သူတို့ သေချာပေါက် သေလိမ့်မယ်လို့ ကျုပ်လောင်းတယ်
Vol. 93 Ch. 1295
“ကျန်းရီ... မင်း အသက်ရှင်ရက် ပြန်လာခဲ့ရမယ်။ ငါ့အဖေက မကြာခင် ရောက်လာတော့မှာ။ မင်း ပြန်ရောက်လာတာနဲ့ မင်းရဲ့မိတ်ဆွေကို ရှာပေးဖို့ ငါ ငါ့အဖေကို အကူအညီတောင်းပေးမယ်။ ငါ ဟဲဝေက ကတိတည်တဲ့သူပဲ... ကတိပေးထားတဲ့အတိုင်း သေချာပေါက် လုပ်ပေးမှာပါ”
ကျန်းရီက အကဲဖြတ်မှုကို ဖြတ်ကျော်မည်ဖြစ်သဖြင့် အမည်ခံတပည့်အဖြစ် စာရင်းသွင်း၍ မရသေးပေ။ ထို့ကြောင့် အဘိုးပုသည် ဟဲဝေကိုသာ နေရာချထားပေးရန် ခေါ်သွားသည်။ ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့က အလယ်ခန်းမထဲတွင်သာ စောင့်နေကြရသည်။ သူတို့နှစ်ယောက်သည် အနက်ရောင်ချပ်ဝတ်တစ်ထည်စီ ရထား၏။ သို့သော် ချပ်ဝတ်ရင်ဘတ်ပေါ်တွင် မိစ္ဆာသတ်ဖြတ်စံအိမ်တံဆိပ်မပါပေ။
ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့သည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပည့်များ ဝင်ထွက်နေသော အလယ်ခန်းမထဲတွင် အူကြောင်ကြောင်နှင့် ရပ်နေကြရသည်။ သို့သော် ထိုတပည့်များက အရူးများကဲ့သို့ ရပ်နေကြသော သူတို့နှစ်ယောက်ကို မလှောင်ပြောင်ကြပေ။
“မင်းတို့နှစ်ယောက်က အကဲဖြတ်ခံမဲ့ လူသစ်နှစ်ယောက်လား”
ခြောက်နာရီကြာပြီးနောက် ချပ်ဝတ်နက် ဝတ်ဆင်ထားသည့် တုတ်ခိုင်သော ယောက်ျားကြီးတစ်ယောက် ရောက်လာပြီး ဗလုံးဗထွေးအသံဖြင့် ပြောလိုက်သည်။ ကျန်းရီက ခေါင်းညိတ်ပြသောအခါ သူ ဆက်ပြောသည်။
“ငါ့နောက် လိုက်ခဲ့ကြ...”
ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့သည် ထိုတုတ်ခိုင်သောလူနောက်သို့ လိုက်ကာ အပြင်ထွက်သွားလိုက်ကြသည်။ အပြင်ဘက်တွင် နတ်ဘုရားလှေတစ်စင်း ရှိနေ၏။ တုတ်ခိုင်သောလူက ကျန်းရီတို့နှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အဲ့လှေပေါ်တက်လိုက်”
ဝှစ်...
ထိုလူက အတော်လေးသန်မာသဖြင့် ကောင်းကင်ထဲတွင် ပျံသန်းနိုင်သည်။ သူက မိစ္ဆာသတ်ဖြတ်စစ်သူကြီးတစ်ယောက် ဖြစ်လောက်သည်။ ဤဘုံတွင် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့က မပျံသန်းနိုင်သော်လည်း ကျန်းရီသည် နတ်ဘုရားလှေ၏ အမြင့်လောက်ကို ခုန်တက်နိုင်သည်။ ထို့ကြောင့် သူသည် အနက်ရောင်နတ်ဘုရားကို ဆွဲခေါ်၍ လှေပေါ်သို့ အလွယ်တကူ ခုန်တက်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
နတ်ဘုရားလှေထဲတွင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများနှင့် ပြည့်နှက်နေသည်။ သူတို့သည် အယောက်သုံးဆယ်ရှိပြီး သူတို့၏ ချပ်ဝတ်ရင်ဘတ်ပေါ်တွင် သွေးနီဝံပုလွေခေါင်းတံဆိပ်ရှိကြသည်။ သူတို့ထဲမှ တစ်ယောက်၏ တံဆိပ်တွင်သာ ဝံပုလွေခေါင်းနောက်၌ ဓားရှည်ပါသည်။ ထိုလူက ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားပေသည်။ သူသည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားကို ကြည့်၍ ပြောလိုက်သည်။
“နေရာတစ်ခုရှာပြီး ထိုင်နေကြပါ။ ကျီယန်မျိုးနွယ်စုက ဒီနဲ့ သိပ်မဝေးဘူး။ မကြာခင် ငါတို့ အဲ့ကို ရောက်သွားလိမ့်မယ်။ မင်းတို့နှစ်ယောက်က အကဲဖြတ်ခံရဖို့ လိုက်ရမှာ။ အဲ့ဒါကြောင့် ငါတို့က မင်းတို့ကို ဝင်ကူမှာ မဟုတ်ဘူး။ ကျီယန်မျိုးနွယ်စုကို ရောက်တာနဲ့ မင်းတို့ရဲ့ ရှင်သန်ရေးက မင်းတို့အပေါ်မှာပဲ မူတည်သွားပြီ။ ပြီးတာ့ မင်းတို့နှစ်ယောက်က တိုက်ပွဲနိုင်ရင် ရမဲ့ပစ္စည်းတွေကိုလည်း ရမှာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါ အရှင်”
ကျန်းရီက လက်ဆုပ်၍ ပြန်ပြောလိုက်သည်။ ထို့နောက် အနက်ရောင်နတ်ဘုရားကိုခေါ်၍ ထောင့်တစ်နေရာတွင် သွားထိုင်ကာ စတင် ကျင့်ကြံနေလိုက်သည်။ ခေါင်းဆောင်က အရှေ့လှေဝမ်းထဲ ဝင်သွားပြီး ကျန်မိစ္ဆာသတ်ဖြတ်စစ်သူကြီးများက ကျန်းရီတို့ကို အရေးမစိုက်ကြပေ။ သူတို့သည် အုပ်စုများဖွဲ့၍ တီးတိုး စကားပြောသူပြော၊ အနားယူသူယူ၊ ကျင့်ကြံသူကျင့်ကြံနှင့် ရှိနေကြသည်။
“ဟေး..ဟေး... ဒီအသစ်လေးနှစ်ယောက်က ငါတို့နဲ့အတူ ကျီယန်မျိုးနွယ်စုကို လိုက်မှာလား။ ဒါက ‘က’အဆင့် တာဝန်လို့ ငါကြားတယ်။ သူတို့နှစ်ယောက်က ရူးနေကြတာလား။ သူတို့နှစ်ယောက် အသက်ရှင်ရက် ပြန်လာနိုင်၊ မလာနိုင်ဆိုတာကို ငါတို့ လောင်းကြမလား။ ငါက ဒိုင်ကိုင်မယ်”
“ကောင်းပြီ.. သူတို့နှစ်ယောက် ကျီယန်မျိုးနွယ်စုမှာ သေလိမ့်မယ်လို့ ငါ နတ်ဘုရားအမြစ်ဆယ်မြစ်လောင်းတယ်။
“ငါလည်း သူတို့သေလိမ့်မယ်လို့ လောင်းတယ်။ လောင်းကြေးက နတ်ဘုရားအမြစ်ဆယ်မြစ်ပဲ...”
“ကျောက်ထျဲကျူး... မင်းက ငါတို့ကို နတ်ဘုရားအမြစ်တွေ အလကားပေးနေတာပဲကွ။ ငါလည်း သူတို့ သေလိမ်မ့ယ်လို့ နတ်ဘုရားအမြစ်ဆယ်မြစ်လောင်းတယ်...”
“သေချာပေါက် သေလိမ့်မယ်... နတ်ဘုရားအမြစ်ဆယ်မြစ်”
စကားသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ အနက်ရောင်နတ်ဘုရားက နတ်ခန္ဓာ မပိုင်ဆိုင်ထား၍ ထိုတီးတိုးပြောသံများကို မကြားရသော်လည်း ကျန်းရီကမူ ကောင်းစွာ ကြားနေရသည်။ သူသည် ထိုစကားများကို ကြားလိုက်သောအခါ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ လူတစ်ဒါဇင်လောက်က သူနှင့် အနက်ရောင်နတ်ဘုရားတို့က သေချာပေါက် သေလိမ့်မည်ဟု လောင်းခဲ့သည်လော။
ကျန်းရီ အတန်ငယ် စိုးရိမ်သွားသည်။ အကယ်၍ သူတို့ မသေခဲ့လျှင် ထိုလူများက လောင်းကြေးနိုင်ရန် သူတို့ကို လျှို့ဝှက်၍ သတ်မည်လော။
ဒိုင်ကိုင်သည့် ကျောက်ထျဲကျူးဆိုသူသည်လည်း အတန်ငယ် မသက်မသာ ခံစားလာရသည်။ သူသည် ကျန်းရီကို တစ်ချက်လှမ်းကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။
“ငါ အဲ့လောင်းကြေးတွေ အကုန်လုံးကို လက်ခံမယ်။ ဒါပေမဲ့ မင်းတို့ကို တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ မင်းတို့လောင်းတာက သူတို့နှစ်ယောက်စလုံး သေမယ်လို့ လောင်းတာနော်။ အဲ့လူငယ်လေးက တော်တော်လေးငယ်သေးပေမဲ့ အထက်ဘုံကို တက်လှမ်းလာနိုင်ခဲ့ပြီ။ သူက သေချာပေါက် ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ကောင်းပြီ... ငါ အဲ့လောင်းကြေးတွေကို လက်ခံတယ်”
“ဟီးဟီး... မကြာခင် မင်း ငါတို့ကို နတ်ဘုရားအမြစ်တွေ ပေးရတော့မှာပါ”
“နတ်ဘုရားအမြစ်တစ်ရာကျော်... ကျောက်ထျဲကျူး... မင်းရဲ့ ဒီတစ်လစာတော့ ပြောင်တော့မှာပဲ”
“ထျဲကျူး.. မင်း ရှုံးလည်း ဘာမှမဖြစ်ပါဘူး။ ငါနိုင်ရင် မင်းကို ဆောင်ကြာမြိုင်တစ်ခုမှာ ဒကာခံပါမယ်။ တောင်ဘက်က ဖုန်းလွမ်ဆောင်ကြာမြိုင်မှာ အသစ်ကလေးတွေ ရောက်တယ်တဲ့။ သူတို့အကုန်လုံးက ငယ်ရွယ်ပြီး လှကြတယ်ဆိုပဲ”
“ဟီးဟီး... ငါတောင် မနေ့က အဲ့ကို သွားခဲ့သေးတယ်။ နံပါတ်(၃)က တကယ့်ကို တစ်ခုခုပဲ။ သူ ကိုယ်လှုပ်ပြီး ကတဲ့ပုံလေးက မြွေလေးတစ်ကောင် ယိမ်းနေသလိုပဲ...”
မိစ္ဆာသတ်ဖြတ်စစ်သူကြီးများသည် စတင်၍ ကျယ်လောင်စွာ ရယ်လာကြသည်။ သူတို့၏ စကားများကလည်း မကြားဝံ့မနာသာများ ဖြစ်လာသည်။ သို့သော် သူတို့၏ အပြုအမူများအရ သူတို့က ယုတ်မာသူများတော့ ဟုတ်ပုံမပေါ်ပေ။ ထို့ကြောင့် ကျန်းရီသည် အတန်ငယ် စိတ်အေးသွားပြီး မျက်လုံးပြန်မှိတ်ကာ ဆက်ကျင့်ကြံလိုက်သည်။ သူ ပို၍ သန်မာလာလို၏။ အနည်းငယ်မျှ ပိုသန်မာလျှင်ပင် ကျီယန်မျိုးနွယ်စုတွင် ရှင်သန်နိုင်ခြေ ပိုတိုးလာမည်ဖြစ်သည်။
ကျီယန်မျိုးနွယ်စုက အမှန်ပင် မဝေးပေ။ အနိမ့်ဘုံအချိန် ငါးရက်၊ ခြောက်ရက် ကြာပြီးနောက်၊ ခရမ်းရောင်နေက ကောင်းကင်ထဲသို့ အပြည့်အဝ မရောက်ခင်မှာပင် နတ်ဘုရားလှေက ရပ်တန့်သွားသည်။ ကျောက်ထျဲကျူးသည် ကျန်းရီအနားသို့ လျှောက်လာပြီး ကျန်းရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါတို့ ရောက်ပြီ။ ကောင်လေး... အကောင်းဆုံး ကြိုးစားပါ။ ပြီးတော့ မလောပါနဲ့။ ငါတို့ နောက်ကပဲလိုက်ခဲ့.. မင်း လုပ်ရမဲ့အလုပ်ကို လုပ်ပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်၊ နားလည်လား”
“အခုလို လမ်းညွှန်ပေးတဲ့ ကျေးဇူးအများကြီးတင်ပါတယ် အရှင်”
ကျန်းရီသည် ကျောက်ထျဲကျူးက သူသေသွားလျှင် နတ်ဘုရားအမြစ်တစ်ရာကျော် ရှုံးမည်ကိုသာ စိုးရိမ်နေခြင်းဖြစ်ကြောင်း သိသော်လည်း ကျေးဇူးတင်စွာ ထရပ်၍ လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ ထိုစဉ် အရှေ့လှေဝမ်းထဲမှနေ၍ ခေါင်းဆောင် ထွက်လာသည်။ သူက လက်ဟန်ပြကာ ပြောလိုက်သည်။
“စည်းမျဉ်းတွေက အရင်ကအတိုင်းပဲ။ နံပါတ်(၉) မင်းက အကူအနေနဲ့ နောက်မှာစောင့်ကျန်ခဲ့။ ကျန်တဲ့သူတွေက တိုက်ခိုက်ဖို့ သွားမယ်”
အားလုံး ထရပ်လိုက်ကြသည်။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများလည်း ထွက်လာသည်။ ထို့နောက်တွင် သူတို့သည် လှေထဲမှနေ၍ တစ်ယောက်ချင်း ပျံထွက်သွားလိုက်ကြသည်။ ခေါင်းဆောင်က နောက်ဆုံးမှ ပျံထွက်မည်ဖြစ်သည်။ သူသည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ကို ကြည့်ကာ ပြောသည်။
“မင်းတို့နှစ်ယောက်က ငါတို့နောက်ကနေ လိုက်ခဲ့။ မင်းတို့ လုပ်ရမဲ့တာဝန် ပြီးတာနဲ့ နတ်ဘုရားလှေဆီ ချက်ချင်း ပြန်ဆုတ်လို့ရတယ်။ မင်းတို့ တာဝန်ကို ပြီးမြောက်အောင် မထမ်းဆောင်နိုင်ရင် စံအိမ်ထဲ ဝင်ခွင့်ရမှာမဟုတ်ဘူး။ မင်းတို့ လက်လျှော့ချင်လည်း ရပါတယ်။ ဒါပေမဲ့ နောက်ကျရင် မင်းတို့ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ဖို့ အခွင့်အရေးထပ်ရတော့မှာတော့ မဟုတ်ဘူး”
ဝှစ်...
ခေါင်းဆောင်သည် ပြောဆိုပြီးနောက် ပျံဆင်းသွားသည်။ ကျန်းရီသည် တံခါးမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ပြီး မျက်လုံးပင့်လိုက်၏။ အောက်ဘက်တွင် တောင်ကြီးတစ်လုံးသာ ရှိပြီး မည်သည့်လမ်းမှ ရှိမနေပေ။ သူတို့နှစ်ယောက်က မပျံနိုင်ပေ။ သို့ဖြစ်ရာ သူတို့သည် ထိုသူများနောက်သို့ မည်သို့ လိုက်ရမည်နည်း။
“အနက်ရောင်နတ်ဘုရား... ကျွန်တော့်ခန္ဓာကိုယ်ထဲ ဝင်လိုက်ပါ”
ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ အနက်ရောင်နတ်ဘုရားသည် အတန်ငယ် ချီတုံချတုံဖြစ်နေသော်လည်း နာခံစွာဖြင့် ဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲ၍ ကျန်းရီ၏ ခန္ဓာကိုယ်ထဲ ဝင်သွားလိုက်သည်။ သူသည် ကျန်းရီ၏ ဘယ်ဘက်လက်ပေါ်ရှိ အနက်ရောင်နဂါးပုံစံ ဆေးမင်ကြောင်တစ်ခု ဖြစ်သွားပေပြီ။ ကျန်းရီသည် တံခါးမှနေ၍ အောက်ဘက်ရှိ တောင်ကြီးပေါ်သို့ ခုန်ချလိုက်သည်။ တောင်ပေါ်ရောက်သောအခါ သူ မြန်နိုင်သမျှ အမြန်ဆုံး ပြေးသွားလိုက်လေသည်။
သို့သော် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ၏ အမြန်နှုန်းက အလွန်မြန်ပေသည်။ ကျန်းရီသည် သူတို့နောက်သို့ ခေတ္တသာ လိုက်နိုင်ခဲ့ပြီး မကြာခင်တွင် သူတို့ကို မျက်ချေပြတ်သွားတော့သည်။ ထို့ကြောင့် သူသည် ဦးတည်ရာတစ်ဘက်ကို ရွေး၍သာ အရှေ့သို့ ဆက်သွားလိုက်ရသည်။
တစ်နာရီကြာပြီးနောက် အရှေ့တွင် လွင်ပြင်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုလွင်ပြင်ကျယ်ကြီးထဲမှနေ၍ တိုက်ပွဲသံများ ထွက်ပေါ်နေသည်။ ကျန်းရီ စိတ်လှုပ်ရှားသွားပြီး ချက်ချင်း အရှိန်လျှော့ချကာ တောအုပ်တစ်ခုထဲမှနေ၍ အခြေအနေကို စူးစမ်းရန် ကြိုးစားလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
လွင်ပြင်နှင့် နီးကပ်လာလေလေ၊ ပေါက်ကွဲသံများက ပိုကျယ်လောင်လာလေလေပင်။ နောက်ဆုံးတွင် ကျန်းရီသည် ကျီယန်မျိုးနွယ်စုကို လှမ်းတွေ့လိုက်ရသည်။ ထိုနေရာတွင် အဆောက်အဦ တစ်ထောင်ကျော် ရှိနေသည်။ ထိုအခိုက်တွင် ၎င်းအဆောက်အဦများထဲ၌ လူများစွာ ရှိမနေပေ။ ကျန်းရီသည် တပ်သားမဟုတ်သူများကိုလည်း တစ်ယောက်ကိုပင် မတွေ့ချေ။ အရပ်သူ၊ အရပ်သားများက သူတို့လာတိုက်မည်ကို သတင်းကြိုရထားသဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းထားပြီးပုံပင်။ သိုင်းသမားများကမူ အများအပြား ရှိနေကြသည်။ သူတို့အားလုံးက အနိမ့်ဆုံး နတ်ဘုရားအဆင့် ရှိကြသည်။ လေထဲတွင် ပျံသန်းနေသော လူတစ်ဒါဇင်လောက်လည်း ရှိသည်။ သူတို့က နတ်ဘုရားစစ်သူကြီးအဆင့်တွင် ရှိလောက်ပေသည်။
သို့သော် မိစ္ဆာသတ်ဖြတ်တပ်သားများကလည်း အဆင့်တူကြရာ တိုက်ပွဲက တစ်ဘက်သက်ဖြစ်နေသည်။ ကျန်းရီသည်လည်း နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားတစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်တွေ့နိုင်ရန် အခွင့်အရေးရလိုက်သည်။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများက သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်ကာ ကောင်းကင်နတ်ဘုရားအဆင့် သိုင်းသမားဒါဇင်ကျော်ကို လျင်မြန်စွာ သတ်ဖြတ်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်က ပို၍ပင် စွမ်းအားကြီးသည်။ သူသည် ကျီယန်မျိုးနွယ်မှ နတ်ဘုရားစစ်သူကြီး ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို တစ်ကိုယ်တော် အလွယ်တကူ တိုက်ခိုက်နေသည်။ သူ၏ အမြန်နှုန်းက အလွန်ကြောက်မက်ဖွယ်ပင်။ သူသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် နတ်ဘုရားစစ်သူကြီးနှစ်ယောက်ကို သတ်ပစ်လိုက်လေသည်။
‘သူတို့က တကယ်ကို တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံထားရတာပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကနေပြီး ဖုတ်ကောင်အရှိန်အဝါ ခပ်ရေးရေး ထွက်နေတယ်’
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ ကျီယန်မျိုးနွယ်စုမှ သိုင်းသမားများက တိုက်ခိုက်လိုက်သောအခါ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ရှင်းမိုကဲ့သို့သော ခပ်ရေးရေး အရှိန်အဝါတစ်ခု ထွက်နေသည်။ သူတို့က ထိန်းချုပ်ခံထားရသည်ဖြစ်စေ၊ မခံထားရသည်ဖြစ်စေ အနည်းဆုံးတော့ သူတို့သည် တမလွန်ဘုံ၏ ကျင့်စဉ်များကို ကျင့်ကြံဖူးကြောင်း ထင်ရှားပေသည်။
“ဝူး...ဝူး...ဝူး...”
အချက်ပြသံများ ပေါ်ထွက်လာ၏။ နတ်ဘုရားအဆင့် သိုင်းသမား ရာကျော်သည် ငှက်များ၊ သားရဲများအဖြစ် ရုတ်ခြည်းပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြသည်။ သူတို့သည် သူတို့က မိစ္ဆာသတ်ဖြတ်တပ်သားများနှင့် မယှဉ်နိုင်ကြောင်း သိသဖြင့် အသက်ရှင်သန်နိုင်ရန် ထွက်ပြေးကြခြင်းဖြစ်သည်။
“လခွမ်း...”
ကျန်းရီသည် အခြေအနေကို စူးစမ်းပြီး ရန်သူကို အလစ်ဝင်တိုက်ရန် ဟန်ပြင်လိုက်ချိန်တွင် ခန္ဓာကိုယ်တုန်ယင်သွားသည်။ ရန်သူအများစုက တောင်ကြီးဆီသို့ ထွက်ပြေးလာကြသည်။ သူတို့ထဲမှ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က ကျန်းရီရှိနေသောဘက်သို့ ဦးတည်လာနေကြပေသည်။
‘ပြေးပေတော့...’
ကျန်းရီသည် သူ၏အကန့်အသတ်ကို သိ၏။ သူက ပြိုင်ဘက်ကင်း မဟုတ်ပေ။ သူသာ ထိုနတ်ဘုရားများနှင့် ယှဉ်တိုက်ပါက သေချာပေါက် သေရပေလိမ့်မည်။
***