ပထမတိုက်ပွဲ၊ နိုင်ပြီ
Vol. 93 Ch. 1296
ဝှစ်...
ကျန်းရီသည် ဆက်ပုန်းအောင်းမနေတော့ဘဲ လျင်မြန်စွာ ပြန်ဆုတ်သွား၏။ သူ မြန်နိုင်သမျှ အမြန်ဆုံး ပြေးသည်။ သူ့ကိုယ်ပေါ်မှ ချပ်ဝတ်နက်ကိုလည်း ချွတ်လိုက်သည်။ ထိုချပ်ဝတ်နက်က ဝံပုလွေခေါင်းတံဆိပ်မပါခြင်းမှလွဲ၍ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ၏ ချပ်ဝတ်နှင့် ဆင်တူပေသည်။ သို့ဖြစ်ရာ ကျီယန်မျိုးနွယ်စုမှ သိုင်းသမားများက သူ့ကို တွေ့သွားလျှင် သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။
‘ဟုတ်ပြီ... ဟိုမှာ ရေကန်တစ်ကန်ရှိတယ်’
ကျန်းရီသည် သူ့ဘယ်ဘက် ကီလိုမီတာငါးရာအကွာရှိ ရေကန်လေးတစ်ကန်ကို လှမ်းတွေ့လိုက်၏။ သူ ထိုရေကန်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ သူ၏အမြန်နှုန်းက မဆိုးလှပေ။ ထို့ပြင် သူက အလွန်ပြတ်သားနေသည်။ ထို့ကြောင့် ရေကန်သို့ ရောက်ရန် ငါးမိနစ်သာ လိုခဲ့သည်။ သူသည် ရေကန်ထဲသို့ ငါးတစ်ကောင်ကဲ့သို့ ခုန်ချလိုက်ပြီး ကန်အောက်ခြေသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။
ကျီယန်မျိုးနွယ်စုမှ သိုင်းသမားများက အသည်းအသန် ထွက်ပြေးနေကြခြင်းဖြစ်ရာ သေချာပေါက် အနီးပတ်ဝန်းကျင်တွင် နေကြမည် မဟုတ်ပေ။ မဟုတ်လျှင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများက သူတို့ကို မီလာကာ သတ်ပစ်ကြပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် သူသာ ရေကန်အောက်ခြေတွင် နေနေလျှင် လုံခြုံလောက်သည်ဟု တွေးမိခဲ့ခြင်းဖြစ်သည်။
‘ဒီမှာ မြေအောက်လိုဏ်ဂူတစ်ခု ရှိတာလား’
ရေကန်က ပေတစ်သောင်းနက်သည်။ ကျန်းရီသည် ကန်အောက်ခြေသို့ ရောက်သောအခါ ဂူတစ်လုံးကို တွေ့လိုက်ရ၍ ထိုဂူထဲသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။ ထိုမြေအောက်ဂူက တိမ်သည်။ ပေဆယ်ဂဏန်းသာ နက်သည်။ ကျန်းရီသည် ထပ်မလှုပ်ရှားဝံ့တော့သဖြင့် အသက်အောင့်၍ ဂူထဲတွင် ပုန်းနေလိုက်သည်။ ထို့ပြင် သူ၏အရှိန်အဝါကိုလည်း ရုတ်သိမ်း၍ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
‘အန်...’
မိနစ်အနည်းငယ် ကြာပြီးနောက် ရေထဲတွင် လှုပ်ခတ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။ ထိုလှုပ်ခတ်မှုက တစ်နေရာတည်းမှမဟုတ်ဘဲ နေရာလေးခုမှ ဖြစ်ပေါ်လာခြင်းပင်။ ကျန်းရီ ဖြစ်ပေါ်သွားသော လှုပ်ခတ်မှုအပေါ် အာရုံခံကြည့်လိုက်ရာ လူလေးယောက် သို့မဟုတ် သားရဲလေးကောင်က သူ့ထံသို့ ဦးတည်လာနေကြောင်း သိလိုက်ရသည်။
ရေကန်က အလွန်သေးသည်။ ထို့ပြင် လှုပ်ခတ်မှုများက အထက်မှ လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုလေးယောက်က သားရဲများ မဖြစ်နိုင်ပေ။ သူတို့သည် ကျန်းရီကဲ့သို့ ရေကန်အောက်ခြေတွင် ပုန်းအောင်းရန် တွေးမိခဲ့သော ကျီယန်မျိုးနွယ်စုမှ သိုင်းသမားလေးယောက် ဖြစ်နိုင်သည်။
‘လေးယောက်လား...’
ကျန်းရီ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်း လက်သွားသည်။ တစ်ယောက်၊ နှစ်ယောက်ဆိုလျှင် သူကိုင်တွယ်နိုင်လောက်သေးသည်။ သို့သော် လေးယောက်က သူ့ကို အခက်တွေ့စေနိုင်သည်။ မည်သို့ပင်ဖြစ်စေ ရန်သူများက သူ့နေရာသို့ ရောက်လာလျှင်မူ သူ အသေအကြေ တိုက်ခိုက်ရတော့မည်ဖြစ်သည်။
ကျန်းရီသည် မီးနဂါးဓားကို ထုတ်မထားသလို မည်သည့်အရှိန်အဝါကိုမှလည်း မထုတ်ပေ။ သူသည် မျက်လုံးမှိတ်၍ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ဝိညာဉ်လေဓားများကို လျှို့ဝှက်ဖန်တီးထားလိုက်သည်။ ဝိညာဉ်လေဓားများက ကောင်းကင်စွမ်းအားမှ ဖြစ်တည်လာခြင်း မဟုတ်သဖြင့် မည်သည့်အရှိန်အဝါမှ မထုတ်လွှတ်ပေ။ ထို့ကြောင့် ရန်သူများက သူ့ကို သတိပြုမိမည် မဟုတ်ချေ။
မျှော်လင့်ထားသကဲ့သို့ပင်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေက ကျန်းရီကို သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို ရှင်းရှင်းလင်းလင်း သိနိုင်စေသည်။ ကျန်းရီသည် လူလေးယောက်က ထိုဂူထံသို့ ကူးခတ်လာကြောင်း သိလိုက်ရသည်။ သူတို့သည်လည်း ထိုဂူထဲတွင် ပုန်းအောင်းလိုနေကြပုံပင်။
ပေတစ်ထောင်၊ ပေငါးရာ... ပေသုံးရာ...
‘သတ်...’
ကျန်းရီ၏ ကောင်းကင်စွမ်းအားက ရုတ်ခြည်း နိုးထလာပြီး မီးနဂါးဓား ထွက်ပေါ်လာသည်။ သူသည် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်သည်။ ဂူထဲသို့ ပထမဆုံးဝင်လာသူသည် ရုတ်ခြည်းပင် ဝိညာဉ်လေဓားများ၏ ပိုင်းဖြတ်မှုကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရသွားပြီး သွေးများ စီးထွက်လာသည်။ တစ်ပြိုင်တည်းမှာပင် သူသည် မီးနဂါးသုံးကောင်က သူ့ထံသို့ ကူးခတ်လာသည်ကို တွေ့လိုက်ရသည်။ သူ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
ဝုန်း...
ဂူက ပေါက်ကွဲထွက်သွားပြီး ကျောက်စကျောက်နများက နေရာအနှံ့သို့ လွင့်ထွက်သွားသည်။ ပတ်ဝန်းကျင်ရေပြင်သည် စတင်လှုပ်ခတ်သွားပြီး ကြောက်မက်ဖွယ် မိုးမြေစွမ်းအားက အောက်ဘက်သို့ ဖိနှိပ်လာသည်။ ထိုစွမ်းအားသည် ထွက်ပြေးရန်ကြိုးစားနေသော သိုင်းသမားကို ဖိနှိပ်သွား၏။ ထို့နောက် မီးနဂါးသုံးကောင်က သူ့ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။
ဖုန်း...
ထိုလူ၏ခန္ဓာကိုယ်က ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပြီး သွေးမှုန်သွေးမွှားများ ဖြစ်သွားသည်။ ရေကန်ထဲတွင် တလက်လက်တောက်ပနေသော နတ်ဘုရားအမြုတေတစ်ခုသာ ကျန်ခဲ့သည်။ ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ ထိုလူထံတွင် မည်သည့် ခုခံအမျိုးအစား နတ်ဘုရားအသုံးအဆောင်မှ မရှိပေ။ မဟုတ်လျှင် နတ်ဘုရားဇီဝိန်ခြွေက သူ့ကို သတ်နိုင်ခဲ့မည် မဟုတ်ချေ။
ရွှီး...
ကျန်းရီ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် ထောင်ဧကရာဇ်ဒိုင်းတို့ ထွက်ပေါ်လာ၏။ ထို့နောက် ကျန်းရီသည် အရှေ့သို့ ကူးခတ်သွားကာ နတ်ဘုရားဇီဝိန်ခြွေ ထပ်မံထုတ်လွှတ်ရန် စွမ်းအင်စုဆောင်းလိုက်သည်။
“နတ်ဘုရားအသုံးအဆောင် သုံးခုလား။ ပြီးတော့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုလည်း ရှိတယ်လား”
အစောတွင် ကျန်နေသေးသော လူသုံးယောက်သည် ကြောက်ရွံ့သွားခဲ့ပြီး ထွက်ပြေးရန် ကြံရွယ်ခဲ့ကြသည်။ သို့သော် နတ်ဘုရားအသုံးအဆောင်များကို တွေ့လိုက်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင် လောဘအရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူတို့သည် ကျန်းရီထံသို့ လျင်မြန်စွာ ကူးခတ်သွားကြလေသည်။ သူတို့၏လက်ထဲတွင် အနက်ရောင် သစ်သားလှံတစ်ချောင်းစီ ထွက်ပေါ်လာသည်။ လှံများ၏ အရှိန်အဝါအရ ၎င်းတို့က နတ်ဘုရားအသုံးအဆောင်များ မဖြစ်နိုင်ပေ။ လူသုံးယောက်သည် ကျန်းရီထံသို့ လှံများ ပစ်လွှတ်လိုက်ကြသည်။ အနက်ရောင်အလင်းတန်းသုံးတန်းက ကျန်းရီထံသို့ ဦးတည်သွားလေသည်။
“ဝိညာဉ်လေဓား၊ ဥက္ကာပျံသတ်ဖြတ်အစီအရင်”
ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းဖြင့် သူ့ကိုယ်သူ ကာလိုက်ပြီး ဝိညာဉ်လေဓားဆယ်ချောင်းကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အညိုရောင် ဥက္ကာပျံကျောက်တုံးများလည်း လျင်မြန်စွာ ဖြစ်တည်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားကြသည်။ ကျန်းရီသည် ကျောက်တုံးများကို လူသုံးယောက်ထံ တိုက်ရိုက် ပျံဝင်မသွားစေလိုက်ပေ။ သူ၏ ဝိညာဉ်လေဓားများက ထိုသုံးယောက်ထံ ရောက်ရှိသွားသော်လည်း များစွာထိရောက်မှု မရှိခဲ့ပေ။ သူတို့က ဒဏ်ရာအနည်းငယ်သာ ရရှိသွားကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထောင်ဧကရာဇ်ဒိုင်းပေါ်သို့ ဧရာမအားကြီးတစ်ခု ကျရောက်လာသည်။ ထိုအခါ ဒိုင်းနှင့် ကျန်းရီတို့ အနောက်သို့ လွင့်သွားကြသည်။ ထို့ပြင် အနက်ရောင်စွမ်းအင်ကလည်း ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဖြတ်သန်း၍ ကျန်းရီ၏ကိုယ်ထဲ ဝင်သွားသည်။ ထို့နောက် ၎င်းစွမ်းအင်သည် ကျန်းရီ၏ စိတ်ဝိညာဉ်ထံသို့ စတင်ဦးတည်သွားလိုက်လေသည်။
‘ဖုတ်ကောင်အရှိန်အဝါလား...ဟွန်း...’
ကျန်းရီ စူးစမ်းလိုက်၏။ သူ လုံးဝ စိတ်လှုပ်ရှားမသွားပေ။ သူသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုမျာကို မကြောက်ဆုံးဖြစ်သည်။ ယခုတွင် သူက အမည်မဲ့ကျင့်စဉ်ကို ကောင်းစွာ အသုံးချနိုင်နေပြီဖြစ်သည်။ တံဆိပ်စာလုံးများတွင် အစွမ်းအထက်ဆုံး စွမ်းအားရှိသည်။ ထို့ကြောင့် ၎င်းစာလုံးများက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံပေးနိုင်ပေသည်။
‘ဟုတ်သား...’
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ သူ့ခန္ဓာကိုယ်သည် ကန်အောက်ခြေရှိ ကျောက်များနှင့် ပြင်းထန်စွာ သွားဆောင့်ပြီး သူ သွေးအနည်းငယ် အန်သွားသည်။ သူ၏ ကောင်းကင်စွမ်းအားကလည်း လည်ပတ်မှု ရပ်သွားသည်။ သူသည် သူ့စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည့် ဖုတ်ကောင်အရှိန်အဝါကိုလည်း အရေးမစိုက်တော့ပေ။ သူက ဖုတ်ကောင်အရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီဟု ရန်သူများကို ထင်သွားစေလိုခြင်းဖြစ်ပေသည်။
“ဟားဟားဟား... ဒီအရူးက နတ်ဘုရားအသုံးအဆောင်တွေ အများကြီး ပိုင်ဆိုင်ထားပေမဲ့ တော်တော်အားနည်းတာပဲ။ အခု အဲ့ဓားက ငါ့အပိုင် ဖြစ်သွားပြီ”
လူတစ်ယောက်က ရယ်၍ ကျန်းရီအနားသို့ လျင်မြန်စွာ ကပ်သွားလိုက်သည်။ သို့သော် အခြားလူတစ်ယောက်က ထောင်ဧကရာဇ်ဒိုင်းဆီသို့ သွားလိုက်သည်။ တတိယလူမှာမူ ဖုတ်ကောင်အရှိန်အဝါကို ထိန်းချုပ်၍ ကျန်းရီကို ဆက်တိုက်ခိုက်နေသည်။
ရွှစ်...ရွှစ်...
ကျန်းရီအနားသို့ ကပ်သွားသော သိုင်းသမားသည် အတန်ငယ် သတိထားနေသေးဆဲဖြစ်၍ ဖုတ်ကောင်အရှိန်အဝါ နောက်တစ်တန်းကို ပစ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါတန်းက ကျန်းရီ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဖြတ်၍ သူ့စိတ်ဝိညာဉ်ထံသို့ ဦးတည်သွားသည်။ ထို့နောက်မှ သိုင်းသမားသည် ကျန်းရီ၏ လက်ထဲရှိ မီးနဂါးဓားကို ဆုပ်ကိုင်လိုက်သည်။
ရွှီး...
ကျန်းရီ၏ စိတ်ဝိညာဉ်က ရုတ်တရက် အနက်ရောင်အလင်း လင်းလက်သွားသည်။ တံဆိပ်စာလုံးတစ်လုံးလည်း ထွက်ပေါ်လာသည်။ ထိုအခါ ဖုတ်ကောင်အရှိန်အဝါက ရုတ်ခြည်း သန့်စင်ခံလိုက်ရသည်။ ကျန်းရီ၏ မီးနဂါးဓားကလည်း တောက်ပလာပြီး နတ်ဘုရားဇီဝိန်ခြွေ ထွက်သွားသည်။
“အို့..သွားပြီ... ငါတို့ လှည့်စားခံလိုက်ရပြီ”
သိုင်းသမားသည် ကျန်းရီနှင့် ကပ်နေသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီး လှံနက်ဖြင့် ပြင်းထန်စွာ ထိုးစိုက်ကာ အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားလိုက်သည်။
ဝုန်း...
ထိုသိုင်းသမားတွင် မည်သည့် နတ်ဘုရားအသုံးအဆောင်မှ မရှိပေ။ နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအားကို အသုံးပြု၍ ပြိုင်ဘက်ကို ဖိနှိပ်ထားနိုင်သည်။ ထို့ကြောင့် သိုင်းသမား၏ အမြန်နှုန်းက အလွန်နှေးသွားပြီး မီးနဂါးသုံးကောင်က သူ့ကို အလွယ်တကူ မီသွားသည်။ မကြာခင်မှာပင် သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားလေသည်။ သို့သော် ကျန်းရီသည်လည်း ထိခိုက်သွားသည်။ အနက်ရောင်အလင်းက သူ့ရင်ဘတ်ကို ဖောက်ဝင်သွား၏။ သူ မခုခံနိုင်ဘဲ ထပ်မံ၍ သွေးအန်လိုက်ရသည်။
“ပြေးတော့...”
ကျန်လူနှစ်ယောက်သည် တုန်လှုပ်သွားကြ၏။ ကျန်းရီတွင် ခုခံအမျိုးအစား နတ်ဘုရားအသုံးအဆောင်တစ်ခု ရှိ၍ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မကြောက်ပေ။ ထို့ပြင် သူ၏တိုက်ခိုက်မှုများက သေလောက်ပေသည်။ သူတို့က သူ၏ပြိုင်ဘက် မဟုတ်ချေ။ အကယ်၍ သူတို့ ဆက်နေပါက သေချာပေါက် အသတ်ခံရမည်ဖြစ်သည်။
“ထွက်ပြေးချင်သေးတာလား။ ဥက္ကာပျံသတ်ဖြတ်အစီအရင်”
ကျန်းရီသည် ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။ ဥက္ကာပျံကျောက်တုံးများက အဝေးမှနေ၍ ရုတ်တရက် လျင်မြန်စွာ ပြန်လာကြသည်။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့မှနေ၍ လျင်မြန်စွာ ဝင်ရောက်လာပြီး လူနှစ်ယောက်ကို အဆက်မပြတ် ဝင်တိုက်လိုက်ကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
လူနှစ်ယောက်သည် ဥက္ကာပျံကျောက်တုံးများ၏ ဝင်တိုက်မှုကို ခံလိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ သွေများ စီးထွက်လာသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များက အလွန်သန်မာသဖြင့် သူတို့သည် ယခုအထိ မသေကြသေးပေ။ ကျန်းရီသည် အရှေ့သို့ လျင်မြန်စွာ ကူးခတ်သွားလိုက်ပြီး သောင်းချီသော မီးနဂါးလေးများကို ထုတ်လွှတ်ကာ ထိုနှစ်ယောက်ကို မီးမြှိုက်လိုက်သည်။
“အရှင်... သက်ညှာပေးပါ”
ကျန်းရီ၏ မီးနဂါးဓားက ထပ်မံလင်းလက်လာကြောင်း တွေ့လိုက်ရသောအခါ လူနှစ်ယောက်သည် စတင်၍ အသည်းအသန် အသနားခံကြ၏။ ကျန်းရီသည် သံမဏိတမျှ အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“တမလွန်ဘုံဆီမှာ လက်အောက်ခံတဲ့ ဘယ်သူမဆို သေရမယ်”
ရွှက်...ရွှက်...
ကျန်းရီက မီးနဂါးဓားဖြင့် ဆယ်ချက်ကျော် အဆက်မပြတ် ခုတ်ပိုင်းလိုက်ရာ လူနှစ်ယောက်သည် သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။ သို့သော် ကျန်းရီသည် သွေးလွှမ်းသွားသော ရေကန်ကို ကြည့်ကာ သူ့ကိုယ်သူ ဆဲလိုက်သည်။ ဤတစ်ခေါက် တာဝန်မှာ ခေါင်းဆယ်ခေါင်းကို ပြန်ယူသွားရန် ဖြစ်သည်။ သို့သော် သူသည် လူလေးယောက်ကို သွေးမှုန်သွေးမွှားများ ဖြစ်သွားအောင် လုပ်မိလိုက်လေသည်။
‘နေပါဦး... သူတို့ရဲ့ လှံနက်တွေက လုံလောက်တဲ့ သက်သေပဲ။ ပြီးတော့ နတ်ဘုရားအမြုတေ လေးခုလည်း ရှိသေးတယ်။ အဲ့အမြုတေတွေက အရမ်းမာတော့ မပျက်စီးသွားဘူး’
ကျန်းရီသည် လှံနက်လေးစင်းနှင့် လူလေးယောက်၏ နတ်ဘုရားအမြုတေများက အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရ၍ ၎င်းတို့ကို လျင်မြန်စွာ သိမ်းယူလိုက်သည်။ ဤတိုက်ပွဲက သူ၏ယုံကြည်မှုကို သိသိသာသာ တိုးလာစေပေသည်။ နတ်ဘုရားများက ထင်ထားသလောက် စွမ်းအားကြီးပုံမပေါ်ပေ။ သူတို့၏ တိုက်ခိုက်စွမ်းရည်များက မဆိုးသော်လည်း သူ၏ ထောင်ဧကရာဇ်ဒိုင်းနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့က ထိုတိုက်ခိုက်မှုများကို ခုခံနိုင်ပေသေးသည်။
“သွားမယ်...”
ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို ပြန်ဆင့်ခေါ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို သိမ်းကာ ကန်မျက်နှာပြင်ဆီသို့ တိတ်တဆိတ် ကူးခတ်သွားလိုက်သည်။ သူသည် ကျီယန်မျိုးနွယ်စုမှ နောက်ထပ်သိုင်းသမားခြောက်ယောက်ကို အမဲလိုက်သတ်ဖြတ်ရန် ကြံရွယ်ထားသည်။ သူ အကဲဖြတ်မှုကို ချောချောမွေ့မွေ့ အောင်မြင်ရပေမည်။
***