← Chapters

ထူးဆန်းသောမီးတောက်များ

Vol. 93 Ch. 1299

ထူးဆန်းသောမီးတောက်များ

Vol. 93 Ch. 1299

အရှေ့တွင် ဝံပုလွေ၊ အနောက်တွင် ကျား...

ကျန်းရီသည် မည်သို့လုပ်ရမည်ကို မသိတော့ပေ။ သူသည် ကျောက်တုံးများ ဖန်တီး၍ ၎င်းတို့ကို သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဆက်မပြတ် လည်ပတ်စေနေနိုင်သည်။ တစ်ချိန်တည်းမှာပဲ သူ မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးနိုင်သည်။

ဟူး...ဟူး...

သို့သော် ကျန်းရီ၏ အမြန်နှုန်းက ဟွင့်သွမ့်သားရဲများထက် များစွာပို၍ နှေးပေသည်။ မြေအောက်ရေကန်ထဲမှ ဟွင့်သွမ့်သားရဲက ရုတ်ခြည်းပင် သူ့ဆီသို့ ရောက်လာပြီး ပါးစပ်ကြီးဟ၍ အပြာရင့်ရောင် ဓာတ်ငွေ့လုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ထိုဓာတ်ငွေ့လုံးက မီးတောက်လုံးနှင့် ဆင်တူသော်လည်း ကန်ထဲမှ ရေများက အငွေ့ပျံမသွားပေ။ ထိုအစား ဓာတ်ငွေ့လုံးနှင့် ထိတွေ့သွားသော ရေများက ရေခဲဖြစ်သွားသည်။ အပြာရင့်ရောင်ဓာတ်ငွေ့လုံးသည် အလွန်လျင်မြန်စွာ ပျံသန်းလာပြီး စက္ကန့်ပိုင်းအတွင်း ကျန်းရီကို ထိမှန်သွားလေသည်။

‘အဲ့ဒါက ဘာလဲ’

ကျန်းရီ မျက်လုံးပြူးကာ နားမလည်နိုင်ဖြစ်သွားသည်။ ဓာတ်ငွေ့လုံးသည် မီးတောက်များနှင့် တူပြီး မီးဝိညာဉ်ပုလဲက ထိုမီးတောက်အများစုကို စုပ်ယူနိုင်လိုက်၏။ သို့သော် ထိုမီးတောက်များက မပူဘဲ အေးစက်နေသည်။ ထိုအအေးဓာတ်က ရေကိုပင် ခဲသွားစေနိုင်သည်။

ကျန်းရီသည် မီးဝိညာဉ်ပုလဲထဲ အာရုံစိုက်လိုက်ရာ ကွဲပြားသော မီးတောက်နှစ်မျိုးကို တွေ့လိုက်ရသည်။ ၎င်းမီးတောက်နှစ်မျိုးက အချင်းချင်း တွန်းကန်နေပုံပင်။ ၎င်းတို့သည် တစ်မျိုးအနားတစ်မျိုး မကပ်လိုကြပေ။

ဝုန်း...

ကျန်းရီနောက်မှ လိုက်လာခဲ့သော ဟွင့်သွမ့်သားရဲက ရေကန်ထဲ ခုန်ချလာသည်။ ထို့ကြောင့် အရပ်မျက်နှာအနှံ့သို့ ရေမှုန်ရေမွှားများ ဖြာထွက်သွားသည်။ ၎င်းသည် အခြားဟွင့်သွမ့်သားရဲက မှုတ်ထုတ်လိုက်သော အပြာရင့်ရောင်ဓာတ်ငွေ့လုံးကို တွေ့လိုက်သောအခါ ကြောက်ရွံ့ပုံ ပေါ်သွား၏။ ကျန်းရီသည် ထိုအခြင်းအရာကို မြင်လိုက်ရသည်။ သူ ရင်ခုန်မြန်လာပြီး ချက်ချင်း အပြေးရပ်လိုက်သည်။ ထို့နောက် သားရဲနှစ်ကောင်၏ ကြားသို့ သွားလိုက်သည်။

မြေအောက်ရေကန်က အကန့်အသတ်မဲ့ပုံပေါ်သည်။ ၎င်းက မည်မျှကြီးကြောင်း မည်သူ သိမည်နည်း။ သူ၏ အမြန်နှုန်းအရ သူသည် ဟွင့်သွမ့်သားရဲများ၏လက်မှ မည်သို့မှ လွတ်မည် မဟုတ်ပေ။ သူသည် မည်သို့ဖြစ်စေ သေရမည်ဖြစ်ရာ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက ထိုသားရဲနှစ်ကောင်ကို တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်အောင် လုပ်နိုင်လျှင် ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရနိုင်ပေသည်။

ကျန်းရီ၏ ရွေးချယ်မှုက မှန်ခဲ့သည်။

ရေမြင်းတစ်ကောင်နှင့်တူသော ကန်အောက်ခြေမှ အနက်ရောင်ဟွင့်သွမ့်သားရဲက ‌ကျန်းရီထံသို့ လျင်မြန်စွာ ပြေးလာသည်။ ကျန်းရီသည် ယင်းကို မြင်သောအခါ အခြားသားရဲဆီသို့ ရေကူးသွားလိုက်သည်။ ထိုသားရဲက တုံ့ဆိုင်းနေသည်။ ၎င်း၏ မျက်ဝန်းကြီးများက အဝေးရှိ သားရဲကိုသာ ကြည့်နေသည်။

ထိုသားရဲနှစ်ကောင်မှာ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများဖြစ်ကြသည်။ ၎င်းတို့သည် အသိဉာဏ်အနည်းငယ်သာ ရှိသော်လည်း သဘာဝအရ အကြောက်တရားကို ခံစားနိုင်ကြသည်။ ယင်းအကြောက်တရားမှာ ကောင်းကင်ထက်မှ သိမ်းငှက်ကို မြင်လိုက်ရသော ယုန်၏ အကြောက်တရားနှင့် ဆင်တူသည်ဟု ကျန်းရီ တွေးမိသည်။ ယခုတွင် သားရဲနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် စိုက်ကြည့်နေကြပြီး ကြားထဲရှိ ကျန်းရီကို အာရုံမစိုက်ကြ‌တော့ပေ။

ကျန်းရီ၏ အမြန်နှုန်းနှင့် တိုက်ခိုက်စွမ်းအားက သနားဖွယ်ပင်။ ထိုဟွင့်သွမ့်သားရဲနှစ်ကောင်က ကျန်းရီကို အထင်သေးပုံပေါ်သည်။ ၎င်းတို့က သူ့ကို အစာအဖြစ်သာ မြင်ကြသည်။ ကျန်းရီသည် အခြားလွတ်လမ်းမရှိ၍ ဟွင့်သွမ့်သားရဲနှစ်ကောင်ကြားတွင်သာ ရပ်နေရသည်။ သို့သော် မည်သည့်သားရဲကမှ ကျန်းရီကို မတိုက်ခိုက်သေးပေ။ ၎င်းတို့သည် တစ်ကောင်ကိုတစ်ကောင်သာ အာရုံစိုက်ထားကြသည်။

ဟိန်း...

ဟွင့်သွမ့်သားရဲနှစ်ကောင်က တစ်ပြိုင်တည်း ဟိန်းလိုက်ကြသည်။ ၎င်းတို့ထဲမှ တစ်ကောင်က အနီရောင်မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်ပြီး ကျန်တစ်ကောင်က အပြာရင့်ရောင်ဓာတ်ငွေ့လုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ကျန်းရီက အလယ်တွင် ရှိနေရာ ထိုသားရဲနှစ်ကောင်၏ပစ်မှတ် အလိုလို ဖြစ်သွားသည်။

ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ အရမ်းလည်း စိတ်လှုပ်ရှားနေသည်။ သူသည် ထိုမီလုံးနှင့် ဓာတ်ငွေ့လုံးတို့ကို မကြောက်သော်လည်း ထိုသားရဲနှစ်ကောင်၏ ကြားတွင်ရပ်နေရပြီး ၎င်းတို့၏ အရှိန်အဝါများ၏ လွှမ်းခြုံမှုကို ခံထားရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ကြောင့် သူ သွေးဖိအား တိုးလာသည်။ သူက ယခုထက် များစွာပိုသန်မာလျှင် ကောင်းမည်ဟုပင် ရုတ်တရက် မျှော်လင့်မိလိုက်သည်။

ဖုန်း...ဖုန်း...

ကျန်းရီကို မီးလုံးက အရင်ထိမှန်သည်။ ထို့နောက် အပြာရင့်ရောင် ဓာတ်ငွေ့လုံးက ထိမှန်သွားသည်။ ကန်တစ်ဘက်မှ ရေများသည် အငွေ့ပျံနေပြီး အခြားတစ်ဘက်မှ ရေများက အေးခဲသွားသည်။ မီးလုံးထိမှန်ခံရသောခါ ကျန်းရီ၏ ခန္ဓာကိုယ်အပူချိန်က သိသိသာသာ မြင့်တက်သွားသည်။ သို့သော် ဓာတ်ငွေ့လုံး လာမှန်သောအခါတွင်မူ သူ အေးခဲသွားသည်။ သူသည် ရေခဲတုံးတစ်တုံး ဖြစ်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ကျန်းရီ ကိုယ်ပေါ်မှ မီးတောက်များကို မီးဝိညာဉ်ပုလဲက စုပ်ယူလိုက်သည်။ အပြာရင့်ရောင် ဓာတ်ငွေ့လုံးမှာလည်း မီးတောက်များမှ ဖြစ်တည်လာခြင်းဖြစ်ကြောင်း မှားစရာမရှိပေ။ မဟုတ်လျှင် မီးဝိညာဉ်ပုလဲက ၎င်းကို စုပ်ယူနိုင်မည် မဟုတ်ချေ။ ကျန်းရီသည် ကောင်းကင်စွမ်းအားကို သုံး၍ အေးခဲမှုမှ လွတ်မြောက်အောင် လုပ်လိုက်သည်။ သို့သော် သားရဲနှစ်ကောင်က မတူညီသော မီးတောက်နှစ်မျိုးကို ထပ်မံမှုတ်ထုတ်လိုက်ရာ သူ ထပ်မံအေးခဲသွားပြန်သည်။

‘သူတို့က မီးတောက်တွေ မှုတ်ထုတ်နေပေမဲ့ ကိုယ်ထိလက်ရောက်တော့ တိုက်ခိုက်ကြမှာ မဟုတ်လောက်ဘူး’

ကျန်းရီသည် ထပ်မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သားရဲများကို ဒေါသဖြစ်သွားအောင် လုပ်မိမည်ကို စိုးရိမ်နေသည်။ ထိုအခိုက်တွင် သူ၏ အကြီးမားဆုံးဆန္ဒမှာ သားရဲနှစ်ကောင်က မီးတောက်များ ဆက်၍မှုတ်ထုတ်ပြီး အချင်းချင်း မချင့်မရဲဖြစ်ကာ ပြန်ဆုတ်သွားကြစေရန် ဖြစ်သည်။ ယင်းမှာ သူ ရှင်သန်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ဟိန်း...ဟိန်း...

ဟွင့်သွမ့်သားရဲနှစ်ကောင်သည် အချင်းချင်း ဆက်တိုက်ခိုက်နေကြ၏။ ၎င်းတို့သည် ငါးမိနစ်ကြာသည်အထိ မီးတောက်လုံးများ မှုတ်ထုတ်နေကြသည်။ ထိုမီးတောက်အားလုံးကို မီးဝိညာဉ်ပုလဲက စုပ်ယူလိုက်သည်။ အချိန်ကြာလာသောအခါ သားရဲနှစ်ကောင်သည် စတင်ပင်ပန်းလာပြီး တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြသည်။ ကျန်းရီသည် မျက်လုံးကျယ်ကျယ်ဖွင့်ကာ အခြေအနေကို မပြတ်စူးစမ်းနေသည်။ သူသည် မြေအောက်ထဲရှိ မှိန်ပြပြအလင်းရောင်ကို အားပြု၍ သားရဲနှစ်ကောင်ကို လေ့လာနေသည်။

“ဆရာတို့... ပင်ပန်းနေပြီဆိုရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်ကြတော့လေ”

ကျန်းရီသည် သူ့ဘာသာ တီးတိုးရေရွတ်နေ၏။ ယခုတွင် သူ အလွန်စိတ်လှုပ်ရှားနေသည်။ ထို့နောက်တွင် သူ စိတ်ဓာတ်ကျသွားသည်။ ဟွင့်သွမ့်သားရဲနှစ်ကောင်သည် မီးလုံးများ ဆက်မမှုတ်ထုတ်တော့ဘဲ တစ်ကောင်ဆီတစ်ကောင် ပြေးသွားကြသည်။ ကျန်းရီသည် ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေစာပင် ဖြစ်ရပေတော့မည်။

ဝုန်း...

ကျန်းရီ ဆက်၍ ရပ်မနေဝံ့တော့ပေ။ သူသည် ကောင်းကင်စွမ်းအားကို အသုံးပြု၍ မီးနဂါးဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဓားအလင်းကို အသုံးပြု၍ ရေခဲထဲမှ ခွဲထွက်လိုက်သည်။ သူသည် မည်သည့်သားရဲကိုမှ မတိုက်ခိုက်ဝံ့သဖြင့် ဘေးသို့သာ ရေကူးသွားသည်။ ထိုသားရဲနှစ်ကောင်က သူ့နောက်သို့ လိုက်လာမည်လော သို့မဟုတ် အချင်းချင်း အသေအကြေတိုက်ခိုက်ကြမည်လောကို ကျန်းရီ သိလိုနေသည်။

ကျန်းရီ လှုပ်ရှားလိုက်သောအခါ ဟွင့်သွမ့်သားရဲနှစ်ကောင်လည်း လှုပ်ရှားလိုက်ကြသည်။ ၎င်းတို့နှစ်ကောင်စလုံးက ကျန်းရီနောက်သို့ လိုက်လာသည်။ သို့သော် ၎င်းတို့သည် မီးတောက်များ မမှုတ်ထုတ်တော့ဘဲ ထက်ရှသောလက်သည်းများကို ဝှေ့ယမ်း၍ သူ့ကို စုတ်ဖြဲပစ်နိုင်ရန် ကြိုးစားနေကြသည်။

ဘုန်း...

ကျန်းရီက အတောင်ပံများပါသော ကျောက်စိမ်းဖြူခြင်္သေ့နှင့် ပိုနီးသည်။ ထို့ကြောင့် ၎င်းသားရဲက ကျန်းရီကို ပြင်းထန်စွာ ပုတ်နိုင်လိုက်သည်။ ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို ဆင့်ခေါ်၍ ကာလိုက်သော်လည်း ပုတ်အားကြောင့် ဒိုင်းက သူ့လက်ထဲမှ လွတ်ကျသွားသည်။ သူလည်း လဲကျသွားသည်။ ထိုအခိုက်တွင် သူသည် ဧရာမတောင်ကြီးတစ်လုံးနှင့် အဖိခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့အရိုးအားလုံး ကျိုးသွားသည်။ သူ့ပါးစပ်မှနေ၍လည်း သွေးများ စီးထွက်လာသည်။

‘ဒီခွန်အားက ကြောက်စရာပဲ’

ယခုတွင် ကျန်းရီ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပေပြီ။ သူ အသက်တစ်ချက် မရှူနိုင်သေးခင်မှာပင် ရေမြင်းပုံစံသားရဲကြီးက သူ့ထံသို့ အနက်ရောင်အလင်းတန်း တစ်တန်းအလား ကူးခတ်လာသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် လက်သည်းများကို မဝှေ့ယမ်းတော့ဘဲ ပါးစပ်ကြီးဟ၍ ကျန်းရီကို အရှင်လတ်လတ် ဝါးမျိုပစ်ရန် ကြိုးစားလိုက်သည်။

‘မီးတောက်တွေ...’

သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က ပုံမှန်ထက် အဆတစ်ထောင်ပိုလျင်မြန်စွာ အလုပ်လုပ်သည်။ သူသည် သူ့အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးလိုက်သည်။ ထို့နောက် ရုတ်ခြည်းပင် မီးဝိညာဉ်ပုလဲက အနီရောင်မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်ပြီး သူက မီးနဂါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူသည် ပေါင်းစည်းအတတ်ကို သုံး၍ မီးတောက်များကို ဆွဲယူကာ သူ့အ‌ရှေ့ရှိ ပါးစပ်ကြီးထဲသို့ ပစ်သွင်းလိုက်သည်။

ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲသည် အလွန်လျင်မြန်၏။ ၎င်း၏ ပါးစပ်ကြီးကလည်း ကျယ်လွန်းသည်။ ကျန်းရီက တိုက်ခိုက်လိုက်ချိန်တွင် သူတို့နှစ်ယောက်ကြား၌ ကိုးမီတာကျော်ကျော်လောက်သာ ခြားတော့သည်။ ထိုကဲ့သို့သော အကွာအဝေးတွင် ကျန်းရီသည် ရှောင်နိုင်တော့မည် မဟုတ်ပေ။ ထို့အတူ သားရဲကြီးကလည်း မရှောင်နိုင်ပေ။ ဓားခုတ်ချက်က အနီရောင်မီးတောက်များကို ဆွဲယူ၍ သားရဲကြီး၏ ဧရာမပါးစပ်ကြီးထဲသို့ ဝင်သွားလေသည်။

ဟိန်း...ဟိန်း...

အံ့အားသင့်ဖွယ်အကောင်းဆုံး ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။ မီးတောက်များက သားရဲကြီး၏ ပါးစပ်ထဲသို့ ဝင်သွားသောအခါ ပေါက်ကွဲသွားသည်။ ထို့ကြောင့် သားရဲကြီးသည် နာကျင်တကြီး ထွန့်ထွန့်လူးသွားသည်။ ကျန်းရီသည်လည်း သားရဲကြီး၏ အမြီးရိုက်ချက်ကို ခံလိုက်ရကာ လေထဲ မြောက်တက်သွားသည်။

“ဖူး...”

ကျန်းရီ သွေးအန်လိုက်၏။ ထို့နောက် သူသည် အတုမဲ့နာကျင်မှုကို ခံစားနေရသော ဟွင့်သွမ့်သားရဲကြီးကို ကြည့်၍ အံ့အားသင့်သွားပြီး သူ့နာကျင်မှုကိုပင် ယာယီမေ့လျော့သွားသည်။

ထိုဟွင့်သွမ့်သားရဲနှစ်ကောင်က အဆင့်အတူတူပင်။ သဘောတရားအရဆိုလျှင် ၎င်းတို့၏မီးတောက်များက တစ်ကောင်အပေါ်တစ်ကောင် ထိုမျှ သက်ရောက်မှု မရှိသင့်ပေ။ သို့သော် ၎င်းတို့၏ မီးတောက်များက ဆန့်ကျင်ဘက်ဖြစ်နေ၍ ထိုမျှသက်ရောက်နိုင်ခြင်း ဖြစ်နိုင်သည်။ မီးတောက်တစ်မျိုးက အလွန်ပူပြီး ကျန်တစ်မျိုးက အလွန်အေးသည်။ ထိုဟွင့်သွမ့်သားရဲနှစ်ကောင်သည် လုံးဝဆန့်ကျင့်ဘက်ပင်။ ထို့ကြောင့် ၎င်းတို့၏ မီးတောက်များက တစ်ကောင်ကိုတစ်ကောင် များစွာထိခိုက်စေခြင်း ဖြစ်နိုင်ပေသည်။

“ကောင်းပြီ...”

ကျန်းရီသည် နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်၏။ သူ့မျက်ဝန်းများက ကြယ်နှစ်စင်းကဲ့သို့ တလက်လက်တောက်ပနေသည်။ ယခုတွင် သူ၏ မီးဝိညာဉ်ပုလဲထဲ၌ မီးတောက်အမျိုးအစား နှစ်မျိုးစလုံး ပမာဏများစွာ ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ သူ ထိုသားရဲနှစ်ကောင်ကို ကြောက်ရန် မလိုတော့ပေ။ သူသည် သားရဲနှစ်ကောင်ကို သတ်ဖြတ်အရှိန်အဝါဖြင့် ကြည့်လိုက်သည်။

ဟွင့်သွမ့်သားရဲများက အလွန်သန်မာကာ အလွန်ကြီးမားကြရာ အတော်လေး တန်ကြေးကြီးလောက်သည်။ အကယ်၍ ကျန်းရီက ထိုသားရဲနှစ်ကောင်ကို သတ်နိုင်လိုက်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ပြန်ယူသွားနိုင်လျှင် ၎င်းတို့ကို နတ်ဘုရားအမြစ်များစွာနှင့် လဲလှယ်နိုင်လောက်ပေသည်။

ဝှစ်...

ကျောက်စိမ်းဖြူခြင်္သေ့က ကျန်းရီထံသို့ ပျံလာသည်။ ဤတစ်ကြိမ်တွင် ကျန်းရီ ထွက်မပြေးတော့ပေ။ ထိုအစား သူသည် ထောင်ဧကရာဇ်ဒိုင်းကို ဆင့်ခေါ်၍ သူ့အရှေ့တွင် ကာလိုက်သည်။ သူကတော့ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ မီးဝိညာဉ်ပုလဲထဲမှ အပြာရင့်ရောင် မီးတောက်များကို အသင့်ပြင်ကာ သူနှင့် သားရဲကြားမှ အကွာအဝေးကို စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

မီတာသုံးရာ၊ မီတာတစ်ရာ့ငါးဆယ်... မီတာသုံးဆယ်...

ထောင်ဧကရာဇ်ဒိုင်းက အရှေ့သို့ ပျံထွက်သွားပြီး ကျန်းရီက မီးနဂါးဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။ မီးဝိညာဉ်ပုလဲထဲမှနေ၍လည်း အပြာရင့်‌ရောင် မီးတောက်များ ထွက်သွားသည်။ ဓားခုတ်ချက်က အပြာရင့်ရောင်မီးတောက်များကို ဆွဲခေါ်ကာ ကျောက်စိမ်းဖြူခြင်္သေ့ဆီသို့ ဦးတည်သွားလိုက်လေတော့သည်။

All Chapters