← Chapters

မိစ္ဆာသတ်ဖြတ်စစ်သူကြီး

Vol. 94 Ch. 1302

မိစ္ဆာသတ်ဖြတ်စစ်သူကြီး

Vol. 94 Ch. 1302

“ငါ အရှုံးကို ဝန်ခံပါတယ်။ ငါက အဲ့ကောင်လေးကို လျှော့တွက်ခဲ့မိတာပဲ”

“ဟူး... ဒီတာဝန်က အကျိုးမဲ့ဖြစ်ရပြီပေါ့။ ထျဲကျူး... မင်း ငါတို့ကို ကြိုက်တဲ့မိန်းမတစ်ယောက်စီ ‌ရွေးလို့ရတယ်လို့ ကတိပေးထားတယ်နော်...”

“ငါက တကယ်ပဲ အဲကောင်လေးကို လျှော့တွက်ခဲ့မိတာပဲ။ အဲ့ကောင်လေးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် စွမ်းအားကြီးနေပြီလား။ ရော့...ရော့.. မင်းရဲ့ နတ်ဘုရားအမြစ်တွေ”

မိစ္ဆာသတ်ဖြတ်စစ်သူကြီးများက အရှုံးကို လိုလိုလားလား ဝန်ခံကာ ရွှေရောင်ကျောက်တုံးလေးများကို ထုတ်၍ ပေးလိုက်ကြသည်။ ကျန်းရီသည် ထိုရွှေရောင်ကျောက်တုံးလေးများကို မြင်လိုက်သောအခါ မျက်လုံးများ အရောင်လက်သွားသည်။ ထိုရွှေရောင်ကျောက်တုံးလေးများက နတ်ဘုရားအမြစ်လော။ သူ မြေအောက်ရေကန်အောက်ရှိ ဂူထဲမှ ရခဲ့သော လက်စွပ်ထဲတွင် ထိုရွှေရောင်ကျောက်တုံးလေး ရှစ်တုံးရှိသည်။ ၎င်းတို့က နတ်ဘုရားအမြစ်များ ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

‘နတ်ဘုရားအမြစ်တစ်ခုက နတ်ဘုရားအသုံးအဆောင်တစ်ခုနဲ့ တန်ဖိုးညီတယ်ဆိုတော့ အခု ငါ နတ်ဘုရားအသုံးအဆောင်ရှစ်ခု ထပ်ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လား’

ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ၏ နှမြောနေသော မျက်နှာထားများအရ နတ်ဘုရားအမြစ်များက အလွန်အဖိုးတန်ပုံပင်။ နတ်ဘုရားအမြစ်များကို သုံး၍ ထူးခြားသောရတနာများ၊ ဆန်းကြယ်စွမ်းရည်များ သို့မဟုတ် လျှို့ဝှက်ကျမ်းများကို ဝယ်နိုင်လောက်သည်။

ကျန်းရီသည် သိလိုသည်များ အများအပြား ရှိနေသော်လည်း မေးခွန်းများ မမေးဝံ့သေးပေ။ သူက ဟွင့်သွမ့်သားရဲနှစ်ကောင်ကို သတ်ခဲ့ကြောင်းကိုလည်း ထုတ်မပြောရဲသေးချေ။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများပင် ဟွင့်သွမ့်သားရဲများကို သတ်နိုင်ရန် ခက်ခဲသည်ဟု ဟဲဝေက ပြောခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ဟွင့်သွမ့်သားရဲများက အလွန်အဖိုးတန်လောက်သည်။ အကယ်၍ သူက ဟွင့်သွမ့်သားရဲနှစ်ကောင်ကို သတ်ခဲ့ကြောင်း ထိုအုပ်စုအား ပြောပြလိုက်ရင် သူ အလစ်လုပ်ကြံခံရနိုင်ပေသည်။

ကျန်းရီသည် မည်သည့်စကားမှ မဆိုဘဲ လှေဝမ်းထောင့်တစ်နေရာတွင် ထိုင်၍သာ ကျင့်ကြံနေလိုက်သည်။ ဤတစ်ခေါက်တွင် မိစ္ဆာသတ်ဖြတ်စစ်သူကြီး တစ်ယောက်မှ မသေခဲ့ပေ။ သုံးယောက်သာ ဒဏ်ရာရခဲ့၍ ဒဏ်ရာကုသနေကြသည်။ စကားပြောရသည်ကို မကြိုက်သော ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကလည်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။ ကျန်လူများမှာမူ ညစ်ညမ်းသော အကြောင်းများပြောကာ တဟီးဟီးတဟားဟား ဖြစ်နေကြပေသည်။

လမ်းခရီးက အလွန်ချောမွေ့ခဲ့သည်။ သူတို့သည် လမ်းတွင် ဟွင့်သွမ့်သားရဲနှစ်ကောင်နှင့် ကြုံခဲ့ရသည်။ သို့သော် နတ်ဘုရားလှေ၏ အကာအရံဒိုင်းကို နှိုးခဲ့ပြီး မိစ္ဆာသတ်ဖြတ်စစ်သူကြီးနှစ်ယောက်က ဟွင့်သွမ့်သားရဲများကို အဝေးသို့ မျှားခေါ်သွားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားလှေက ချောချောမောမော ဆက်သွားနိုင်ခဲ့သည်။ တစ်ရက်ကျော် ကြာပြီးနောက် နတ်ဘုရားလှေက နတ်သိမ်းငှက်မျိုးနွယ်စုသို့ ပြန်ရောက်လာသည်။

ဝှစ်...

နတ်ဘုရားလှေက နတ်သိမ်းငှက်မျိုးနွယ်စု အနားသို့ ကပ်သွားချိန်တွင် ထိုလှေထက် နှစ်ဆပိုကြီးသော နတ်ဘုရားလှေတစ်စင်းက အနောက်မှနေ၍ အလွန်လျင်မြန်စွာ ပျံသန်းလာလေသည်။ ထိုနတ်ဘုရားလှေက အလွန်လျင်မြန်သဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ကို မီလာသည်။ ထိုလှေသည် ကျန်းရီတို့ ရှိနေသော လှေကို ဝင်တိုက်မိပေတော့မည်။

“အန်...”

မိစ္ဆာသတ်ဖြတ်စစ်သူကြီးများသည် ထိုနတ်ဘုရားလှေကို အာရုံခံမိသောအခါ မျက်ဝန်းများ အေးစက်သွားကြသည်။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများလည်း ထွက်ပေါ်လာသည်။ သို့သော် ထိုနတ်ဘုရားလှေပေါ်တွင် ထွင်းထားသော ‘လော’စာလုံးကို မြင်လိုက်ရသောအခါ သူတို့အားလုံး၏ သတ်ဖြတ်အရှိန်အဝါများ ပြန်ပျောက်ကွယ်သွားသည်။ သူတို့၏ မျက်နှာများကလည်း ရှုံ့တွသွားကြသည်။

“ဘေးဖယ်ကြစမ်း...”

ထိုနတ်ဘုရားလှေမှနေ၍ အေးစက်သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီတို့၏ နတ်ဘုရားလှေပေါ်မှ ခေါင်းဆောင်က အရှေ့လှေဝမ်းထဲမှ ထွက်လာကာ ချက်ချင်း အမိန့်ပေးလိုက်သည်။

“လမ်းဖယ်‌ပေးလိုက်... အဲ့ဒါက သခင်မလောပဲ”

မိစ္ဆာသတ်ဖြတ်စစ်သူကြီးတစ်ယောက်က ကောင်းကင်စွမ်းအား အနည်းငယ် ထုတ်လွှတ်၍ နတ်ဘုရားလှေကို ဘေးသို့ ရွေ့စေလိုက်သည်။ ထိုအခါ အနောက်မှ နတ်ဘုရားလှေက သူတို့ကို ဖြတ်ကျော်ကာ နတ်သိမ်းငှက်မြို့ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။ မြို့ဂိတ်တံခါးသို့ ရောက်သောအခါ နတ်ဘုရားလှေ ပျောက်ကွယ်သွားပြီး လေထဲ၌ အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ကျော့ရှင်းသည့် အမျိုးသမီးတပ်သားတစ်စု ထွက်ပေါ်လာသည်။ နတ်သိမ်းငှက်မြို့၏ ဂိတ်တံခါးကလည်း လျင်မြန်စွာ ပွင့်လာသည်။ ထို့နောက် သူမတို့အုပ်စုသည် မြို့ထဲသို့ ဝံ့ကြွားစွာ ဝင်သွားကြလေသည်။

“အာဏာရှိတဲ့ အဖေတစ်ယောက်ရှိတာ ဘယ်လောက်တောင်ကောင်းလိုက်လဲ”

ကျောက်ထျဲကျူး၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ သို့သော် အမျိုးသမီးတပ်သားအုပ်စုကို ဦးဆောင်သွားသော မိန်းမပျိုကို မြင်လိုက်သောအခါတွင်မူ သူ့မျက်နှာက တဏှာခိုးများဖြင့် ဝင်းပသွားသည်။ ထို့နောက် သူ ရေရွတ်လိုက်သည်။

“အဲ့သခင်မလောက နတ်သိမ်းငှက်မြို့ရဲ့ နံပါတ်(၁) အလှပဂေး၊ မြို့အရှင်လောရဲ့ တစ်ဦးတည်သောသမီး။ ငါသာ သူ့ကို ခဏလောက်ပိုင်ဆိုင်နိုင်မယ်ဆိုရင် ငါ့သက်တမ်းရဲ့ နှစ်တစ်ရာကို ပေးရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ပေးမှာပါ”

ဖြန်း...

ခေါင်းဆောင်က ကျောက်ထျဲကျူးကို ဇက်ပိုးအုပ်လိုက်သည်။ ထို့နောက် အေးစက်စက် ပြောသည်။

“ကျောက်ထျဲကျူး... မင်းက သေချင်နေတယ်ဆိုရင်လည်း ငါတို့ကိုတော့ ဆွဲမထည့်နဲ့။ တကယ်လို့ သခင်မလောသာ မင်းပြောတာတွေကို ကြားသွားရင် ငါတို့အကုန်လုံး သေလိမ့်မယ်”

ကျောက်ထျဲကျူးသည် ဇက်ပိုးအုပ်ခံလိုက်ရသဖြင့် မျက်နှာစူပုတ်သွားသည်။ သို့သော် သူ ပြန်မပြောဝံ့ပေ။ ထို့ကြောင့် နှုတ်ခမ်းတွန့်၍သာ ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်က စနေတာပါ။ ပြီးတော့ သခင်မလောက မြို့ထဲကို ဝင်သွားပါပြီ... ဘယ်လိုလုပ် ကျွန်တော်ပြောတာကို ကြားနိုင်ပါ့မလဲ”

နတ်ဘုရားလှေသည် အရှေ့သို့ ဖြည်းဖြည်းချင်း ပျံကာ နတ်သိမ်းငှက်မျိုးနွယ်စုဆီသို့ ဦးတည်သွားနေသည်။ ကျန်းရီသည် နတ်သိမ်းငှက်မျိုးနွယ်စုကို သေသေချာချာ မကြည့်ရသေးပေ။ ယခုမှ နတ်ဘုရားလှေ၏ နံရံအကြည်များကို ဖြတ်ကာ လှမ်းကြည့်လိုက်ရသည်။ နတ်သိမ်းငှက်မျိုးနွယ်စုက အတော်လေးကြီးသည်။ ၎င်းသည် အထက်ရှိ နတ်သိမ်းငှက်မြို့နှင့် အရွယ်အစား မတိမ်းမယိမ်းပင်။ မျိုးနွယ်စုက ငါးဆယ်ကီလိုမီတာ ကျယ်ပြီး ရဲတိုက်များ၊ ခံတပ်များနှင့် သစ်သားအိမ်များ၏ အရေအတွက်က တစ်သိန်းနီးပါးလောက် ရှိသည်။

နတ်ဘုရားလှေက ရင်ပြင်တစ်ခုပေါ်တွင် ရပ်တန့်လိုက်၏။ ထို့နောက် ခေါင်းဆောင်က ပြောသည်။

“အားလုံး တာဝန်ရုံးကို သတင်းပို့ကြပါ။ ပြီးရင် နောက်တာဝန်မထမ်းဆောင်ရခင် တစ်ရက် အနားယူနိုင်တယ်”

အားလုံး ပျံထွက်သွားကြသည်။ ကျန်းရီသည်လည်း ခေါင်းဆောင်ကို လက်ဆုပ်၍ အရိုအသေပေးကာ လှေထဲမှနေ၍ အောက်သို့ ခုန်ချလိုက်သည်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ပြန်ဝတ်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် အပြင်သို့ ရောက်သည်နှင့် အနက်ရောင်နတ်ဘုရားကို ပြန်ဆင့်ခေါ်လိုက်သည်။ အနက်ရောင်နတ်ဘုရားသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ အံ့ဩတကြီး မေးလိုက်၏။

“သခင်လေး... ကျုပ်တို့ ပြန်ရောက်လာပြီလား”

“အွန်း... ကျွန်တော်တို့ အကဲဖြတ်မှုကို အောင်သွားပြီ”

ကျန်းရီက အတန်ငယ်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ အနက်ရောင်နတ်ဘုရားသည် ထပ်မေးမနေတော့ဘဲ တိတ်တဆိတ်သာ ခေါင်းညိတ်လိုက်သည်။ သူက ရိုးသားကာ သစ္စာရှိသူတစ်ယောက်ဖြစ်သော်လည်း စကားများများပြောတတ်သူတစ်ယောက် မဟုတ်ပေ။ သူသည် ခံစားချက်များကို ရင်ထဲတွင်သာ မျိုသိပ်ထားတတ်သည်။

ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို ခေါ်၍ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ဆီသို့ သွားလိုက်သည်။ သူတို့ ရဲတိုက်ထဲ မဝင်ရသေးခင်မှာပင် ခံ့ညားသော သခင်လေးတစ်ယောက် ထွက်လာသည်။ သခင်လေးသည် ကျန်းရီကို မြင်လိုက်သောအခါ ဝမ်းသာအားရဖြင့် လှမ်းခေါ်လိုက်သည်။

“ညီလေးကျန်း... မင်း အသက်ရှင်ရက် ပြန်လာနိုင်မယ်ဆိုတာကို ငါသိသားပဲ။ ဘယ်လိုလဲ။ မင်း အကဲဖြတ်မှုကို အောင်ခဲ့လား”

“အွန်း...”

ကျန်းရီက ခပ်သဲ့သဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့က ကံကောင်းပြီး အောင်ခဲ့ပါတယ်”

“သွားကြစို့... ငါ မင်းကို ခေါင်းဆောင်ချန်ဆီ ခေါ်သွားပေးမယ်”

ဟဲဝေသည် ကျန်းရီကို နွေးထွေးစွာ ကြိုဆို၍ ရဲတိုက်ထဲသို့ ခေါ်သွားကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။

“အဖေလည်း ရောက်လာတော့မယ်။ သူ့လမ်းခရီးလည်း ချောမွေ့တယ်တဲ့။ သူ ဒီကိုရောက်လာတာနဲ့ ငါ သူ့ကို မင်းရဲ့မိတ်ဆွေကို ရှာပေးဖို့ အကူအညီတောင်းပေးပါမယ်”

“အရှင်ဟဲကို ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းရီသည် ဟဲဝေက လူကောင်းတစ်ယောက်ဟု လက်ခံလာပြီဖြစ်သည်။ ဟဲဝေသည် ပေါင်းသက်ဆက်ဆံရေးကောင်းကာ မိတ်ဆွေဖွဲ့ရသည်ကို သဘောကျသော လူစားမျိုးဖြစ်သည်။ ထို့ပြင် မိတ်ဆွေများကို စိတ်ရင်းဖြင့် ဆက်ဆံတတ်သူမျိုးလည်းဖြစ်သည်။ ထို့ကြောင့် သူနှင့်မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပေသည်။

“ငါ့ကို အရှင်လို့ မခေါ်စမ်းပါနဲ့ကွာ။ ဟဲဝေ ဒါမှမဟုတ် သခင်လေးဝေလို့ပဲ ခေါ်ပါ။ ငါက အရှင်လို့ အခေါ်ခံရရင် စိတ်မသက်မသာ ခံစားရတယ်”

ဟဲဝေသည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ကို ဘယ်ဘက်ရှိ ပထမဆုံးစင်္ကြံလမ်းမှနေ၍ ဘေးဆောင်သို့ ခေါ်သွားသည်။ ခေါင်းဆောင်ချန်က တရားထိုင်နေသည်။ ကျန်းရီတို့ ဝင်လာသောအခါ သူ မျက်လုံးဖွင့်လိုက်သည်။ သူက အတန်ငယ် အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“ခေါင်းတွေလား နတ်ဘုရားအမြုတေတွေလား”

ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီး လူဦးခေါင်းအချို့နှင့် နတ်ဘုရားအမြုတေတစ်ဒါဇင်လောက် ထွက်လာသည်။ ခေါင်းဆောင်ချန်တစ်ယောက် ပို၍ပင် အံ့အားသင့်သွားသည်။ ထို့နောက် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“‌တော်တယ် ကောင်လေး... မင်းက လိုအပ်ချက်ထက်တောင် သာနေတာပဲ။ ကောင်းပြီ.. ငါ ဒီအကြောင်းကို တပ်မှူးလျှိုဆီ တင်ပြပြီးပြီ။ အခုကစပြီး မင်းတို့နှစ်ယောက်က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ စာရင်းဝင်တပည့်တွေ ဖြစ်သွားပြီ။ သခင်လေးဝေ... သူတို့ကို လိုအပ်တာတွေ လုပ်ရအောင် ခေါ်သွားပေးလိုက်ပါ။ ပြီးတော့ စံအိမ်ရဲ့ စည်းမျဉ်းတွေကိုလည်း ရှင်းပြလိုက်ပါ”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”

ကျန်းရီက လက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။ ထိုစဉ် ခေါင်းဆောင်ချန်က လက်ဝှေ့ယမ်းရာ နတ်ဘုရားအမြုတေများက ကျန်းရီထံ ရွေ့လျားသွားသည်။ ထို့နောက် သူ ပြောလိုက်သည်။

“အဲ့အမြုတေတွေက တိုက်ပွဲမှာ မင်းရခဲ့တဲ့ဟာတွေပဲ။ မင်း အဲ့ဒါတွေကို မိစ္ဆာသတ်ဖြတ်စံအိမ်ကို ရောင်းနိုင်တယ်။ ရောင်းတဲ့အခါ တိုက်ပွဲအမှတ်ယူမလား၊ နတ်ဘုရားအမြစ်ယူမလားဆိုတာလည်း ရွေးချယ်နိုင်တယ်။ အသေးစိတ်ကိုတော့ သခင်လေးဝေကို မေးလိုက်ပေါ့”

“အို့...”

ကျန်းရီသည် နတ်ဘုရားအမြုတေများကို လျင်မြန်စွာ သိမ်းဆည်းလိုက်၏။ ထို့နောက် ဟဲဝေက သူတို့ကို ပြန်ခေါ်သွားပြီး တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။

“ညီလေးကျန်းရီ... နတ်ဘုရားအမြုတေတစ်ခုက တိုက်ပွဲအမှတ်တစ်မှတ် တန်တယ်။ နတ်ဘုရားအမြုတေဆယ်ခုဆိုရင် နတ်ဘုရားအမြစ်တစ်ခုနဲ့ လဲလို့ရတယ်။ တိုက်ပွဲအမှတ်ရော၊ နတ်ဘုရားအမြစ်ရောက တန်ဖိုးရှိတယ်။ တိုက်ပွဲအမှတ်မရှိရင် မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အရင်းအမြစ်တွေကို သုံးနိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားအမြစ်မရှိရင် အဆင့်မြင့် ဆန်းကြယ်စွမ်းရည်တွေ၊ လျှို့ဝှက်အတတ်တွေ၊ အဆင့်မြင့် နတ်ဘုရားအသုံးအဆောင်တွေကို ဝယ်နိုင်မှာမဟုတ်ဘူး”

“တိုက်ပွဲအမှတ်တစ်ရာရရင် တရားဝင်တပည့် ဖြစ်သွားမယ်ဆိုတော့ ကျွန်တော် မှတ်မိပါတယ်”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ဟွင့်သွမ့်သားရဲ၏ အလောင်းများကို တိုက်ပွဲအမှတ်မည်မျှနှင့် လဲနိုင်မည်နည်း။ အကယ်၍ ဟွင့်သွမ့်သားရဲအလောင်းတစ်လောင်းကို တိုက်ပွဲအမှတ်တစ်ရာနှင့် လဲနိုင်မည်ဆိုလျှင် သူ အလွယ်တကူ တရားဝင်တပည့် ဖြစ်သွားမည်ဖြစ်သည်။

ဟဲဝေသည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ကို အခြားဘေး‌ဆောင်တစ်ခုသို့ ခေါ်သွားရင်း ဆက်ရှင်းပြလိုက်သည်။

“ဟုတ်တယ်.. မင်းမှာ တိုက်ပွဲအမှတ်တစ်ရာရှိမယ်ဆိုရင် အနက်ရောင်ဝံပုလွေခေါင်းတံဆိပ်ကို ရပြီး တရားဝင်တပည့် ဖြစ်သွားလိမ့်မယ်။ တိုက်ပွဲအမှတ်တစ်သောင်းရှိမယ်ဆိုရင်တော့ မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်သွားမယ်။ တိုက်ပွဲအမှတ်တစ်သိန်းဆိုရင် မိစ္ဆာသတ်ဖြတ်ဘုရင်အဆင့်ကို ရမယ်။ တိုက်ပွဲအမှတ်တစ်သန်းဆိုရင်တော့ မိစ္ဆာသတ်ဖြတ်နတ်ဘုရားအဆင့်ပေါ့။ ဒါပေမဲ့ မင်းရဲ့အဆင့်က မြင့်လာလေလေ မင်းရဲ့ တာဝန်တွေက ပိုခက်လာလေလေပဲ။ မင်း သာမန်တာဝန်လေးတွေကို ရတော့မှာ မဟုတ်ဘူး”

“အာ... ကျွန်တော် ဘာပြောမလို့ပါလိမ့်...”

ကျန်းရီသည် သူ့ရင်ထဲမှ မေးခွန်းများကို မျိုသိပ်မထားနိုင်တော့သဖြင့် ဖြစ်ချင်ရာဖြစ်ဟုတွေးကာ မေးလိုက်သည်။

“ဟွင့်သွမ့်သားရဲတစ်ကောင်ရဲ့ အလောင်းက တိုက်ပွဲအမှတ်ဘယ်လောက် တန်လဲ”

“ဟွင့်သွမ့်သားရဲတစ်ကောင်ရဲ့ အလောင်းက အရမ်းအဖိုးတန်တာပေါ့”

ဟဲဝေသည် မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ပြီးသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်၍ စံအိမ်၏စနစ်အကြောင်းကို သိထားပြီဖြစ်သည်။ သူက ကျန်းရီကို ရှင်းပြသည်။

“ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ရဲ့ အလောင်းက တိုက်ပွဲအမှတ်ငါးထောင် တန်တယ်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲဆိုရင် တိုက်ပွဲအမှတ်ငါးသောင်း တန်တယ်။ ကမ္ဘာဦးအဆင့်ဆိုရင်တော့ အများကြီးပိုတန်တယ်။ အလောင်းတစ်လောင်းကို တိုက်ပွဲအမှတ်တစ်သန်းနဲ့ လဲလို့ရတယ်။ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ကို သတ်နိုင်လိုက်ရင် ချက်ချင်း မိစ္ဆာသတ်ဖြတ်နတ်ဘုရား ဖြစ်သွားမှာပဲ”

“ငါးထောင်လား...”

ကျန်းရီ တုန်သွားသည်။ သူ့တွင် ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲအလောင်း နှစ်လောင်းရှိပေသည်။ ယင်းမှာ သူက ချက်ချင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်နိုင်သည်ဆိုသော အဓိပ္ပာယ်ပင် မဟုတ်ပါလော။

***

All Chapters