ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် တွေ့ဆုံခြင်း
Vol. 93 Ch. 1297
‘အဲ့ဥက္ကာပျံကျောက်တုံးတွေက ကြာကြာ လှည့်ပတ်လေလေ၊ ဥက္ကာပျံသတ်ဖြတ်အစီအရင်က ပိုစွမ်းအားကြီးလေလေ ထင်တယ်...’
ကျန်းရီသည် အထက်သို့ ကူးခတ်နေရင်း အစောတွင် သူ ထုတ်လွှတ်ခဲ့သော ဥက္ကာပျံသတ်ဖြတ်အစီအရင်အကြောင်းကို စတင် တွေးတောလိုက်သည်။ သူသည် ထိုအထွတ်အထိပ်တာအိုပုံသဏ္ဌာန်ကို မကြာသေးခင်ကမှ သိမြင်နားလည်ထားခြင်းဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုရသေးသည်။ ယခုတစ်ခေါက်က ဒုတိယအကြိမ်ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်စွမ်းအားက အလွန်အားကောင်းသည်ဟု မခံစားရပေ။ သို့သော် ယခု သူ ထိုအကြောင်းကို တွေးမိသောအခါ စတင် နားလည်လာသည်။
ဥက္ကာပျံကျောက်တုံးများက ကြာကြာ လှည့်ပတ်လေလေ၊ ဥက္ကာပျံသတ်ဖြတ်အစီအရင်၏ စွမ်းအားက ပိုအားကောင်းလာလေလေဖြစ်သည်။ ကျောက်တုံးများက လှည့်ပတ်ပျံသန်းရင်းမှ အရှိန်ရလာခြင်းဖြစ်သည်။ ၎င်းတို့ ပိုကြာကြာ ပျံသန်းလေလေ၊ အရှိန်က ပိုမြန်လာလေလေပင်။ အရှိန် မမြန်သေးခင်တွင် တိုက်ခိုက်ရပါက ၎င်းတို့သည် စွမ်းအားကြီးမည် မဟုတ်ချေ။ ထို့ကြောင့် အစောတွင် ဆယ်ချီသော ကျောက်တုံးများက နတ်ဘုရားနှစ်ပါးကို မသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲတွင်မူ ကျန်းရီက ထောင်ဧကရာဇ်ဒိုင်းနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့ကို အသုံးပြုခဲ့သော်လည်း ကျောက်တုံးများကြောင့် သေမလိုဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၎င်းဥက္ကာပျံသတ်ဖြတ်အစီအရင်က စွမ်းအားကြီးကြောင်း ထင်ရှားပေသည်။
‘ဥက္ကာပျံသတ်ဖြတ်အစီအရင်’
ကျန်းရီသည် ကန်ရေပြင်အထက်သို့ ရောက်သောအခါ ဥက္ကာပျံကျောက်တုံးများကို ဆက်၍ ဖန်တီးလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ဖန်တီးလိုက်သော ကျောက်တုံးများက အလွန်ကြီးမားကြသည်။ သူသည် ၎င်းတို့ကို ထိန်းချုပ်၍ သူ့ပတ်ပတ်လည်တွင် အလွန်လျင်မြန်စွာ လှည့်ပတ်ပျံသန်းစေလိုက်သည်။ ထို့နောက် ဥက္ကာပျံကျောက်တုံးများကိုလည်း ထပ်မံ ဖန်တီးလိုက်သည်။ ကျောက်တုံးသုံးရာကျော် ဖန်တီးပြိးနောက်တွင် သူ ဆက်၍ မဖန်တီးဝံ့တော့ပေ။ သူက ကျောက်တုံးများစွာကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ သူ မထိန်းချုပ်နိုင်တော့လျှင် ဥက္ကာပျံသတ်ဖြတ်အစီအရင်လည်း ပျက်သွားပေလိမ့်မည်။
ဟူး...ဟူး...
ကျောက်တုံးများက ကျန်းရီကို လှည့်ပတ်ပျံသန်းရင်း အရှိန်တိုးလာကြသည်။ ၎င်းတို့၏ လားရာလမ်းကြောင်းများက ကွဲပြားကြသဖြင့် ၎င်းတို့သည် အချင်းချင်း ဝင်မတိုက်မိကြပေ။ အမှန်ပင် ၎င်းတို့က ကြာကြာပျံသန်းလေလေ၊ အရှိန်ပိုမြန်လာလေလေဖြစ်ပေသည်။ မကြာခင်တွင် ၎င်းတို့အားလုံးကို အရိပ်များအဖြစ်သာ မြင်ရတော့သည်။
‘ဒါက မိနစ်ဝက်လောက်လိုတာ ပြဿနာပဲ။ ဘယ်ရန်သူကမှာ ငါ့ကို အဲ့လောက်အချိန်ပေးမှာ မဟုတ်ဘူး’
ကျန်းရီ စိတ်ပျက်သွားသည်။ ဥက္ကာပျံသတ်ဖြတ်အစီအရင်က မိနစ်ဝက်ကြာပြီးနောက်ဆိုလျှင် အလွန်စွမ်းအားကြီးလာသည်။ အစောမှ နတ်ဘုရားအဆင့်သိုင်းသမားများလိုဆယ်ယောက် တစ်ပြိုင်တည်း လာလျှင်ပင် သူ ကြောက်ရန်လိုတော့မည် မဟုတ်ချေ။ သို့သော် ဥက္ကာပျံသတ်ဖြတ်အစီအရင်က ထိုစွမ်းအားအဆင့်ကိုရောက်ရန် အချိန်မိနစ်ဝက်လိုအပ်သည်။ မည်သည့်ရန်သူကမှ သူ့ကို ထိုမျှအချိန်ပေးရလောက်အောင် ရူးမိုက်မည် မဟုတ်ပေ။ မည်သူကမှလည်း အစီအရင်အတွင်းသို့ မိုက်ရူးရဲဆန်ဆန် တိုးဝင်လာကြမည် မဟုတ်ချေ။
ဝှစ်...ဝှစ်...
အဝေးမှနေ၍ လေခွင်းသံများ ထွက်ပေါ်လာသည်။ အရိပ်ကိုးခုက အရှေ့သို့ ပျံသန်းလာသည်။ သူတို့သည် ကျန်းရီနှင့် သူ၏စွမ်းအားကြီးအရှိန်အဝါကို တွေ့လိုက်ကြသောအခါ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကြသည်။ ထို့နောက် သူတို့သည် ဦးတည်ရာနှစ်ဘက်ခွဲ၍ စတင်ထွက်ပြေးကြသည်။
‘ကျီယန်မျိုးနွယ်စုဝင်တွေ... လိုက်ရမယ်’
ကျန်းရီသည် သူ့ဘယ်ဘက်သို့ သွားသော လူငါးယောက်နောက်သို့ အမြန်ဆုံးအရှိန်ဖြင့် လိုက်သွားလိုက်သည်။ သူက ကျောက်တုံးများကို မထိန်းချုပ်နိုင်တော့သဖြင့် ကျောက်တုံးများသည် အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းသွားကြသည်။ ကျန်းရီသည် ကောင်းကင်စွမ်းအားကို သုံး၍ ပြေးနေခြင်းဖြစ်၍ ထိုမျိုးနွယ်စုဝင်များထက် ပိုမြန်နေသည်။ ထို့ကြောင့် သူနှင့် လူငါးယောက်ကြားမှ အကွာအဝေးက နီးကပ်လာသည်။ ထိုစဉ် သူ့လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် ဓားပျော့ကို စတင် လှုပ်ယမ်းလိုက်သည်။ ထူးဆန်းသော အသံများက အရှေ့သို့ စတင်ထွက်သွားလေသည်။
“အန်...”
လူငါးယောက်၏ မျက်နှာထားများက အလွန်ထူးဆန်းသွားသည်။ သူတို့၏ အရှိန်ကလည်း အတန်ငယ် နှေးသွားသည်။ နတ်ဘုရားအသံကောင်းကင်အတတ်က သူတို့အပေါ်သို့ အနည်းငယ် သက်ရောက်နိုင်ပုံပင်။ သို့သော် ထိုသက်ရောက်မှုက အလွန်အားနည်းပေသည်။ ကျန်းရီ၏ မျက်ဝန်းများ အရောက်လက်လာသည်။ သူ၏စိတ်ဝိညာဉ်က အဆင့်တက်ပြီးနောက်တွင် သူ့နတ်ဘုရားအသံကောင်းကင်အတတ်က အထက်ဘုံမှ လူများအပေါ်ပင် သက်ရောက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ နောက်ကျလျှင် နတ်ဘုရားအသံကောင်းကင်အတတ်၏ စွမ်းအားကို မြှင့်တင်ရန် သူ နည်းလမ်းတစ်ခု ရှာနိုင်ပေသည်။ ၎င်းက အားကောင်းသော တိုက်ခိုက်စွမ်းအားကို သေချာပေါက် ပိုင်ဆိုင်နိုင်ခြေ ရှိပေသည်။
“ဥက္ကာပျံသတ်ဖြတ်အစီအရင်”
ကျန်းရီသည် ဥက္ကာပျံကျောက်တုံး ဆယ်တုံးကျော် ဖန်းတီးလိုက်သည်။ သူ ထိုထပ်ပို၍ မဖန်တီးဝံ့ပေ။ သူက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြေးလွှားနေပြီး ထိုနေရာရှိ မြေမျက်နှာသွင်ပြင်ကလည်း မညီညာသဖြင့် ဥက္ကာပျံသတ်ဖြတ်အစီအရင်က အလွယ်တကူ ပျက်သွားနိုင်ခြေရှိသည်။ သူသည် နတ်ဘုရားအသံကောင်းကင်အတတ်ကို အဆက်မပြတ် ထုတ်လွှတ်၍ ရန်သူများကို နှေးသွားအောင် လုပ်နေပြီး ကျောက်တုံးများကိုလည်း သူ့အား လှည့်ပတ်ပျံသန်းနေစေလိုက်သည်။
“သွား...”
ရန်သူများနှင့် ပေတစ်သောင်းအကွာသို့ ရောက်သောအခါ ကျန်းရီသည် ကျောက်တုံးများကို ထိန်းချုပ်၍ ရန်သူငါးယောက်ထံသို့ ကြောက်မက်ဖွယ်အရှိန်နှင့် ပျံသန်းသွားစေလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်တုံးများက သူတို့ကို သွားရောက်ထိမှန်သည်။ သူတို့ငါးယောက်စလုံး လွင့်ပျံထွက်သွားကြသည်။ သူတို့ထဲမှတစ်ယောက်ဆိုလျှင် ခေါင်းကွဲသွားသည်။ သွေးစိမ်းရှင်ရှင်များလည်း ပန်းထွက်သွားသည်။
“သတ်ကြ...”
ရန်သူများသည် ဆက်၍ ထွက်မပြေးနိုင်တော့ကြောင်းကို သိသွား၍ နောက်ပြန်လှည့်လိုက်ကြသည်။ သူတို့၏ လက်ထဲတွင် သစ်သားလှံများ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့သည် ကျန်းရီထံသို့ ဦးတည်သွားလိုက်ကြသည်။ ကျန်းရီက မတိုက်ခိုက်သေးပေ။ သူ့အရှေ့တွင် ထောင်ဧကရာဇ်ဒိုင်း ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာသည်။ ဒိုင်းက သူ့တစ်ကိုယ်လုံးကို ကာနိုင်သည့် အရွယ်သို့ ရောက်သွားသောအခါ သူသည် ကျောက်တုံးများကို ထပ်မံဖန်တီး၍ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လည်ပတ်စေလိုက်သည်။
ဝှစ်...
လူငါးယောက်သည် အရှေ့သို့ ပြေးလာကြသည်။ သို့သော် ကျန်းရီက ကျောက်တုံးများကို မပစ်လွှတ်လိုက်သေးပေ။ ကျောက်တုံးများက ကျန်းရီကို လှည့်ပတ်၍သာ ပျံသန်းနေကြသေးသည်။ ထိုအချိန်တိုအတွင်းတွင် ကျန်းရီသည် ကျောက်တုံး ဆယ်ချီ ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် နေရာအနှံ့တွင် ကျောက်တုံးကြီးများ ပျံသန်းနေသည်ဟု ထင်ရပေသည်။ လူငါးယောက်သည်လည်း ကျောက်တုံးများ၏ ဝန်းရံမှုကို ခံလိုက်ကြရသည်။
“မြန်မြန် အဲ့ကျောက်တုံးတွေကို ဖျက်ဆီးပစ်လိုက်။ မဟုတ်ရင် ငါတို့ ကျောက်တုံးမှန်ပြီး သေလိမ့်မယ်”
အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အော်ပြောလိုက်သည်။ သူတို့ငါးယောက်သည် ကျောက်တုံးများကို လျင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်သည်။ တိုက်ခိုက်မှုတိုင်းက ကျောက်တုံးတစ်တုံးစီကို ဖျက်ဆီးသွားသည်။ သို့သော် သူတို့က တစ်စုံတစ်ခုကို မေ့နေပေသည်။ ကျန်းရီက ကျောက်တုံးများကို စိတ်ဖြင့် ဖန်တီးနိုင်သည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်တိုင်း ကျောက်တုံးဆယ်တုံး ဖြစ်ပေါ်လာနေသည်။ အတန်ကြာ တိုက်ခိုက်ပြီးသောအခါ လူငါးယောက်သည် ကျောက်တုံးအရေအတွက်က လျော့မသွားဘဲ တိုး၍သာလာကြောင်း သတိပြုမိသွားကြသည်။ ထို့ပြင် ကျောက်တုံးများ၏ အမြန်နှုန်းကလည်း တိုးလာသည်။
“ကျောက်တုံးတွေက ဆက်မတိုက်နဲ့တော့။ သူ့ကိုသတ်.. မဟုတ်ရင် ငါတို့အကုန်လုံး သေရလိမ့်မယ်”
အသက်လတ်ပိုင်းလူက ရူးသွပ်သော မျက်ဝန်းများဖြင့် ကျန်းရီထံ ပြေးဝင်သွားသည်။ လမ်းတစ်လျှောက်တွင်လည်း ကျောက်တုံးများကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သူ၏လှံက အနက်ရောင်အလင်း လင်းလက်လာသည်။ သူ၏ မျက်နှာကလည်း ရှုံ့တွနေသည်။ သူသည် ချောင်ပိတ်ခံထားရသော ဝံပုလွေရူးတစ်ကောင်ကဲ့သို့ပင်။
“ဟားဟားဟား... ခင်ဗျားက အခု အစွမ်းကုန် ထုတ်သုံးချင်ပြီလား။ အရမ်းနောက်ကျသွားပြီ”
ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျောက်တုံးအားလုံးကို ထိုလူငါးယောက်ထံ ပစ်လွှတ်လိုက်သည်။ သူတို့သည် ကျောက်တုံးများကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ရန် အသည်းအသန် ကြိုးစားကြ၏။ သို့သော် ကျောက်တုံးများက အလွန်လျင်မြန်သလို အရေအတွက်ကလည်း အလွန်များပေသည်။ ထို့ကြောင့် ကျောက်တုံးများစွာက သူတို့၏ခန္ဓာကိုယ်များကို လာရောက်ထိမှန်ကြသည်။ သူတို့ငါးယောက်သည် အဝေးသို့ လွင့်ပျံထွက်သွားကြပြီး အစောတွင် ခေါင်းကွဲခဲ့သောလူက သတိမေ့သွားသည်။
ဝှစ်...
နောက်ဆုံးတွင် ကျန်းရီသည် ကိုယ်တိုင် တိုက်ခိုက်ပေပြီ။ သူ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်သည်။ သူသည် အသက်လတ်ပိုင်းလူကို အပြင်းအထန် ခုတ်ချလိုက်၏။ ထိုလူက အပြာရောင်ဝတ်ရုံတစ်ထည်သာ ဝတ်ဆင်ထား၏။ သူ့ထံတွင် မည်သည့်နတ်ဘုရားချပ်ဝတ်မှ ရှိမနေပေ။ ထို့ကြောင့် သူသည် နတ်ဘုရားဇီဝိန်ခြွေကို သူ့ခန္ဓာကိုယ်နှင့်သာ ခုခံလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားပေ။ သို့သော် သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်သွား သွေးချင်းချင်းရဲသွားသည်။ သူ အပြင်းအထန် ဒဏ်ရာရသွားပေပြီ။
နောက်ပိုင်းကိစ္စများက လွယ်ခဲ့ပေသည်။ ကျန်းရီသည် ထိုငါးယောက်စလုံးကို သတ်လိုက်ပြီး သူတို့၏ ဦးခေါင်းများ၊ သစ်သားလှံငါးချောင်းနှင့် နတ်ဘုရားအမြုတေငါးခုကို သိမ်းယူလိုက်သည်။
“ကိုးယောက်... ငါ နောက်တစ်ယောက်ပဲ ထပ်သတ်ရတော့မယ်”
ကျန်းရီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ တာဝန်က အလွန်ချောမွေ့နေခဲ့ပေသည်။ သူသာ နောက်တစ်ယောက်ကို ထပ်သတ်နိုင်လိုက်လျှင် အကဲဖြတ်မှုကို အောင်မြင်သွားမည်ဖြစ်သည်။ သူသည် တစ်နေရာတွင် ခေတ္တမျှ စောင့်ဆိုင်းနေလိုက်၏။ သို့သော် မည်သူကမှ သူရှိရာဘက်သို့ ပြေးမလာတော့ပေ။ ယခုလောက်ဆို အားလုံးက တောင်အတွင်းပိုင်းသို့ ရောက်နေကြလောက်ပေပြီ။
ကျန်းရီသည် ခေတ္တမျှ တွေးတော၍ အခြားဦးတည်ရာတစ်ဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ အစောတွင် လူလေးယောက်သည် ထိုဘက်သို့ ပြေးသွားခဲ့သည်။ အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့လျှင် သူသည် ထိုလေးယောက်ကို တစ်နာရီအတွင်း လိုက်မီပေလိမ့်မည်။
သို့သော်...
ကျန်းရီသည် ထိုဘက်သို့ နှစ်နာရီကြာ သွားလိုက်သော်လည်း လူတစ်ယောက်ကိုမှ မတွေ့ပေ။ ထို့ပြင် သူ လမ်းပျောက်နေပေပြီ။ ထိုအခိုက်တွင် သူသည် အရပ်မျက်နှာ မခွဲနိုင်တော့ပေ။
‘အို့...သွားပြီ။ မိစ္ဆာသတ်ဖြတ်စံအိမ်ကလူတွေ စောင့်နေတာ ကြာလောက်ပြီ။ တကယ်လို့ သူတို့က ငါသေသွားပြီလို့တွေးပြီး ငါ့ကို မစောင့်တော့ဘဲ သူတို့ဘာသာ နတ်သိမ်းငှက်မြို့ကို ပြန်သွားရင် ဘယ်လိုလုပ်မလဲ။ အဲ့ကျရင် ငါ့ဘာသာ ပြန်သွားရမှာလား’
နတ်ဘုရားလှေက အလွန်လျင်မြန်သည်။ ကျန်းရီထက် အနည်းဆုံး ဆယ်ဆပိုမြန်သည်။ အကယ်၍ သူသာ ခြေလျင်ပြန်ရမည်ဆိုပါက လမ်းတွင် အန္တရာယ်ကင်းမည်၊ မကင်းမည်ကို ထည့်မတွက်သေးလျှင်ပင် နတ်သိမ်းငှက်မြို့သို့ ပြန်ရောက်ရန် လအနည်းငယ် သွားရပေလိမ့်မည်။ သူသည် ဤဘုံတွင် မပျံသန်းနိုင်သေးပေ။ ထို့ပြင် ဤပတ်ဝန်းကျင်တွင် နေရာအနှံ့၌ တောင်များရှိနေသည်။ သူ့ကောင်းကင်စိတ်အာရုံကလည်း သုံးမရချေ။ ထို့ကြောင့် ကျန်းရီတစ်ယောက် လုံးဝ လမ်းပျောက်နေပေပြီ။
‘ခရမ်းရောင်နေက အရှေ့ဘက်က ထွက်လာတာ။ အဲ့တော့ ဒီဘက်က တောင်ဘက်ဖြစ်မယ်။ ကျီယန်မျိုးနွယ်စုက တောင်ဘက်မှာဖြစ်ဖို့များတယ်။ အခု ငါက အနောက်မြောက်ဘက်ကို ပြေးလာခဲ့တာပဲ။ ငါ တောင်ဘက်ကို ပြန်သွားရင် လမ်းတွေ့လောက်တယ်’
ကျန်းရီသည် အရပ်မျက်နှာများကို အကြမ်းဖျင်းခွဲလိုက်သည်။ သူသည် အရှေ့သို့ ဆက်မသွားဝံ့တော့ဘဲ တောင်ဘက်သို့သာ ဦးတည်လိုက်သည်။ သို့သော် လေးနာရီကြာလျှောက်ပြီးနောက်တွင် ကျီယန်မျိုးနွယ်စုကို ရှာတွေ့ရန် မဆိုထားနှင့် တောင်ထဲမှပင် ပြန်မထွက်နိုင်သေးချေ။
ဟိန်း...
ကျန်းရီက တောင်ထွတ်တစ်ခုပေါ်တွင် ရပ်၍ လှည့်ပတ်ကြည့်ရှုနေစဉ်တွင် အဝေးမှနေ၍ ကြောက်မက်ဖွယ်ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ကျန်းရီကို တုန်လှုပ်သွားစေသည်။ သူ မျက်လုံးပြူးသွားကာ အော်ပြောလိုက်သည်။
“အို့...သွားပြီ၊ ဟွင့်သွမ့်သားရဲပဲ”
အဆင့်အနိမ့်ဆုံး ရှေးဦးအဆင့်ဟွင့်သွမ့်သားရဲတစ်ကောင်သည်ပင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများကို သတ်ပစ်နိုင်သည်။ အကယ်၍ ကျန်းရီသာ ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် တွေ့ကြုံရလျှင် သေချာပေါက် သေရပေလိမ့်မည်။
***