ခင်ဗျားရဲ့ခေါင်းကို ငှားခွင့်ပေး
Vol. 94 Ch. 1301
‘အာ... ငါက တောင်ကြားထဲမှာ မဟုတ်တော့ဘူးလား။ လွင်ပြင်တစ်ခုကို ရောက်နေပြီလား’
ကျန်းရီသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး အံ့အားသင့်သွားသည်။ ယခုတွင် သူ လုံးဝလမ်းပျောက်နေပေပြီ။ ထို့ပြင် အချိန်များစွာလည်း ကုန်ခဲ့ပြီဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအုပ်စုက ပြန်သွားပြီလော၊ ပြန်မသွားသေးသည်လောကို မည်သူက သိမည်နည်း။ သူသည် မည်သည့်ဘက်သို့ ဦးတည်သွားရမည်ကိုပင် မသိတော့ပေ။ ထို့ကြောင့် ဦးတည်ရာတစ်ခုကို ကျပန်းရွေး၍သာ စတင် ပြေးသွားလိုက်သည်။
နှစ်နာရီကြာပြီးနောက် ကျန်းရီသည် သူ့ပတ်ပတ်လည်တွင် မည်သည့်အဆောက်အဦမှ မရှိကြောင်း သိလိုက်ရသည်။ ပတ်ဝန်းကျင်တွင် လူသားအရိပ်အယောင်ရော သားရဲရိုင်းများ၏ အရိပ်အယောင်ပါ မရှိချေ။ သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် မြောက်ဘက်သို့ ဦးတည်ကာ ထပ်မံ ပြေးသွားလိုက်သည်။
‘ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်’
နောက်ထပ်တစ်နာရီ ကြာပြီးနောက် ကျန်းရီသည် သူ့အရှေ့မြေပြင်က အတန်ငယ် တုန်ခါနေကြောင်း ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် ဘေးမှ ချုံပုတ်တစ်ခုထဲသို့ ပစ်ဝင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ မြေပြင်တုန်ခါမှုကို အာရုံစိုက်ထားလိုက်သည်။
‘လူခုနစ်ယောက်... သူတို့အကုန်လုံးက နတ်ဘုရားအဆင့်တွေပဲ။ လေထဲမှတော့ ဘာလှုပ်ခတ်မှုမှ မရှိဘူး။ နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားတွေဆိုရင် ပျံသန်းနိုင်မှာပဲ’
ကျန်းရီသည် ထိုလူများ၏ အဆင့်ကို အလွယ်တကူ ခန့်မှန်းနိုင်လိုက်ပြီး ချုံပုတ်ထဲမှာပင် တိတ်တဆိတ်ပုန်းအောင်းကာ ထိုလူများ ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
အဝေးမှနေ၍ လူခုနစ်ယောက် လျင်မြန်စွာ ရောက်ရှိလာသည်။ သူတို့အားလုံးက အပြာရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး အနက်ရောင် သစ်သားလှံတစ်ချောင်းစီ ကိုင်ထားကြသည်။ သူတို့သည် စိုးရိမ်တကြီးဖြင့် ထွက်ပြေးလာကြပုံပင်။ ကျန်းရီသည် ထိုလူများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူတို့အားလုံးက ကျီယန်မျိုးနွယ်စုမှလူများ ဖြစ်ပေသည်။
‘သတ်ရမယ်...’
ကျန်းရီသည် အကဲဖြတ်မှုကို အောင်မြင်ရန် လူတစ်ယောက် ထပ်သတ်ဖို့ လိုသေးပေသည်။ သူသည် လူတစ်ယောက်သာ ထပ်သတ်ရမည်ဆိုသော်ငြား ကျန်လူများကိုလည်း မသက်ညှာနိုင်ချေ။ တမလွန်ဘုံ၏ ထိန်းချုပ်မှုအောက်မှ လူများကို လူဟု မသတ်မှတ်နိုင်ပေ။ စွမ်းအားသာရှိမည်ဆိုလျှင် သူသည် တမလွန်ဘုံဘက်မှ လူတိုင်းကို သတ်ပစ်လိုသည်။ တမလွန်ဘုံသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ သန်းထောင်ချီသော သက်ရှိများကို ကြိုက်သည့်အချိန် သတ်ပစ်နိုင်သည့် မွေးမြူရေးသတ္တဝါများအဖြစ်သာ သဘောထားခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကိုလည်း သားသတ်ရုံအဖြစ် သဘောထားခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံက ကျန်းရီ၏ရန်သူ ဖြစ်ပေသည်။
“ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်”
ပြေးလာသော လူခုနစ်ယောက်သည် ကျန်းရီနှင့် သုံးကီလိုမီတာ အကွာသို့ ရောက်သောအခါ ကျန်းရီကို လှမ်းတွေ့လိုက်ကြသည်။ ရုတ်ခြည်း သူတို့ အော်ပြောလိုက်ကြသည်။ ကျန်းရီသည် ချုံပုတ်ထဲမှ ထွက်လိုက်ပြီး လူခုနစ်ယောက်ထံ ပြေးမသွားဘဲ အခြားတစ်ဘက်သို့ ထိတ်လန့်စွာ ထွက်ပြေးသွားသည်။
ထိုနတ်ဘုရားအဆင့် သိုင်းသမားခုနစ်ယောက်သည် ကျန်းရီအတွက် မမှုလောက်သော်လည်း ခြင်္သေ့သည် သားကောင်ကို ကြီးသည်ငယ်သည် မခွဲဘဲ အပြည့်အဝ အားစိုက်ထုတ်သကဲ့သို့ ကျန်းရီသည်လည်း သတိရှိရှိဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိတ်လန့်တကြီး ထွက်ပြေးသည့်ပုံစံ ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ ထိုမှ ထိုလူများက သတိလျော့သွားကြမည်ဖြစ်သည်။
“ငါတို့အကြောင်း မပေါက်ကြားစေနဲ့... သူ့ကို လိုက်သတ်ကြ”
လူတစ်ယောက် ရုတ်တရက် အော်ပြောလိုက်သည်။ ထို့နောက် လူခုနစ်ယောက်စလုံးသည် ကျန်းရီနောက်သို့ ချက်ချင်း ပြေးလိုက်သွားသည်။ ကျန်းရီက သူ့အမြန်နှုန်းကို လျှော့ထားသဖြင့် မကြာခင်မှာပင် လူခုနစ်ယောက်က သူ့ကို မီလာလေသည်။
“ကောင်စုတ်လေး... ဘုန်းတော်ကြီးမြတ်တဲ့ တမလွန်ဘုံဧကရာဇ်ဆီမှာ လက်အောက်ခံလိုက်တော့”
မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုတစ်ယောက်က ပြုံးကာ အော်ပြောလိုက်ပြီး အနက်ရောင်အလင်းတန်း တစ်တန်းကို ဆင့်ခေါ်လိုက်သည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကိုပင် ဆင့်ခေါ်မထားပေ။ ထို့ကြောင့် အနက်ရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်သွားသည်။ ထို့နောက်တွင် ဖုတ်ကောင်အရှိန်အဝါတစ်ခုက သူ့စိတ်ဝိညာဉ်ဆီသို့ ဦးတည်ရွေ့လျားသွားလေသည်။
ဝုန်း...
ကျန်းရီသည် ပြေးနေရင်းဖြင့် မြေပြင်ပေါ် ရုတ်တရက် လဲကျသွားသည်။ သူသည် ဖုတ်ကောင်အရှိန်အဝါကို ဖယ်ရှားရန် တံဆိပ်စာလုံးကို မသုံးခဲ့ပေ။ ထို့ကြောင့် သူ့တစ်ကိုယ်လုံးက အနက်ရောင်အခိုးအငွေ့၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ သူသည် ဖုတ်ကောင်အရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရပုံပင်။
“ဟွန်း...”
ကျန်လူများသည် ကျန်းရီထံ တိုက်ခိုက်မှုများ မပစ်လွှတ်ကြတော့ပေ။ ထိုအစား သူ့ကို ဝန်းရံကာ ဖုတ်ကောင်အရှိန်အဝါက သူ့အား အပြည့်အဝ ထိန်းချုပ်ပြီးသွားမည်ကို စောင့်နေလိုက်ကြသည်။ သူတို့သည် စတင်၍ သတိလျော့လာပေပြီ။ ကျန်းရီက သူတို့အားလုံးကို ယှဉ်နိုင်ဖို့အတွက် အလွန်အားနည်းနေပုံ ပေါက်နေသည် မဟုတ်ပါလား။
ရွှီး...
ရုတ်တရက် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံး ပေါ်ထွက်လာပြီး ဖုတ်ကောင်အရှိန်အဝါကို သန့်စင်ပစ်လိုက်သည်။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ မီးဝိညာဉ်ပုလဲမှနေ၍လည်း အပြာရောင်မီးတောက်များ ထွက်လာသည်။ မီးတောက်များ ထွက်လာသည့်အခိုက်တွင် သူ့ကို ဝန်းရံထားသော လူခြောက်ယောက်နှင့် သူနှင့် မလှမ်းမကမ်းရှိ အဘိုးအိုတို့ မျက်လုံးပြူးသွားကြပြီး ထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။
ဝှစ်...
ကျန်းရီသည် မီးနဂါးဓားကို ယမ်းလိုက်၏။ ဓားချက်က အပြာရောင်မီးတောက်လုံး ခုနစ်လုံး၊ ရှစ်လုံးကို ဆွဲယူ၍ လူခြောက်ယောက်ထံ ဦးတည်သွားလိုက်သည်။ မီးတောက်များက သူတို့အနား မရောက်ခင်မှာပင် သူတို့၏ခန္ဓာကိုယ်များက အေးခဲသွားသည်။ မီးတောက်များက သူတို့ကို ထိမှန်သွားသောအခါ သူတို့သည် ကြောက်မက်ဖွယ်နှုန်းဖြင့် လောင်ကျွမ်းသွားသည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် သူတို့၏ နောက်ကျောပြင်များက မီးကျွမ်းသွားပြီး ပေါက်သွားလေသည်။
“အရှင်... ကျုပ်ကို ချမ်းသာပေးပါ”
အဘိုးအိုသည် ထွက်ပြေးလိုသော်လည်း သူ့အဖော်ခြောက်ယောက်၏ ကံကြမ္မာကို တွေ့လိုက်ရသောအခါ ထွက်ပြေးရန် မကြိုးစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးနှစ်ဘက်စလုံး ထောက်လိုက်ပြီး အော်၍ အသနားခံလိုက်၏။
“အရှင်... အရှင် ကျုပ်ကို မသတ်ဘူးဆိုရင် ကျုပ် အရှင့်ရဲ့ကျွန် လုပ်ပါမယ်။ အခုကစပြီး ကျုပ်က အရှင့်ရဲ့ခွေးအဖြစ် နေပါမယ်”
“အာ...”
ကျန်းရီ အံ့အားသင့်နေသည်။ သူသည် အဘိုးအိုကို မကြည့်ဘဲ မီးကျွမ်းနေသော အလောင်းများကိုသာ ကြည့်လိုက်သည်။ မီးတောက်များက ထိုမျှစွမ်းအားကြီးလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ထိုလူခြောက်ယောက်သည် ခုခံရန်ပင် အခွင့်အရေးမရလိုက်ဘဲ သိုးငယ်လေးများကဲ့သို့ အလွယ်တကူ အသတ်ခံလိုက်ရသည်။
‘ဒီမီးတောက်တွေက စွမ်းလှချည်လား။ ငါ့ဆီမှာ မီးတောက်တွေ နည်းနည်းပဲရှိတာ ဆိုးတာပဲ။ တစ်ခါသုံးလိုက်တိုင်း လျော့လျော့သွားမှာ’
ကျန်းရီ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် မီးဝိညာဉ်ပုလဲထဲတွင် မီးတောက်အချို့ အသင့်ပြင်၍ အဘိုးအိုထံ လျှောက်သွားကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ ကျီယန်မျိုးနွယ်စုက ဘယ်နေရာမှာလဲ”
အဘိုးအိုသည် အံ့အားသင့်သွား၏။ သူသည် ကျန်းရီ၏ အေးစက်နေသော မျက်နှာထားကို တွေ့လိုက်သောအခါ နှုတ်ဆိတ်မနေဝံ့ဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျုပ်တို့က အနောက်မြောက်ဘက်ဒေသကပါ။ ဒီဘက်အတိုင်း ကီလိုမီတာခုနစ်သောင်း သွားပြီးရင် ကျုပ်တို့နေရာကို ရောက်ပါလိမ့်မယ်”
“အရမ်းကောင်းတယ်...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မီးနဂါးဓားကို ဝှေ့ယမ်းကာ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားရဲ့ခေါင်းကို ငှားခွင့်ပေးပါ”
ဝုန်း...
အနီးကပ်တိုက်ခိုက်လိုက်ခြင်းဖြစ်၍ အဘိုးအိုသည် ခုခံရန်ပင် အချိန်မရလိုက်ချေ။ သူသည် ပေါက်ကွဲမှုအဟုန်ကြောင့် အနောက်သို့ လွင့်ပျံထွက်သွားသည်။ သူ့ကိုယ်ပေါ်တွင် နတ်ဘုရားချပ်ဝတ် မရှိသော်လည်း သူ့ရုပ်ခန္ဓာက အတော်လေး သန်မာသည်။ ထို့ကြောင့် သူသည် ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရုံသာ ရသွားသည်။ သို့သော် ကျန်းရီက မီးနဂါးဓားဖြင့် ဆက်ပိုင်းချလိုက်ရာ ထိုအဘိုးအို သေသွားလေတော့သည်။ ထို့နောက် ကျန်းရီသည် အဘိုးအို၏ခေါင်းကို ဖြတ်၍ သူ့ကိုယ်ထဲမှ နတ်ဘုရာအမြုတေကို ထုတ်ယူလိုက်သည်။ ပြီးမှ ကျန်လူခြောက်ယောက်၏ နတ်ဘုရားအမြုတေများကို ဆက်ယူလိုက်သည်။ နတ်ဘုရားအမြုတေများကို ယူပြီးနောက်တွင်မူ သူ အနောက်မြောက်ဘက်ဆီသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားလိုက်လေသည်။
‘ခင်ဗျားတို့ ကျွန်တော့်ကို စောင့်နေရမယ်’
နာရီအနည်းငယ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ယခုတွင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ၏ တာဝန်က ပြီးဆုံးသွားလောက်ပေပြီ။ ထို့ကြောင့် ကျန်းရီသည် ပြေးနေရင်းဖြင့် ထိုစစ်သူကြီးများက သူ့ကို စောင့်နေပါစေဟု ဆုတောင်းနေမိလေသည်။
နှစ်နာရီကြာပြီးနောက် ကျန်းရီသည် ကျီယန်မျိုးနွယ်စုသို့ ရောက်ရှိသွားသည်။ သို့သော် ကျီယန်မျိုးနွယ်စုက လုံးဝဖျက်ဆီးခံထားရပြီဖြစ်သည်။ လူတစ်ယောက်ပင် မကျန်တော့ပေ။ ထို့ကြောင့် ကျန်းရီသည် နတ်ဘုရားလှေ ရပ်နားနေခဲ့သော တောင်ကြီးဆီသို့ အပြေးသွားလိုက်သည်။
နတ်ဘုရားလှေ ရပ်နားနေခဲ့သော နေရာက ကျီယန်မျိုးနွယ်စုနှင့် သိပ်မဝေးပေ။ နှစ်နာရီအတွင်းမှာပင် ကျန်းရီသည် ထိုနေရာသို့ ရောက်ရှိသွားသည်။ သူသည် အဝေးမှနေ၍ လေထဲရှိ နတ်ဘုရားလှေကို လှမ်းမြင်လိုက်ရ၏။ ချက်ချင်းပင် သူ လက်ဝှေ့ယမ်းကာ ဝမ်းသာအားရ အော်ပြောလိုက်သည်။
“အရှင်တို့... ကျွန်တော့်ကို စောင့်ပါဦး။ ကျွန်တော် ပြန်လာပါပြီ”
ရွှီး...
နတ်ဘုရားလှေက တောက်ပသွားပြီး လှေဝမ်းဘေးမှ တံခါးက ပွင့်လာသည်။ ထို့နောက် တံခါးဝတွင် ကျောက်ထျဲကျူး၏ တောင်ကြီးကဲ့သို့သော ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် အံ့ဩမှုများ ရှိနေသည်။ သူသည် ကျန်းရီကို အေးစက်စက်ကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် အကြိမ်ကြိမ် အာရုံခံကြည့်လိုက်သည်။ အတော်ကြာမှ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အင်း.. မင်းက တကယ်ပဲ တမလွန်ဘုံအရှိန်အဝါရဲ့ ထိန်းချုပ်မှုကို ခံထားရတာ မဟုတ်ဘူးပဲ။ ကောင်လေး... မင်းရဲ့တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့လား”
ကျန်းရီသည် ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး လက်ဆုပ်ကာ ပြန်အော်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့တာဝန်က အောင်မြင်လား၊ မအောင်မြင်လားတော့ မသိပါဘူး။ ကျွန်တော် ကျီယန်မျိုးနွယ်စု သိုင်းသမားဆယ်ယောက်ကျော်ကိုတော့ သတ်ခဲ့ပါတယ်။ သူတို့ရဲ့ နတ်ဘုရားအမြုတေတွေကိုလည်း ယူခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းကတော့ မပြည့်ဘူးထင်တယ်”
“ရပါတယ်... နတ်ဘုရားအမြုတေတွေ ပြနိုင်ရင် လုံလောက်ပါပြီ”
ကျောက်ထျဲကျူးက ပြုံး၍ ပြန်ပြော၏။ သူ၏ မျက်နှာထားက အေးစက်မနေတော့ပေ။ သူ ခေါင်းညိတ်ကာ ဆက်ပြောသည်။
“ကောင်လေး... ခေါင်းဆောင်က ပြန်ရောက်နေတာ ကြာပြီ။ ငါသာ သူ့ကို တားမထားရင် အခုဆို မင်း လမ်းလျှောက်ပြန်နေရလောက်ပြီ။ ဟီးဟီး... ကောင်လေး.. ငါ့ကို အဲ့နတ်ဘုရားအမြုတေတွေပြ။ ဒီတစ်ခေါက် ငါက တကယ်ပဲ လူရွေးမမှားခဲ့ဘူးပဲ”
ကျန်းရီသည် နတ်ဘုရားအမြုတေများ ထုတ်ပြလိုက်၏။ ကျောက်ထျဲကျူး၏ ကောင်းကင်စိတ်အာရုံက ၎င်းတို့ကို အာရုံခံလိုက်သည်။ ထို့နောက် သူ ထပ်မံပြုံးသွားသည်။
“ကောင်းပြီ... တက်လာခဲ့။ မင်း အကဲဖြတ်မှုကို အောင်သွားပြီ”
ဝှစ်...
ကျန်းရီ လှေပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။ ကျန်းရီက လှေပေါ် ရောက်လာသောအခါ ကျောက်ထျဲကျူးသည် လှေဝမ်းထဲသို့ ဝင်၍ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများကို ကြည့်၍ ပြောလိုက်သည်။
“ညီနောင်တို့... ဒီလူသစ်လေးက ပြန်ရောက်လာပြီ။ သူက အကဲဖြတ်မှုကိုလည်း အောင်သွားပြီ။ ကဲ.. အားလုံးပဲ ငါ့ကို နတ်ဘုရားအမြစ်ဆယ်မြစ်စီ လာပေးကြပါ..လာကြ..လာကြ။ မပူပါနဲ့ ငါတို့ ပြန်ရောက်ရင် ငါ မင်းတို့ကို ဒကာခံပါမယ်။ မင်းတို့ ကြိုက်တဲ့မိန်းမတစ်ယောက်စီရွေးပြီး အိပ်လို့ရတယ်... ဟားဟားဟား...”
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် လှေဝမ်းထဲသို့ ရောက်သောအခါ အံ့အားသင့်နေသော အကြည့်များက သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများသည် တိုက်ပွဲအစမှာပင် ကျန်းရီက ကျီယန်မျိုးနွယ်စုမှ လူများနှင့် ထိပ်တိုက်တွေ့ခဲ့သည်ကို အာရုံခံမိခဲ့ကြသည်။ ထို့ကြောင့် ကျန်းရီက သေသွားလောက်ပြီဟု သူတို့ တွေးခဲ့သည်။ သို့သော် ကျန်းရီသည် အသက်ရှင်လျက် ပြန်လာနိုင်သည့်အပြင် တာဝန်ကိုလည်း အောင်မြင်ခဲ့ပေသေးသည်။
“နတ်သိမ်းငှက်မျိုးနွယ်စုဆီ ပြန်သွားကြစို့”
ခေါင်းဆောင်သည် အရှေ့လှေဝမ်းထဲမှ ထွက်လာပြီး ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်နှာသေဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားလှေက ထပ်မံ လင်းလက်သွားပြီး မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။
ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ဤတစ်ကြိမ်တွင် ကျောက်ထျဲကျူးက သူ့ဘက်၌ ရှိနေခဲ့၍ သူ ကံကောင်းခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူသည် နတ်သိမ်းငှက်မျိုးနွယ်စုသို့ ပြန်နိုင်ရန် အခက်ကြုံရပေလိမ့်မည်။
***