← Chapters

အရှေ့တွင် ဝံပုလွေ၊ အနောက်တွင် ကျား

Vol. 93 Ch. 1298

အရှေ့တွင် ဝံပုလွေ၊ အနောက်တွင် ကျား

Vol. 93 Ch. 1298

သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ အကြည့်က စူးရှသွားသည်။ သူ လှည့်ပတ်ကြည့်လိုက်ပြီး သူ့အသက်ကို ကယ်နိုင်မည့် လွတ်လမ်းတစ်ခုကို ရှာလိုက်သည်။

မကြာခင်မှာပင် ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာသည်။ သူသည် ခက်ထန်သော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူ့ဘယ်ဘက်ရှိ တောင်ကြားထဲသို့ အပြေးသွားလိုက်သည်။ ထိုနေရာတွင် ရေကန်တစ်ကန် ရှိနေသည်။ ထိုကန်ထဲမှ ရေများက ‌တောင်ကုန်းတစ်ခုအောက်သို့ သွားရောက်ဆက်စပ်နေသည်။ ယင်းမှာ ထိုတောင်ကုန်းအောက်တွင် လျှို့ဝှက်မြစ်တစ်စင်း စီးဆင်းနေသည်ဆိုသော အဓိပ္ပာယ်ပင်။ အကယ်၍ သူသာ ထိုမြေအောက်မြစ်အတိုင်း လိုက်သွားနိုင်လျှင် ရှင်သန်နိုင်မည့် အခွင့်အရေး ရပေလိမ့်မည်။

ဝှစ်...

ကန်သို့ရောက်ရန် ခြောက်စက္ကန့်ကြာခဲ့သည်။ ကျန်းရီသည် ကန်ထဲဆင်း၍ ရေကူးလိုက်သွားသည်။

ဟိန်း...

ဟွင့်သွမ့်သားရဲက ကောင်းကင်ကိုပင် တုန်ခါစေမည့် အသံကြီးဖြင့် ဟိန်းလိုက်သည်။ ကျန်းရီသည် ထိုအသံကို ကြားလိုက်ရသောအခါ သွေးများဆူပွက်ကာ စိတ်လှုပ်ရှားသွားသည်။ ဟွင့်သွမ့်သားရဲက နီးကပ်လာပြီလောဟုပင် သူ နောက်လှည့်မကြည့်ဝံ့ပေ။ ထိုဟွင့်သွမ့်သားရဲများက မိုးမြေမှ မွေးဖွားလာခြင်းဟု ဆိုကြသည်။ ထို့ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များတွင် မိုးမြေစည်းမျဉ်းများ သဘာဝအတိုင်း ပါဝင်နေသည်။ ၎င်းတို့သည် ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကိုလည်း သုံးနိုင်ကြသည်။ ကျန်းရီသည် ထိုဟွင့်သွမ့်သားရဲ၏ ဆန်းကြယ်စွမ်းရည်များက သိပ်၍စွမ်းအားမကြီးပါစေနှင့် ကြိတ်ဆုတောင်းနေသည်။ မဟုတ်လျှင် သူ ပြဿနာအကြီးကြီး တက်သွားနိုင်ပေသည်။

ဟူး...ဟူး...

ထိုစဉ် ကျန်းရီကို အံ့အားသင့်ကာ စိတ်လှုပ်ရှားစေသည့် ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။ ဟွင့်သွမ့်သားရဲသည် ကျန်းရီနှင့် မီတာသုံးထောင်အကွာသို့ ရောက်သောအခါ အနီရင့်ရောင် မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ မီးလုံးက ၎င်းနှင့်ထိသမျှ အရာအားလုံးကို လောင်ကျွမ်းပစ်သည်။ ၎င်း၏ အပူချိန်မှာ အနှိုင်းမဲ့ပင်။ တောင်ကုန်းပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ပန်းပင်များ၊ သစ်ပင်များနှင့် ချုံပုတ်များအားလုံး မီးလောင်သွားသည်။ ကျန်းရီ ကူးခတ်နေသော ကန်ရေပြင်သည်လည်း လျင်မြန်စွာ အငွေ့ပျံလာသည်။ ရေခိုးရေငွေ့များသည် တိမ်ဖြူများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထဲတွင် လွင့်မျောသွားကြသည်။

ကျန်းရီသည် မီးကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။ သို့သော် သူ၏မီးဝိညာဉ်ပုလဲက အထက်ဘုံမှ မီးကို ခံနိုင်၊ မခံနိုင်ကို‌တော့ မေးရပေမည်။ အဖြေကို ကျန်းရီ မသိပေ။ ထို့ကြောင့် သူသည် မြန်နိုင်သမျှ အမြန်ဆုံး ကူးခတ်လိုက်ပြီး မီးဝိညာဉ်ပုလဲပေါ်တွင် မျှော်လင့်ချက် ထားထားလိုက်သည်။

နွားခေါင်းလောက် ကြီးသော မီးလုံးကြီးက ရေထဲ ရောက်လာသည်။ ကျန်းရီအနောက် မီတာသုံးဆယ်အကွာရှိ ရေများက အငွေ့ပျံသွားသည်။ တစ်ချိန်က ရေပြည့်နေခဲ့သော ရေကန်သည် ယခုတွင် ခမ်းခြောက်သွားပေပြီ။ ကျန်းရီသည် ရေကူးကာ စတင်ခဲ့သော်လည်း ယခုတွင် ပြေးနေရပြီဖြစ်သည်။

“ဟ...”

ရုတ်တရက် မီးဝိညာဉ်ပုလဲက စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ ကျန်းရီ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်ရသော ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ မီးလုံးက သူ့ဆီသို့ လာနေသော်လည်း သူက မည်သည့်အပူဒဏ်ကိုမှ မခံစားလိုက်ရသဖြင့် ကျန်းရီ ဝမ်းသာသွားသည်။ သူက အပူဒဏ်ကို မခံစားရသည့်အပြင် မီးဝိညာဉ်ပုလဲသည် ထိုမီးလုံးထံမှနေ၍ မီးတောက်များစွာ ရရှိနေသည်။

‘ချီးပဲ... အဲ့ကောင်က အရမ်းမြန်လွန်းတယ်’

ကျန်းရီသည် အပြည့်အဝ မပျော်ရသေးခင်မှာပင် ကျောက်စိမ်းဖြူခြင်္သေ့တစ်ကောင်နှင့် တူသော ဟွင့်သွမ့်သားရဲပျံတစ်ကောင်က သူ့ထံသို့ အဖြူရောင်အလင်းတန်းတစ်တန်းအလား ပျံသန်းလာသည်ကို‌ တွေ့လိုက်ရလေသည်။ သူ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးလိုက်ပြီး မီးနဂါးဓားကို ဆင့်ခေါ်၍ နတ်ဘုရားဇီဝိန်ခြွေ ထုတ်လွှတ်လိုက်သည်။

ရွှစ်...ရွှစ်...

နတ်ဘုရားဇီဝိန်ခြွေက အထက်ဘုံတွင် သိပ်၍စွမ်းအားမကြီးပေ။ ၎င်းသည် မည်သည့်နတ်ဘုရားမိုးကြိုး၊ နတ်ဘုရားလျှပ်စီးမှ မထုတ်လွှတ်နိုင်ချေ။ ပတ်ဝန်းကျင်မှ စွမ်းအင်အားလုံးကလည်း လာရောက် မစုဝေးပေ။ မီးနဂါးဓားသည် မိုးမြေဝိညာဉ်စွမ်းအင်ကို စုစည်း၍ အာကာပြင်ထဲတွင်သာ ဂယက်ထစေနိုင်သည်။

သို့သော် နတ်ဘုရားဇီဝိန်ခြွေသည် မိုးမြေစွမ်းအားကိုသုံး၍ ရန်သူများကို ဖိနှိပ်နိုင်ပေသေးသည်။ ဟွင့်သွမ့်သားရဲ၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည်။ မီးနဂါးသုံးကောင်က ၎င်း၏ခန္ဓာကိုယ်ကို ထိမှန်၍ ပေါက်ကွဲသွားသောအခါ ဟွင့်သွမ့်သားရဲသည် အနောက်သို့ မီတာများစွာ လွင့်ထွက်သွားသည်။ ၎င်း၏ခေါင်းပေါ်ရှိ အမွှေးများစွာလည်း ကျွတ်သွားသည်။ သို့သော် မည်သည့်ဒဏ်ရာမှတော့ မရလိုက်ပေ။ ဟွင့်သွမ့်သားရဲ၏ ခံနိုင်ရည်က ကြောက်မက်ဖွယ်ပင်။

ထိုအခိုက်တွင် ကျန်းရီသည် ‌တောင်ကုန်းအောက်ရှိ မြစ်ထဲသို့ ရောက်သွားသည်။ သူသည် လက်နှစ်ဘက်ကို အသုံးပြု၍ ဥက္ကာပျံကျောက်တုံးများ ဖန်တီးလိုက်သည်။ သို့သော် မြေအောက်မြစ်က အလွန်ကျဉ်းမြောင်းသဖြင့် ကျောက်တုံးအသေးလေး ဆယ်တုံးလောက်ကိုသာ ဖန်တီးနိုင်သည်။ အစောမှ မီးလုံးကြောင့် မြေအောက်မြစ်ထဲတွင်လည်း ရေသိပ်မကျန်တော့ပေ။ ထို့ကြောင့် ကျန်းရီသည် ရေကူးစရာမလိုဘဲ ပြေး၍သွားနိုင်နေသည်။ ကျန်းရီသည် ပြေးနေရင်းဖြင့် အနောက်ကို လှည့်ကြည့်လိုက်သည်။

ဟူး...ဟူး...

နောက်ထပ် အနီရောင်မီးလုံးတစ်လုံးက ကျန်းရီထံသို့ ပျံဝင်လာသည်။ မြစ်ထဲတွင် ရေသိပ်မကျန်တော့သော်လည်း ကျန်နေသေးသော ရေများက အငွေ့ပျံသွားကြသည်။ ကျန်းရီသည် ‌ရေခိုးရေ‌ငွေ့များကြောင့် သူ့အရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ မီးလုံးက သူ့နောက်ကျောကို လာမှန်သောအခါ သူ အရှေ့သို့ လွင့်ထွက်သွားသည်။ သို့သော် မီးဝိညာဉ်ပုလဲက မီးလုံးမှ မီးတောက်အားလုံးကို စုပ်ယူနိုင်လိုက်သဖြင့် သူ လုံးဝမထိခိုက်ခဲ့ဘဲ ရင်ထဲတွင်သာ အတန်ငယ် တင်းကြပ်သွားသည်။

ဟိန်း...ဟိန်း...

ဟွင့်သွမ့်သားရဲက ကျန်းရီနောက်သို့ ဆက်လိုက်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က ကိုးမီတာရှည်ပြီး သုံးမီတာမြင့်သည်။ ထိုမြေအောက်မြစ်က လုံလောက်အောင် မမြင့်ပေ။ သို့သော် သားရဲသည် ၎င်း၏လက်သည်းများကို အသုံးပြု၍ မြေကို တူးကာ လိုက်လာသည်။ မြေအောက်မြစ်ထဲမှ မြေကြီးများက လျင်မြန်စွာ တူးထုတ်ခံနေရသည်။ သို့ဖြင့် သားရဲသည် ကျန်းရီနောက်သို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လိုက်လာနိုင်နေပေသည်။

“ကျောက်တုံးတွေ..သွား...”

ကျန်းရီသည် ပြေးနေရင်းဖြင့် ကျောက်တုံးများကို ထိန်းချုပ်ကာ ဟွင့်သွမ့်သားရဲထံ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးနဂါးဓားလည်း လင်းလက်လာပြီး မီးနဂါးသုံးကောင်က ဟွင့်သွမ့်သားရဲထံ ပျံသန်းကာ သားရဲကို နောက်သို့ မီတာများစွာ တွန်းထုတ်လိုက်သည်။

‘ငါ ရှင်သန်နိုင်တယ်’

ကျန်းရီ၏ မျက်ဝန်းများ အရောင်တောက်လာသည်။ ထိုဟွင့်သွမ့်သားရဲက သူ့ထက် အဆများစွာ ပိုလျင်မြန်သော်လည်း သူက အနှောင့်အယှက်မရှိ ပြေးသွားနိုင်နေသည်။ သားရဲကမူ အရှေ့သို့ တိုးရန် ၎င်း၏ထက်ရှသောလက်သည်းများနှင့် မြေကြီးကို တူးနေရသည်။ ယင်းကပင် ၎င်းကို နှေးကွေးနေစေပြီဖြစ်သည်။ ထို့ပြင် ကျန်းရီက ဥက္ကာပျံသတ်ဖြတ်အစီအရင်နှင့် နတ်ဘုရားဇီဝိန်ခြွေတို့ကို သုံး၍လည်း ဟွင့်သွမ့်သားရဲကို တိုက်ခိုက်နေသည်။ ထို့ကြောင့် သားရဲက ပို၍ပင် နှေးသွားသည်။ ယခုတွင် သူတို့၏ အမြန်နှုန်းက အနည်းနှင့်အများဆိုသလို တူညီနေပေပြီ။

ဟွင့်သွမ့်သားရဲ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုက ကျန်းရီအပေါ်တွင် လုံးဝအလုပ်မဖြစ်ပေ။ ထို့ကြောင့်လည်း ကျန်းရီ ရှင်သန်နိုင်နေခြင်းဖြစ်သည်။ မဟုတ်ပါက သူ့တွင် အသက်ဆယ်သက် ရှိမည်ဆိုလျှင်ပင် ယခုလောက်ဆို ထိုဆယ်သက်စလုံး ကုန်သွားလောက်ပြီဖြစ်သည်။

ရှင်သန်နိုင်မည်ဆိုသော မျှော်လင့်ချက်က ကျန်းရီကို စိတ်အားတက်သွားစေသည်။ ထို့ကြောင့် သူ အ‌ရှေ့သို့ အားကုန် ဆက်ပြေးလိုက်သည်။ သူသည် အားကုန်ပြေးနေရင်း ဥက္ကာပျံကျောက်တုံးများကို ဆက်ဖန်တီးကာ နတ်ဘုရားဇီဝိန်ခြွေကိုလည်း ငါးစက္ကန့်တစ်ကြိမ် ထုတ်လွှတ်နေသည်။ အခိုက်အတန့်တိုင်းတွင် သူ၏ တိုက်ခိုက်မှုတစ်ခုက ဟွင့်သွမ့်သားရဲကို ထိမှန်ကာ ၎င်းကို နှေးသွားစေနေသည်။

ဟိန်း...ဟိန်း...ဟိန်း...

အမှောင်ထဲတွင် ဟွင့်သွမ့်သားရဲ၏ ဧရာမမျက်လုံးကြီးနှစ်လုံးက တောက်ပနေသည်။ ထိုမျက်လုံးကြီးနှစ်လုံးထဲတွင် အတုမဲ့ ဒေါသအရိပ်အယောင်၊ သတ်ဖြတ်အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်။ ၎င်းသည် မကြာမကြာဆိုသလို ပါးစပ်ဟ၍ ကျန်းရီထံသို့ မီးလုံးများ ပစ်လွှတ်နေသည်။ သို့သော် ထိုမီးလုံးများက ကျန်းရီကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ကျန်းရီ၏ တိုက်ခိုက်မှုများကလည်း ဟွင့်သွမ့်သားရဲ၏ ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ချေ။ သို့သော် ၎င်း၏ အမြန်နှုန်းကိုတော့ သိသိသာသာ လျှော့ချနိုင်သည်။ ဟွင့်သွမ့်သားရဲကြီးသည် ယုန်တစ်ကောင်ကို လိုက်ဖမ်းနေသော ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ပင်။ ၎င်းသည် ၎င်း၏သားကောင်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ သို့သော် သားကောင်က ချုံပုတ်များထဲသို့ လျင်မြန်စွာ ပြေးဝင်ဝင်သွားနေပေသည်။ ထို့ကြောင့် ခြင်္သေ့ကြီးသည် ယုန်သူငယ်ကို မစားနိုင်ဖြစ်နေသည်။

ပြေးတမ်းလိုက်တမ်းကစားပွဲ စတင်နေပေပြီ။

ကျန်းရီ စိတ်မချင့်မရဲ အဖြစ်ရဆုံးမှာ ထိုဟွင့်သွမ့်သားရက အသိဉာဏ်နည်းခြင်းပင်။ ၎င်းသည် သူ့ကို လိုက်မမီနိုင်သော်လည်း လက်မလျှော့‌သေးချေ။ ၎င်းက သူ့အနောက်သို့ တစ်နာရီကြာ ပြေးလိုက်နေသည်။ ကျန်းရီသည် သူတို့ကြားတွင် မီတာသုံးရာ ခြားထားနိုင်သော်လည်း ဟွင့်သွမ့်သားရဲက အနားသို့ ကပ်လာနိုင်ရန် အဆက်မပြတ် ကြိုးစားနေပေသည်။

‘ဒီမြေအောက်မြစ်က မြေပေါ်မြစ်ဆီ ဦးတည်နေရာဆိုရင် ငါတော့ သေပြီပဲ’

ကျန်းရီသည် စတင်၍ ပူပန်လာသည်။ ထိုမြစ်က မြေပေါ်သို့ ထိုးတက်သွားလျှင် သူ့အတွက် အန္တရာယ်များပေသည်။ တိရှဘုံမှ မြေပြင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ မြေပြင်ထက် များစွာပို၍ မာကြောသော်လည်း သူ ထိုမြေပြင်ကို ထိုးဖောက်နိုင်လောက်သေးသည်။ သူ့ထိုးဖောက်နှုန်းကတော့ နှေးပေလိမ့်မည်။ အကယ်၍ မြစ်က မြေပေါ်သို့ တက်သွားလျှင် သူ့ဘာသာ မြေတူး၍ ဆက်သွားရမည်ဖြစ်သည်။ ထိုအခါကျ သူ သေချာပေါက် သေပေလိမ့်မည်။

သို့သော် မြေအောက်မြစ်က အောက်ဘက်သို့သာ ဆင်းသွား၍ တော်ပေသေးသည်။ အနည်းဆုံးတော့ မြစ်သည် အချိန်တိုအတွင်း အပြင်သို့ ရောက်ဦးမည် မဟုတ်ပေ။ ကျန်းရီသည်လည်း ရွေးချယ်စရာ မရှိသဖြင့် အံကြိတ်၍သာ ဆက်ပြေးနေရသည်။

ဟူး...ဟူး...

ဟွင့်သွမ့်သားရဲကြီးက မီးလုံးများ မှုတ်ထုတ်နေဆဲပင်။ ယခုတွင် ကျန်းရီ၏ မီးဝိညာဉ်ပုလဲက တစ်ဝက်နီးပါး ပြည့်နေပေပြီ။ ကျန်းရီသည် ထိုသားရဲကို မီးလုံးများဖြင့် ပြန်တိုက်မည် မဟုတ်ပေ။ မီးဝိညာဉ်ပုလဲထဲရှိ မီးတောက်များက ထိုသားရဲကြီး၏ မီးတောက်များ မဟုတ်ပါလား။ သို့ဖြစ်ရာ မီးတောက်များက ၎င်းကို ထိခိုက်အောင် လုပ်နိုင်လောက်မည် မဟုတ်ချေ။

“အာ...”

ကီလိုမီတာဆယ်ချီ သွားပြီးနောက်တွင် မြစ်က တဖြည်းဖြည်း အောက်သို့ ဆိုက်ကျလာသည်။ ပို၍လည်း မက်စောက်လာသည်။ မြစ်ပြင်ကလည်း ပိုကျယ်လာသည်။ နောက်ဆုံးတွင် ကျန်းရီ စိုးရိမ်နေခဲ့သော အရာတစ်ခု ဖြစ်လာပေပြီ။ အရှေ့တွင် မြစ်က ပြောင်းလဲသွားပုံပေါ်သည်။ သူ သိသလောက်တော့ အရှေ့တွင် မြေအောက်ရေကန်တစ်ကန် ထွက်ပေါ်လာနိုင်သည်။ ဟွင့်သွမ့်သားရဲက လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သည်နှင့် သူ သေချာပေါက် သေရမည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီ လွတ်လမ်းတစ်ခုကို စဉ်းစားရပေမည်။

မိနစ်အနည်းငယ်ကြာပြီးနောက် မြစ်ပြင်က မီတာသုံးရာ ကျယ်ပြန့်လာသည်။ အမြင့်မှာ တစ်မီတာခွဲလောက်သာ ရှိသေးသော်လည်း အရှေ့တွင် ကျယ်လောင်သောအသံကြီးတစ်သံကို ကြားနေရသည်။ မြစ်ရေများက မြေအောက်ရေကန်ထဲ စီးကျနေသံပင်။ ကျန်းရီသည် အရှေ့တွင် မြေအောက်ရေကန်တစ်ကန် ရှိနေကြောင်း သေချာသွားသည်။

ဝုန်း...

အမှန်ပင်။ သုံးကီလိုမီတာ ဆက်သွားပြီးနောက် ကျန်းရီသည် အောက်ဘက်သို့ ပြုတ်ကျသွားပြီး မြေအောက်ရေကန်ထဲ ရောက်သွားသည်။ ထိုကန်၏ အဆုံးသတ်ကို မတွေ့ရပေ။ ဟွမ့်သွမ့်သားရဲက သူ့အနောက်မှ လိုက်လာသည်။ ၎င်း၏ အစိမ်းရောင်တောက်နေသော မျက်လုံးများက သတ်ဖြတ်ယန္တယားတစ်ခု၏ အလင်းများကဲ့သို့ပင်။

ဟိန်း...

ထိုအခိုက်တွင် မြေအောက်ရေကန်ထဲမှနေ၍ ဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထို့နောက် ကန်ရေပြင်က စတင် လည်ပတ်လာပြီး ရေထဲမှနေ၍ အခြားသားရဲတစ်ကောင် ထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်ပြီး ကိုယ်ပေါ်တွင် အပြာရောင်တောက်ပနေသည်။ ကျန်းရီသည် ၎င်းကို တွေ့လိုက်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။ နောက်ထပ် ဟွင့်သွမ့်သားရဲတစ်ကောင် ထပ်ပေါ်လာပေပြီ။

***

All Chapters