← Chapters

အကဲဖြတ်မှု

Vol. 93 Ch. 1294

အကဲဖြတ်မှု

Vol. 93 Ch. 1294

ချပ်ဝတ်နက်ဝတ် အဘိုးအိုက ကျန်းရီကို ကြည့်ပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ပြောလိုက်သည်။

“ဒီကသခင်လေးက သခင်လေးဝေရဲ့ မိတ်ဆွေပါလား”

“ဟုတ်ပါတယ်”

ဟဲဝေက ကျန်းရီ၏ ပခုံးကို ပုတ်၍ ပြန်ပြောလိုက်သည်။

“ဒီနှစ်ယောက်စလုံးက ကျွန်တော့်ရဲ့ မိတ်ဆွေတွေပဲ။ ကျွန်တော်က သူတို့နဲ့ လမ်းမှာတွေ့ခဲ့တာ။ ဒီလူငယ်လေးက မဆိုးဘူး။ ကျွန်တော် သူ့ကို မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခိုင်းဖို့ ကြံနေတာ။ အဲ့ဒါ ပြဿနာမရှိလောက်ဘူး မဟုတ်လား”

“ဟာ... လုံးဝမရှိပါဘူး”

အဘိုးအိုက ကျန်းရီကို ကြည့်၍ တလေးတစား ‌ခေါင်းညိတ်လိုက်သည်။ သို့သော် အဘိုးအိုသည် ကျန်းရီကို မည်သို့မှ စည်းရုံးရန် မကြိုးစားဘဲ လက်ယပ်၍သာ ခေါ်လိုက်သည်။ ကျန်းရီသည် တိရှစံအိမ်၏ ရဲတိုက်နှင့် စစ်နတ်ဘုရားစံအိမ်၏ ရဲတိုက်တို့ကို လှမ်းကြည့်လိုက်၏။ သူ တုံ့ဆိုင်းနေပေသေးသည်။ သူက ယခုအထိ ဤဘုံ၏ စွမ်းအားမျှခြေကို နားမလည်သေးသည် မဟုတ်လော။

ဝှစ်...ဝှစ်...

ရဲတိုက်နှစ်တိုက်၏ အပြင်ဘက်တွင် အစောင့်အနည်းငယ် စောင့်ကြပ်နေကြသည်။ ကျန်းရီ လှမ်းကြည့်လိုက်သည့်အခိုက်တွင် ရဲတိုက်အပြင်မှ အစောင့်ခေါင်းဆောင်နှစ်ယောက်လည်း ကျန်းရီကို မြင်သွားကြသည်။ သူတို့၏ မျက်ဝန်းများ ချက်ချင်း အရောင်လက်သွားကြ၏။ ကျန်းရီ၏ အတွေးထဲတွင် သူတို့နှစ်ယောက်၏ အသံပို့လွှတ်မှုများ ထွက်ပေါ်လာသည်။

“လူငယ်လေး.. တိရှစံအိမ်က မင်းကို ကြိုဆိုပါတယ်။ တိရှစံအိမ်မှာဆိုရင် မင်းက အကန့်အသတ်မဲ့တဲ့ အရင်းအမြစ်တွေနဲ့ လမ်းညွှန်ပြသမှုတွေကို ရလိမ့်မယ်။ မင်းသာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် တိရှအရှင်ရဲ့ တပည့်ဖြစ်လာဖို့ အခွင့်အရေးရနိုင်တယ်။ အဲ့အခါကျရင် မင်းက စီရင်စုနယ်အရှင်တစ်ပါး ဖြစ်လာလိမ့်မယ်”

“နတ်ဘုရားငယ်လေး... စစ်နတ်ဘုရားစံအိမ်က ဒီဘုံမှာ အင်အားအကြီးဆုံးပဲ။ စစ်နတ်ဘုရားစံအိမ်ကို မဟာဧကရာဇ်လေးပါးက ပူးပေါင်းတည်ထောင်ထားတာပဲ။ ပြီးတော့ စစ်နတ်ဘုရားစံအိမ်က လူသစ်လက်ခံတဲ့နေရာမှာ တင်းကြပ်တယ်။ မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဆိုတော့ မင်းရဲ့ပါရမီက သာမန်မဟုတ်ဘူး။ မင်းသာ အကဲဖြတ်မှုကို အောင်မြင်မယ်ဆိုရင် စစ်နတ်ဘုရားစံအိမ်ထဲဝင်နိုင်ပြီး ဒီဘုံက အင်အားအကြီးဆုံးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲ့ကျရင် မင်း တိရှဘုံတစ်ခုလုံးမှာ စိတ်ကြိုက်သွားလာနိုင်ပြီ။ ပြီးတော့ မင်း တခြားဘုံတွေကို သွားနိုင်မဲ့ အခွင့်အရေးလည်း ရလာလိမ့်မယ်”

တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်မှ အစောင့်ခေါင်းဆောင်နှစ်ယောက်စလုံးက ကျန်းရီကို သိမ်းသွင်းရန် ကြိုးစားနေကြသည်။ တိရှစံအိမ်က ဝင်ရန်လွယ်ကူပြီး ထိုစံအိမ်တွင်ဆိုလျှင် သေချာပျိုးထောင်ခံရမည်ဟု ကျန်းရီ ခံစားလိုက်ရသည်။ ထိုစံအိမ်ထဲဝင်လိုက်လျှင် သူက တိရှအရှင်၏ တပည့်ဖြစ်လာနိုင်ရန်ပင် အခွင့်အရေးရနိုင်သည်။ သို့သော် ယင်းမှာ သိပ်၍ ယုံချင်စရာမရှိပေ။

စစ်နတ်ဘုရားစံအိမ်ကမူ ကျန်းရီကို အတန်ငယ် မသက်မသာ ခံစားရစေသည်။ သူတို့က အတော်လေး ကြွားဝါလွန်းသည်။ ထိုစံအိမ်ကို မဟာဧကရာဇ်လေးပါးက ပူးပေါင်း၍ တည်ထောင်ထားခြင်းလော။ အဖွဲ့ဝင်များက တိရှဘုံတွင် စိတ်ကြိုက်သွားလာနိုင်သည်လော။ ထို့ပြင် စံအိမ်ထဲဝင်နိုင်ရန် အကဲဖြတ်မှုကို ဖြတ်ကျော်ရဦးမည်လော။

ကျန်းရီသည် ဟဲဝေကို လာခေါ်သော မိစ္ဆာသတ်ဖြတ်စံအိမ်မှ အဘိုးအိုကို ကြည့်လိုက်၏။ ထိုအဘိုးအိုသည် တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်မှ လူများက ကျန်းရီထံ အသံလှမ်းပို့လွှတ်လိုက်ကြောင်းကို သိ၏။ သို့သော် သူသည် ပြုံး၍သာ နေပြီး မည်သို့မှ မပြောပေ။ ကျန်းရီသည် တောက်ပသောမျက်ဝန်းများဖြင့် အဘိုးအိုကို တီးတိုးပြောလိုက်သည်။

“ဟဲဝေက ကျွန်တော်နဲ့အတူ တက်လှမ်းလာရင်း ပျောက်သွားတဲ့ ကျွန်‌တော့်မိတ်ဆွေကို ကူရှာပေးနိုင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ အရှင်... ဟဲဝေက ကျွန်တော့်ကို လိမ်နေတာ မဟုတ်ဘူးမလား”

“မဟုတ်ပါဘူး...”

အဘိုးအိုက ပြတ်သားစွာ ပြန်ဖြေသည်။

“သိမ်းငှက်ပြာစီရင်စုနယ်တစ်ခွင်လုံးမှာ တပ်မှူးဟဲရဲ့ မျက်လုံးတွေ၊ နားတွေ ရှိပါတယ်။ လူတစ်ယောက်ကို ရှာဖို့က အဲ့လောက်မခက်ခဲလောက်ပါဘူး”

“အဲ့ဒါဆို ကောင်းပါပြီ”

ကျန်းရီသည် ပြတ်သားစွာ ဆုံးဖြတ်၍ ပြောလိုက်သည်။

“ကျွန်တော် မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ချင်ပါတယ်”

အဘိုးအိုက ပြုံးရုံသာပြုံးလိုက်ပြီး မည်သို့မှ ဆက်မပြောတော့ပေ။ တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်မှ လူများကလည်း ကျန်းရီထံ အသံဆက်မပို့လွှတ်ကြတော့ချေ။ သူတို့သည် သူ့ကို ကြည့်ပင် မကြည့်တော့ပေ။ စံအိမ်သုံးခုတွင် တက်လှမ်းလာသူများ၏ ‌ရွေးချယ်မှုအပေါ် ပေါ်ပေါ်ထင်ထင် လွှမ်းမို၍ မရဟူသော သဘောတူညီမှုတစ်ခု ရှိထားပုံပင်။

မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်က ကြီးမားသည်။ ရဲတိုက်က တစ်ထပ်သာရှိပြီး ရဲတိုက်ထဲသို့ လူများစွာ ဝင်ထွက်နေကြသည်။ သူတို့အားလုံးက ချပ်ဝတ်အနက်ရောင် ဝတ်ဆင်ထားကြသည်။ ထိုချပ်ဝတ်နက်များ၏ ရင်ဘတ်နေရာတွင် သွေးနီရောင်ဝံပုလွေခေါင်းတံဆိပ်ရှိကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ ဟဲဝေကို လာခေါ်သော အဘိုးအို၏ ချပ်ဝတ်နက်၏ ရင်ဘတ်နေရာတွင်လည်း တူညီသောတံဆိပ်ရှိသည်။ ထိုတံဆိပ်က မိစ္ဆာသတ်ဖြတ်စံအိမ်၏တံဆိပ် ဖြစ်လောက်သည်။

အဘိုးအို၊ ဟဲဝေ၊ ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့က ရဲတိုက်၏ အလယ်ခန်းမထဲသို့ ဝင်သွားလိုက်သည်။ ရဲတိုက်ထဲတွင် စင်္ကြံလမ်းဆယ်လမ်းမှလွဲ၍ အခြားမည်သည့်အရာမှ မရှိချေ။ စင်္ကြံလမ်းဆယ်လမ်းက မတူညီသောသော ဘေးဆောင်တစ်ဆောင်ဆီသို့ ဦးတည်ကြသည်။ အလယ်ခန်းမ၏ အလယ်တွင် ဝံ့ကြွားသော အသက်လတ်သိုင်းအရွယ် သိုင်းသမားတစ်ယောက်၏ ရုပ်တုတစ်ရုပ် ရှိသည်။ ထိုရုပ်တု၏ စစ်ချပ်ဝတ်ပေါ်တွင်လည်း သွေးနီရောင်ဝံပုလွေခေါင်းတံဆိပ် ရှိပေသည်။ ရုပ်တုမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်နေသည်။ အနက်ရောင်နတ်ဘုရားသည် ထိုရုပ်တုကို ကြည့်မိသည်နှင့် ကျောစိမ့်သွားပေသည်။

“ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်ကို တည်ထောင်သူ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ရဲ့ ရုပ်တုပါ။ သူက အနိမ့်ဘုံကနေ တက်လှမ်းလာခဲ့ပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တာပါ”

အဘိုးအိုက ကျန်းရီ၊ ဟဲဝေနှင့် အနက်ရောင်နတ်ဘုရားတို့ကို ရုပ်တုအကြောင်း ပြောပြလိုက်သည်။ ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့က အကြည့်ချင်ဖလှယ်၍ ရုပ်တုကို ဦးညွှတ်လိုက်ကြ၏။ သူတို့က မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်မည်ဖြစ်စေ၊ မဝင်မည်ဖြစ်စေ အနည်းဆုံးတော့ ထိုမိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို လေးစားမှုပြရပေမည်။ သူက အနိမ့်ဘုံမှ တက်လှမ်းလာပြီး အထက်ဘုံတွင် မဟာဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို ရခဲ့သူတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်က လေးစားခံရရန် ထိုက်တန်ပေသည်။

အဘိုးအိုက မသိမသာပြုံး၍ ကျန်းရီတို့သုံးယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို ဘယ်ဘက်ရှိ ပထမစင်္ကြံလမ်းမှနေ၍ ဘေးဆောင်တစ်ဆောင်ဆီသို့ ခေါ်သွားလေသည်။

ထိုဘေးဆောင်ထဲတွင် ချပ်ဝတ်နက်ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ထိုင်နေသည်။ သို့သော် သူ့ရင်ဘတ်မှ ဝံပုလွေခေါင်းတံဆိပ်က အနည်းငယ်ကွဲပြားသည်။ ဝံပုလွေခေါင်းအနောက်တွင် ဓားရှည်တစ်ချောင်းရှိနေသည်။ သူသည် အထဲဝင်လာသော အုပ်စုကို ‌ကြည့်၍ အဘိုးအိုကို မေးခွန်းထုတ်ဟန်ဖြင့် ဆက်ကြည့်လိုက်သည်။ ထို့နောက် သူ ကျန်းရီကို ကြည့်ပြီးသောအခါ နားလည်သွားပုံပေါ်သည်။ သူ အတန်ငယ်ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်က ဘာလို့ အဘိုးပုကိုယ်တိုင် ရောက်လာတာလဲလို့ တွေးနေတာ.. ကြည့်ရတာက အဘိုးက ထူးကဲတဲ့ ပါရမီရှင်လူငယ်လေးတစ်ယောက်ကို တွေ့လာပုံပဲ...”

“ဟင်းဟင်း...”

အဘိုးအိုက ခပ်သဲ့သဲ့ပြုံး၍ ပြန်ပြောသည်။

“ခေါင်းဆောင်ချန်... ဒီလူငယ်လေးက တကယ့်ကို ထူးကဲတဲ့ပါရမီရှင်လေးပဲ။ ပြီးတော့ သူက တပ်မှူးဟဲရဲ့ သားပါ။ တပ်မှူးဟဲက ကျုပ်ဆီ သတင်းပို့ပြီး သူ့သားကို သွားခေါ်ခိုင်းခဲ့တာ။ မကြာခင် တပ်မှူးဟဲလည်း ရောက်လာလိမ့်မယ်”

“အို့...”

ခေါင်းဆောင်ချန်က ဟဲဝေကို ကြည့်ကာ ပြုံးလိုက်သည်။

“ကျွန်တော်သိပြီ... သူက တပ်မှူးဟဲရဲ့သားပေါ့။ အဲ့လိုဆိုမှတော့ မင်းတို့နှစ်ယောက်စလုံးက အကဲဖြတ်ခံစရာ မလိုတော့ပါဘူး။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပည့်တွေအဖြစ် တန်းပြီး စာရင်းသွင်းလို့ရပါပြီ။ အဘိုးပု... သူတို့ကို ခေါ်သွားပြီး နေရာချထားပေးလိုက်ပါ”

“နေပါဦး”

ကျန်းရီက ရုတ်တရက် ပြောလိုက်၏။

“ကျွန်တော်တို့ နှစ်ယောက်ဆိုတော့.. ကျွန်တော့်မိတ်ဆွေကရော”

“သူလား...”

ခေါင်းဆောင်ချန်က အနက်ရောင်နတ်ဘုရားကို ကြည့်လိုက်၏။ ထို့နောက် ခေါင်းခါကာ ပြောလိုက်သည်။

“သူက အနိမ့်ဘုံက မိစ္ဆာလေးတစ်‌ကောင်ပဲ။ ပြီးတော့ မိစ္ဆာနတ်ဘုရားအဆင့်တောင် မရောက်သေးဘူး။ အဲ့တော့ သူက မိစ္ဆာသတ်ဖြတ်စံအိမ်ထဲဝင်နိုင်ဖို့ အဆင့်မမီဘူး။ ငါတို့ မိစ္ဆာသတ်ဖြတ်စံအိမ်က လူသစ်လက်ခံတဲ့နေရာမှာ စစ်နတ်ဘုရားစံအိမ်လောက် မတင်းကြပ်ပေမဲ့ တိရှစံအိမ်လိုလည်း လာသမျှလူကို လက်ခံတာ မဟုတ်ဘူး။ အရင်ဆုံး သူ့ကို သွားကျင့်ကြံခိုင်းလိုက်ပါ။ သူ မိစ္ဆာနတ်ဘုရားအဆင့်ကို ရောက်မှ အကဲဖြတ်မှုကို ကျော်ဖြတ်ရမယ်”

အနက်ရောင်နတ်ဘုရားသည် ကျန်းရီက ထပ်၍ ပြောရန် ဟန်ပြင်လိုက်သည်ကို မြင်လိုက်သောအခါ လျင်မြန်စွာ တားလိုက်သည်။

“ထားလိုက်ပါတော့... သခင်လေး.. ကျုပ် အရင်ဆုံး သွားကျင့်ကြံလိုက်ပါမယ်”

“မဖြစ်ဘူး...”

ကျန်းရီက အလွန်ပြတ်သားစွာ ပြောလိုက်သည်။

“စံအိမ်ထဲ ဝင်မယ်ဆိုရင် အတူဝင်ရမှ ရမယ်။ မဟုတ်ရင် ကျွန်တော်လည်း မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်မှာမဟုတ်ဘူး”

ဟဲဝေ စိတ်လှုပ်ရှားသွားပြီး အဘိုးပုကို ကြည့်ကာ မေးလိုက်သည်။

“အရှင်... ခြွင်းချက်တစ်ခု ထားပေးလို့ မရဘူးလား။ သူက ဘယ်စံအိမ်ထဲမှ မဝင်ဘူးဆိုရင် မျိုးနွယ်စုထဲမှာ နေနိုင်မှာ မဟုတ်ဘူး။ သူ့စွမ်းအားနဲ့ဆိုရင် အပြင်ကို ရောက်တာနဲ့ ဟွင့်သွမ့်သားရဲတွေ သတ်တာကို ခံလိုက်ရမှာပဲ”

“ရွေးချယ်စရာ မရှိဘူး”

အဘိုးပုက ခေါင်းခါ၍ ပြောလိုက်သည်။

“စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ။ တကယ်လို့ ဒီကောင်လေးက အကဲဖြတ်မှုမှာ အဆင့်(က)ရခဲ့ရင် ကျုပ်တို့ တပ်မှူးလျှိုကို အထူးတောင်းဆိုချက်တစ်ခု တောင်းဆိုပေးနိုင်ပါတယ်”

“ဟုတ်တယ်...”

ခေါင်းဆောင်ချန်က ခေါင်းညိတ်ကာ ပြောသည်။

“မင်းနာမည်ကဘာလဲ။ တကယ်လို့ မင်းက မင်းမိတ်ဆွေကို ခေါ်ထားချင်ရင် မင်းနဲ့ မင်းမိတ်ဆွေတို့ နှစ်ယောက်စလုံး အကဲဖြတ်မှုကို ဖြတ်ကျော်ရမယ်။ ပြီးတော့ မင်းတို့နှစ်ယောက်စလုံး ‘က’အဆင့် ရရမယ်။ မင်းတို့နှစ်ယောက် သေချာစဉ်းစားပါ။ ဒီအကဲဖြတ်မှုက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ တစ်ခုခု မှားသွားရင် နှစ်ယောက်စလုံး သေသွားနိုင်တယ်”

ကျန်းရီ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။

“ကျွန်တော့်နာမည်က ကျန်းရီပါ။ အကဲဖြတ်မှာက ဘာကို အကဲဖြတ်မှာပါလဲ”

“သတ်ရမှာ”

ခေါင်းဆောင်ချန်က ပေလိပ်တစ်လိပ် ထုတ်ကာ ပြောလိုက်သည်။

“မနေ့တုန်းက ငါတို့ သတင်းတစ်ခုရတယ်။ တောင်ဘက်မှာရှိတဲ့ ကျီယန်မျိုးနွယ်စုက တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်တဲ့။ အခြေအနေကို ထိန်းသိမ်းဖို့ မကြာခင် တပ်ဖွဲ့လေးတစ်ဖွဲ့က အဲ့ကို သွားလိမ့်မယ်။ မင်းတို့ရဲ့ တာဝန်က အဲ့တပ်ဖွဲ့နဲ့အတူ ကျီယန်မျိုးနွယ်စုဆီ လိုက်သွားဖို့ပဲ။ အဲ့မှာ မင်းတို့ အနည်းဆုံး လူဆယ်ယောက်ကို သတ်နိုင်ရမယ်။ အရင်ဆုံး ငါ မင်းတို့ကို သတိပေးမယ်... အဲ့မျိုးနွယ်စုက သေးတယ်ဆိုပေမဲ့ အဲ့မှာ သိုင်းစစ်သူကြီး တစ်ဒါဇင်လောက်ရှိတယ်။ အဲ့တော့ မင်းတို့နှစ်ယောက် ဂရုမစိုက်ရင် သေလိမ့်မယ်”

“တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံထားရတာလား”

ကျန်းရီ မျက်ခုံးပင့်ကာ ‌မေးလိုက်သည်။

“အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ တမလွန်ဘုံရဲ့ လက်တံက တိရှဘုံအထိ ရောက်နိုင်တာလား”

“ဟားဟား... မင်းတို့က အထက်ဘုံရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးတဲ့ပုံပဲ”

ခေါင်းဆောင်ချန်က ခပ်သဲ့သဲ့ပြုံး၍ အဘိုးပုကို ကြည့်ကာ ပြောလိုက်သည်။

“သူ့ကို အခြေအနေတွေ ရှင်းပြလိုက်ပါ”

အဘိုးပုက ခေါင်းညိတ်ကာ ရှင်းပြသည်။

“တမလွန်ဘုံရဲ့ လက်တံက တိရှဘုံတင်မဟုတ်ဘူး ကောင်းကင်ဘုံနဲ့ သေမျိုးဘုံကိုလည်း ရောက်နိုင်တယ်။ ပြောရရင် ဘုံတော်တော်များများက သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပြီ။ မိစ္ဆာသတ်ဖြတ်စံအိမ်၊ စစ်နတ်ဘုရားစံအိမ်နဲ့ တိရှစံအိမ်တို့ကို တည်ထောင်ခဲ့တာက တမလွန်ဘုံကို ခုခံပြီး သက်ရှိတွေကို ကာကွယ်ပေးဖို့ပဲ...”

“လက်ရှိမှာ တိရှဘုံကို လူသားတွေက အုပ်စိုးနေပေမဲ့ တမလွန်ဘုံက ဒီဘုံဆီ တမန်တော်တွေ လျှို့ဝှက်စေလွှတ်ပြီး ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေတယ်၊ အဖွဲ့ကြီး၊ အဖွဲ့ငယ်တွေကို လျှို့ဝှက်ထိန်းချုပ်ထားကြတယ်။ သူတို့က တိရှဘုံကို အတွင်းကနေပြီး သိမ်းပိုက်နိုင်ဖို့ ကြံနေတာပဲ။ အဖွဲ့တွေ ဒါမှမဟုတ် သိုင်းသမားတွေက တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်ဆိုတာကို သိတာနဲ့ တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ စစ်နတ်ဘုရားစံအိမ်တို့က လူတွေစေလွှတ်ပြီး အဲ့ထိန်းချုပ်ခံထားရတဲ့လူတွေကို သတ်ပစ်တယ်”

“အဲ့လိုကိုး...”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ တမလွန်ဘုံက သူ၏ ကမ္ဘာ့ရန်ဘက်ဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တာဝန်မှာ တမလွန်ဘုံကို ခုခံရန်ဖြစ်သဖြင့် သူ၏ ‌ရွေးချယ်မှုက မှန်ကန်ခဲ့ပုံပင်။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ... ကျွန်တော်တို့ အဲ့အကဲဖြတ်မှုကို လက်ခံပါမယ်”

အကဲဖြတ်မှုကိုပင် မကျော်ဖြတ်နိုင်လျှင် ကျန်းရီသည် တမလွန်ဘုံ၏ စစ်တပ်ကို ခုခံ၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်ရန် မဆိုထားနှင့် တိရှဘုံတွင်ပင် နာမည်တစ်လုံး ရမည် မဟုတ်ပေ။ သို့ဆိုလျှင် ဤနေရာ၊ ဤအချိန်တွင် သူ့ကိုယ်သူ သတ်သေလိုက်သည်ကသာ ပို၍ကောင်းပေလိမ့်မည်။

***

All Chapters