← Chapters

အစ်မမေ့

Vol. 94 Ch. 1303

အစ်မမေ့

Vol. 94 Ch. 1303

“မင်းက ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။ မင်းမှာ ဟွင့်သွမ့်သားရဲအလောင်း ရှိနေလို့လား”

ဟဲဝေသည် ကျန်းရီ၏ စိတ်လှုပ်ရှားနေပုံကို မြင်လိုက်သောအခါ မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။ ကျန်းရီက တည်ငြိမ်သူတစ်ယောက်ဖြစ်ကြောင်း ဟဲဝေသိသည်။ ယခင်က အခြားအကြောင်းများကို ကြားခဲ့ရစဉ်ကပင် သူ ထိုသို့ စိတ်မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် ဟဲဝေက အထက်ပါအတိုင်း မေးလိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် ဟဲဝေကို မလိမ်ချင်သလို သူ့တွင် ဟွင့်သွမ့်သားရဲအလောင်းများ ရှိနေကြောင်းကိုလည်း ပြောမပြလိုပေ။ ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“ဘာလို့ အဲ့ဟွင့်သွမ့်သားရဲအလောင်းတွေက အဲ့လောက်အဖိုးတန်ရတာလဲ။ အဲ့ဒါတွေက အလောင်းကောင်တွေပဲ မဟုတ်ဘူးလား။ ဘာများ အသုံးဝင်လို့လဲ”

“မင်းက မသိသေးဘူးပဲ”

ဟဲဝေသည် သူ၏ဗဟုသုတကြွယ်ဝမှုကို ထုတ်ပြရခြင်းကို သဘောကျ၏။ သူ ဆက်ပြောလိုက်သည်။

“ဟွင့်သွမ့်သားရဲတွေရဲ့ ခံနိုင်ရည်က အရမ်းအားကောင်းတယ်။ တကယ်တော့ နတ်ဘုရားအသုံးအဆောင်တွေနဲ့ နတ်ဘုရားချပ်ဝတ်တွေ တော်တော်များများက ဟွင့်သွမ့်သားရဲတွေရဲ့ သားရေတွေ၊ သားမွေးတွေနဲ့ လုပ်ထားတာ။ သူတို့ရဲ့ အရိုးကလည်း အရမ်းမာလို့ လက်နက်လုပ်နိုင်တယ်။ ဟွင့်သွမ့်သားရဲတွေရဲ့ အဖိုးအတန်ဆုံး အပိုင်းကတော့ ဟွင့်သွမ့်သားရဲအမြုတေပဲ။ ဟွင့်သွမ့်သားရဲတွေက မိုးမြေကနေ မွေးဖွားလာတာဆိုတော့ သူတို့ရဲ့ ဟွင့်သွမ့်သားရဲအမြုတေတွေထဲမှာ သဘာဝဆန်းကြယ်စွမ်းရည်တွေ ပါတယ်။ အဲ့ဟွင့်သွမ့်သားရဲအမြုတေတွေကို နှိုးလိုက်ရင် အထဲက သဘာဝဆန်းကြယ်စွမ်းရည်ကို ထုတ်လွှတ်နိုင်တယ်”

“သူတို့ရဲ့ အမြုတေတွေကို နှိုးလို့ရတယ်လား”

ကျန်းရီ ရင်ခုန်သွားသည်။ အကယ်၍ သူသာ ဟွင့်သွမ့်သားရဲအမြုတေများကို နှိုးနိုင်လျှင် ဟွင့်သွမ့်သားရဲနှစ်ကောင်၏ မီးတောက်နှစ်မျိုးစလုံးကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပေလိမ့်မည်။

ကျန်းရီသည် ထိုမီးတောက်နှစ်မျိုး၏ အစွမ်းကို ကိုယ်တိုင် မြင်ပြီးခဲ့ပြီဖြစ်သည်။ သာမန်နတ်ဘုရားအဆင့် သိုင်းသမားများသည် ထိုမီးတောက်များကို လုံးဝမခံနိုင်ကြပေ။ သူတို့က နတ်ဘုရားစစ်ချပ်ဝတ်များကို ဝတ်ဆင်မထားလျှင် အလွယ်တကူ မသတ်ခံလိုက်ရမည်ဖြစ်သည်။ သို့သော် ကျန်းရီထံတွင်ရှိသော မီးတောက်များက အကန့်အသတ်ရှိသည်။ ယခုတွင်မူ သူသာ ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို နှိုးနိုင်လိုက်လျှင် မီးတောက်များကို စိတ်ကြိုက်ထုတ်နိုင်မည်ဖြစ်ကြောင်း သူ သိလိုက်ရပေပြီ။

“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ။ အဲ့ဒါက အထက်ဘုံမှာ အခြေခံဗဟုသုတပဲ။ ဒီက အဆင့်မြင့် တပ်သားတွေအများကြီးက ဟွင့်သွမ့်သားရဲအမြုတေတွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့က အဲ့အမြုတေတွေကိုနှိုးပြီး သဘာဝဆန်းကြယ်စွမ်းရည်တွေကို ထုတ်နိုင်တော့ ပိုစွမ်းအားကြီးလာကြတာပေါ့”

ဟဲဝေက ကျန်းရီကို ပို၍မသင်္ကာဟန်ဖြင့်ကြည့်ကာ ထပ်မေးလိုက်သည်။

“ကျန်းရီ... မင်းမှာ တကယ်ပဲ ဟွင့်သွမ့်သားရဲအလောင်းတွေ ရှိနေတာလား”

“အွန်း...”

ကျန်းရီသည် ဟဲဝေကို ဆက်ဖုံးကွယ်ထားရန် မဖြစ်တော့ကြောင်း သိသည်။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျွန်တော်က ကံကောင်းပြီး ‌ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲနှစ်ကောင် အချင်းချင်း တိုက်ခိုက်နေတာကို တွေ့ခဲ့ရတာ။ ကျွန်တော် အဲ့အခြေအနေကို အခွင့်ကောင်းယူခဲ့တာပဲ”

“ဘာ...နှစ်ကောင်တောင်လား”

ဟဲဝေ တုန်ယင်သွားပြီး အံ့ဩတကြီး မေးလိုက်သည်။

“ညီလေး... မင်း ငါ့ကို လိမ်နေတောတော့ မဟုတ်ပါဘူးနော်။ ဟွင့်သွမ့်သားရဲအလောင်းနှစ်လောင်းဆိုတာ တိုက်ပွဲအမှန်တစ်သောင်းပဲ။ မင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီး တန်းဖြစ်နိုင်တယ်။ ကျွတ်... မင်းက ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း စစ်သူကြီးအဆင့်ကို အမြန်ဆုံး ရောက်တဲ့သူ ဖြစ်လာ‌တော့မှာပဲ”

“ရှူး...”

ကျန်းရီက တိုးတိုးပြောရန် လက်ဟန်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော်က အဲ့ဟွင့်သွမ့်သားရဲနှစ်ကောင်ရဲ့ အမြုတေတွေကို ယူထားမလို့ ကြံနေတာ။ ကျွန်တော့်မှာ အဲ့အမြုတေတွေအတွက် အကြံအစည်ကြီး ရှိတယ်”

“မလုပ်နဲ့...”

ဟဲဝေက ကျန်းရီ၏ လက်ကို ခပ်သွက်သွက် ဆွဲယူ၍ ပြောလိုက်သည်။

“ဟွင့်သွမ့်သားရဲတွေရဲ့ အဖိုးအတန်ဆုံးအပိုင်းက ဟွင့်သွမ့်သားရဲအမြုတေပဲ။ မင်း အဲ့အမြုတေတွေကို ယူထားရင် သားရဲအလောင်းနှစ်ကောင်က အလွန်ဆုံးမှာ တိုက်ပွဲအမှတ်တစ်ထောင်လောက်ပဲ တန်တော့မှာ။ အဲ့လိုဆို မင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို တက်နိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတွေရဲ့ အမြုတေတွေထဲက သဘာဝဆန်းကြယ်စွမ်းရည်တွေက အဆင့်အနိမ့်ဆုံးပဲ။ မင်း အဲ့စွမ်းရည်တွေကို သုံးနိုင်ရင်တောင် ဘာမှ သိပ်အသုံးဝင်မှာ မဟုတ်ဘူး...”

“ညီလေးကျန်း... ငါပြောတာကို နားထောင်ပါ။ တကယ်လို့ မင်းက ချက်ချင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်သွားမယ်ဆိုရင် သိမ်းငှက်ပြာစီရင်စုနယ်ထဲက မိစ္ဆာသတ်ဖြတ်စံအိမ်တစ်ခုလုံး သေချာပေါက် အံ့အားသင့်သွားမှာပဲ။ အဲ့ကျရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်သွားလိမ့်မယ်။ ဘယ်သူသိမလဲ.. အရေးပါတဲ့ ပုဂ္ဂိုလ်တချို့က မင်းအကြောင်းကို ကြားသွားပြီး မင်းကို သူတို့ရဲ့ တပည့်လုပ်ဖို့ ကမ်းလှမ်းချင် ကမ်းလှမ်းကြမှာ။ အဲ့လိုဆို မင်းရဲ့အနာဂတ်က တောက်ပပြီပဲ”

“ကျွန်‌တော် ဆုံးဖြတ်ချက်ချပြီးသွားပါပြီ။ ကျွန်‌တော့်မှာလည်း ကျွန်တော့်အကြံနဲ့ကျွန်တော် ရှိပါတယ်”

ကျန်းရီက အလွန်ပြတ်သားစွာ ပြောလိုက်သည်။ သူသည် လက်တလောတွင် နာမည်မကြီးလိုသေးပေ။ စွမ်းအားမရှိဘဲ မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်သွားလျှင် မြန်မြန် သေရနိုင်သည်။ ထို့ကြောင့် သူသည် ဂုဏ်ပုဒ်ယူမည့်အစား သူ့အင်အားကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူ ထိုဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို ပိုင်ဆိုင်ထားလျှင် မီးတောက်များကို စိတ်ကြိုက်ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ ထိုမီးတောက်များနှင့်ဆိုလျှင် သူ၏ တိုက်ခိုက်စွမ်းအားက သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ဟဲဝေသည် ကျန်းရီကို ဖျောင်းဖျရန် ကြိုးစားသည်။ ကျန်းရီကမူ စိတ်မယိုင်ပေ။ သူတို့သည် စင်္ကြံလမ်းရှည်ကြီးကို ဖြတ်ကျော်ပြီးနောက် အခြားဘေးဆောင်တစ်‌ဆောင်သို့ ရောက်သွားသည်။ ထိုဘေးဆောင်အပြင်ဘက်တွင် တိုက်ပွဲအမှတ်ခန်းမဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ရှိပေသည်။ ထိုနေရာသည် တိုက်ပွဲအမှတ်များ လဲလှယ်ရန်၊ အသုံးပြုရန်နေရာ ဖြစ်သည်။

ထိုဘေးဆောင်ထဲတွင် မိန်းမပျိုတစ်ယောက် ထိုင်နေသည်။ သူမ၏ အသက်ကို ပြောရန်ခက်၏။ အဘယ်ကြောင့်ဆိုသော် သူမက အလွန်လှပပြီး သူမ၏ မျက်ဝန်းများက ငယ်ရွယ်မှုကို ပြသနေ၍ပင်။ သူမသည် ဟဲဝေ ဝင်လာသည်ကို တွေ့လိုက်သောအခါ ထရပ်လိုက်ပြီး ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“သခင်လေးဝေ... ရှင်က ကျွန်မကို လာရှာပြန်ပြီလား။ ဘာလဲ... ကျွန်မနဲ့ ချိန်းတွေ့ချင်လို့လား”

ဟဲဝေက မျက်ခုံးပင့်၍ ပြုံးကာ ပြန်ပြောလိုက်သည်။

“အစ်မမေ့... ဒီတစ်ခေါက် ကျွန်တော်လာတာ မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးမလိုပါ။ သူက ကျန်းရီတဲ့... အသက်နှစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ အခု သူက ‘က’အဆင့် အကဲဖြတ်မှုကို အောင်လို့ စာရင်းဝင်တပည့် ဖြစ်သွားပြီ။ ပြီးတော့ သူက ဟွင့်သွမ့်သားရဲနှစ်ကောင်ကိုလည်း သတ်ခဲ့သေးတယ်။ သူ ဒီကိုလာတာက အဲ့သားရဲနှစ်ကောင်နဲ့ တိုက်ပွဲအမှတ်တွေ လဲလှယ်ဖို့ပါ”

“အို့...”

အစ်မမေ့ဟုခေါ်သော မိန်းမပျို၏ လှပသော မျက်ဝန်းလေးများက ရုတ်ခြည်း လင်းလက်သွားသည်။ သူမသည် ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူမ၏အကြည့်မှာ ဝံပုလွေတစ်ကောင်က ယုန်တစ်ကောင်ကို ကြည့်သော အကြည့်ကဲ့သို့ပင်။ ထို့ကြောင့် ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူက အားနွဲ့သော မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပြီး အစ်မမေ့က တဏှာရူးအိုကြီးတစ်ယောက် ဖြစ်နေသလိုမျိုး ခံစားလိုက်ရသည်။ သူမ၏အကြည့်က အလွန်စိတ်မသက်မသာ ဖြစ်စေပေသည်။

အစ်မမေ့သည် ကျန်းရီကို ခေတ္တမျှကြည့်လိုက်ပြီးနောက် တောက်ပစွာပြုံး၍ ပြောလိုက်သည်။

“အို့...အို့... ဒီ‌မောင်လေးက တကယ့်ကို အထင်ကြီးစရာပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်က သူ့လို ပါရမီရှင်တစ်ယောက်ကို ပိုင်ဆိုင်ရတာ ကံကောင်းတာပဲ။ မောင်လေး... မြန်မြန်လာ၊ ဟွင့်သွမ့်သားရဲနှစ်ကောင်ကို ထုတ်လိုက်ပါ။ မကြာခင် ‌မောင်လေးက ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မိစ္ဆာသတ်ဖြတ်စံအိမ်တစ်ခုလုံးမှာ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို အမြန်ဆုံးရောက်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာတော့မှာ”

“အာ... ကျွန်တော်က...”

ကျန်းရီက အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို ယူထားချင်တာ။ အဲ့ဒါ အဆင်ပြေမလားဗျ။ ပြီးတော့ အဲ့ဟွင့်သွမ့်သားရဲနှစ်ကောင်ကို ကျွန်တော် သတ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က ကံကောင်းသွားတာပါ... ဘာပါရမီရှင်မှလည်း မဟုတ်ပါဘူး”

“အာ...”

အစ်မမေ့သည်လည်း ဟဲဝေကဲ့သို့ပင် အံ့အားသင့်သွားသည်။ သို့သော် သူမသည် ချက်ချင်း ဣန္ဒြေဆည်လိုက်ပြီး စိတ်ပျက်ဟန်ဖြင့် သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“မောင်လေး ယူထားချင်ရင် ယူထားလို့ရပါတယ်။ အစ်မက ဘာမှဝင်ပြောလို့ မရပါဘူး။ အရင်ကတော့ အစ်မမေ့လည်း ‌‌မောင်လေးလို တွေးခဲ့ဖူးတယ်။ ‌ဒါပေမဲ့ မောင်လေးသာ မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်သွားရင် မိစ္ဆာသတ်ဖြတ်စံအိမ်မှာ ‌‌မောင်လေးရဲ့ အဆင့်အတန်းက မြင့်သွားလိမ့်မယ်။ မောင်လေး ပိုင်ဆိုင်ရမဲ့ အာဏာနဲ့ အရင်းအမြစ်တွေက မောင်လေးတွေးနိုင်တာထက် ပိုများတယ်”

“ကျွန်‌တော်ကတော့ အမြုတေတွေကို ယူထားချင်တုန်းပဲ”

ကျန်းရီသည် ပြောရင်းဆိုရင်းဖြင့် လက်စွပ်ထဲမှနေ၍ ဟွင့်သွမ့်သားရဲအ‌လောင်းနှစ်လောင်းကို ထုတ်ယူလိုက်သည်။ ဘေးဆောင်၏ အကျယ်အဝန်းတစ်ဝက်လောက်က ထိုအလောင်းနှစ်လောင်းဖြင့် ပြည့်သွားသည်။ ဟဲဝေနှင့် အစ်မမေ့တို့သည် ထိုအလောင်းများကို ကြည့်၍ တိတ်တဆိတ်ခေါင်းညိတ်ကာ ၎င်းတို့က အမှန်ပင် ဟွင့်သွမ့်သားရဲများဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။ ထို့နောက် အစ်မမေ့သည် တောက်ပစွာပြုံး၍ ကျန်းရီကို ပြောလိုက်သည်။

“သူတို့နှစ်ကောင်စလုံးက မီးဓာတ် ဟွင့်သွမ့်သားရဲတွေပဲ။ မောင်လေး သူတို့ရဲ့ အမြုတေတွေကို ယူထားချင်တာ သေချာလား...”

“ဒီဟွင့်သွမ့်သားရဲနှစ်ကောင်ရဲ့ ကိုယ်ပေါ်မှာ အပေါက်ကြီးတွေ ရှိနေတယ်။ အဲ့တော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက သိပ်ဈေးရမှာ မဟုတ်ဘူး။ ဒီနှစ်ကောင်လုံးမှ တိုက်ပွဲအမှတ်တစ်ထောင်ပဲ ရလိမ့်မယ်။ မောင်လေးသာ ဟွင့်သွမ့်သားရဲအမြုတေတွေကိုလည်း ရောင်းမယ်ဆိုရင် အစ်မ မောင်လေးကို တိုက်ပွဲအမှတ်တစ်သောင်း ပေးလိုက်မယ်။ အဲ့ဒါဆို မောင်လေး မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို တန်းတက်နိုင်ပြီ”

ကျန်းရီက ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“ကျွန်တော် ဟွင့်သွမ့်သားရဲအမြုတေတွေကို မရောင်းချင်ပါဘူး”

“ဟူး...”

ဟဲဝေသည် ကျန်းရီကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ သို့သော် ကျန်းရီ၏ မျက်နှာထားက ပြောင်းလဲမသွားပေ။ ထို့ကြောင့် အစ်မမေ့သည် ဆက်ဖျောင်းဖျမနေတော့ဘဲ လက်ဝှေ့ယမ်းလိုက်သည်။ သူမ၏ လက်နှစ်ဘက်က လင်းလက်သွားပြီး လှပသောလက်လေးများပေါ်တွင် အပြာရောင်လက်အိပ်တစ်စုံ ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ဟွင့်သွမ့်သားရဲများ၏ ဦးနှောက်များကို အလွယ်တကူ နှိုက်၍ လက်သီးဆုပ်အရွယ် အပြာရောင်ဟွင့်သွမ့်သားရဲအမြုတေနှင့် အနီရောင်ဟွင့်သွမ့်သားရဲအမြုတေတို့ကို ယူလိုက်သည်။ ထို့နောက် ၎င်းအမြုတေနှစ်ခုကို ကျန်းရီအား ပေးကာ ပြောလိုက်သည်။

“အဲ့ဒါတွေကို ကောင်းကင်သိမ်းထားပါ။ မောင်လေးဆီမှာ ဟွင့်သွမ့်သားရဲအမြုတေတွေ ရှိတယ်ဆိုတာ သူများတွေကို ပြောမပြရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် တစ်ယောက်ယောက်က မောင်လေးက မနာလို ဖြစ်လာနိုင်တယ်...”

“ကျေးဇူးတင်ပါတယ် အစ်မမေ့...”

ကျန်းရီသည် ခေါင်းညိတ်၍ အစ်မမေ့၏ လက်ထဲမှ ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို ယူလိုက်သည်။ အစ်မမေ့သည် ပြုံး၍ ကျန်းရီ၏ ပခုံးပေါ်သို့ လက်တစ်ဘက် အသာအယာတင်ကာ ပြောသည်။

“‌မောင်လေးက အစ်မကို အစ်မမေ့လို့ ခေါ်မှတော့ အစ်မက ‌မောင်လေးကို စောင့်ရှောက်ပေးရမှာပေါ့။ နောက်တစ်ခေါက်ကျ အစ်မ ‌မောင်လေးကို သေရည်ဝယ်တိုက်မယ်.. ဟုတ်ပြီလား”

“ကျန်းရီ... မင်း သတိထားသင့်တယ်။ အစ်မမေ့က ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံတာ။ သူက ချောတဲ့ ယောက်ျားငယ်လေးတွေနဲ့ ကစားရတာကို ကြိုက်တယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲက ယောက်ျားအယောက်တစ်ရာလောက်က သူ ကစားတာကို ခံရပြီးပြီ...”

ကျန်းရီသည် ဟဲဝေ၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ ကြက်သီးများ ထသွား၏။ ထို့နောက် အစ်မမေ့၏ လက်အောက်မှနေ၍ ကိုယ်ကိုရွန့်ကာ ထွက်လိုက်သည်။ အစ်မမေ့သည် ဟဲဝေက ကျန်းရီထံ အသံပို့လွှတ်လိုက်ကြောင်းကို သိသွားပြီး ဟဲဝေကို မျက်စောင်းထိုးလိုက်သည်။ ထို့နောက် သူမ၏ လက်စွပ်က လင်းလက်လာပြီး အနက်ရောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။ သူမသည် ထိုလက်စွပ်ကို ကျန်းရီအား ပေး၍ ပြောလိုက်သည်။

“ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ ပစ္စည်းသိုလှောင်လက်စွပ်ပဲ။ မောင်လေးရဲ့ တိုက်ပွဲအမှတ်တွေကို ဒီလက်စွပ်ထဲမှာ မှတ်တမ်းတင်ထားလိမ့်မယ်။ မောင်လေး ဒီလက်စွပ်ကို နှိုးပြီးရင် အထဲမှာ တိုက်ပွဲအမှတ်တစ်ထောင်ရှိတာကို တွေ့ပါလိမ့်မယ်။ မောင်လေးရဲ့ တိုက်ပွဲအမှတ်တွေကို ဘယ်လိုသုံးရမလဲဆိုတာ သခင်လေးဝေဆီက မေးလိုက်ပေါ့...”

“ပြီးတော့ မောင်လေး အဆင့်တက်ခန်းမကို သွားပြီး တရားဝင်တပည့်အဆင့်ကို တက်လိုက်ဦး။ အစ်မရဲ့ တာဝန်ချိန်က ခဏနေရင် ပြီးတော့မှာ။ တကယ်လို့ မောင်လေး သေရည်သောက်ချင်တယ်ဆိုရင် အစ်မကို လာရှာပေါ့။ အစ်မက ‌စောင့်ရှောက်ပေးနေရင် မောင်လေး မိစ္ဆာသတ်ဖြတ်စံအိမ်မှာ အဆင်ပြေမှာပါ”

***

All Chapters