မှောင်ခိုဈေးရဲတိုက်
Vol. 94 Ch. 1308
နဝမမြောက် ကြယ်စက်လုံးကြောင့် ကျန်းရီသည် မီးတောက်များကို လျင်မြန်စွာ ပေါင်းစည်းနိုင်နေသည်။ သူက လုပ်ငန်းစဉ်ကိုပင် များစွာအာရုံစိုက်ရန် မလိုပေ။ သူလုပ်ရန်လိုသည်မှာ မီးဓာတ်တာအိုကို အသုံးပြု၍ မီးတောက်များကို စွမ်းအင်အဖြစ် ပြောင်းလဲကာ ထိုစွမ်းအင်ကို သူ၏ဒန်တျန်ထဲ စုပ်ယူလိုက်ရုံသာဖြစ်သည်။ ကျန်အရာအားလုံးကိုမူ နဝမမြောက် ကြယ်စက်လုံးက တာဝန်ယူသွားပေသည်။
ခြောက်နာရီကြာပြီးနောက် ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲရှိ မီးတောက်လုံး ခုနစ်ရာ၊ ရှစ်ရာစလုံး ပေါင်းစည်းပြီးသွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ဟွင့်သွမ့်သားရဲအမြုတေနှစ်ခုကို သုံး၍ မီးတောက်လုံးများ ဆက်ထုတ်လိုက်သည်။ နဝမမြောက် ကြယ်စက်လုံးက အလွန်ကြီးမားပြီး အကန့်အသတ်မဲ့သည်ဟုပင် ထင်ရသည်။ ၎င်းက မီးတောက်စွမ်းအင်မည်မျှကို သိုလှောင်ပေးထားနိုင်ကြောင်း ကျန်းရီ မသိပေ။ ထိုမီးတောက်များက ကျန်းရီ၏ စွမ်းအားအကြီးဆုံး လက်နက်ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို များနိုင်သမျှများများ သိုလှောင်ထားလိုနေပေသည်။
ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်း သုံးရန် တိုက်ပွဲအမှတ်များ ပေးခဲ့ရပြီဖြစ်၍ တစ်စက္ကန့်ပင် အချိန်မဖြုန်းဘဲ မီးတောက်များကို ပေါင်းစည်းနေသည်။ ဆယ့်လေးနာရီ ထပ်ကြာပြီးနောက် နဝမမြောက် ကြယ်စက်လုံးထဲသို့ မီးလုံးရာကျော် ထပ်ရောက်သွားသည်။
‘ဒီလောက်ဆို အချိန်တစ်ခုတော့ ခံမှာပဲ။ ငါ အခန်းအောင်း ကျင့်ကြံတာကနေ ထွက်ပြီး ငါ့တာဝန်ကို သွားလုပ်သင့်ပြီ’
ကျန်းရီ မျက်လုံးဖွင့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် လေ့ကျင့်ရေးခန်းမထဲမှ ထွက်လိုက်၏။ ဟဲဝေက သူ့ကို ခန်းမအပြင်တွင် စောင့်နေပေသည်။ ဟဲဝေသည် ကျန်းရီ ထွက်လာသည်ကို တွေ့လိုက်သောအခါ မျက်ဝန်းများ တင်းမာသွားပြီး အသံပို့လွှတ်လိုက်သည်။
“ညီလေးကျန်း.. မင်းက အရမ်းအန္တရာယ်များတဲ့ တာဝန်တစ်ခုကို လက်ခံခဲ့တယ်လို့ ငါကြားတယ်။ ငါ မင်းကို ရှာနေတာ ကြာပြီ။ မင်း ထွက်သွားပြီတောင် ထင်နေတာ”
“ဟီးဟီး... ဘာတာဝန်က အန္တရာယ်မများလို့လဲ”
ကျန်းရီက နှုတ်ခမ်းစေ့ကာ ဟဲဝေ၏ ပခုံးကို ပုတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့... ကျွန်တော် ကျန်းရီမှာ အသက်ကိုးသက် ရှိပါတယ်။ ကျွန်တော် သေမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြန်လာတာကို စောင့်နေပါ”
“အန္တရာယ်ကြုံရင် ဇွတ်တိုးမလုပ်ပါနဲ့။ ဒီတာဝန်ကို ရှုံးနိမ့်ရင် တိုက်ပွဲအမှတ်ငါးဆယ်ပဲ အနှုတ်ခံရမှာ။ ဒါပေမဲ့ မင်း သေသွားရင်... အရာအားလုံး ဆုံးရှုံးလိုက်ရလိမ့်မယ်”
ဟဲဝေက ကျန်းရီကို သတိပေးသည်။ ကျန်းရီထံတွင် တိရှဘုံ၌ အခြားမိတ်ဆွေများ မရှိပေ။ ဟဲဝေအတွက်လည်း ထို့အတူပင်ဖြစ်သည်။ မည်သည်ကြောင့်ရယ်မသိ ဟဲဝေသည် ကျန်းရီအပေါ် ခင်တွယ်နေမိသည်။ ထို့ကြောင့်လည်း သူက ကျန်းရီကို အကြိမ်များစွာ ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း သူက ကျန်းရီကို စိတ်ရင်းအမှန်နှင့် စိုးရိမ်နေသဖြင့် သတိပေးနေခြင်းဖြစ်ပေသည်။
“ဟုတ်ကဲ့... ကျွန်တော် မှတ်သားထားပါမယ်”
ကျန်းရီက သိမ်မွေ့စွာပြုံး၍ လက်ပြနှုတ်ဆက်ကာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ထဲမှ ထွက်သွားလိုက်လေသည်။ သူသည် မျိုးနွယ်စုမှ ချက်ချင်း ထွက်မသွားသေးဘဲ မျိုးနွယ်စုတောင်ပိုင်းသို့ ဦးတည်သွားလိုက်သည်။ လူသူရှင်းသော လမ်းတစ်လမ်းတွင် သူက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ သူ့ကိုယ်သူ မြွေပြာမျိုးနွယ်မှ လူတစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်သည်။ ထို့နောက်မှ သူသည် မျိုးနွယ်စုတောင်ပိုင်းရှိ ဂိတ်တံခါးမှနေ၍ ပေါ်ပေါ်ထင်ထင် အပြင်ထွက်သွားသည်။ ပြီးနောက် မျိုးနွယ်စုကို တစ်ပတ်ပတ်ကာ မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။
မှောင်ခိုဈေးရဲတိုက်က နတ်သိမ်းငှက်မြို့နှင့် ကီလိုမီတာငါးသောင်းသာ ဝေးသည်။ ကျန်းရီသည် မပျံနိုင်သဖြင့် တစ်လမ်းလုံး ပြေး၍ သွားရသည်။ ကီလိုမီတာဆယ်ချီ သွားပြီးနောက် သူ ဆက်ပြေးရန် လမ်းမရှိတော့ကြောင်း တွေ့လိုက်ရသည်။ ကီလိုမီတာငါးသောင်းက သူ့အတွက် ရှည်သောခရီးမဟုတ်ပေ။ ထို့ကြောင့် သူ တောင်များ၊ ချောက်များ မြက်တောများကို ဖြတ်၍ ပေါ့ပေါ့ပါးပါးသာ ဆက်ပြေးလိုက်သည်။ သူက နတ်သိမ်းငှက်မြို့နှင့် မဝေးသေးပေ။ မြို့နှင့် ကီလိုမီတာငါးသောင်း ပတ်လည်အတွင်းရှိ အဝန်းအဝိုင်းက လုံခြုံသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကျန်းရီသည် လမ်းတစ်လျှောက်တွင် မည်သည့်ဟွင့်သွမ့်သားရဲနှင့်မှ မကြုံခဲ့ပါချေ။
‘အာ... အဲ့မှာ တစ်ယောက်ယောက် ရှိနေတယ်’
ကီလိုမီတာငါးရာ ပြေးပြီးနောက် ကျန်းရီသည် တောင်တန်းတစ်ခု၏ အခြေသို့ ရောက်သွားသည်။ ထိုတောင်တန်းထဲတွင် ဂူပေါင်းများစွာ ရှိပြီး ဂူတစ်ဂူစီတွင် လူဆယ်ချီနေထိုင်ကြောင်း သူ သိလိုက်ရသည်။ သူ ချဉ်းကပ်လာသောအခါ ဂူထဲမှ လူများက လှုပ်လှုပ်ယွယွ ဖြစ်သွားကြသည်။ ထိုလူများက နတ်သိမ်းငှက်မျိုးနွယ်စုမှလူများ မဟုတ်လောက်ဟု သူ ခန့်မှန်းလိုက်သည်။ ထို့ပြင် သူတို့က မိသားစုတစ်စုနှင့် တူပေသည်။ သူတို့သည် မြွေပြာမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်ထားသော ကျန်းရီကို တွေ့လိုက်ကြသောအခါ ကြောက်ရွံ့သွားကြသည်။
ကျန်းရီသည် ထိုလူများကို အရေးမစိုက်ဘဲ မျက်နှာသေဖြင့် ဆက်ပြေးသွားသည်။ ထိုလူများကလည်း သူ့ကို ပြဿနာမရှာဝံ့ကြပေ။ ကျန်းရီသည် တောင်ကို ဖြတ်ကျော်ရင်း ထိုနေရာတစ်ဝိုက်၌ လူများစွာ နေထိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူ ရပ်တန့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က အမှန်ပင် များစွာပို၍ သိပ်သည်းပေသည်။ ထိုလူစုသည် ယင်းကို သိသဖြင့် ဤနေရာတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်မည်။
ပုံမှန်ဆိုလျှင် လူများသည် မြွေပြာမျိုးနွယ်မှ လူများကို သွားမရှုပ်ဝံ့ကြပေ။ လမ်းတွင် ကျန်းရီသည် နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားတစ်ယောက်က သူ့အား ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် လျင်မြန်စွာ ရှောင်ကွင်းသွားကြောင်း သိခဲ့ရသည်။ ကျန်းရီကလည်း ပြဿနာမရှာလိုပေ။ ထို့ကြောင့် သူ့လမ်းသူသာ ဆက်သွားခဲ့သည်။
ခရမ်းရောင်နေက ဝင်လာပြီး ကြက်သွေးရောင်လနှစ်စင်း ထွက်ပေါ်လာသည်။ ကျန်းရီက အနိမ့်ဘုံအချိန်တစ်ရက်ကြာ ပြေးခဲ့သည်။ နောက်ဆုံးတွင် သူသည် မှောင်ခိုဈေးရဲတိုက် တည်ရှိမည့် တောင်တန်းကြီးသို့ ရောက်သွားသည်။ ထိုတောင်တန်း၏ အဆုံးကို မမြင်ရသလို တောင်ထွတ်များကိုလည်း မမြင်ရပေ။ သတင်းအချက်အလက်များအရ မှောင်ခိုဈေးရဲတိုက်က တောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထိုမှောင်ခိုဈေးက ကီလိုမီတာငါးသန်းပတ်လည်အတွင်း အကြီးဆုံးဈေးဖြစ်သည်။ ထိုမှောင်ခိုဈေးရဲတိုက်ကို ရူးသွပ်နတ်ဘုရားရဲတိုက်ဟု ခေါ်သည်။ ၎င်းကို သိမ်းငှက်ပြာစီရင်စုနယ်မှ မိသားစုမျိုးနွယ်ကြီးတစ်ခုက တည်ထောင်ထားခြင်းဖြစ်သည်။
တောင်ခြေတွင် ကင်းသမားများစွာ ရှိသည်။ သို့သော် ကျန်းရီက မြွေပြာမျိုးနွယ်မှ ဖြစ်ကြောင်း တွေ့လိုက်သောအခါ မည်သူကမှ သူ့ကိုတားရန် မကြိုးစားခဲ့ကြပေ။ ထို့ကြောင့် ကျန်းရီသည် တောင်ပေါ်သို့ အလွယ်တကူ တက်နိုင်ခဲ့သည်။
တောင်ထွတ်ပေါ်တွင် မည်သည့်အရာမှ ရှိမနေပေ။ သို့ကြောင့် ကျန်းရီသည် အူလည်လည်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ ထိုစဉ် ကောင်းကင်ကို ဖြတ်သန်းလာသော တစ်စုံတစ်ခု၏ အသံကို ကြားလိုက်ရသည်။ နတ်ဘုရားလှေတစ်စင်းက ကျန်းရီထံသို့ ပျံသန်းလာပြီး တောင်ထွတ်အထက်တွင် ရပ်တန့်လိုက်သည်။ ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်နတ်ဘုရားစံအိမ်၏ နတ်ဘုရားစစ်သူကြီးသုံးယောက်က လှေထဲမှ ပျံထွက်လာသည်။ ထို့နောက် လှေက ပျောက်ကွယ်သွားလေသည်။
နတ်ဘုရားစစ်သူကြီးသုံးယောက်သည် ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။ သို့သော် သူတို့သည် ဘာပြဿနာမှမရှာဘဲ တောင်ထွတ်ပေါ်ရှိ နေရာလွတ်တစ်ခုသို့ လျှောက်သွားလိုက်ကြသည်။ သူတို့က ကျန်းရီ၏ အရှေ့ဘက် မီတာသုံးရာအကွာသို့ ရောက်သွားသောအခါ ကျန်းရီ၏မြင်ကွင်းမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားကြလေသည်။
‘အဲ့မှာ ပုံရိပ်ယောင်အစီအရင်တစ်ခု ရှိနေတာလား’
ကျန်းရီသည်လည်း ထိုနေရာသို့ လျှောက်သွားလိုက်၏။ အရှေ့သို့ မီတာသုံးရာ လျှောက်ပြီးနောက်တွင် အဖြူရောင်အလင်း လက်သွားကာ သူ့မျက်လုံးရှေ့၌ ဧရာမရဲတိုက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီသည် ရဲတိုက်၏ အဆုံးနှစ်ဘက်ကို လှမ်းမမြင်နိုင်ပေ။ ရဲတိုက်ဂိတ်တံခါးတွင် ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော သိုင်းသမားတစ်တန်း ရပ်နေသည်။ သူတို့၏ အရှိန်အဝါများအရ သူတို့က အနိမ့်ဆုံး နတ်ဘုရားစစ်သူကြီးများနှင့် အဆင့်တူလောက်သည်ဟု ကျန်းရီ ပြောနိုင်သည်။
‘နတ်ဘုရားစစ်သူကြီးတွေက ဂိတ်စောင့်နေတာလား’
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ဂိတ်စောင့်များကပင် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ ထို့ကြောင့် ထိုရဲတိုက်၏ ခေါင်းဆောင်က နတ်ဘုရားဘုရင် သို့မဟုတ် နတ်ဘုရားဧကရာဇ်တစ်ပါး ဖြစ်နိုင်သည်။ ကျန်းရီက ပစ်မှတ်ကို သတ်နိုင်ခဲ့လျှင်ပင် ထွက်ပြေးနိုင်ဖို့ မသေချာပေ။ အပြင်လူတစ်ယောက်က သူတို့၏ပိုင်နက်ထဲတွင် သတ်ဖြတ်မှု ကျူးလွန်ခြင်းကို သူတို့က ရပ်ကြည့်နေလိမ့်မည်ဟု ကျန်းရီ မထင်ပေ။ မဟုတ်လျှင် အခြားလူများကလည်း ဤနေရာတွင် အလွယ်တကူ တိုက်ခိုက်နိုင်သည်ဟု ထင်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် မှောင်ခိုဈေးရဲတိုက်ကိုလည်း ပိတ်လိုက်ရမည်ဖြစ်သည်။
‘အရင်ဆုံး ဝင်သွားတာပေါ့’
ကျန်းရီသည် ရဲတိုက်ဂိတ်တံခါးဆီသို့ ခေါင်းမော့ရင်ကော့ကာ လျှောက်သွားလိုက်သည်။ သို့သော် ဂိတ်တံခါးသို့ ရောက်သောအခါ ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် သိုင်းသမားနှစ်ယောက်က သူ့ကို တားလိုက်ကြသည်။ ထိုနှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်သည်။
“ရူးသွပ်နတ်ဘုရားရဲတိုက်ထဲ ဝင်ခွင့်ရဖို့ နတ်ဘုရားအမြစ်တစ်ခု ပေးရမယ်”
“ကျွန်တော်တောင် ပေးရမှာလား”
ကျန်းရီက ထိုလူနှစ်ယောက်ကို အထင်သေးဟန်ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ထိုလူနှစ်ယောက်က ပြတ်သားစွာ ပြန်ဖြေသည်။
“အမိန့်ပြားမရှိဘူးဆိုရင် နတ်သိမ်းငှက်မြို့အရှင်တောင် ဝင်ကြေးပေးရမှာပဲ”
ကျန်းရီ ခေါင်းကိုက်သွားသည်။ သူ့တွင် နတ်ဘုရားအမြစ်တစ်ခုပင် မရှိတော့ပေ။ သူ ရဲတိုက်ထဲသို့ မဝင်နိုင်လျှင် ပစ်မှတ်ကို မည်သို့ ရှာရမည်နည်း။ အပြင်ဘက်တွင် ရပ်၍ အရူးတစ်ယောက်ကဲ့သို့ စောင့်နေရမည်လော။
ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ ထောင်ဧကရာဇ်ဒိုင်းကို ထုတ်လိုက်သည်။ သူသည် ၎င်းကို အစောင့်အားပေးကာ မေးလိုက်သည်။
“ကျွန်တော် ဒီဒိုင်းကို အပေါင်အနေနဲ့ ထားခဲ့မယ်။ ကျွန်တော် ဒါကို ပြန်လာရွေးမှာပါ။ ဘယ်လိုလဲ.. ဖြစ်မလား”
“ဖြစ်ပါတယ်...”
ငွေရောင်ချပ်ဝတ်နှင့် သိုင်းသမားက ထောင်ဧကရာဇ်ဒိုင်းကို ယူ၍ သူ၏သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ကာ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားမှာ နတ်ဘုရားအမြစ်တွေ ရှိပြီဆိုတာနဲ့ ဘေးဆောင်နံပါတ်(၆)ကိုသွားပြီး ခင်ဗျားရဲ့ နတ်ဘုရားအသုံးအဆောင်ကို ပြန်ရွေးလို့ရပါတယ်။ တကယ်လို့ တစ်လအတွင်း ပြန်မရွေးဘူးဆိုရင်တော့ နတ်ဘုရားအသုံးအဆောင်ပေါ်က ဝိညာဉ်ချိပ်စည်းက အလိုလို ပျက်သွားလိမ့်မယ်။ အဲ့ကျရင် ဒီနတ်ဘုရားအသုံးအဆောင်ကို ထုတ်ရောင်းမှာပဲ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ ထိုရူးသွပ်နတ်ဘုရားရဲတိုက်က ကိုယ်ပိုင်စည်းမျဉ်းများ ရှိပေသည်။ သူ ရဲတိုက်ထဲကို ဝင်ရန် ခြေပြင်လိုက်သည့်အခိုက်တွင် အခြားသိုင်းသမားက ရုတ်တရက် သူ့အား စာရွက်တစ်ရွက် လှမ်းပေးသည်။
“ဒါက ရူးသွပ်နတ်ဘုရားရဲတိုက်ရဲ့ မြေပုံပါ။ ခင်ဗျား ဘေးဆောင်တွေကို သွားချင်ရင် ဒီမြေပုံကိုကြည့်ပြီး သွားလို့ရပါတယ်။ ပြီးတော့... အထဲမှာ ဘယ်သူနဲ့မှ မတိုက်ခိုက်ပါနဲ့၊ မဟုတ်ရင် အကျိုးဆက်တွေကို ခံဖို့ ပြင်ဆင်ထားပါ”
နောက်ဆုံးစကားက ကျန်းရီကို စိတ်ဓာတ်ကျသွားစေသည်။ သူ၏ တာဝန်က မည်မျှစိတ်ပျက်ဖွယ်ကောင်းသော တာဝန်နည်း။ တိုက်ပွဲအမှတ်တစ်ထောင် ရရှိရန်က အမှန်ပင် မလွယ်ပါပေ။ သူ ထိုရဲတိုက်ထဲမှ တစ်ရက်အတွင်း ပြန်မထွက်နိုင်လျှင် တာဝန်ကို အလကားသက်သက် ယူလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် ကျန်းရီသည် ရဲတိုက်သို့ပင် ရောက်လာပြီဖြစ်၍ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးအချိန် မရောက်သေးသ၍ သူ လက်လျှော့မည် မဟုတ်ပေ။ သူသည် စာရွက်ကို ကြည့်လိုက်ရာ ၎င်းက အမှန်ပင် မြေပုံတစ်ခုဖြစ်ကြောင် သိလိုက်ရသည်။ ထိုမြေပုံထဲတွင် ဘေးဆောင်အားလုံးကို ရေးဆွဲထားသည်။ ထို့ပြင် ဘေးဆောင်များ၏ အမည်များကိုလည်း ရေးထားသည်။
‘လောင်းကစားရုံ၊ ဆောင်ကြာမြိုင်၊ ကျွန်ရုံ၊ သိုလှောင်ခန်း၊ စားသောက်ဆိုင်၊ တိုက်ပွဲကွင်း၊ ဆန်းကြယ်နယ်မြေ၊ ဆန်းကြယ်စွမ်းရည်ခန်းမ၊ စစ်သည်ဆောင်၊ တာဝန်ခန်းမ... ဒီမှာ အကုန်လုံး ရှိတာပဲ။ ဒီနေရာက ချမ်းသာသူတွေအတွက်တော့ နိဗ္ဗာန်ပဲ’
ကျန်းရီ လှည့်ပတ်ကြည့်လိုက်၏။ ထိုရူးသွပ်နတ်ဘုရားရဲတိုက်အကြောင်းကို သူ အနည်းငယ်ပို၍ နားလည်လာပြီဖြစ်သည်။ ဤနေရာတွင် တရားဝင်အရာများကအစ တရားမဝင်အရာများအဆုံး ရရှိနိုင်သည်။ ဤရဲတိုက်ကို မှောင်ခိုဈေးရဲတိုက်ဟု ခေါ်ခြင်းကို အံ့ဩစရာ မရှိတော့ပေ။
‘ဘေးဆောင်နံပါတ်(၁၆)’
ကျန်းရီသည် ဘေးဆောင်တစ်ခုကို ကြည့်လိုက်၏။ သူ၏ တာဝန်က ရှင်းသည်။ သတင်းအချက်အလက်များအရ သူ့ပစ်မှတ်က ဤရဲတိုက်ထဲရှိ လောင်းကစားရုံတွင် ရှိနေတတ်ကြောင်း သိရသည်။ ပစ်မှတ်သည် လောင်းကစားစွဲနေသူတစ်ယောက် ဖြစ်ရမည်။ ထို့ကြောင့် သူသည် လောင်းကစားရုံဖြစ်သော ဘေးဆောင်နံပါတ်(၁၆)ကို ရှာရမည်ဖြစ်သည်။
“သွားမယ်...”
မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ပစ်မှတ်ကို တွေ့ရရန် လိုအပ်သည်။ ပစ်မှတ်ကိုတွေ့မှ လုပ်ကြံနိုင်မည်၊ မနိုင်မည်ကို သိရမည်ဖြစ်ပေသည်။
***