လုပ်ကြံသတ်ဖြတ်ရန်တာဝန်
Vol. 94 Ch. 1305
“တကယ်လား... လာပါ.. မြန်မြန်သွားကြစို့”
ကျန်းရီ တုန်ယင်သွားသည်။ ယင်းက သူ အထက်ဘုံကို ရောက်ပြီးနောက် ကြားရသော အကောင်းဆုံးသတင်းဖြစ်သည်။ သူသည် ကျန်းရှောင်နူ ရှိနေရာသို့ သွားရန် မစောင့်နိုင်တော့ပေ။ ဟဲဝေသည် ကျန်းရီကို ခေါ်၍ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ဆီသို့ ပြေးသွားလိုက်သည်။ ထို့နောက် ရဲတိုက်ထဲရှိ စင်္ကြံလမ်းတစ်လမ်းအတိုင်း သွားလိုက်ကြသည်။
ထိုစင်္ကြံလမ်းက အလွန်ကြီးမားသော ဘေးဆောင်တစ်ဆောင်သို့ ဦးတည်သည်။ ထိုဘေးဆောင်ထဲတွင် အခန်းတစ်ရာနီးပါးရှိသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရာထူးမြင့်သူများသာ ထိုနေရာတွင် နေနိုင်ပုံရသည်။
ဟဲဝေသည် ပဉ္စမမြောက်အခန်းသို့ လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။ ထိုအခါ အခန်းထဲမှနေ၍ ဟိတ်ဟန်ကောင်းသော အဘိုးအိုတစ်ယောက် ထွက်လာကာ ကျန်းရီကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။
“ဝင်ခဲ့ကြ...”
“အရှင်ဟဲကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီသည် အခန်းထဲသို့ ဝင်၍ အလေးအနက် ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။ ဟဲဝေကလည်း ကုပ်ကုပ်လေး ရပ်နေသည်။ တပ်မှူးဟဲက မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သို့သော် သူ့ချပ်ဝတ်ရင်ဘတ်ရှိ သွေးနီရောင် ဝံပုလွေခေါင်းတံဆိပ်ဘေးတွင် ဓားနှစ်ချောင်းကန့်လတ်ဖြတ်နေပုံတစ်ပုံ ရှိနေသည်။ ယင်းမှာ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်၏ တံဆိပ်ဖြစ်သည်။ ထိုတံဆိပ်က ဩဇာအာဏာနှင့် ရာထူးကို ကိုယ်စားပြုပေသည်။
တပ်မှူးဟဲက စားပွဲပေါ်သို့ စာလိပ်တစ်လိပ် ပစ်တင်၍ ပြောလိုက်သည်။
“လူကို ရှာတွေ့ပြီ။ သူက ခြင်္သေ့ပြာမြို့မှာပဲ။ အဲ့မြို့က ဒီကနေဆို တော်တော်ဝေးတယ်။ ကောင်လေး.. မင်းရဲ့ လက်ရှိအင်အားနဲ့ အဆင့်အရ မင်းက အဆင့်မြင့် တာဝန်တွေကို ယူနိုင်ဦးမှာ မဟုတ်ဘူး။ အဲ့တော့ မင်း ခြင်္သေ့ပြာမြို့ကို သွားနိုင်မှာ မဟုတ်ဘူး။ မင်း ဆက်ကျင့်ကြံပြီး တာဝန်တွေကို များနိုင်သမျှများများ ယူပါ။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို ရောက်မှ ခြင်္သေ့ပြာမြို့ကို သွားနိုင်မယ့် တာဝန်တွေကို ရလိမ့်မယ်။ အခုတော့... မင်း သွားလို့မရဘူး”
“ဒါက...”
ကျန်းရီ၏ တောက်လောက်နေသော နှလုံးသားသည် ရေအေးနှင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူက ဟဲဝေကို လှည့်ကြည့်လိုက်ရာ ဟဲဝေက ရှင်းပြသည်။
“မင်းက မိစ္ဆာသတ်ဖြတ်စစ်သူကြီး မဟုတ်ဘူးဆိုရင် နတ်သိမ်းငှက်မြို့နားက နေရာတွေကို သွားရတဲ့ တာဝန်တွေကိုပဲ ရလိမ့်မယ်။ နတ်သိမ်းငှက်မြို့ရဲ့ ပိုင်နက်ထဲက ထွက်သွားရမဲ့ တာဝန်တွေကို ယူလို့ရမှာ မဟုတ်ဘူး။ ပြီးတော့ တာဝန်အရ သွားတာမဟုတ်ဘူးဆိုရင် နတ်ဘုရားလှေ စီးလို့ရမှာ မဟုတ်ဘူး။ မင်း လမ်းလျှောက်သွားမယ်ဆိုရင် ခြင်္သေ့ပြာမြို့ကို ရောက်ဖို့ အထက်ဘုံအချိန် လဝက်လောက် ကြာလိမ့်မယ်။ အဲ... စီးပွားဖြစ် ပြေးဆွဲတဲ့ နတ်ဘုရားလှေကိုတော့ စီးလို့ရတယ်။ ဒါပေမဲ့ မင်း နတ်ဘုရားအမြစ်တစ်ထောင် လိုလိမ့်မယ်”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ စာလိပ်ကို ယူ၍ ခေတ္တ ဖတ်ရှုလိုက်သည်။ ဖတ်ရှုပြီးနောက် တပ်မှူးဟဲကို ထပ်မံ ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်... အရှင့်ရဲ့ ကျေးဇူးတရားကို ကျွန်တော် အမြဲမှတ်သားထားမှာပါ။ ကျွန်တော် သွားပါတော့မယ်”
တပ်မှူးဟဲက လက်ဟန်ပြလိုက်ရာ ဟဲဝေက ကျန်းရီကို အပြင်ခေါ်သွားသည်။ ထို့နောက် ဟဲဝေက အခန်းထဲသို့ ပြန်ဝင်လာပြီး တပ်မှူးဟဲကို ကြည့်၍ ပြောလိုက်သည်။
“အဖေ... ဘာလို့ သူ့ကို မကူညီလိုက်တာလဲ။ အဖေ သူ့ကို ခြင်္သေ့ပြာမြို့ဆီ ခေါ်သွားနိုင်တယ်မလား။ သူက ကျွန်တော့် မိတ်ဆွေပါ”
“ဟွန်း...”
တပ်မှူးဟဲက နှာမှုတ်၍ ပြန်ပြောသည်။
“အဲ့ကောင်လေးက ပါရမီထူးတယ်ဆိုပေမဲ့ ဒီတိရှဘုံမှာ ပါရမီထူးတဲ့သူတွေ ဘယ်လောက်တောင် ရှိလဲ။ နေ့တိုင်း ပါရမီထူးတဲ့သူတွေ ဘယ်နှစ်ယောက်လောက် သေနေကြလဲ။ သူ တစ်လအတွင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို ရောက်မယ်ဆိုရင် ငါ သူ့ကို ခြင်္သေ့ပြာမြို့ဆီ ခေါ်သွားပေးမယ်။ မဟုတ်ရင်တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါ့ကို နောက်တစ်ခါအာရုံလာမနောက်နဲ့တော့။ ငါက ဗုဒ္ဓမဟုတ်ဘူး။ အဲ့လောက် အကြင်နာတရားမရှိဘူး”
“ဟုတ်ကဲ့ပါ”
ဟဲဝေသည် တရိုတသေ လက်ဆုပ်၍ ထွက်သွားလိုက်သည်။ ထို့နောက် အိမ်ပြန်သွားသော ကျန်းရီကို သူ့အဖေပြောခဲ့သည့် အရာအားလုံး ပြန်ပြောပြလိုက်သည်။
ကျန်းရီက ကျန်းရှောင်နူနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ရေးသားထားသော စာလိပ်ကို ကိုင်ထားသည်။ ကျန်းရှောင်နူက တိရှစံအိမ်ထဲဝင်ခဲ့ပြီး ယခုတွင် တရားဝင်တပည့်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သူမသည် ခြင်္သေ့ပြာမြို့ထဲတွင် အလွန်ကျော်ကြားသော အလှပဂေးလေးတစ်ယောက်ဖြစ်နေသည်။ ယောက်ျားပျိုများစွာက သူမကို ပိုးပန်းနေကြသည်။ ထို့ကြောင့် တပ်မှူးဟဲက တာဝန်ထုတ်လိုက်သောအခါ ခြင်္သေ့ပြာမြို့ရှိ မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်များက သူမအကြောင်းများကို ချက်ချင်း သတင်းပို့နိုင်ခဲ့ခြင်းဖြစ်သည်။
“တစ်လအတွင်းမှာ မိစ္ဆာသတ်ဖြတ်စစ်သူကြီး ဖြစ်ရမှာလား”
ယခုတွင် ကျန်းရီသည် သူ၏ ဆုံးဖြတ်ချက်ကို နောင်တရနေပေပြီ။ ထိုအကြောင်းကိုသာ သူ အစောကသိခဲ့လျှင် ဟွင့်သွမ့်သားရဲအလောင်းနှစ်လောင်းကို တိုက်ပွဲအမှတ်များနှင့် လဲ၍ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို တက်လိုက်မည်ဖြစ်သည်။ သို့သော် အခြေအနေများကို သေချာတွေးတောကြည့်သောအခါ ဟဲဝေ၏အဖေက သူ့၏ တိုက်ခိုက်စွမ်းအား အစစ်အမှန်ကို စမ်းသပ်ရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ အကယ်၍ ကျန်းရီက ဟွင့်သွမ့်သားရဲများကို အသုံးပြု၍ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို တက်ခဲ့လျှင် ဟဲဝေ၏အဖေက ကျန်းရီထံမှ အခြားအရာတစ်ခုကို တောင်းဆိုနိုင်လောက်ပေသည်။
“ကျွန်တော် တာဝန်တစ်ခု သွားယူမယ်”
ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။ သူသည် ဆက်ထိုင်မနေနိုင်တော့သဖြင့် ဟဲဝေကို နှုတ်ဆက်ကာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တာဝန်ရုံးသို့ သွားလိုက်သည်။ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို ရောက်ရန် တိုက်ပွဲအမှတ်တစ်သောင်း လိုအပ်သည်။ ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို အမြန်ဆုံး ရောက်နိုင်ရန် တာဝန်များကို များနိုင်သမျှ များများယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
တာဝန်ရုံးထဲသို့ ရောက်သောအခါ ကျန်းရီသည် အစ်မမေ့ကို တွေ့လိုက်ရသည်။ သူမသည် တိုက်ပွဲအမှတ်ခန်းမတွင် မဟုတ်တော့ပေ။ ကြည့်ရသည်မှာ မိစ္ဆာသတ်ဖြတ်စံအိမ်က လူများကို အလှည့်ကျ တာဝန်ပြောင်းပေးပုံပင်။ ထိုအခိုက်တွင် တာဝန်ရုံးထဲ၌ လူတစ်စုက တာဝန်များ လက်ခံနေကြသည်။ အစ်မမေ့က ကြာပြုံးပြုံးကာ အလွန်ပွင့်ပွင့်လင်းလင်း ပြုမူနေသည်။
အစ်မမေ့သည် ကျန်းရီ ဝင်လာသည်ကို တွေ့သောအခါ ပြောလိုက်သည်။
“ကဲ...အားလုံးပဲ သွားကြပါတော့။ ကျွန်မကို အခွင့်အရေး ယူမနေကြနဲ့တော့။ မဟုတ်ရင် နောက်တစ်ခါကျ ရှင်တို့ကို တာဝန်ကောင်းတွေ ပေးတော့မှာ မဟုတ်ဘူးနော်...”
တာဝန်ရုံးထဲရှိ လူ လေး၊ငါးယောက်က မိစ္ဆာသတ်ဖြတ်စံအိမ်၏ သာမန်တပည့်များ ဖြစ်သည်။ သို့သော် သူတို့သည် ငယ်ရွယ်ပုံ မပေါ်ကြတော့ပေ။ ကျန်းရီ ဝင်လာသည်ကို မြင်လိုက်သောအခါ အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ပြုံး၍ ဆိုသည်။
“အစ်မမေ့က ကောင်လေးချောချောလေးကို တွေ့တာနဲ့ ကျုပ်တို့ကို လျစ်လျူရှုလိုက်ပြီ။ ဘယ်လာက်တောင် ရင်ကွဲစရာ ကောင်းလိုက်လဲ”
“ဟုတ်တယ်။ ဟိုတစ်ရက်က အစ်မမေ့က ကျုပ်ကို သူ့ရဲ့ အသည်းနှလုံးလေးလို့ ခေါ်ခဲ့သေးတယ်။ အခု သူက ချစ်သူအသစ်ရသွားပြီဆိုတော့ ကျုပ်ကို အရေးမစိုက်တော့ဘူး။ အစ်မမေ့... အစ်မမေ့က သစ္စာမရှိဘူး...”
ဆံပင်အဆီရွှဲနေသော လူငယ်တစ်ယောက်က အစ်မမေ့ကို ညုတုတု ပြောလိုက်သည်။ ထိုအခါ အစ်မမေ့သည် အေးစက်စက် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“ရှင်တို့က တာဝန်ကောင်းတွေကို မလိုချင်တဲ့ပုံပဲ... အဲ့လိုဆိုမှတော့....”
ယောက်ျားအုပ်သည် အစ်မမေ့က ဒေါသထွက်လာသည်ကို တွေ့လိုက်သောအခါ မည်သို့မှ ဆက်မပြောကြတော့ဘဲ ကုပ်ကုပ်ကလေး ထွက်သွားကြတော့သည်။ ကျန်းရီသည် ထိုအဖြစ်အပျက်များကို မမြင်ဟန်ပြု၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“အစ်မမေ့... ကျွန်တော်က တာဝန်တစ်ခု ယူမလို့ပါ။ ကျွန်တော် တစ်ကိုယ်တော်တာဝန်ကို ယူချင်ပါတယ်။ တာဝန်က တိုက်ပွဲအမှတ်များလေလေ၊ ကောင်းလေလေပါပဲ။ နတ်သိမ်းငှက်မျိုးနွယ်စုနားမှာပဲ ထမ်းဆောင်ရမဲ့ တာဝန်ဆိုရင်တော့ အကောင်းဆုံးပေါ့”
“ခစ်ခစ်...”
အစ်မမေ့က ငွေရောင်ဖိနပ်လေးဖြင့် ကျန်းရီထံ လျှောက်လာ၏။ သူမက ယနေ့တွင် သူမ၏ ဖြူဝင်းနေသော ခါးလေးကို ပေါ်နေစေသည့် ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူမ၏ သွယ်လျသော လက်ကလေးက ကျန်းရီ၏ ပခုံးပေါ် ရောက်လာပြီး ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ ပြောသည်။
“မောင်လေးကျန်း... မောင်လေးက လိုအပ်ချက်တွေ အရမ်းများတာပဲ။ မောင်လေး လိုချင်တဲ့တာဝန်မျိုးက ရှိခဲတယ်။ အစ်မက မောင်လေးကို ကူညီပေးချင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက မောင်လေးက သိတတ်လား၊ မသိတတ်ဘူးလားဆိုတဲ့ အပေါ်မှာ မူတည်တယ်”
“အန်...”
ကျန်းရီ၏ နှလုံးသားက အေးစက်သွားသည်။ သို့သော် သူ့မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြပေ။ သူသည် ထိုအစ်မမေ့ကို အတန်ငယ် ရွံ့ရှာနေပေပြီ။ သူမ၏ ရည်ရွယ်ချက်က ရှင်းသည်။ အကယ်၍ ကျန်းရီက သူမနှင့် အိပ်မည်ဆိုလျှင် သူမက သူ့ကို အကောင်းဆုံးတာဝန်များ ပေးမည်ဖြစ်သည်။ ကျန်းရီက မနာခံလျှင်မူ အန္တရာယ်အများဆုံးတာဝန်များနှင့် ပင်ပန်းရသော်လည်း တိုက်ပွဲအမှတ်အနည်းဆုံးသာရမည့် တာဝန်များကိုသာ ရပေလိမ့်မည်။
ကျန်းရီသည် အရှက်ခွဲခံမည့်အစား အသေသာခံမည့် လူစားမျိုးပင်။ ထိုအခိုက်တွင် သူ၏ မာနက သူ၏ဦးနှောက်ကို အနိုင်ယူသွားသဖြင့် သူ အစ်မမေ့ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“အစ်မမေ့... ကျွန်တော် အစ်မကို ‘အစ်မ’လို့ ခေါ်တာ လေးစားလို့ပါ။ ကျွန်တော်က ယောက်ျားပျက်တစ်ယောက် မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော် လေးစားတာကို ခံချင်သေးတယ်ဆိုရင် အစ်မတစ်ယောက်လို ပြုမူပါ”
ကျန်းရီ၏ စကားလုံးများက အလွန်ပါးနပ်သည်ဟု ထင်ရသော်လည်း အမှန်တွင် အလွန်နာကျင်စေပေသည်။ သူသည် အစ်မမေ့က မိန်းမပျက်ဆန်သည်ဟု စောင်းမြောင်းပြောလိုက်ခြင်းပင်။ ထို့ကြောင့် အစ်မမေ့၏ မျက်ဝန်းများ အေးစက်သွားသည်။ သူမသည် ကျန်းရီ၏ ပခုံးထက်မှလည်း လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် ကျန်းရီကို ခေတ္တမျှ စိုက်ကြည့်ကာ ခပ်ရေးရေးပြုံး၍ ပြောသည်။
“အစ်မက စိတ်ဓာတ်ခိုင်မာတဲ့ ယောက်ျားတွေကို သဘောကျတယ်။ ကျန်းရီ... မောင်လေးက တာဝန်ကောင်းတစ်ခုကို လိုချင်တာလား။ အစ်မဆီမှာ တာဝန်ကောင်းတစ်ခု ရှိပါတယ်။ လူတစ်ယောက်ကို လုပ်ကြံပေးရုံနဲ့ တိုက်ပွဲအမှတ် တစ်ထောင်ရမယ်။ ပြီးတော့ အဲ့လူက နတ်သိမ်းငှက်မျိုးနွယ်စုနားက မှောင်ခိုဈေးရဲတိုက်ထဲမှာ ရှိနေတယ်။ မောင်လေး အဲ့တာဝန်ကို လက်ခံရဲပါ့မလားဆိုတာပဲ အစ်မကမသိတာ”
ကျန်းရီ မျက်ခုံးပင့်လိုက်သည်။ တိုက်ပွဲအမှတ်တစ်ထောင်မှာ မနည်းပေ။ သို့သော် သူသည် အလျင်စလို လက်မခံဘဲ အေးစက်စက် မေးလိုက်သည်။
“အဲ့တာဝန်အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ”
အစ်မမေ့က ခါးလေးကို လှုပ်၍ အခန်းနံရံတစ်ဘက်ဆီသို့ လျှောက်သွားကာ နံရံကပ်စင်ပေါ်မှနေ၍ စာလိပ်တစ်လိပ်ကို ယူလိုက်သည်။ ထို့နောက် စာလိပ်ကို ကျန်းရီအား ပေး၍ ပြောလိုက်သည်။
“အဲ့ထဲမှာ အသေးစိတ်အချက်အလက်တွေ ရှိတယ်”
ကျန်းရီသည် စာလိပ်ကိုယူ၍ ဖတ်ကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ မျက်နှာထားပြောင်းသွားသည်။ ထိုတာဝန်ကို နတ်သိမ်းငှက်မြို့ထဲမှ လူတစ်ယောက်က ထုတ်ပြန်ခဲ့ခြင်းပင်။ လုပ်ကြံသတ်ဖြတ်ရမည့် ပစ်မှတ်က တမလွန်ဘုံမှ သူလျှိုတစ်ယောက်ဟု ဆိုသည်။ သူလျှို၏ စွမ်းအားကိုတော့ မသိရသေးပေ။ သို့သော် သူက မိစ္ဆာသတ်ဖြတ်စစ်သူကြီးတစ်ယောက်လောက်တော့ စွမ်းအားမကြီးလောက်ချေ။ မဟုတ်လျှင် ထိုတာဝန်ကို ကျန်းရီကဲ့သို့သော တပည့်သစ်များက ရရှိမည် မဟုတ်ပေ။ လက်ရှိတွင် ထိုသူလျှိုက နတ်သိမ်းငှက်မျိုးနွယ်စု၏မြောက်ဘက် ကီလိုမီတာငါးသောင်းအကွာရှိ မှောင်ခိုဈေးရဲတိုက်ထဲ၌ ရှိနေသည်။ စာလိပ်ထဲတွင် သူလျှို၏ ပုံတူကိုလည်း အသေးစိတ်ရေးဆွဲပြထားသည်။
“သူလျှိုလား...”
ကျန်းရီသည် ခပ်လှောင်လှောင်ပြုံးလိုက်၏။ ဤတာဝန်ကို နတ်သိမ်းငှက်မြို့ထဲမှ တစ်ယောက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ အကယ်၍ သူလျှိုဟု စွပ်စွဲခံရသူက အမှန်ပင် တမလွန်ဘုံမှ သူလျှိုတစ်ယောက်ဆိုလျှင် တိရှစစ်တပ်က ထိုသူကို သွားသတ်ပြီးနေလောက်ပေပြီ။ ထိုလူက နတ်သိမ်းငှက်မြို့ထဲရှိ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ကို အပြစ်ပြုမိခဲ့ခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့ကို လုပ်ကြံပေးရမည့် တာဝန်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်မည်။
ထိုတာဝန်ကို ထမ်းဆောင်ရန် လူမည်မျှ ခေါ်သွားရမည်ဟု ကန့်သတ်မထားပေ။ သို့သော် ထိုကဲ့သို့သော တာဝန်မျိုးက လူအနည်းငယ် သို့မဟုတ် လူတစ်ဒါဇင်လောက်သာ လိုအပ်သော တာဝန်မျိုးဖြစ်သည်။ လုပ်ကြံရန် လူတစ်ယောက်ဆိုလျှင် လုံလောက်သော်လည်း ပစ်မှတ်ထံတွင် လက်အောက်ငယ်သားများ သို့မဟုတ် သက်တော်စောင့်များ ရှိ၊ မရှိကို အတိအကျ မသိနိုင်၍ လူအနည်းငယ် လိုအပ်ခြင်းဖြစ်သည်။
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ.. ကျွန်တော် ဒီတာဝန်ကို ယူမယ်”
“ဒီတာဝန်ရဲ့ နောက်ဆုံးသတ်မှတ်ရက်က ဒီနေ့ပဲ။ မောင်လေးက ပစ်မှတ်ရဲ့ ဦးခေါင်းကို ယူလာပြနိုင်ရမယ်။ မဟုတ်ရင် တာဝန်ကျရှုံးတယ်လို့ သတ်မှတ်ခံရမယ်။ တာဝန်ကျရှုံးရင် မောင်လေးဆီက တိုက်ပွဲအမှတ်ငါးဆယ် အလျှော့ခံရမယ်”
အစ်မမေ့က လက်ဝှေ့ယမ်းလိုက်ရာ ကျန်းရီ ခပ်သွက်သွက် ပြန်ထွက်သွားသည်။ အစ်မမေ့သည် ကျန်းရီ၏ နောက်ကျောပြင်ကို ကြည့်၍ အေးစက်စက် ရေရွတ်လိုက်သည်။
“ဘယ်လိုတောင် စိတ်ကြီးဝင်နေတဲ့ ကောင်လေးလဲ။ နင်ကများ ငါ့ကို မိန်းမပျက်လို့ စောင်းမြောင်းပြောရဲတယ်ပေါ့လေ။ ဟွန်း... ဒီတစ်ခေါက် ပစ်မှတ်က လောမျိုးနွယ်က ငပွေတစ်ယောက်ပဲ။ ကျန်းရီ... နင် သူ့ကို သတ်နိုင်ရင်တောင် နောက်ဆုံးကျ နင်လည်း သေရမှာပဲ”
***