ကျန်းရှောင်နူကို ရှာတွေ့ပြီ
Vol. 94 Ch. 1304
“ကျန်းရီ... အခုကစပြီး မင်းတို့နှစ်ယောက် ဒီမှာနေကြပေါ့။ ငါ့အိမ်က မင်းတို့ ဘေးမှာပဲ”
ဟဲဝေသည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ကို နတ်သိမ်းငှက်မျိုးနွယ်စု၏ အရှေ့ပိုင်းရှိ သစ်သားအိမ်တစ်လုံးသို့ ခေါ်သွားသည်။ အိမ်သည် ကြီးလည်းမကြီးသလို၊ သေးလည်းမသေးပေ။ အိမ်ထဲတွင် အခန်းသုံးခန်းရှိသည်။ ထို့ပြင် အိမ်က မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်နှင့် ဆယ်မိနစ်အကွာတွင်သာ ဖြစ်သဖြင့် တည်နေရာ မဆိုးပေ။
လမ်းတွင် ဟဲဝေသည် ကျန်းရီကို မျိုးနွယ်စု၏ အရှေ့ပိုင်းက မိစ္ဆာသတ်ဖြတ်စံအိမ်၏ ပိုင်နက်၊ မြောက်ပိုင်းက စစ်နတ်ဘုရားစံအိမ်၏ ပိုင်နက်၊ အနောက်ပိုင်းက တိရှစံအိမ်၏ ပိုင်နက်၊ တောင်ပိုင်းက မျိုးနွယ်စုမှ မျိုးနွယ်ဝင်များ နေထိုင်ရာအပိုင်းဟူ၍ ရှင်းပြခဲ့သည်။ ဈေးဆိုင်များနှင့် သေရည်ဆိုင်များက ထိုတောင်ပိုင်းတွင် ရှိပေသည်။
အကယ်၍ လူတစ်ယောက်က စံအိမ်သုံးခုထဲက မည်သည့်စံအိမ်ထဲမှ မဝင်လျှင် မျိုးနွယ်စုတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ မျိုးနွယ်စုအပြင်သို့ ထွက်၍ ခြေဦးတည့်ရာသာ သွားနေရမည်ဖြစ်သည်။ လမ်းတွင် ဟွင့်သွမ့်သားရဲများနှင့် တွေ့လျှင်မူ အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။ ထို့ပြင် ဟွင့်သွမ့်သားရဲများနှင့် မတွေ့လျှင်ပင် မျိုးနွယ်စုအပြင်တွင် သတ်ဖြတ်မှုကို မတားမြစ်ထားပေ။ အကယ်၍ လူတစ်ယောက်သည် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိလျှင် အလွယ်တကူ သတ်ပစ်ခံရမည်ဖြစ်သည်။
ယခုတွင် ကျန်းရီသည် တိုက်ပွဲအမှတ်တစ်ထောင် ရရှိလိုက်ပြီဖြစ်၍ တရားဝင်တပည့် ဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူက ကိုယ်ပိုင်အိမ် ရရှိခဲ့သည်။ သို့သော် ဟဲဝေက စာရင်းဝင်တပည့်သာ ရှိသေးသော်လည်း ကိုယ်ပိုင်အိမ် ရရှိထား၍ ကျန်းရီ စိတ်ဝင်စားနေသည်။ ဟဲဝေ၏အဖေက သိမ်းငှက်ပြာစီရင်စုနယ်တွင် အမှန်ပင် အရေးပါသူတစ်ယောက် ဖြစ်နိုင်ပေသည်။ နတ်သိမ်းငှက်မျိုးနွယ်စုမှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပ်မှူးက ဟဲဝေ၏အဖေက အတော်လေး မျက်နှာသာပေးနေသည်။
ကျန်းရီသည် တိုက်ပွဲအမှတ်များကို မည်သို့ အသုံးပြုရမည်ဖြစ်ကြောင်း နားလည်လာပြီဖြစ်သည်။ တိုက်ပွဲအမှတ်များကို မိစ္ဆာသတ်ဖြတ်စံအိမ်၏ ဆန်းကြယ်စွမ်းရည်ခန်းမတွင် ဆန်းကြယ်စွမ်းရည်များ သို့မဟုတ် လျှို့ဝှက်အတတ်များ ဝယ်ယူရန်၊ နတ်ဘုရားအသုံးအဆောင်များ၊ ရတနာများနှင့် လဲလှယ်ရန်နှင့် အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို ငှားရန် အသုံးပြုနိုင်သည်။ ထို့ပြင် တိုက်ပွဲအမှတ်များကို အထူးဆန်းကြယ်နယ်မြေများထဲဝင်၍ သဘာဝဆန်းကြယ်စွမ်းရည်များကို လေ့လာရန်အတွက်လည်း အသုံးပြုနိုင်သေးသည်။ တိုက်ပွဲအမှတ်များကို သုံးနိုင်သောနေရာများစွာ ရှိ၍ ၎င်းတို့က ကုန်လွယ်ပေသည်။ ဥပမာအနေဖြင့် အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ တစ်ရက်အသုံးပြုခကို ကြည့်ပါ။ ယင်းကပင် တိုက်ပွဲအမှတ်တစ်ထောင် လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ၏ တိုက်ပွဲအမှတ်များက တစ်ရက်စာသာ ခံမည်ဖြစ်သည်။
“အနက်ရောင်နတ်ဘုရား... ခင်ဗျား ဒီမှာနေပြီး ကျင့်ကြံပါ။ ခင်ဗျား မကြာခင် မိစ္ဆာနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ ကျွန်တော် ကူညီပေးပါမယ်”
ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို အခန်းထဲတွင်နေ၍ ကျင့်ကြံရန် ပြောလိုက်သည်။ အနက်ရောင်နတ်ဘုရား၏ တိုက်ပွဲစွမ်းအားက အလွန်အားနည်းသည်။ သူ့တွင် မိစ္ဆာနတ်ဘုရားခန္ဓာပင် မရှိချေ။ အကယ်၍ သူသာ ကျန်းရီနှင့် အပြင်သွားမည်ဆိုပါက ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ကျန်းရီက သူ့ကို အထက်ဘုံသို့ ခေါ်ခဲ့ခြင်းဖြစ်ရာ ကူညီပေးရန် တာဝန်ရှိပေသည်။
အနက်ရောင်နတ်ဘုရားသည် အခန်းထဲသို့ တိတ်တဆိတ် ဝင်သွားသည်။ သူသည်လည်း လက်ရှိတွင် သူက ကျန်းရီအတွက် မည်သို့မှ အသုံးမဝင်ကြောင်း သိပေသည်။ သူ ကျန်းရီနှင့်အတူ တာဝန်များ ထမ်းဆောင်ရန် လိုက်သွားလျှင် သူက ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် အိမ်တွင်နေ၍ ကျင့်ကြံနေခြင်းက ပိုကောင်းပေသည်။
“ညီလေး... ဒီဘုံက အထူးသေရည်ကို လာမြည်းကြည့်စမ်းပါ”
ဟဲဝေသည် အားနာမနေပေ။ သူက ဧည့်ခန်းထဲတွင် ထိုင်၍ သူ့သိုလှောင်လက်စွပ်ထဲမှနေ၍ သေရည်တစ်အိုးကိုထုတ်ကာ ကျန်းရီအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။ ထို့နောက် သူ ပြုံးကာ အကြံပြုလိုက်သည်။
“ငါတို့ တောင်ပိုင်းကိုသွားပြီး ကြည့်ကြမလား။ အဲ့မှာ အထက်ဘုံက မိန်းမတချို့နဲ့ ပျော်ပါးလို့ရတယ်။ နယ်ခံနတ်ဘုရားမျိုးနွယ်တွေနဲ့ အိပ်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လို့ ငါ ကြားထားတယ်...”
“မသွားတော့ပါဘူး”
ကျန်းရီ ခေါင်းခါလိုက်သည်။ ယခုတွင် သူသည် အဘယ်သို့ ထိုစိတ်မျိုး ရှိနေပါမည်နည်း။ ထို့ပြင် သူက ရီချန်တို့ကို မပွေရှုပ်ပါဟု ကတိပေးခဲ့သည်။ ကျန်းရှောင်နူကလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီတစ်ယောက် အလွန်စိုးရိမ်နေသည်။ လက်ရှိအချိန်တွင် ဆောင်ကြာမြိုင်မှ မိန်းကလေးများ မဆိုထားနှင့် သခင်မလောဖြစ်နေလျှင်ပင် ကျန်းရီ စိတ်မဝင်စားပေ။
“မင်းက ပျင်းစရာပဲ။ အဲ့လိုဆိုမှတော့ ငါ့ဘာငါပဲ သွားရတော့မှာပေါ့”
ထိုသို့ဖြင့် ဟဲဝေတစ်ယောက်တည်း ထွက်သွားလေသည်။ ကျန်းရီသည် ဟဲဝေထွက်သွားသောအခါ အိမ်တံခါးမှ အစီအရင်ကို နှိုးလိုက်၏။ ထိုအခါ အိမ်တစ်ခုလုံး လင်းလက်သွားပြီး အဖြူရောင်အကာအရံတစ်ခုက အိမ်ကို လွှမ်းခြုံသွားလေသည်။
ထို့နောက်တွင် ကျန်းရီသည် သူ့အခန်းထဲသို့ ဝင်၍ အခန်း၏ အကာအရံကိုလည်း နှိုးလိုက်သည်။ ပြီးမှ ဟွင့်သွမ့်သားရဲအမြုတေတစ်ခုကို ထုတ်၍ ၎င်းအား ကောင်းကင်စွမ်းအားနှင့် လွှမ်းခြုံကာ ဖြည်းဖြည်းချင်း သန့်စင်လိုက်လေသည်။
ခြောက်နာရီကြာပြီးနောက် အနီရင့်ရောင် ဟွင့်သွမ့်သားရဲအမြုတေက တောက်ပလာပြီး ၎င်းမှနေ၍ နှစ်လိုဖွယ်ညှို့ဓာတ်တစ်ခု ထွက်လာသည်။ ထိုညှို့ဓာတ်က ကောင်းကင်မိုးကြိုးကျွန်းရှိ မိုးကြိုးတောင်များပေါ်မှ ညှို့ဓာတ်ကဲ့သို့ပင်။ ထို့ကြောင့် ကျန်းရီ အံ့အားသင့်သွားသည်။ သူသည် ထိုညှို့ဓာတ်ကို အသုံးပြု၍ မီးဓာတ်စည်းမျဉ်းကို တဖြည်းဖြည်း လေ့လာနိုင်မည့်ပုံပင်။
ဟွင့်သွမ့်သားရဲအမြုတေကို သန့်စင်ပြီးသည်နှင့် ၎င်းက တန်ဖိုးမရှိတော့ဘဲ တိုက်ပွဲအမှတ်များနှင့် လဲလှယ်၍ရတော့မည် မဟုတ်ပေ။ သို့သော် ကျန်းရီတွင် မည်သည့်နောင်တမှ မရှိချေ။ ယခုတွင် သူ မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်သွားလျှင် စောစောသေရုံသာ ရှိမည်။ လုံလောက်သော စွမ်းအားမရှိလျှင် သူ ရှင်သန်နိုင်မည် မဟုတ်ပေ။
ကျန်းရီသည် ထိုညှို့ဓာတ်ကို ချက်ချင်း လေ့လာရန် မကြိုးစားလိုက်ဘဲ ဟွင့်သွမ့်သားရဲအမြုတေကို ကောင်းကင်စွမ်းအားဖြင့် ဆက်လွှမ်ခြုံလိုက်သည်။ ဟွင့်သွမ့်သားရဲအမြုတေကို နှိုး၍ အနီရောင်မီးတောက်များ ထုတ်လွှတ်နိုင်၊ မလွှတ်နိုင်ကို သူ သိလိုနေသည်။ သူ မထုတ်လွှတ်နိုင်လျှင် အဆုံးအရှုံး ကြီးသွားပေလိမ့်မည်။
ဟဲဝေက ကျန်းရီကို မလိမ်ခဲ့ပေ။
ဆယ်မိနစ်ကြာပြီးနောက် ကျန်းရီသည် ဟွင့်သွမ့်သားရဲအမြုတေမှ ထွက်လာသော အနီရောင်မီးတောက်လုံးတစ်လုံးကို ခံစားလိုက်ရသည်။ ထိုအခါ မီးဝိညာဉ်ပုလဲက ချက်ချင်း လင်းလက်လာပြီး မီးတောက်ကို ရုတ်ခြည်း စုပ်ယူလိုက်သည်။ အခန်းအကာအရံကလည်း လင်းလက်လာသည်။ အကယ်၍ မီးဝိညာဉ်ပုလဲကသာ မီးတောက်များကို မစုပ်ယူလိုက်လျှင် အခန်းအကာအရံက မြင့်မားသော အပူအချိန်ကြောင့် ပျက်စီးသွားမည်ဖြစ်သည်။
“ကောင်းပြီ...”
ကျန်းရီ စိတ်တက်ကြွသွားသည်။ ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို ပိုင်ဆိုင်ထားလျှင် မီးတောက်များကို အကန့်အသတ်မရှိ ထုတ်လွှတ်နိုင်ပြီဖြစ်သည်။ နောက်ပိုင်းတွင် သူ မီးတောက်နတ်ဘုရားဒိုင်းကို ဖန်တီးနိုင်လိုက်လျှင် သူ၏တိုက်ခိုက်စွမ်းအားသာမက ခုခံစွမ်းအားကလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
ကျန်းရီသည် အခြားဟွင့်သွမ့်သားရဲအမြုတေကို လျင်မြန်စွာ ထုတ်ယူ၍ အစောကအတိုင်း ထပ်မံသန့်စင်လိုက်သည်။ ခြောက်နာရီကြာပြီးနောက် ဒုတိယ ဟွင့်သွမ့်သားရဲအမြုတေကိုလည်း သန့်စင်ပြီးသွားသည်။ ကျန်းရီ၏ စိတ်ထဲတွင် အခြားညှို့ဓာတ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ကောင်းကင်စွမ်းအားကို သုံး၍ ဟွင့်သွမ့်သားရဲအမြုတေကို နှိုးလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် ထိုဟွင့်သွမ့်သားရဲအမြုတေထဲမှနေ၍ အပြာရင့်ရောင်မီးတောက်များ ထွက်လာသည်။
‘ကျင်ကြံရမယ်...’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ မီးတောက်များကို စုစည်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်စွမ်းအားကိုလည်း ကျင့်ကြံလိုက်သည်။ သူသည် စိတ်ထဲတွင် ပေါ်လာသည့် ညှို့ဓာတ်ကိုလည်း လေ့လာ၍ မီးဓာတ်စည်းမျဉ်းကို သိမြင်နားလည်နိုင်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။
ယခုတွင် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ တရားဝင်တပည့်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် တာဝန်များ လက်ခံ၍ တိုက်ပွဲအမှတ်များ ရယူနိုင်သည်။ သို့သော် သူ့တွင် ထိုအရာများကို အာရုံစိုက်ရန် အချိန်မရှိပေ။ ယခု ကျန်းရီ၏ ဦးစားပေးမှာ ကျန်းရှောင်နူကို ရှာရန်ဖြစ်သည်။ သူသည် အခြားအရာများကို အရေးစိုက်မည် မဟုတ်ချေ။ သို့သော် သူ့တစ်ယောက်တည်းအစွမ်းနှင့် ကျန်းရှောင်နူကို ရှာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဟဲဝေ၏အဖေ ရောက်လာသည်အထိ စောင့်ရပေမည်။
ကျန်းရီသည် ဟဲဝေ၏အဖေ ရောက်လာသည့်အချိန်အထိ ဘယ်ကိုမှ မသွားဘဲ ကျင့်ကြံရင်း စောင့်နေရန် ဆုံးဖြတ်ထားပေသည်။
***
အနိမ့်ဘုံအချိန် ရက်ငါးဆယ်နှင့် ညီမျှသည့် အထက်ဘုံအချိန် နေ့ဝက်ကြာပြီးနောက် ဟဲဝေ၏အဖေ ရောက်ရှိလာသည်။
ဟဲဝေက စကားတည်သူတစ်ယောက်ဖြစ်သည်။ သူသည် ချက်ချင်းပင် သူ့အဖေအား တပ်မှူးရာထူးကို အသုံးချ၍ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၏ သတင်းကွန်ရက်ကိုသုံးကာ ကျန်းရှောင်နူကို ရှာပေးရန် အကူအညီတောင်းလိုက်သည်။ သို့သော် စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက်တွင် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် ကျန်းရှောင်နူဟုခေါ်သော အမျိုးသမီးတပည့်မရှိကြောင်း သိလိုက်ရသည်။ ယင်းမှာ ကျန်းရှောင်နူက မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ မဝင်ခဲ့ဟူသော အဓိပ္ပာယ်ပင်။
တပ်မှူးဟဲသည် သူ၏အာဏာကို သုံး၍ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူတိုင်းအတွက် တာဝန်တစ်ခု ထုတ်လိုက်သည်။ ကျန်းရှောင်နူအကြောင်းကို သိသူ သို့မဟုတ် ကျန်းရှောင်နူကို ရှာတွေ့သူတိုင်း ချက်ချင်း သတင်းလှမ်းပိုရမည်ဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးဝေ... ကျွန်တော် သခင်လေးအပေါ် အကြွေးတစ်ခု တင်သွားပါပြီ”
ဟဲဝေက ရောက်လာပြီး အခြေအနေကို ရှင်းပြလိုက်သောအခါ ကျန်းရီသည် ဟဲဝေ၏ လက်ကို ကိုင်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။ တပ်မှူးများက တာဝန်ထုတ်နိုင်သော အခွင့်အာဏာရှိသည်။ သို့သော် တစ်နှစ်တွင် အကြိမ်အနည်းငယ်သာ တာဝန်ထုတ်နိုင်သည်။ ဟဲဝေကြောင့်သာ မဟုတ်လျှင် တပ်မှူးဟဲသည် ကျန်းရီကို ကူညီပေးမည် မဟုတ်ပေ။
ဟဲဝေက ပြုံး၍ ကျန်းရီကို ပခုံးပုတ်ကာ ပြန်ပြောလိုက်သည်။
“ဟီးဟီး...ကောင်လေး... မင်း မှတ်ထားပါ။ မင်းကျော်ကြားလာတဲ့တစ်နေ့ကျရင်သာ ငါ့ကို မသိချင်ယောင်မဆောင်ပါနဲ့..ဟုတ်ပြီလား။ စိတ်အေးအေးနေပါ... တာဝန်ထုတ်လိုက်ပါပြီ။ လူတိုင်းက အဲ့လိုတာဝန်တွေကို သဘောကျတယ်။ တကယ်လို့ တစ်ယောက်ယောက်က တစ်ခုခု တွေ့ရင် ဒီကို ချက်ချင်းသတင်းလှမ်းပို့မှာပါ”
“အို့..ဒါနဲ့ သခင်လေးဝေ... သခင်လေးက သခင်လေးရဲ့အဖေနဲ့အတူ နတ်မြေခွေးမြို့ကို လိုက်သွားမှာလား”
ကျန်းရီသည် မျက်နှာရှုံ့၍ မေးလိုက်သည်။ တပ်မှူးဟဲက နတ်မြေခွေးမြို့တွင် တာဝန်ကျနေသည်။ သူက ဟဲဝေကို သူ့လက်အောက်တွင်ထားကာ စောင့်ရှောက်လိုလောက်သည်။ တိရှဘုံ၌ ကျန်းရီတွင် မိတ်ဆွေများ မရှိပေ။ ဟဲဝေက သူ၏တစ်ဦးတည်းသောမိတ်ဆွေ ဖြစ်သည်။
“အခုတော့ မလိုက်သေးပါဘူး”
ဟဲဝေက လက်ဝှေ့ယမ်း၍ ပြောသည်။
“ငါ မိစ္ဆာသတ်ဖြတ်စစ်သူကြီး မဖြစ်သေရင်း ရွှေ့ပြောင်းဖို့ အဆင့်မမီသေးဘူး။ ဒီတစ်ခေါက် ငါ့အဖေလာခဲ့တာက ဒီကတပ်မှူးကို လာနှုတ်ဆက်ပြီး ငါ့ကို စောင့်ရှောက်ပေးဖို့ လာပြောတာပဲ။ သူ့မှာ ငါ့ကို ရွှေ့ပြောင်းပေးဖို့ အာဏာမရှိသေးဘူး”
ဟဲဝေ စကားပြောနေစဉ်တွင် သူ့ခါးမှ သတင်းပို့ကျောက်စိမ်းအဆောင်က လင်းလက်လာသည်။ သူသည် ထိုအဆောင်ကို ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဟားဟားဟား... အဖေက သတင်းလှမ်းပို့တယ်။ မင်းရဲ့ ညီမလေးကို ရှာတွေ့ပြီတဲ့”
***