မီးဓာတ်တာအို
Vol. 94 Ch. 1306
ကျန်းရီသည် တာဝန်ကို လက်ခံပြီးနောက် မှောင်ခိုဈေးရဲတိုက်ဆီသို့ ချက်ချင်း မသွားလိုက်ပေ။ သတင်းအချက်အလက်များအရ ပစ်မှတ်က မှောင်ခိုဈေးရဲတိုက်တွင် အနည်းဆုံး နေ့တစ်ဝက်လောက် နေဦးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျန်းရီထံတွင် အချိန်ရှိပေသေးသည်။
ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ နတ်ဘုရားလက်နက်တိုက်သို့ သွား၍ တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူနှင့် ကိုက်ညီသည့် လက်နက်တစ်ခုမှ မတွေ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူက အဆင့်နိမ့်နတ်ဘုရားလက်နက်များကို မလိုချင်သလို အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်နတ်ဘုရားလက်နက်များကိုမူ မတတ်နိုင်၍ဖြစ်သည်။ အလယ်အလတ်အဆင့် စစ်ချပ်ဝတ်တစ်ထည်သည်ပင် တိုက်ပွဲအမှတ်တစ်သောင်း သို့မဟုတ် နတ်ဘုရားအမြစ်သောင်းချီ ကျသင့်ပေသည်။
ကျန်းရီသည် ဈေးပေါကာ အသုံးဝင်သော စွမ်းရည်များကို ရှာရန် ဆန်းကြယ်စွမ်းရည်ခန်းမသို့ ဆက်သွားလိုက်သည်။ ခန်းမထဲသို့ ရောက်သောအခါ သူ အံ့အားသင့်သွားသည်။ အဆင့်အနိမ့်ဆုံး ဆန်းကြယ်စွမ်းရည်များသည်ပင် တိုက်ပွဲအမှတ် ငါးရာ၊ ခြောက်ရာလောက် ကျသင့်သည်။ ထိုအဆင့်နိမ့်စွမ်းရည်အများစုက အသုံးမဝင်ပေ။ ဥပမာပြရသော် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါကို မြှင့်တင်ပေးနိုင်သော စွမ်းရည်မျိုးဖြစ်သည်။ သို့သော် ထိုစွမ်းရည်သည် ရန်သူကို ခြောက်လှန့်ရန်သာ အသုံးဝင်သည်။ တိုက်ခိုက်စွမ်းအားကိုမူ တိုးတက်စေမည် မဟုတ်ပေ။ သို့သော် ထိုစွမ်းရည်သည်ပင် တိုက်ပွဲအမှတ်ရှစ်ရာ ကျသင့်ပေသည်။
ကျန်းရီသည် ရောင်းမည့် ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များ အားလုံးကို ကြည့်ရှုပြီးနောက် မဆိုးလှသော ဆန်းကြယ်စွမ်းရည်တစ်ခုကို ရှာတွေ့လိုက်သည်။ ထိုစွမ်းရည်က အသုံးပြုသူကို ကိုယ်ဖျောက်ပေးနိုင်သည်။ ရန်သူ၏ စိတ်ဝိညာဉ်က အဆင့်တစ်ခု မရှိလျှင် သူ့ကို အာရုံခံနိုင်မည် မဟုတ်ပေ။ သို့သော် ကျန်းရီသည် ထိုစွမ်းရည်ကို ဝယ်ရန် မတတ်နိုင်ချေ။ ၎င်းက တိုက်ပွဲအမှတ်သုံးထောင်တန်သည်။ ထို့ကြောင့် သူသည် ထိုခန်းမမှပြန်ထွက်၍ မျိုးနွယ်စုတောင်ပိုင်းသို့သာ ဦးတည်သွားလိုက်သည်။
မျိုးနွယ်စုတောင်ပိုင်းတွင် သေရည်ဆိုင်များနှင့် ဈေးဆိုင်များ ရှိသည်။ ဟဲဝေ၏ ပြောပြချက်အရ ထိုနေရာတွင် ရှားပါးသော၊ ထူးဆန်းသော ပစ္စည်းများ ရောင်းချကြောင်း သိရသည်။ ထို့ကြောင့် ကျန်းရီသည် သူ့ကံကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏လက်ရှိစွမ်းအားက လိုအပ်ချက်များစွာ ရှိနေသေးသည်။ ယခုတွင် သူသည် မီးတောက်အမျိုးအစားနှစ်မျိုးကိုသာ မှီခိုနေရသည်။ သို့သော် သူက ပစ်မှတ်ကို မီးရှို့မပစ်နိုင်လျှင် သို့မဟုတ် ပစ်မှတ်ထံတွင် စွမ်းအားကြီး သက်တော်စောင့်များ ရှိနေလျှင် သူ သေချာပေါက် သေရပေလိမ့်မည်။
ထို့ပြင် ကျန်းရီသည် ထိုလုပ်ကြံသတ်ဖြတ်တာဝန်နှင့် ပတ်သတ်၍ အတန်ငယ် စိတ်လေးနေသည်။ လုပ်ကြံရမည့် ပစ်မှတ်က အရေးပါသူတစ်ယောက် ဖြစ်နိုင်သည်။ မဟုတ်လျှင် ဆုလာဘ်က ထိုမျှကြီးမည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ့လမ်းကြောင်းကို ဖုံးကွယ်ထားရပေမည်။ သို့သော် တစ်စုံတစ်ယောက် စုံစမ်းမည်ဆိုလျှင် သူ့ကို ခြေရာခံနိုင်ရန် မခက်လောက်ပေ။ ကျန်းရီတွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ရှိ၍ သူမည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် လွယ်ကူသည်။ ထို့ကြောင့် ကျန်းရီသည် သူ့လမ်းကြောင်းကို ဖျောက်နိုင်ရန် အစီအစဉ်ကောင်းတစ်ခုသာ လိုတော့သည်။
တစ်နာရီဝန်းကျင် ကြာပြီးနောက် ကျန်းရီသည် မျိုးနွယ်စုတောင်ပိုင်းရှိ အစည်ကားဆုံး လမ်းသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် လူများစွာ ရှိနေသည်။ အချို့က နဂါးတံဆိပ်ပါသည့် ရွှေရောင်စစ်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။ ထိုတံဆိပ်က စစ်နတ်ဘုရားစံအိမ်ကို ကိုယ်စားပြုသည်။ တိရှစံအိမ်မှ သိုင်းသမားများ၏ ချပ်ဝတ်ပေါ်တွင်မူ ဆူးပါသော ပန်းသီးပန်းပွင့်တံဆိပ်ရှိသည်။ ထို့ပြင် ဒေသခံနတ်ဘုရားမျိုးနွယ်ဝင်များစွာလည်း ရှိနေကြသည်။ ထူးဆန်းသော မျိုးနွယ်တစ်ခုမှ မျိုးနွယ်ဝင်အချို့သည် ထူးဆန်းသောချပ်ဝတ်၊ မြွေပုံစံနားကပ်များနှင့် မြွေပုံစံ ဆံထိုး၊ ဆံညှပ်များကို ဝတ်ဆင်ထားကြသည်။ ထိုမျိုးနွယ်မှာ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ အကြီးဆုံး ဒေသခံမျိုးနွယ်ဖြစ်သည့် မြွေပြာမျိုးနွယ်ဖြစ်သည်။
အထက်ဘုံတွင် ဒေသခံနတ်ဘုရားမျိုးနွယ်များစွာ ရှိသည်။ အထက်ဘုံဟု ရည်ညွှန်းခံရသော ဘုံများစွာတွင် သက်ရှိအမျိုးအစားများစွာ နေထိုင်သည်။ ထိုသက်ရှိများသည် အရွယ်ရောက်လာသောအခါ နတ်ဘုရားများကဲ့သို့ သန်မာလာကြသည်။ ထိုနတ်ဘုရားမျိုးနွယ်များစွာသည် အလွန်စွမ်းအားကြီးပြီး ဆန်းကြယ်စွမ်းရည်များစွာကိုလည်း ပိုင်ဆိုင်ထားကြပေသည်။
သို့သော် တိရှဘုံရှိ ဒေသခံနတ်ဘုရားမျိုးနွယ်များက သိပ်၍ စွမ်းအားမကြီးကြပေ။ တိရှအရှင်သည်ပင် အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သူတစ်ယောက်ဖြစ်သည်။ သိမ်းငှက်ပြာစီရင်စုနယ်အရှင်ကလည်း ထို့အတူပင်။ မြွေပြာမျိုးနွယ်သည် စီရင်စုနယ်ဆယ်ဂဏန်းလောက်ကိုသာ ထိန်းချုပ်ထားနိုင်သည်။ ကျန်စီရင်စုနယ်များကိုမူ အနိမ့်ဘုံမှ တက်လှမ်းလာသူများက ထိန်းချုပ်ထားကြသည်။ ထို့ကြောင့် တိရှဘုံရှိ ဒေသခံနတ်ဘုရားမျိုးနွယ်များက ဖိနှိပ်ခံထားရကြောင်း ထင်ရှားပေသည်။
မည်သို့ပင်ဖြစ်စေ မြို့အားလုံးနှင့် စံအိမ်သုံးခုစလုံးတွင် ဩဇာအာဏာရှိသော ဒေသခံနတ်ဘုရားမျိုးနွယ်ဝင်များစွာ ရှိပေသည်။ ထိုဒေသခံနတ်ဘုရားမျိုးနွယ်ဝင်များ၏ ကိုယ်ထဲတွင် နတ်ဘုရားသွေးများ စီးဆင်းနေသည် မဟုတ်ပါလား။ သူတို့သည် ချောမောခံ့ညားစွာ မွေးဖွားလာကြပြီး လွန်စွာ ပါရမီထူးကြသည်။ သူတို့၏ ကျင့်ကြံနှုန်းကလည်း အနိမ့်ဘုံမှ တက်လှမ်းလာကြသော သာမန်နတ်ဘုရားအဆင့် သိုင်းသမားများထက် ပိုမြန်ကြသည်။
သို့သော် အနိမ့်ဘုံဟု ရည်ညွှန်းခံရသော ဘုံအရေအတွက်က အလွန်များပြားလွန်းပေသည်။ ထို့ကြောင့် တိရှဘုံသို့ တက်လှမ်းလာသော အနိမ့်ဘုံမှ စွမ်းအားကြီး သိုင်းပညာရှင်များက စက္ကန့်မလပ် ရှိနေသည်။ ထို့အပြင် ဒေသခံနတ်ဘုရားမျိုးနွယ်များတွင် ထူးခြားသောဝိသေသလက္ခဏာတစ်ခုရှိသည်။ ယင်းမှာ မျိုးပွားရန် ခက်ခဲခြင်းပင်။ သို့ဖြစ်၍ သူတို့၏ အရေအတွက်က အလွန်နည်းသည်။ ထိုသို့ဖြင့် အချိန်ကြာလာသောအခါ တိရှဘုံရှိ စီရင်စုနယ်ကြီးများနှင့် ဒေသကြီးများကို အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သော လူများကသာ သိမ်းပိုက်နိုင်သွားကြပေသည်။
“ဘေးဖယ်ကြစမ်း...”
အရှေ့ ခပ်လှမ်းလှမ်းတွင် မြွေပြာမျိုးနွယ်ဝင်သုံးယောက်က ခေါင်းမော့ရင့်ကော့၍ လျှောက်လာသည်။ သူတို့သည် သူတို့လမ်းတွင် ပိတ်နေသူများကို အလွန်ရိုင်းစိုင်းစွာ ကြိမ်းမောင်းလိုက်ကြသည်။ ကျန်းရီသည် ပြဿနာမရှာဝံ့သဖြင့် ဘေးသို့ ခပ်သွက်သွက် ဖယ်ပေးလိုက်ရသည်။ ထိုစဉ် သူ အကြံတစ်ခု ရသွားသည်။ သူက ဒေသခံနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်မည်ဆိုလျှင် အသို့နည်း။ သို့ဆိုလျှင် သူ၏ ပစ်မှတ်ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် အနည်းဆုံးတော့ အချိန်တိုအတွင်း မည်သူကမှ သူ့အကြောင်းကို သိနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် တွေးတောရင်းဖြင့် ဖြည်းဖြည်းချင်း လျှောက်နေသည်။ လမ်းတွင် မြွေပြာမျိုးနွယ်ဝင်များကို တွေ့လျှင် ချက်ချင်း ဘေးဖယ်ပေးသည်။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ထိုသူများ၏ လှုပ်ရှားမှုများ၊ အကျင့်စရိုက်များနှင့် စိတ်ဝိညာဉ်အရှိန်အဝါတို့ကို လေ့လာလိုက်သည်။ သူတို့၏ အမူအကျင့်များကို သိထားမှ သူတို့ထဲက တစ်ယောက်အဖြစ် ဟန်ဆောင်နိုင်မည်ဖြစ်သည်။
ကျန်းရီသည် လမ်းကို သုံးကြမ် ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီးနောက် မြွေပြာမျိုးနွယ်ဝင် ဆယ်ယောက်ကျော်၏ အမူအကျင့်များကို လေ့လာနိုင်လိုက်သည်။ ထို့ကြောင့် သူသည် ထိုသူများ၏ အမူအကျင့်များကို အနည်းနှင့်အများဆိုသလို တုပနိုင်နေပေပြီ။ နောက်ဆုံးတွင် သူသည် ဆိုင်းဘုတ်မရှိသော ရဲတိုက်တစ်တိုက်၏ အပြင်တွင် ရပ်လိုက်သည်။ ထိုရဲတိုက်က ဆိုင်းဘုတ်မရှိသော်လည်း ဝင်ထွက်သွားလာနေသော လူများနှင့် အလွန်စည်ကားနေသည်။ ကျန်းရီ ထိုနေရာကို သတိပြုခဲ့မိသည်မှာ ကြာပြီဖြစ်သည်။
ကျန်းရီသည် ရဲတိုက်ထဲသို့ ဝင်သွားလိုက်သောအခါ ထိုရဲတိုက်က ဈေးဆိုင်တစ်ခု မဟုတ်ကြောင်း သိလိုက်ရသည်။ ရဲတိုက်ထဲတွင် အလယ်ခန်းမကျယ်ကြီးတစ်ခု ရှိနေသည်။ လူများစွာသည် ထိုခန်းမထဲတွင် သူတို့၏ ရတနာများကို ခင်းကျင်း၍ ရောင်းချနေကြသည်။ သိုင်းသမားများစွာသည်လည်း လှည့်ပတ်ကြည့်ရှုကာ အကောင်းဆုံး ရတနာများကို ရှာဖွေနေကြသည်။
“နတ်ဘုရားအမြစ်တစ်ထောင်လား.. ဒါက နတ်ဘုရားအမြစ်ခြောက်ရာ၊ နတ်ဘုရားအမြစ်သုံးရာ၊ နတ်ဘုရားအမြစ်ရှစ်ခု...”
ကျန်းရီသည် ဈေးဆိုင်အချို့ကို လှည့်ပတ်ကြည့်၍ ဈေးနှုန်းများကို လေ့လာနေသည်။ သူ့တွင် နတ်ဘုရားအမြစ်ဆယ့်ငါးခုသာ ကျန်တော့သည်။ ထိုဆယ့်ငါးခုရှိနေသည်မှာပင် သူ ရလာသော နတ်ဘုရားအမြုတေအားလုံးကို ရောင်းလိုက်၍ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုနေရာရှိ ရတနာများကို မဝယ်နိုင်ပေ။
“အာ...”
ကျန်းရီသည် အပြင်ပြန်ထွက်ရန် ဟန်ပြင်လိုက်စဉ်တွင် အဝါရောင်ပင်သန်းနေပြီဖြစ်သည့် စာအုပ်တစ်အုပ်ကို ချ၍ ရောင်းနေသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ စာအုပ်ပေါ်တွင် ‘မီးဓာတ်တာအို’ဟု ရေးထားသည်။ ကျန်းရီသည် မီးတောက်များကို အလွန်သဘောကျကာ မီးဓာတ်အပေါ် အခြားဓာတ်များထက်ပို၍ စိတ်ဝင်စားသည်။ ထို့ပြင် သူ့၌ မီးတောက်များကို စုပ်ယူနိုင်သော မီးဝိညာဉ်ပုလဲလည်းရှိသည်။ သို့သော် စာအုပ်၏ ဈေးနှုန်းကို တွေ့လိုက်သောအခါ သူ ထပ်မံစိတ်ပျက်သွားသည်။ ထိုဆန်းကြယ်စွမ်းရည် သို့မဟုတ် လျှို့ဝှက်အတတ်က နတ်ဘုရားအမြစ်တစ်ရာတန်သည်။ သူ့တွင် ဆယ့်ငါးခုသာ ရှိပေသည်။
“ညီငယ်လေး... မင်းက ဒီမီးဓာတ်တာအိုကို စိတ်ဝင်စားလို့လား”
အဘိုးအိုသည် ကျန်းရီက သူ့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်သောအခါ ခေါင်းမော့၍ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“ငါက ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အပျက်အစီးနယ်မြေတစ်ခုကနေ ရခဲ့တာ။ ဒီစာအုပ်ထဲက ဆန်းကြယ်စွမ်းရည်က မတူညီတဲ့ မီးတောက်အမျိုးအစားတွေကို ပေါင်းစည်းပြီး စွမ်းအားကြီး မီးတောက်တွေကို ဖန်တီးပေးနိုင်တဲ့ စွမ်းရည်ပဲ။ နှမြောစရာက ငါ ဒီစာအုပ်ထဲက မီးဓာတ်စည်းမျဉ်းကို ဆယ်နှစ်ကျော် ကျင့်ကြံခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူး။ အဲ့ဒါကြောင့် ဒီစာအုပ်ကို ထုတ်ရောင်းတာပဲ။ ညီငယ်လေး.. တကယ်လို့ မင်းက မီးဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေကို ကျင့်ကြံတဲ့သူတစ်ယောက်ဆိုရင် ဒီဆန်းကြယ်စွမ်းရည်က မင်းရဲ့စွမ်းအားတွေကို သေချာပေါက် ဆတိုးတိုးသွားစေမှာ”
“မတူညီတဲ့ မီးတောက်အမျိုးအစားတွေကို ပေါင်းစည်းပြီး စွမ်းအားကြီး မီးတောက်တွေကို ဖန်တီးပေးတာလား”
ကျန်းရီ ရင်ခုန်သွားသည်။ ထိုအဘိုးအိုက လိမ်နေခြင်း မဟုတ်လျှင် ထိုစာအုပ်က သူ့အတွက် အလွန်တန်ဖိုးရှိမည်ဖြစ်သည်။ သာမန်လူများတွင် မီးတောက်အမျိုးအစား အမျိုးမျိုးကို စုပ်ယူနိုင်သော စွမ်းရည်မရှိပေ။ သို့သော် ကျန်းရီတွင်မူ မီးဝိညာဉ်ပုလဲရှိနေသည်။ အနည်းဆုံးတော့ ယခုအထိ မီးဝိညာဉ်ပုလဲ မစုပ်ယူနိုင်သော မီးတောက်မျိုးကို သူ မတွေ့ဖူးသေးပေ။ အကယ်၍ သူသာ ထိုစာအုပ်ထဲမှ ဆန်းကြယ်စွမ်းရည်ကို ကျင့်ကြံနိုင်လိုက်လျှင် မီးတောက်အမျိုးမျိုးကို ပေါင်းစည်းကာ ပိုစွမ်းအားကြီးသော မီးတောက်များ ဖန်တီးနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းအားက သေချာပေါက် ဆတိုး တိုးတက်သွားပေလိမ့်မည်။
“အဲ့ဆန်းကြယ်စွမ်းရည်က မဆိုးပါဘူး။ ကျွန်တော် စာအုပ်ကို တစ်ချက် ကြည့်ကြည့်လို့ ရမလား။ ဒီအတိုင်း ကြည့်ရုံပဲ ကြည့်မှာပါ”
ကျန်းရီသည် ထိုစာအုပ်ကို အလွန်လိုချင်နေသော်လည်း သူခံစားချက်ကို မျက်နှာပေါ်တွင် ထုတ်မပြဘဲ ပုံမှန်အတိုင်း မေးလိုက်သည်။ ထိုစဉ် အဘိုးအို၏ လက်တစ်ဘက်က တောက်ပလာ၏။ ထို့နောက် သူက စာအုပ်ပေါ်တွင် အကန့်အသတ်တစ်ခု ထားလိုက်ပြီး ကျန်းရီအား စာအုပ်လှမ်းပေးကာ ပြောလိုက်သည်။
“မင်း ပထမဆုံး စာမျက်နှာသုံးရွက်ကိုပဲ ဖတ်ခွင့်ရှိတယ်”
ကျန်းရီသည် စာအုပ်ကိုယူ၍ လျင်မြန်စွာဖွင့်ကာ ဖတ်လိုက်သည်။ သူ ပထမဆုံး စာမျက်နှာသုံးရွက်ကို ဖတ်ပြီးနောက်တွင် ထပ်မံ၍ ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ အဘိုးအိုက သူ့ကို လိမ်နေခြင်း မဟုတ်ပေ။ ထိုစာအုပ်က အမှန်တကယ် ထူးခြားသောစာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်ထဲတွင် မတူညီသော မီးတောက်အမျိုးအစားများအား မည်သို့ ပေါင်းစည်းရမည်ကို ရေးသားထားသည်။ ထို့ကြောင့် ကျန်းရီသည် ထိုစာအုပ်အတွက် နတ်ဘုရားအမြစ်တစ်ရာမဆိုထားနှင့် နတ်ဘုရားအမြစ်တစ်သောင်းလောက်ပင် သုံးလိုသွားသည်။
သို့သော် ထိုဆန်းကြယ်စွမ်းရည်က သာမန်လူများအတွက်ဆိုလျှင် များစွာ အသုံးမဝင်ပေ။ မီးဓာတ်စည်းမျဉ်း ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံသော သိုင်းသမားများအတွက်လည်း သိပ်အသုံးဝင်မည် မဟုတ်ချေ။ သာမန်လူများသည် အဆင့်မြင့်မီးတောက်များကို သိုလှောင်မထားနိုင်ကြပေ။ ထိုဆန်းကြယ်စွမ်းရည်က ကျန်းရီကဲ့သို့သော လူများအတွက်သာ အသုံးဝင်ပေသည်။
“ဈေးကြီးလွန်းတယ်... ကျွန်တော့်မှာ အဲ့လောက်မရှိဘူး”
ကျန်းရီက စာအုပ်ကို အဘိုးအိုအား ပြန်ပေးလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအခါ အဘိုးအိုက မျက်တောင်ပုတ်ခတ်၍ မေးလိုက်သည်။
“မင်းမှာ ဘယ်လောက်ရှိလဲ”
“နတ်ဘုရားအမြစ်ဆယ့်ငါးခု... ပြီးတော့ နတ်ဘုရားအသုံးအဆောင် စစ်ပုဆိန်တစ်လက်...”
ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီ သူ့လက်ထဲတွင် ရွှေရောင်ကျောက်တုံး ဆယ့်ငါးတုံးနှင့် ဧရာမပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာသည်။ သို့သော် အဘိုးအိုက ခေါင်းခါကာ ပြောသည်။
“နည်းလွန်းတယ်... ငါ မရောင်းနိုင်ဘူး”
“တကယ်ပဲ...”
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထို့နောက် သူသည် အံကြိတ်ကာ မြေအောက်ရေကန်ထဲမှ ရခဲ့သော အနက်ရောင်သိုလှောင်လက်စွပ်နှင့် သူ့ကြားမှ ဝိညာဉ်ဆက်နွယ်မှုကို ဖြတ်၍ ၎င်းလက်စွပ်ကို အဘိုးအိုအား ပေးကာ ပြောလိုက်သည်။
“ဒီထဲမှာ ဘာအဖိုးတန်တာတွေ ရှိလဲ ကြည့်လိုက်ပါ။ အဲ့ထဲက ပစ္စည်းအကုန်လုံးကို အဘိုးကို ပေးပါမယ်။ ပြီးတော့ နတ်ဘုရားအမြစ်တွေနဲ့ စစ်ပုဆိန်ကိုလည်း ပေးပါမယ်”
အဘိုးအိုသည် လက်စွပ်ကိုယူ၍ ကောင်းကင်စွမ်းအား အသုံးပြုကာ သန့်စင်လိုက်သည်။ ထို့နောက် လက်စွပ်ထဲသို့ ကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူ့မျက်ဝန်းများ လင်းလက်သွားသည်။
“အပေးအယူဖြစ်ပြီ”
“အာ...”
ထိုသိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းအချို့ ရှိသည်။ ကျန်းရီသည် ထိုပစ္စည်းများက အဖိုးတန်သည်၊ မတန်သည်ကို မသိပေ။ သို့သော် အဘိုးအိုက အပေးအယူကို ထိုမျှမြန်မြန် သဘောတူလိုက်သည်ကို ကြည့်လျှင် လက်စွပ်ထဲတွင် သေချာပေါက် ပစ္စည်းကောင်းအချို့ ရှိပေလိမ့်မည်။ ကျန်းရီ နောင်တမရပေ။ သူသည် သူ့လက်ထဲမှ နတ်ဘုရားအမြစ်များနှင့် စစ်ပုဆိန်ကို အဘိုးအိုအား လှမ်းပေးလိုက်သည်။
အဘိုးအိုကလည်း စာအုပ်ပေါ်မှ အကန့်အသတ်ကို လျင်မြန်စွာ ဖယ်ပေးလိုက်သည်။ ကျန်းရီသည် စာအုပ်ကို ခေတ္တမျှ စစ်ဆေး၍ မည့်သည့်အမှားအယွင်းမှ မရှိကြောင်း အတည်ပြုပြီးနောက် ထိုရဲတိုက်ထဲမှ ထွက်ကာ သူ့သစ်သားအိမ်ဆီသို့ ပြန်သွားလိုက်လေသည်။ အပြန်လမ်းတွင် သူ့ခြေလှမ်းများက အလွန်ပေါ့ပါးသွက်လက်နေသည်။ အကယ်၍ မီးတောက်များကို အမှန်တကယ် ပေါင်းစည်းနိုင်မည်ဆိုလျှင် သူက မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်လောက်ပေသည်။
***