ဟွင့်သွမ့်သားရဲများကို ဖျက်ဆီးခြင်း
Vol. 94 Ch. 1300
မျှော်လင့်ထားသကဲ့သို့ပင်။
ကျောက်စိမ်းဖြူခြင်္သေ့၏ မျက်ဝန်းများထဲတွင် ရုတ်ခြည်း အကြောက်တရားနှင့် ပြည့်နှက်သွားသည်။ ၎င်းသည် ကျန်းရီကို ဆက်၍ မတိုက်ခိုက်ဝံ့တော့ဘဲ ဘေးဘက်သို့ လျင်မြန်စွာ ရှောင်ထွက်လိုက်သည်။ သို့သော် ၎င်းနှင့် ကျန်းရီကြားတွင် မီတာသုံးဆယ်သာ ခြားပေသည်။ ဟွမ့်သွမ့်သားရဲ၏ ခန္ဓာကိုယ်သည်ပင် ဆယ်မီတာ ရှည်၏။ သို့ဖြစ်ရာ ၎င်းသည် ကျန်းရီ၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်နိုင်ပါမည်နည်း။
ဝုန်း...
အပြာရင့်ရောင် မီးတောက်များက ကျောက်စိမ်းဖြူခြင်္သေ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ၎င်း၏ခန္ဓာကိုယ်သည် ရုတ်ခြည်း အေးခဲသွားပြီး ရေထဲသို့ ပြုတ်ကျသွားသည်။ ၎င်းက မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင်။ သားရဲသည် ရေထဲတွင် ထွန့်ထွန့်လူးနေသည်။ မီးတောက်ထိမှန်ခံရသော နေရာတွင် အပေါက်လေးတစ်ပေါက်လည်း ဖြစ်နေသည်။ အပြာရင့်ရောင်မီးတောက်များက သားရဲ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပုံပင်။
“ကောင်းတယ်.. သေလိုက်တော့...”
ကျန်းရီ အော်ပြောလိုက်သည်။ သူသည် အပြာရင့်ရောင် မီးတောက်များကို အလုံးများအဖြစ် စုစည်း၍ သားရဲဆီ ထပ်မံပစ်လိုက်ရန် ဟန်ပြင်နေသည်။ ၎င်းလဲကျနေစဉ်တွင် ၎င်းကို သေသွားအောင် လုပ်ရပေမည်။
ရွှစ်...ရွှစ်...
အပြာရင့်ရောင်မီးလုံး လေး၊ငါးလုံးသည် သားရဲဆီသို့ ပျံဝင်သွားသည်။ ကျန်းရီ၏ ချိန်ရွယ်မှုက တိကျသည်။ မီးလုံးအားလုံးသည် ကျောက်စိမ်းဖြူခြင်္သေ့၏ ကိုယ်ပေါ်ရှိ အပေါက်လေးကို ထိမှန်သွားကြသည်။ သားရဲသည် နာကျင်တကြီး အော်ဟစ်လိုက်ပြီး ပို၍ပင် ထွန့်ထွန့်လူးသွားသည်။ ၎င်း၏ လှုပ်ရှားမှုကြောင့် မိုးမြေပင် တုန်ခါသွားသည်။ ရေများကလည်း နေရာအနှံ့သို့ ဖြာထွက်နေသည်။ ကျန်းရီ၏နားကလည်း ကျယ်လောင်သော အသံကြီးများကြောင့် သွေးထွက်တော့မလို ဖြစ်နေသည်။
“ကောင်းပြီ...”
ကျန်းရီသည် အော်ပြောလိုက်ပြီး ကျန်နေသေးသော အပြာရင့်ရောင်မီးလုံး ဆယ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် အရှေ့သို့ ပြေးသွားကာ ကျောက်စိမ်းဖြူခြင်္သေ့၏ ကိုယ်ပေါ်ရှိ ဒဏ်ရာကြီးထံသို့ မီးလုံးဆယ်လုံးစလုံးကို ပစ်လွှတ်လိုက်သည်။
ဟိန်း...
ဤတစ်ကြိမ်တွင် ကျောက်စိမ်းဖြူခြင်္သေ့က အသံနက်ကြီးဖြင့် ဟိန်းလိုက်သည်။ ၎င်း၏ လှုပ်ရှားမှုများက အားနည်းလာပြီဖြစ်ကြောင်း ကျန်းရီ ပြောနိုင်ပေသည်။ ၎င်း၏ အရှိန်အဝါကလည်း အားနည်းလာသည်။ ၎င်း တစ်ကိုယ်လုံးက တုန်ယင်နေပေပြီ။ ပါးစပ်မှနေ၍လည်း သွေးများ အဆက်မပြတ် စီးကျနေသည်။ မျက်ဝန်းများကလည်း အသက်ကင်းမဲ့လုနီးနီး ဖြစ်နေပြီဖြစ်သည်။
“နတ်ဘုရားဇီဝိန်ခြွေ”
ကျန်းရီသည် သတိအလွတ်မခံဝံ့သေးပေ။ သူသည် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်၍ မီးနဂါးသုံးကောင်ကို ကျောက်စိမ်းဖြူခြင်္သေ့ကြီးထံ ပို့လွှတ်လိုက်သည်။ သားရဲက ပြင်းထန်စွာ တုန်ယင်သွားပြီး သွေးများနှင့် ကိုယ်တွင်းအင်္ဂါများက ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲထွက်သွားသည်။ ယခုတွင် ၎င်းက လုံးဝသေဆုံးသွားပြီဖြစ်သည်။ ၎င်း၏ အသက်ပျောက်နေသော ကိုယ်ကြီးက ကန်ရေပြင်ပေါ်တွင် မျောနေသည်။ ကန်ရေပြင်ကလည်း နီရဲနေပြီဖြစ်သည်။ သွေးညှီနံ့များကလည်း တထောင်းထောင်းထနေပေသည်။
“ဟူး...”
ကျန်းရီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ့မျက်နှာပေါ်မှ ဇောချွေးများကို သုတ်လိုက်သည်။ ကန်တစ်ဘက်ခြမ်းက တိတ်ဆိတ်နေသည်။ ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲက ထွက်ပြေးသွားလောက်ပေပြီ။ ယခုလောက်ဆို ၎င်းက ကန်အောက်ခြေသို့ ရောက်နေလောက်ပြီဟု ကျန်းရီ ခန့်မှန်းလိုက်သည်။
“ဟွန်း...”
ကျန်းရီသည် သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့ပြီဖြစ်ရာ အဘယ်ကြောင့် အခြားတစ်ကောင်ကို လွှတ်ပေးရမည်နည်း။ သူ၏ မီးဝိညာဉ်ပုလဲထဲတွင် အနီရောင်မီးတောက်များ ရှိပေသေးသည်။ ထို့ကြောင့် ထိုရေမြင်းပုံစံ ဟွင့်သွမ့်သားရဲကို သတ်ရန် နည်းလမ်းရှာနိုင်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူသည် ကျောက်စိမ်းဖြူခြင်္သေ့၏ အလောင်းကို သူ့ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းလိုက်ပြီး ကန်အောက်ခြေသို့ ငုပ်ကူးသွားလိုက်သည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကန်ထဲမှ လှုပ်ရှားမှုများကို အာရုံခံရန် ကြိုးစားလိုက်သည်။ ကန်အောက်ခြေသို့ မရောက်ခင်မှာပင် သူသည် မျက်လုံးများဖွင့်၍ ဘယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
‘အဲ့မှာပဲ.. သွားမယ်...’
ကျန်းရီသည် မြန်နိုင်သမျှ အမြန်ဆုံး ကူးခတ်သွား၏။ ရေကန်ထဲတွင် အခြားသက်ရှိများစွာ ရှိသည်။ သို့သော် ၎င်းတို့က ဟွင့်သွမ့်သားရဲများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းတို့တွင် တိုက်ခိုက်စွမ်းအား မရှိချေ။ ကျန်းရီသည် ဟွင့်သွမ့်သားရဲနောက်သို့ ဆယ်မိနစ်ကြာ ကူးလိုက်ပြီးနောက် ဧရာမဂူကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုဂူထဲမှနေ၍ ရေမြှုပ်များ ထွက်နေပေသည်။
ဝှစ်...
ကျန်းရီ၏ မီးနဂါးဓားက ထပ်မံ လင်းလက်လာသည်။ ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်၍ ဂူဝကို အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေလိုက်သည်။ ထိုအခါ ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲသည် ဂူဝမှ အပျက်အစီးများကို တိုးထွက်လာသည်။
ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲသည် ပါးစပ်ကြီးဟ၍ ကျန်းရီထံ အပြာရင့်ရောင်မီးတောက်လုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။ သို့သော် ထိုမီးတောက်များက ကျန်းရီကို မထိခိုက်စေနိုင်ပေ။ မီးတောက်အားလုံးကို မီးဝိညာဉ်ပုလဲက စုပ်ယူသွားသည်။ ကျန်းရီသည် နေရာမှာပင် ရပ်၍ ဟွင့်သွမ့်သားရဲကို တိုက်ခိုက်ခွင့်ပေးနေသည်။ အစောတွင် သူ ကျောက်စိမ်းဖြူခြင်္သေ့နှင့် တိုက်ခိုက်ခဲ့စဉ်က အပြာရောင်မီးတောက်များအားလုံးကို သုံးလိုက်ရသည်။ ထို့ကြောင့် နောင်တိုက်ပွဲများတွင် အပြာရောင်မီးတောက်များကို သုံးနိုင်ရန် မီးတောက်ပြန်ဖြည့်ရမည်ဖြစ်သည်။
တစ်လုံး၊ နှစ်လုံး... ဆယ်လုံး...
ရေမြင်းကြီးသည် အပြာရောင်မီးတောက်လုံး စုစုပေါင်း ဆယ်လုံး မှုတ်ထုတ်လိုက်သည်။ ထို့နောက် ၎င်း၏ စွမ်းအင်က ကုန်လာပုံပေါ်သည်။ ၎င်းသည် မီးတောက်များကို ဆက်မမှုတ်တော့ဘြ ကျန်းရီထံ ကူးခတ်လာသည်။ ၎င်း၏ လက်သည်းများက ကျန်းရီကို ချိန်ရွယ်ထားပေသည်။
‘လာပြီပေါ့...’
ကျန်းရီသည် မရှောင်လိုက်ဘဲ ထောင်ဧကရာဇ်ဒိုင်းကို ဆင့်ခေါ်ကာ အနီရောင်မီးတောက်လုံးများကို ပစ်လွှတ်လိုက်သည်။ သို့သော် အနီရောင်မီးတောက်လုံးများ ထွက်လာသည့်အခိုက်တွင် သူ့ပတ်ပတ်လည်မှ ကန်ရေက စတင်အငွေ့ပျံလာသည်။ ရေခိုးရေငွေ့များက အထက်သို့ ပျံတက်ကာ ငွေ့ရည်ဖွဲ့နေကြသည်။
‘သွား...’
ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို ဘေးသို့ဖယ်၍ အနီရောင်မီးလုံးများကို ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲထံသို့ ပစ်လွှတ်လိုက်သည်။ လမ်းကြောင်းတစ်လျှောက်မှ ရေများက ချက်ချင်း အငွေ့ပျံသွားသည်။ ထို့ကြောင့် သားရဲနှင့် ကျန်းရီကြားတွင် ဟင်းလင်းပြင်သာ ရှိတော့လေသည်။
ဟိန်း...
ယခုတွင် ဟွင့်သွမ့်သားရဲကြီးက ကြောက်ရွံ့နေပေပြီ။ ၎င်းသည် နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ၎င်းက ကျန်းရီနှင့် အလွန်နီးကပ်လွန်းနေပေသည်။ အနီရောင်မီးလုံး ဆယ်လုံးက ၎င်း၏ ခြေထောက်နောက်ပိုင်းကို ထိမှန်သွားပြီး အနက်ရောင်ခြေထောက်ကြီးကို လုံးဝလောင်ကျွမ်းသွားစေလေသည်။ ၎င်းသည် နာကျင်မှုကြောင့် ထွန့်ထွန့်လူးသွားပြီး ခေါင်းပြန်လှည့်၍ ကျန်းရီထံ အပြာရောင်မီးတောက်လုံးများ မရေမတွက်နိုင်အောင် မှုတ်ထုတ်လိုက်သည်။
ကျန်းရီသည် အပြာရောင်မီးတောက်လုံးများက အလကားဖြစ်သွားမည်ကို စိုးရိမ်၍ အနီရောင်မီးတောက်လုံးများ ပစ်လွှတ်နေခြင်းကို ရပ်တန့်လိုက်သည်။ မီးဝိညာဉ်ပုလဲက အပြာရောင်မီးတောက်အားလုံးကို စုပ်ယူပြီးသည်အထိ စောင့်ပြီးမှ သူ အနီရောင်မီးတောက်များကို ထပ်မံ ပစ်လွှတ်လိုက်သည်။ သူသည် ဟွင့်သွမ့်သားရဲကြီး၏ နောက်ခြေထောက်ကို ချိန်လိုက်သည်။ ယခုတွင် သားရဲကြီးသည် ထွက်မပြေးနိုင်တော့ပေ။
နောက်ပိုင်းကိစ္စများက ရိုးရှင်းသည်။ ကျန်းရီသည် ဟွင့်သွမ့်သားရဲကြီးကို ချက်ချင်း မသတ်ပစ်ဘဲ အပြာရောင်မီးတောက်လုံးများ ထပ်မှုတ်ထုတ်အောင် ဖိအားပေးလိုက်သည်။ ထိုမှ မီးဝိညာဉ်ပုလဲထဲတွင် အပြာရောင်မီးတောက်များ ပြန်ပြည့်လာမည်ဖြစ်သည်။ ထိုမီးတောက်များက အစွမ်းထက်ပေသည်။ ၎င်းတို့က မည်မျှစွမ်းအားကြီးကြောင်းကို သူ မသိသော်လည်း သာမန်နတ်ဘုရားများက ၎င်းမီးတောက်များကို မခံနိုင်လောက်ဟု သူ ခန့်မှန်းသည်။ အကယ်၍ သူသာ အချိန်ကိုက် တိုက်ခိုက်နိုင်လျှင် နတ်ဘုရားစစ်သူကြီးများပင် ထိုမီးတောက်များကြောင့် နောက်ဆုတ်ရလောက်သည်။ သို့ဖြစ်ရာ ထိုမီးတောက်များကို များနိုင်သမျှများများ စုဆောင်းထားရပေမည်။
ကျန်းရီသည် အနီရောင်မီးတောက်များကိုလည်း ဆက်မဖြုန်းလိုတော့ပေ။ ထို့ကြောင့် ဟွင့်သွမ့်သားရဲကြီးကို ဖြည်းဖြည်းချင်း သတ်ရန် နတ်ဘုရားဇီဝိန်ခြွေကိုသာ သုံးနေသည်။ သားရဲကြီး၏ အရိုးများနှင့် ခြေထောက်များက လောင်ကျွမ်းပြီးသွားပြီဖြစ်သည်။ ၎င်းသည် ထွက်ပြေးရန် အကြိမ်များစွာ ကြိုးစားခဲ့၏။ သို့သော် ၎င်း၏ အမြန်နှုန်းက ကျန်းရီ၏ အမြန်နှုန်းကို မယှဉ်နိုင်တော့ပေ။ ထို့ကြောင့် ၎င်းသည် ဒေါသတကြီးဖြင့်သာ ကျန်းရီထံ မီးတောက်လုံးများ မှုတ်ထုတ်နေရသည်။
ကျန်းရီက ထိုမီးတောက်လုံးများကို လုံးဝမကြောက်ပေ။ သားရဲကြီးက သူ့အနားကပ်လာတိုင်း သူသည် အနီရောင်မီးတောက်အချို့ကို ထုတ်လွှတ်လိုက်၏။ ထိုအခါ သားရဲက ကြောက်ရွံ့တကြီး ပြန်ဆုတ်သွားရသည်။ သို့ဖြင့် နှစ်နာရီကြာပြီးနောက်တွင် သားရဲကြီး ဇီဝိန်ချုပ်သွားလေတော့သည်။ ယခုတွင် မီးဝိညာဉ်ပုလဲထဲ၌ အပြာရင့်ရောင်မီးတောက်လုံး တစ်ရာကျော် ရှိနေပေပြီ။ အနီရောင်မီးတောက်လုံးများကမူ ခြောက်ဆယ်လောက်သာ ကျန်တော့ပေသည်။
ဟူး...ဟူး...
ကျန်းရီသည် ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲကို သတ်ပြီးမှ စိတ်အေးသွားသည်။ တောင့်တင်းနေခဲ့သော သူ့ကြွက်သားများကလည်း ပြေလျော့သွားသည်။ သူသည် ကန်အောက်ခြေတွင် ထိုင်ကာ နတ်ဘုရားဒိုင်း ထုတ်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ငါးမိနစ်ကြာ အနားယူပြီးနောက် သူ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
‘ဟုတ်သား...’
ကျန်းရီသည် ဟွင့်သွမ့်သားရဲ နေထိုင်ခဲ့သော ဂူဆီသို့ လှမ်းကြည့်လိုက်သည်။ ဤမြေအောက်ရေကန်က ၎င်းသားရဲ၏ ပိုင်နက်ဖြစ်နိုင်သည်။ သို့ဖြစ်ရာ ၎င်း၏ဂူထဲတွင် ရတနာများ သို့မဟုတ် ဝိညာဉ်ဆေးပင်များ ရှိနိုင်သလော။
ကျန်းရီသည် ပျက်စီးနေပြီဖြစ်သော ဂူဆီသို့ သွား၍ မှောင်မည်းနေသော ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သူ၏အမြင်အာရုံက အတော်လေး ကောင်းပေသည်။ သူသာ ကြိုးစားမည်ဆိုလျှင် အတော်ရှင်ရှင်းလင်းလင်း မြင်နိုင်သည်။ သူသည် ပေါက်ကွဲထားသော ဂူဝမှ အပျက်အစီးများကို ဖယ်ရှားကာ ဂူအတွင်းပိုင်းထဲသို့ ဝင်သွားလိုက်သည်။ ဂူကအလွန်ရှည်ပုံပေါ်သည်။ သူ မီတာသုံးရာ လျှောက်ပြီး နောက်တွင်ပင် အဆုံးကို မရောက်သေးပေ။
‘ဒီမှာ ဘာမှ မရှိဘူးလား’
ကျန်းရီသည် ဂူထဲကို အတော်ကြာ ရှာပြီးနောက် ဂူထောင့်တစ်နေရာရှိ စစ်ချပ်ဝတ် အပျက်အစီးအချို့ကို တွေ့လိုက်ရသည်။ ရေမြင်းပုံစံ ဟွင့်သွမ့်သားရဲက သိုင်းသမားတစ်ယောက်ကို ဝါးမျိုခဲ့ခြင်းဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။ ဤချပ်ဝတ်အပိုင်းအစများက ထိုသိုင်းသမားထံမှ ဖြစ်လောက်သည်။
‘အန်... ဒီမှာ လက်စွပ်တစ်ကွင်း’
ချပ်ဝတ်အပိုင်းအစများကြားတွက် အနက်ရောင်လက်စွပ်တစ်ကွင်း ရှိနေသည်။ ကျန်းရီသည် စိတ်လှုပ်တရှားဖြင့် လက်စွပ်ကို ကောက်ယူလိုက်ပြီး လက်စွပ်ထဲသို့ ကောင်းကင်စွမ်းအားထည့်လိုက်သည်။ ရုတ်ခြည်းပင် သူသည် ဝိညာဉ်တစ်ခုနှင့် ချိတ်ဆက်နိုင်လိုက်ပြီး လက်စွပ်ကို အလွယ်တကူ သန့်စင်နိုင်လိုက်သည်။
‘အို့... ဒီလက်စွပ်ထဲက အကျယ်အဝန်းက ငါ့ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲက အကျယ်အဝန်းထက် အနည်းဆုံး အဆရာချီ ပိုကျယ်တာပဲ။ ဒါက အထက်ဘုံရဲ့ ပစ္စည်းသိုလှောင်လက်စွပ်ဖြစ်ရမယ်’
ကျန်းရီသည် လက်စွပ်ထဲကို ဆက်ကြည့်ပြီးနောက် အထဲမှနေရာက အနည်းဆုံး ကီလိုမီတာသုံးဆယ် ကျယ်ဝန်းကြောင်း သိလိုက်ရသည်။ ထို့ပြင် လက်စွပ်ထဲတွင် ပစ္စည်းအမျိုးမျိုး ရှိနေသည်။ ထိုပစ္စည်းများထဲမှ ရွှေရောင်တောက်ပနေသည့် ကျောက်တုံးလေးများက ကျန်းရီ၏အာရုံကို ဖမ်းစားထားသည်။
‘အဲ့ဒါက ဘာလဲ’
ကျန်းရီသည် လက်စွပ်ထဲမှနေ၍ ထိုကျောက်တုံးလေး ခုနစ်တုံး၊ ရှစ်တုံးလောက်ကို ထုတ်ယူလိုက်သည်။ ထိုအခါ မှောင်မည်းနေသော ဂူကြီးက ရုတ်ခြည်း လင်းလက်သွားသည်။ ကျန်းရီသည် ထိုရွှေရောင်ကျောက်တုံးလေးများမှ ထုတ်လွှတ်နေသော သန့်စင်သည့်စွမ်းအင်ကို ခံစားနေရသည်။ ထိုစွမ်းအင်က အကန့်အသတ်မဲ့လုနီးပါးပင်။
ကျန်းရီသည် ထိုကျောက်တုံးလေးများက မည်သည့်အရာဖြစ်ကြောင်း အတိအကျမသိသဖြင့် စိတ်ရှိတိုင်း မသန့်စင် ဝံ့သေးပေ။ ထို့ကြောင့် ၎င်းတို့ကို ခေတ္တမျှ ကြည့်ရှုပြီးနောက် လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက်တွင် သူသည် လက်စွပ်ထဲရှိ ဧရာမပုဆိန်တစ်လက်ကို အာရုံစိုက်လိုက်သည်။
ရွှီး...
ကျန်းရီ၏လက်ထဲတွင် ဧရာမပုဆိန်ကြီး ထွက်ပေါ်လာသည်။ ပုဆိန်ပေါ်၌ ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရှိနေသည်။ သင်္ကေတပုံသဏ္ဌာန်များကလည်း ရွေ့လျားနေသည်။ ၎င်းက နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သို့သော် ကျန်းရီထံတွင် မီးနဂါးဓား ရှိနေပြီးပေပြီ။ ထို့ကြောင့် ထိုလက်နက်က သူ့အတွက် အသုံးမဝင်ချေ။
‘သွားမယ်...’
ကျန်းရီသည် လက်စွပ်ထဲမှ တခြားအရာများကို ကြည့်ပြီးနောက် မည်သည့်ထူးခြားသောအရာကိုမှ ထပ်မတွေ့ရတော့သဖြင့် ဂူထဲမှ ပြန်ထွက်ကာ ရေပြင်ထက်သို့ ကူးခတ်သွားလိုက်သည်။ တစ်နာရီကြာ ကူးခတ်ပြီးနောက်တွင် ကန်၏ အခြားတစ်ဘက်သို့ ရောက်သွားသည်။ ထို့နောက် သူသည် မီးနဂါးဓားကို အသုံးပြု၍ မြေကြီးကို ထိုးခွဲကာ မြေပြင်ထက်သို့ တက်သွားလိုက်သည်။
ဝုန်း...
နောက်ထပ်တစ်နာရီ ကြာပြီးနောက် ကျန်းရီသည် မြေအောက်ထဲမှ ထွက်နိုင်လိုက်သည်။ မြေပြင်ပေါ်သို့ ရောက်သည်နှင့် သူ လတ်ဆတ်သောလေကို အားပါးတရ ရှူရှိုက်လိုက်သည်။ သူ ပျော်ရွှင်ဝမ်းမြောက်နေသည်။ သေဘေးမှ လွတ်လာပြီးတိုင်း ဘဝက ပိုပျော်ရွှင်ဖွယ်ကောင်းလာသည်ဟု ခံစားရပေသည်။
***