ပေါင်းစည်းမီးတောက်များ
Vol. 94 Ch. 1307
တာဝန်ကို အထက်ဘုံအချိန်တစ်ရက်အတွင်း ပြီးမြောက်အောင် ထမ်းဆောင်ရမည်ဖြစ်သည်။ ထိုအချိန်က အနိမ့်ဘုံအချိန် ရက်တစ်ရာနှင့် ညီသည်။ နတ်သိမ်းငှက်မျိုးနွယ်စုမှနေ၍ မှောင်ခိုဈေးရဲတိုက်သို့ သွားရန် အနိမ့်ဘုံအချိန် ရက်အနည်းငယ်လောက်သာ လိုပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီတွင် အချိန်များစွာ ရှိပေသေးသည်။ သူသည် သူ၏သစ်သားအိမ်သို့ လျင်မြန်စွာ ပြန်သွားပြီး တံခါးများပိတ်၊ အကာအရံများ နှိုး၍ ချက်ချင်း အခန်းအောင်းလိုက်သည်။
ကျန်းရီသည် ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း မီးတောက်များ ပိုစုဆောင်းရန် ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို နှိုးလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုထဲမှ သဘာဝဆန်းကြယ်စွမ်းရည်များကို မလေ့လာဘဲ ဝယ်ခဲ့သော စာအုပ်ထဲမှ မီးဓာတ်တာအိုကိုသာ လေ့လာလိုက်သည်။ ကျန်းရီသည် အနိမ့်ဘုံအချိန် ရက်အနည်းငယ်အတွင်း ထိုဆန်းကြယ်စွမ်းရည်ကို တတ်မြောက်လိုနေသည်။ ထိုမှ မီးတောက်နှစ်မျိုးကို စိတ်ကြိုက်ပေါင်းစည်းနိုင်ကာ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန် ထွက်ခွာနိုင်မည်ဖြစ်သည်။
ကျန်းရီသည် မီးဓာတ်တာအို၏ နက်ရှိုင်းမှုနှင့် ရှုပ်ထွေးမှုကို လျှော့တွက်မိခဲ့၏။ အနိမ့်ဘုံအချိန်ဆယ်ရက် လေ့လာပြီးနောက်တွင်ပင် သူသည် ကနဦးအဆင့်ကိုသာ ရောက်ခဲ့သည်။ ကနဦးအဆင့်ကို ရောက်နိုင်ခဲ့သည်မှာလည်း သူက ကောင်းကင်ဖျက်မီးကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သဖြင့် မီးဓာတ်တွင် အခြေခံရှိနေ၍ဖြစ်သည်။ မဟုတ်လျှင် သူသည် ကနဦးအဆင့်ကိုပင် ရောက်နိုင်မည် မဟုတ်ချေ။
သို့သော် ကနဦးအဆင့်ကို ရောက်ပြီးနောက်တွင် လေ့လာခြင်းက အဆင်ချောခဲ့သည်။ အနိမ့်ဘုံအချိန်ဆယ့်သုံးရက်ကြာပြီးနောက် ကျန်းရီသည် မျက်လုံးများဖွင့်လိုက်ပြီး မီးတောက်များကို စတင်ပေါင်းစည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို အာရုံခံလိုက်၏။ မီးဝိညာဉ်ပုလဲထဲတွင် မီးတောက်လုံးများစွာ ရှိနေသည်။ ကျန်းရီက စိတ်ဖြင့် စေခိုင်းလိုက်ရာ မီးဝိညာဉ်ပုလဲထဲမှနေ၍ အနီရင့်ရောင်မီးတောက်လုံးအနည်းငယ် ထွက်လာသည်။ သို့သော် မကြာခင်မှာပင် ပြဿနာတစ်ခု ပေါ်လာသည်။ ထိုအခန်း၏ အကာအရံက အလွန်အားနည်းလွန်းသည်။ ထိုအခန်းထဲတွင် မီးတောက်များကို ကြာရှည် ထုတ်ထားပါက အခန်းအကာအရံများ ပျက်စီးသွားနိုင်သည်။ သစ်သားအိမ်တစ်လုံးလုံးလည်း မီးလောင်ပြာကျသွားနိုင်သည်။
‘မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ ရဲတိုက်ကို သွားရမှာပဲ’
ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ထဲ၌ လေ့ကျင့်ရေးအခန်းများ ရှိကြောင်း မှတ်မိသည်။ ထိုလေ့ကျင့်ရေးခန်းများမှ အကာအရံများက အလွန်အားကောင်းသည်။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်၏ တိုက်ခိုက်မှုများကပင် ၎င်းအကာအရံများကို ပျက်စီးစေမည် မဟုတ်ပေ။ သို့သော် ထိုလေ့ကျင့်ရေးအခန်းများကို အသုံးပြုနိုင်ရန် တိုက်ပွဲအမှတ်များ လိုအပ်သည်။ သို့သော် ကျန်းရီသည် ထိုအကြောင်းများကို များစွာမတွေးနိုင်သေးဘဲ ထရပ်ကာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ဆီသို့ သွားလိုက်လေသည်။
ရဲတိုက်ထဲ ရောက်သောအခါ ကျန်းရီသည် ဒုတိယစင်္ကြံလမ်းမှနေ၍ လေ့ကျင့်ရေးခန်းမသို့ သွားလိုက်သည်။ ထိုခန်းမထဲတွင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်း တစ်ရာကျော်ရှိသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပည့်များက ထိုအခန်းများထဲတွင် ကျင့်ကြံနိုင်သည်။ ကျန်းရီသည် အသေးဆုံးအခန်းကို ရွေး၍ အချိန်အကန့်အသတ်ကို နာရီနှစ်ဆယ်ထားလိုက်သည်။ ယင်းက တိုက်ပွဲအမှတ်တစ်ရာနီးပါး ကျသင့်ပေသည်။
ရွှီး...
လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများ နိုးထလာသည်။ ထို့နောက် ကျန်းရီသည် မီးတောက်လုံး တစ်လုံး ထုတ်လွှတ်လိုက်သည်။ အကာအရံများက အတန်ငယ် လင်းလက်လာ၏။ သို့သော် မျှော်လင့်ထားသကဲ့သို့ မီးအပူဒဏ်ကို ခံနိုင်ပေသည်။ ကျန်းရီသည် အခြားမီးတောက်လုံးနှစ်လုံးကို တစ်လုံးစီ ထုတ်လိုက်သည်။ ထို့နောက် မီးဓာတ်တာအိုကို အသုံးပြု၍ မီးတောက်များကို ပြန်စုပ်ယူလိုက်သည်။ မီးတောက်များက ထူးခြားသော စွမ်းအင်လုံးများ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်။ ကျန်းရီသည် ထိုကဲ့သို့သော မီးဓာတ်တာအိုမျိုးကို ယခင်က လေ့လာခဲ့ဖူးသော်လည်း ယခုမီးဓာတ်တာအိုက ပို၍ နက်နဲပေသည်။ မီးတောက်နှစ်မျိုးသည် သူ့ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် မတူသောစွမ်းအင်နှစ်မျိုး ဖြစ်သွားပြီး သူ၏နတ်ဘုရားအမြုတေဆီသို့ ဦးတည်သွားလေသည်။
မီးဓာတ်တာအိုကိုသုံး၍ မီးတောက်များကို ပေါင်းစည်းရမည့်နေရာက နတ်ဘုရားအမြုတေထဲတွင်ဖြစ်သည်။
မီးတောက်နှစ်မျိုးကို ပေါင်းစည်းပြီးလျှင် နတ်ဘုရားအမြုတေက ၎င်းပေါင်းစည်းမီးတောက်ကို ပြန်ထုတ်ပေးမည်ဖြစ်သည်။ ထိုပေါင်းစည်းမီးတောက်၏ စွမ်းအားက ပုံမှန်မီးတောက်၏စွမ်းအားထက် အနည်ဆုံးနှစ်ဆပို၍ အားကောင်းပေလိမ့်မည်။ သို့သော် ထိုမီးတောက်ကို နတ်ဘုရားအမြုတေထဲတွင် သိုလှောင်ထား၍ မရပေ။ ထို့ကြောင့် မီးတောက်များကို ပေါင်းစည်းပြီးသည်နှင့် ချက်ချင်း ထုတ်လွှတ်ရမည်ဖြစ်သည်။
မတူညီသော မီးတောက်နှစ်မျိုးသည် ကျန်းရီ၏ ကိုယ်ထဲတွင် စွမ်းအင်လုံးများအဖြစ် ရွေ့လျား၍ သူ့ဒန်တျန်ထဲဝင်ကာ နောက်ဆုံးတွင် သူ့နတ်ဘုရားအမြုတေထဲ ရောက်သွားသည်။ ကျန်းရီသည် ထိုစွမ်းအင်နှစ်မျိုးကို ထိန်းချုပ်ကာ အချင်းချင်း ပူးကပ်စေ၍ စက်ဝိုင်းပုံ လှည့်ပတ်စေလိုက်သည်။ စွမ်းအင်နှစ်မျိုးက ထိုက်ကျိအဋ္ဌဂံကဲ့သို့ လည်ပတ်သွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် စွမ်းအင်လုံးနှစ်လုံးအတွင်း ကောင်းကင်စွမ်းအားအနည်းငယ် ထည့်သွင်း၍ ၎င်းတို့ကို စတင် ပေါင်းစည်းလိုက်သည်။ ယင်းမှာ မတူညီသော မီးတောက်နှစ်မျိုးကို ပေါင်းစည်းနိုင်သည့် နည်းလမ်း ဖြစ်သည်။
မီးစွမ်းအင်လုံးနှစ်လုံးသည် ပို၍လျင်မြန်စွာ လည်ပတ်လာသည်။ ကျန်းရီကလည်း ၎င်းတို့အတွင်း ကောင်းကင်စွမ်းအား အဆက်မပြတ် ထည့်ပေးနေသည်။ သို့သော် တစ်နာရီကြာပြီးသည်အထိ မီးစွမ်းအင်လုံးနှစ်လုံးက မပေါင်းစည်းသေးသဖြင့် ကျန်းရီ စိတ်တိုလာသည်။ ၎င်းတို့က လည်ပတ်နေစဉ်တွင် ပေါင်းစည်းတော့မည်ဟု ထင်ရသည်။ သို့သော် လည်ပတ်မှု ရပ်တန့်လိုက်သည်နှင့် ပြန်ကွဲထွက်သွားသည်။ ထို့ပြင် မီးအမျိုးအစားနှစ်မျိုးက တစ်မျိုးကိုတစ်မျိုး ဆန့်ကျင်နေပုံလည်းပေါ်သည်။ ၎င်းတို့သည် မီးနှင့်ရေကဲ့သို့ပင်။
‘ဒီမီးဓာတ်တာအိုမှာ ပြဿနာတချို့ ရှိနေတာလား။ ငါ အလိမ်ခံလိုက်ရပြီလား’
ကျန်းရီ မျက်လုံးဖွင့်လိုက်သည်။ သူသည် စာအုပ်ထဲတွင် ရေးထားသည့်အတိုင်း အတိအကျ လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်နာရီကြာပြီးနောက်တွင်ပင် မီးတောက်နှစ်မျိုးက မပေါင်းစည်းသေးပေ။ အခြေအနေက ဆိုးပေပြီ။ အကယ်၍ သူက ရန်သူနှင့် ရင်ဆိုင်တွေ့ချိန်မှ မီးတောက်များကို ပေါင်းစည်းရန် လုပ်မိလျှင် ကိုယ့်သေတွင်းကိုယ်တူးမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
‘ဒီမီးတောက်နှစ်မျိုးက အချင်းချင်း ဆန့်ကျင်နေတာ တစ်မျိုးက အရမ်းအေးပြီး၊ နောက်တစ်မျိုးက အရမ်းပူနေလို့လား။ အဲ့ဒါကြောင့် ပေါင်းစည်းမရတာလား’
ကျန်းရီသည် ခေါင်းကုတ်၍ သူ ဟွင့်သွမ့်သားရဲနှစ်ကောင်အား သတ်ခဲ့ချိန်ကို ပြန်တွေးလိုက်၏။ သူ စတင်တုံ့ဆိုင်းလာသည်။ သူသာ ထိုမီးတောက်နှစ်မျိုးကို မပေါင်းစည်းနိုင်လျှင် သေချာပေါက် ဆုံးရှုံးမှုကြီးသွားပေလိမ့်မည်။ ဟွင့်သွမ့်သားရဲဂူထဲမှ ရခဲ့သော သိုလှောင်လက်စွပ်နက်ထဲတွင် သေချာပေါက် ပစ္စည်းကောင်းအချို့ ပါသည်။ မဟုတ်လျှင် အဘိုးအိုက အပေးအယူကို ချက်ချင်း သဘောတူခဲ့မည် မဟုတ်ပေ။
‘ထပ်ကြိုးစားကြည့်တာပေါ့’
ကျန်းရီသည် မျက်လုံးပြန်မှိတ်၍ ထပ်ကြိုးစားလိုက်သည်။ သို့သော် နောက်တစ်နာရီကြာပြီးနောက်တွင်လည်း မအောင်မြင်သေးပေ။ မီးဓာတ်တာအိုက ပြဿနာမရှိဘူးဆိုလျှင် ထိုမီးတောက်နှစ်မျိုးက ပြဿနာရှိခြင်း ဖြစ်မည်။
‘တော်ပြီကွာ... ဆက်ကြိုးစားမနေတော့ဘူး’
ကျန်းရီသည် စိတ်ပျက်လာ၍ မီးစွမ်းအင်လုံးနှစ်လုံးကို သူ့နတ်ဘုရားအမြုတေထဲမှ ပြန်ထုတ်လိုက်ပြီး မီးဝိညာဉ်ပုလဲထဲ ပြန်ထည့်ရန် ဟန်ပြင်လိုက်သည်။ သူသည် ၎င်းတို့ကို များစွာအာရုံမစိုက်ဘဲ ပုံမှန်အတိုင်း ထိန်းချုပ်နေသည်။ ထိုအခိုက်တွင် သူ့နတ်ဘုရားအမြုတေကို လှည့်ပတ်နေသော နဝမမြောက် ကြယ်စက်လုံးက မီးစွမ်းအင်လုံးနှစ်လုံးဆီသို့ ပျံသန်းသွားသည်။ ထို့နောက် ကြယ်စက်လုံးသည် ကျန်းရီက အာရုံစိုက်မနေချိန်တွင် ထိုစွမ်းအင်လုံးနှစ်လုံးကို စုပ်ယူလိုက်လေသည်။
“အာ...”
ကျန်းရီသည် ထိုအကြောင်းကို သိလိုက်ရသောအခါ တုန်လှုပ်သွား၏။ ထိုစဉ် သူသည် ထူးဆန်းမှုတစ်ခုကို သတိပြုမိလိုက်သည်။ ထိုစွမ်းအင်လုံးနှစ်လုံးက သူ့နဝမမြောက် ကြယ်စက်လုံးထဲသို့ ရောက်သွားသောအခါ ထူးခြားသော စွမ်းအင်အမျိုးအစားနှစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။ တစ်မျိုးက အပြာရောင်၊ တစ်မျိုးက အနီရောင်ဖြစ်သည်။ ထို့ပြင် ၎င်းစွမ်းအင်နှစ်မျိုးက ပေါင်းစည်းသွားလေသည်။
‘ဘာတွေဖြစ်နေတာလဲ’
ကျန်းရီက မီးဓာတ်တာအိုကို အသုံးပြု၍ နှစ်နာရီကျော် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သို့သော် ထိုမီးစွမ်းအင်လုံးနှစ်လုံးက သူ၏ နဝမမြောက် ကြယ်စက်လုံးထဲသို့ ရောက်သွားသည်နှင့် အလိုလို ပေါင်းစည်းသွားသည်လော။ ကျန်းရီသည် သူ အမြင်မှားသည်လောဟု တွေးကာ အတော်ကြာ ဆက်အာရုံစိုက်နေလိုက်၏။ စွမ်းအင်လုံးနှစ်လုံးက အပြည့်အဝ ပေါင်းစည်းပြီးသွားမှ သူ မျက်လုံးဖွင့်လိုက်သည်။
‘ဒါက ရူးတာပဲ။ နဝမမြောက် ကြယ်စက်လုံးက ငါ့ရဲ့ နတ်ဘုရားအမြုတေနဲ့ မပေါင်းစည်းသွားပေမဲ့ အသုံးဝင်တဲ့နေရာ ရှိသေးတာလား။ အင်း... နဝမမြောက် ကြယ်စက်လုံးက အမြဲ ထူးခြားခဲ့တာပဲ။ အဲ့ဒါက ဝိညာဉ်လေတွေကိုလည်း စုပ်ယူနိုင်တယ်။ အဲ့ထူးခြားမှုတွေက အမည်မဲ့ကျင့်စဉ်နဲ့ ဆိုင်လောက်မယ်’
ဆန်းကြယ်သော အဘိုးအို၏ ဝိညာဉ်အပိုင်းအစက အိပ်မောကျနေပြီဖြစ်သည်။ သို့ဖြစ်၍ လက်တလောတွင် ကျန်းရီ အဖြေကို ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သိလိုစိတ်ကို မျိုသိမ်ကာ အပြာ-အနီ စွမ်းအင်လုံးကိုသာ သူ့ကိုယ်ထဲမှ ထုတ်ပြီး သူ့လက်ဝါးပေါ် တင်လိုက်သည်။
ဟူး...ဟူး...
မီးတောက်လုံးနှစ်လုံးက ပေါင်းစည်းကာ အပြာ-အနီ မီးတောက်လုံးတစ်လုံး ဖြစ်သွားပေပြီ။ ထိုမီးတောက်လုံး ထွက်ပေါ်လာသောအခါ အခန်း၏ အကာအရံများက ရုတ်ခြည်း လင်းလက်သွားသည်။ အခန်းထဲမှ လေထုအပူချိန်ကလည်း စတင်မြင့်တက်လာပြီး ကြောက်မက်ဖွယ်အတိုင်းအတာအထိ ရောက်သွားသည်။ သို့သော် ကျန်းရီ၏ ခန္ဓာကိုယ်က မီးကို ခံနိုင်သည်။ ထို့ကြောင့် သူသည် မီးတောက်က မည်မျှပူကြောင်းကို မသိပေ။
“ကောင်းတယ်...”
ကျန်းရီသည် စိတ်အားတက်ကြွစွာဖြင့် မီးတောက်၏ တိုက်ခိုက်စွမ်းအားကို စမ်းကြည့်ရန် မီးတောက်လုံးကို နံရံသို့ ပစ်လွှတ်လိုက်သည်။ မီးတောက်လုံးက အခန်း၏ အကာအရံကို ထိမှန်သွားသည်နှင့် အကာအရံက တောက်ပစွာ လင်းလက်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ တစ်ခန်းလုံးလည်း လင်းဖွေးသွားသည်။ ကျန်းရီသည် အလင်းကြောင့် မျက်လုံးပင် မဖွင့်နိုင်တော့ချေ။
‘လခွမ်း... ဒီမီးတောက်လုံးရဲ့ စွမ်းအားက တော်တော်ကြီးတာပဲ။ ဒီလျှို့ဝှက်ကျင့်ကြံခြင်းအခန်းရဲ့ အဆင့်မြင့်အကာအရံတောင် နိုးလာတယ်’
မီးတောက်များ လွင့်ပြယ်သွားသောအခါ အကာအရံက ပြန်မှိန်သွားသည်။ ယခု ကျန်းရီတစ်ယောက် ဝမ်းသာနေပေပြီ။
ဘဝလမ်းခရီးက အမှန်ပင် အကွေ့အကောက်များနှင့် ပြည့်နှက်နေပေသည်။ အမှောင်မိုက်ဆုံးအချိန်တွင် မျှော်လင့်ချက်အလင်းရောင်တစ်ခုကို ရတတ်သည်။ မီးဓာတ်တာအိုက အသုံးမဝင်ခဲ့ပေ။ သို့သော် နဝမမြောက် ကြယ်စက်လုံးက မီးတောက်နှစ်မျိုးကို အလိုလို ပေါင်းစည်းသွားစေနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူသာ ထိုစာအုပ်ကို မဝယ်ခဲ့လျှင် နဝမမြောက် ကြယ်စက်လုံး၌ ထိုသို့သောအစွမ်းမျိုးရှိကြောင်း သိခဲ့ရမည် မဟုတ်ပေ။
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို လျင်မြန်စွာ ထိန်းချုပ်၍ မီးတောက်လုံးများ ထပ်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ထိုမီးတောက်များကို ပေါင်းစည်းရန် အလွန်လွယ်ကူခဲ့သည်။ ၎င်းတို့က စွမ်းအင်လုံးများအဖြစ် သူ့ဒန်တျန်ထဲ ရောက်သွားသည်နှင့် နဝမမြောက် ကြယ်စက်လုံးက ၎င်းတို့ကို စုပ်ယူကာ ပေါင်းစည်းပစ်လိုက်သည်။ ထို့ကြောင့် ပေါင်းစည်းနှုန်းက အလွန်မြန်ဆန်နေလေသည်။
‘ဒီနဝမမြောက် ကြယ်စက်လုံးက အဆင့်မြင့်မီးဝိညာဉ်ပုလဲလိုပဲ။ အခုကစပြီး ပေါင်းစည်းမီးတောက်တွေကို အဲ့ကြယ်စက်လုံးထဲမှာ သိုလှောင်ထားလို့ရပြီ။ အဲ့ကြယ်စက်လုံးက အကန့်အသတ်မဲ့ပဲ။ မီးတောင်တစ်ရာစာလောက် မီးတောက်တွေကို သိုလှောင်ထားရင်တောင် ကြယ်စက်လုံးက ပြည့်သွားမှာ မဟုတ်ဘူး။ ကြည့်ရတာ ငါ ဒီဘုံက ဆန်းကြယ်တဲ့မီးတောက်တွေကို ထပ်သွားရှာရမဲ့ ပုံပဲ။ ငါသာ မီးတောက်ဆယ်မျိုးလောက်ကို ပေါင်းစည်းနိုင်လိုက်မယ်ဆိုရင် အဲ့ပေါင်းစည်းမီးတောက်က ဘယ်လောက်စွမ်းအားကြီးသွားမလဲ’
ကျန်းရီ တွေးပင်တွေးမကြည့်ဝံ့ပေ။ ထိုအခိုက်တွင် သူသည် အမည်မဲ့ကျင့်စဉ်က မည်မျှစွမ်းအားကြီးကြောင်းကို သိရှိသွားပေပြီ။ ဆန်းကြယ်သော အဘိုးအိုသည် အကယ်၍ ကျန်းရီက မီနဂါးဓား၏ အစိတ်အပိုင်း ခုနစ်ခုနှင့် အသုံးအဆောင်ဝိညာဉ်ကို စုစည်းနိုင်ပြီး အမည်မဲ့ကျင့်စဉ်ကို နဝမအဆင့်အထိ ကျင့်ကြံနိုင်လိုက်လျှင် တမလွန်ဘုံနှင့် ယှဉ်နိုင်မည့် စွမ်းအားကို ရလိမ့်မည်ဟု ပြောခဲ့သည်။
ယခင်တွင် ကျန်းရီသည် ဆန်းကြယ်သော အဘိုးအို၏ စကားကို မယုံရဲခဲ့ပေ။ သို့သော် နဝမမြောက် ကြယ်စက်လုံးက မည်မျှထူးခြားကြောင်းကို တွေ့လိုက်ရသောအခါ ထိုအမည်မဲ့ကျင့်စဉ်နှင့်ဆိုလျှင် သူက သူတွေးနိုင်သည်ထက်ပင် ပို၍သန်မာလာမည်ဖြစ်ကြောင်း ယုံကြည်နိုင်သွားလေသည်။
***