင်းတို့က နတ်သိမ်းငှက်မြို့က မြို့သူ၊မြို့သားတွေ ဖြစ်သွားပြီ။ မင်းတို့က ငါတို့ရဲ့ တိရှစံအိမ်ထဲဝင်ဖို့ ရွေးချယ်နိုင်တယ်။ အဲ့ဒါဆို နောက်ကျ မင်းတို့က တိရှစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ်လည်း မင်းတို့ မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ စစ်နတ်ဘုရားစံအိမ်ထဲ ဝင်ဖို့ ရွေးချယ်နိုင်တယ်။ ဘယ်စံအိမ်ထဲမှ မဝင်ချင်ဘူးဆိုရင်လည်း အဲ့နတ်ဘုရားဓားပြတွေလို ဒီဘုံမှာ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ အသေးစိတ်ကို မင်းတို့ နတ်သိမ်းငှက်မြို့ကိုရောက်ရင် သိပါလိမ့်မယ်.. အဲ့ကျမှ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါ့”

ထိုချပ်ဝတ်နက်က ပြောဆိုပြီးနောက် အရှေ့လှေဝမ်းထဲ ဝင်သွားသောအခါ အနောက်လှေဝမ်းထဲတွင် အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားလေသည်။ အားလုံးသည် ထိုစံအိမ်သုံးခုထဲမှ မည်သည့်စံအိမ်ကို ရွေးရမည်ကို ဆွေးနွေးနေကြသည်။ ကျန်းရီသည် ထိုဆွေးနွေးသံများကို နားထောင်ကြည့်ရာ အများစုက တိရှစံအိမ်ထဲဝင်ကာ တိရှစစ်တပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လိုနေကြကြောင်း သိလိုက်ရသည်။ အန်ယင်းတို့၏ အစောမှ လုပ်ရပ်က အားလုံးကို တိရှစစ်တပ်အပေါ် အထင်ကြီးသွားစေသည်။

သို့သော် ဟဲဝေက ညင်သာစွာ ခေါင်းခါ၍ ပြောလိုက်သည်။

“လူဖျင်းတစ်စုပဲ။ တိရှစံအိမ်က တကယ်ပဲ တည်နေရာအရ အားသာပြီး လူအများဆုံး စုဆောင်းနိုင်တယ်ဆိုပေမဲ့ လူတစ်‌သောင်းမှာ တစ်ယောက်ပဲ တိရှစစ်တပ်ထဲ ဝင်နိုင်တာ။ အများစုက သာမန်အစေခံတွေအဖြစ် အဆုံးသတ်သွားပြီး တောက်တိုမယ်ရတာဝန်တွေနဲ့ အလုပ်ကြမ်းတွေကို ခါးချိမတတ် လုပ်ရတာ။ သူတို့က ဘာအရင်းအမြစ်တွေမှလည်း မရဘူး...”

ကျန်းရီက ဟဲဝေကို ကြည့်၍ စိတ်ဝင်တစား မေးလိုက်သည်။

“ခင်ဗျားက တခြားလူတွေကို မိစ္ဆာသတ်ဖြတ်စံအိမ်ထဲဝင်ဖို့ သွားမစည်းရုံးတော့ဘူးလား”

ဟဲဝေက ခပ်မဲ့မဲ့ပြုံး၍ ပြန်ပြောသည်။

“သူတို့အကုန်လုံးက အသုံးမကျတဲ့သူတွေပဲ။ သူတို့ကို စည်းရုံတော့ရော ဘာအကျိုးရမှာလဲ။ ဒီက လူတစ်ထောင်နီးပါးထဲမှာ မင်းနဲ့ငါကလွဲရင် အငယ်ဆုံးလူက အသက်တစ်ရာကျော်နေပြီ။ ငါက လေးဆယ့်သုံးနှစ်အရွယ်မှာမှ အထက်ဘုံကို တက်နိုင်ခဲ့တယ်။ အဲ့လူတွေက ငါ့ထက် ပိုဖျင်းတယ်။ အဲ့တော့ သူတို့ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်နိုင်ဖို့ ခက်ခဲမှာပဲ...”

ကျန်းရီ နှုတ်ဆိတ်သွားပြီး ဟဲဝေနှင့် ဆက်မပြောတော့ပေ။ အခြေအနေက မရှင်းလင်းသေးသဖြင့် ကျန်းရီသည် ဟဲဝေပြောသမျှကို ယုံမည် မဟုတ်ပေ။ နတ်သိမ်းငှက်မြို့ကို ရောက်မှ အခြေအနေများကို ခြုံငုံသုံးသပ်၍ ဆုံးဖြတ်ချက်ချရပေမည်။ ထိုသို့ဆုံးဖြတ်ပြီးနောက် သူ အနက်ရောင်နတ်ဘုရားကို ကြည့်လိုက်သည်။ အနက်ရောင်နတ်ဘုရားက ပြန်ကောင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၍ သူ မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံနေလိုက်လေသည်။

တစ်ရက် ကုန်ဆုံးခဲ့ပေပြီ။ ယင်းမှာ အနိမ့်ဘုံတွင် တစ်လကုန်သွားခဲ့ပြီဆိုသော အဓိပ္ပာယ်ပင်။ အထက်ဘုံတွင် ကျင့်ကြံနှုန်းက ပိုမြန်သဖြင့် ကျန်းရီသည် သူ့နတ်ဘုရားအမြုတေထဲ၌ ကောင်းကင်စွမ်းအားအနည်းငယ် စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် သူ့နတ်ဘုရားအမြုတေက အလွန်ကြီးမားသည်။ ကောင်းကင်စွမ်းအားများကို အမြုတေပြည့်သွားသည်အထိ ဖြည့်လိုလျှင် အထက်ဘုံအချိန် သုံးနှစ်မှ ငါးနှစ်အထိ ကျင့်ကြံရပေလိမ့်မည်။

ကျန်းရီသည် နတ်ဘုရားခန္ဓာကို ရရှိပြီးနောက် တစ်ခါမှ မဆာလောင်ခဲ့သေးပေ။ သူက လုံးဝ မစားမသောက်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ကျင့်ကြံရန် အကောင်းဆုံးအနေအထားတွင် ရှိနေပေသည်။ အနက်ရောင်နတ်ဘုရားက မိစ္ဆာသားရဲတစ်ကောင်ဖြစ်ပြီး အလွန်သန်မာသော ခန္ဓာကိုယ်ရှိသည်။ သူသည် နှစ်အနည်းငယ်အထိ မစားမသောက်ဘဲ နေနိုင်သည်။ ထို့ပြင် အနက်ရောင်နတ်ဘုရားထံ၌ အဆုံးမဲ့ပင်လယ်နက်မှ ဝိညာဉ်ဆေးပင်များရှိသည်။ ထို့ကြောင့် ကျန်းရီသည် သူ့အတွက် စိတ်ပူစရာမလိုပေ။

အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်...

မျက်တောင်တစ်ခတ်အတွင်းမှာပင် အထက်ဘုံအချိန် နေ့တစ်ဝက် ကုန်ဆုံးသွားသည်။ ကျန်းရီသည် ဟဲဝေက နှိုးသဖြင့် နိုးလာပြီး ဘေးဘီကို ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“အရှေ့မှာ နတ်သိမ်းငှက်မြို့ကို ရောက်ပြီ”

ဟဲဝေသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အရှေ့ကို ညွှန်ပြကာ ပြောလိုက်၏။ ကျန်းရီသည် အရှေ့ကို ကြည့်လိုက်သောအခါ မှင်တက်သွားသည်။ သူတို့အရှေ့တွင် အမှန်ပင် ဧရာမမြို့ကြီးတစ်မြို့ ရှိနေသည်။ ထို့မြို့၏ အရွယ်အစားကို မည်သည်နှင့် နှိုင်းပြရမည်ကိုပင် သူ မသိပေ။ ထို့မြို့သည်လည်း ရှန်းစီမြို့ကဲ့သို့ လေထဲတွင် တည်ရှိနေသည်။

လေထဲတွင် တည်ရှိသော မြို့များမှာ မထူးဆန်းပေ။ ကျန်းရီကို အံ့အားသင့်စေသည်မှာ ထို့မြို့၏ အရွယ်အစားဖြစ်သည်။ ထိုမြို့က ဆန်းကြယ်ဧကရာဇ်မြို့ထက် အဆတစ်သောင်း ပိုကြီးလောက်သည်။ ကျန်းရီသည် မြို့၏ အစွန်းနှစ်ပိုင်းကိုပင် လှမ်းမမြင်နိုင်ပေ။ သူမြင်ရသည်မှာ ရွှေရောင်တောက်ပနေသော မြို့ရိုးကြီးသာ။ မြို့တစ်ခုလုံးကို ရွှေရောင်အလင်းလွှာအကာအရံတစ်ခုက လွှမ်းခြုံထားသည်။ ထိုအကာအရံက အကြည်ဖြစ်ရာ အထဲရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။

“အာ... အောက်ဘက်မှာ ရွာတွေအများကြီး ရှိတာပဲ...”

ကျန်းရီသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အ‌ဆောက်အဦများ၊ ရဲတိုက်များ၊ စံအိမ်များ၊ သစ်သားအိမ်များနှင့် ခံတပ်များကိုပင် မြင်လိုက်ရသည်။ သို့သော် ထိုအဆောက်အဦများက အစီအစဉ်တကျ တည်ဆောက်ထားပုံပေါ်သည်။ ၎င်းတို့ကို အပိုင်းကြီးလေးပိုင်းအဖြစ် ခွဲခြားထားသည်။

“ဒါက ငါတို့နေရာမဲ့ နေရာပဲ”

ဟဲဝေက လေထဲမှ မြို့ကြီးကို ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။

“ငါတို့လို အောက်ခြေက သိုင်းသမားတွေက မြို့ထဲကို ဝင်ခွင့်ရဖို့ အဆင့်မမီဘူး။ ငါတို့က စံအိမ်သုံးခုထဲက တစ်ခုရဲ့ တရားဝင်တပည့်တွေ ဖြစ်သွားမှ မြို့ထဲကို တစ်လမှာ သုံးရက်ဝင်ခွင့်ရလိမ့်မယ်။ တကယ်လို့ ငါတို့က မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်ကို ရောက်သွားရင်တော့ မြို့ထဲမှာ ကိုယ်ပိုင်ရဲတိုက် ရလိမ့်မယ်။ အဲ့ဒါက တကယ့်ကို ဂုဏ်ရှိတဲ့ကိစ္စပဲ...”

“သာမန်လူတွေက အောက်ခြေမှာ ကြွယ်ဝသူတွေကတော့ အထက်မှာပေါ့...”

ကျန်းရီသည် နှာခေါင်းကုတ်၍ ပြောလိုက်၏။ နတ်ဘုရားလှေက အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်း၍ ရင်ပြင်တစ်ခုထဲတွင် ဆင်းသက်လိုက်သည်။

အန်ယင်းနှင့် ချပ်ဝတ်နက်များအားလုံး ထွက်လာသည်။ အန်ယင်းက အားလုံးကို ကြည့်၍ ပြောလိုက်သည်။

“ကောင်းပြီ... ငါတို့ နတ်သိမ်းငှက်မြို့ကို ရောက်ပြီ။ မင်းတို့အရှေ့က ရဲတိုက်သုံးတိုက်ကို မြင်ကြလား။ ဘယ်ဘယ်က ရဲတိုက်က တိရှစံအိမ်၊ အလယ်က စစ်နတ်ဘုရားစံအိမ်၊ ညာဘက်က မိစ္ဆာသတ်ဖြတ်စံအိမ်.. မင်းတို့အကုန်လုံး ကိုယ်ကြိုက်တဲ့စံအိမ်ကို ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ မင်းတို့မှာ အခွင့်အရေးတစ်ခါပဲ ရှိတယ်။ မင်းတို့ ဆုံးဖြတ်ပြီးသွားရင် စံအိမ်ထဲက ပြန်ထွက်တာမျိုး၊ စံအိမ်ပြောင်းတာမျိုး လုပ်လို့မရတော့ဘူး။ ဘယ်စံအိမ်ထဲဝင်ရင် ဘာအကျိုးရမယ်ဆိုတာကတော့ မင်းတို့ဘာသာ အဲ့ရဲတိုက်တွေထဲ ဝင်ပြီး ကြည့်ကြည့်ကြပေါ့။ ဒါက နတ်သိမ်းငှက်မျိုးနွယ်စုပဲ။ မျိုးနွယ်စုထဲမှာ ဘာလက်နက်မှ သုံးခွင့်မရှိဘူး။ မင်းတို့မှာ စာရင်းရှင်းစရာ ရန်ငြိုးတွေရှိရင် အပြင်မှာ သွားရှင်းကြပါ။ ကောင်းပြီ... ငါတို့အလုပ်က ပြီးပြီ။ အခု မင်းတို့တွေ လှေပေါ်က ဆင်းနိုင်ပြီ”

“ဝိုး...”

နတ်ဘုရားလှေပေါ်မှ လူတစ်ထောင်နီးပါးသည် စိတ်လှုပ်ရှားဖြင့် လှေပေါ်မှ ဆင်းလိုက်ကြပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။ အားလုံး ဆင်းပြီးသောအခါ အန်ယင်းက နတ်ဘုရားလှေကို သိမ်းလိုက်သည်။ ထို့နောက် အန်ယင်းနှင့် ချပ်ဝတ်နက်များသည် အားလုံး၏ အားကျသော အကြည့်များအောက်တွင် နတ်သိမ်းငှက်မျိုးနွယ်စုမှနေ၍ နတ်သိမ်းငှက်မြို့ထဲသို့ ပျံတက်သွားကြလေသည်။

“သွားကြမယ်.. တိရှစံအိမ်ဆီ သွားကြမယ်”

လူတစ်ထောင်နီးပါးသည် အုပ်စု နှစ်စု၊ သုံးစုကွဲသွား၏။ အချို့သည် တိရှစံအိမ်၏ ရဲတိုက်ဆီသို့ သွားနေကြပေပြီ။ သို့သော် ကျန်းရီက နေရာမှာပင် ရပ်နေသည်။ သူ ချီတုံချတုံ ဖြစ်နေဆဲပင်။ အန်ယင်းသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြန်ပြင်၍ မရတော့ဟု ပြောခဲ့သည်။ သူတို့သည် သူတို့‌ရွေးချယ်လိုက်သော စံအိမ်တွင် ထာဝရနေရတော့မည်ဖြစ်သည်။

ကျန်းရီက လွတ်လပ်မှုကို မြတ်နိုးသည်။ အကယ်၍ သူ စံအိမ်တစ်ခုထဲ ဝင်ပြီးနောက် ကန့်သတ်ချုပ်နှောင်ခံရလျှင် ဘဝက အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ သို့သော် သူ စံအိမ်တစ်ခုခုထဲ မဝင်လျှင်လည်း တိရှဘုံတွင် နာမည်တစ်လုံးရရန် ခဲယဉ်းပေလိမ့်မည်။

“ခင်ဗျားက သခင်လေးဝေလား”

ကျန်းရီ အတွေးနက်နေစဉ်တွင် အဘိုးအိုတစ်ယောက် ဟဲဝေထံသို့ လျှောက်လာသည်။ သူ့လက်ထဲတွင် အမိန့်ပြားတစ်ပြားကို ကိုင်ထားသည်။ သူသည် ဟဲဝေအနားသို့ ရောက်သို့အခါ ပြောလိုက်သည်။

“တပ်မှူးဟဲက သခင်လေး နတ်သိမ်းငှက်မြို့ကို ရောက်လာပြီဆိုတဲ့ သတင်းကို ရပြီးပါပြီ။ သူက သခင်လေးကို အရင်ဆုံး ဒီမျိုးနွယ်စုမှာပဲ နေပါတဲ့။ တစ်ရက်နေပြီးရင် သူ ဒီကို ရောက်လာပါလိမ့်မယ်”

“အန်..”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဟဲဝေ၏ အဖေက အမှန်ပင် အာဏာအနည်းငယ် ရှိပုံ‌ရသည်။ သူက ကျန်းရှောင်နူကို ရှာရန် ကူညီပေးမည်ဆိုလျှင် ကျန်းရီအနေဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်ထဲဝင်ရန် ဝန်မလေးပေ။

***

All Chapters