← Chapters

ရက်စက်မှုများ

Vol. 94 Ch. 1309

ရက်စက်မှုများ

Vol. 94 Ch. 1309

ရဲတိုက်က အလွန်ကြီးမားသည်။ ရဲတိုက်ထဲရှိ အပြင်အဆင်များကလည်း အလွန်ခမ်းနားသည်။ ကျန်းရီသည် ရဲတိုက်ထဲ ရောက်သောအခါ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ခန်းမနှင့် ဆင်တူသော ကြီးမား၊ ရှည်လျားသည့် အလယ်ခန်းမကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုခန်းမ၏ ဘေးနှစ်ဘက်တွင် ကျယ်ဝန်းသော စင်္ကြံလမ်းများ ရှိနေသည်။ ဘေးတစ်ဘက်စီတွင် စင်္ကြံလမ်းသုံးဆယ်စီ ရှိသည်။ ထိုစင်္ကြံလမ်းများက ဘေးဆောင်သုံးဆယ်ဆီသို့ ဦးတည်ပေသည်။

ထိုစင်္ကြံလမ်းများတွင် လူများစွာ ဝင်ထွက်သွားလာနေကြသည်။ ထိုလူအများစုက မျက်နှာတွင် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်။ သူတို့သည် သူတို့ မည်သူမည်ဝါဖြစ်သည်ကို လူသိမခံလိုကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် ဘေးဆောင်နံပါတ်(၁၆)သို့ ရောက်သော စင်္ကြံလမ်းကို ရှာတွေ့လိုက်သည်။ သူသည် စင်္ကြံလမ်းထဲ ဝင်လိုက်သည်နှင့် မျက်နှာဖုံးတစ်ခုထုတ်ကာ ဝတ်လိုက်၏။ သို့သော် ထိုမျက်နှာဖုံးသည် စွမ်းအားကြီး သိုင်းသမားများ၏ ‌ကောင်းကင်စိတ်အာရုံကို မတားဆီးနိုင်ပေ။ သို့သော် ထိုနေရာမှ လူများက အခြားသူများကို လိုက်လံစူးစမ်းနေမည့်သူများ မဟုတ်လောက်ဟု ကျန်းရီ ခန့်မှန်းပေသည်။

မီတာသုံးထောင် လျှောက်ပြီးနောက်တွင် ကျန်းရီသည် ထိုစင်္ကြံလမ်းက ဘေးဆောင်နံပါတ်(၁၆)သို့သာ ဦးတည်သောလမ်း မဟုတ်ကြောင်း သိလိုက်ရသည်။ ယခု သူ့အရှေ့တွင် လမ်းခွဲသုံးလမ်းရှိနေသည်။ လမ်းတစ်လမ်းစီတွင် ဆိုင်းဘုတ်တစ်ခုစီ ထောင်ထားသည်။

တိုက်ပွဲကွင်း၊ ကျောက်ကျင်း၊ ကစားကွင်း...

ကျန်းရီသည် သူ၏ပစ်မှတ်က မည်သည့်နေရာတွင် ရှိနေကြောင်း မသိပေ။ ထို့ကြောင့် သူ မှန်းဆ၍ လမ်းတစ်လမ်း ရွေးလိုက်ရသည်။ နှစ်ကြိမ် ကွေ့ပတ်ပြီးနောက်တွင် သူ အခြားခန်းမကျယ်ကြီးတစ်ခုထဲ ရောက်သွားသည်။ ထိုခန်းမထဲတွင် လူတစ်ထောင်နီးပါး ရှိနေသည်။ ခန်းမအလယ်၌ စင်မြင့်တစ်ခု ရှိသည်။ ထိုစင်မြင့်ပေါ်၌ စွမ်းအားကြီး သိုင်းသမားနှစ်ယောက်က တိုက်ခိုက်နေကြသည်။ ပွဲကြည့်ပရိသတ်များက ပရိသတ်နေရာတွင် ရပ်ကာ အော်ဟစ်အားပေးနေကြသည်။

“သူ့ကိုသတ်... သူ့ကိုသတ်”

“ခွေးနီ.. ခွေးနက်ကို သတ်လိုက်။ မင်းရှုံးရင် ဒီသခင်လေးက မင်းကို သတ်မယ်”

“ခွေးနက် နိုင်ရမယ်”

ပွဲကြည့်ပရိတ်သတ်များက အော်ဟစ်ဆူညံနေကြသည်။ တိုက်ပွဲစင်မြင့်ပေါ်မှ လူနှစ်ယောက်က ကောင်းကင်နတ်ဘုရားများ ဖြစ်ကြောင်း ထင်ရှားသည်။ သူတို့ထဲမှ တစ်ယောက်က အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်စလုံးသည် အစွမ်းကုန်သုံးကာ တိုက်ခိုက်နေကြသည်။ ကျန်းရီသည် ထိုနှစ်ယောက်စလုံးကို စူးစမ်းလိုက်ပြီးနောက် အခြေအနေကို နားလည်သွားသည်။

ဤတိုက်ပွဲကွင်းက အမှန်တွင် လောင်းကစားရုံပင်။ လူများသည် တိုက်ပွဲစင်မြင့်ပေါ်မှ ပြိုင်ပွဲဝင်နှစ်ယောက်၏ အသက်အပေါ် ‌လောင်းကြေးထပ်ကြခြင်းဖြစ်သည်။

ကျန်းရီသည် သိုင်းသမားနှစ်ယောက်၏ တိုက်ပွဲကို အာရုံမစိုက်တော့ဘဲ သူ့ပစ်မှတ်ကိုသာ လိုက်ရှာလိုက်သည်။ သို့သော် ဤနေရာမှ လူများစွာက မျက်နှာဖုံးများ တပ်ထားကြသဖြင့် ပစ်မှန်ကို ရှာရန် မလွယ်ကူပေ။ ထို့ပြင် လူအချို့ဆိုလျှင် ဆန်းကြယ်စွမ်းရည်များသုံး၍ သူတို့ကိုယ်သူတို့ ဝေဝါးနေအောင် လုပ်ထားကြသည်။ မျက်နှာမဖုံးကွယ်ထားသော လူများထဲတွင်လည်း ပစ်မှတ်ကို ရှာမတွေ့ချေ။

ပစ်မှတ်မရှိကြောင်း အတည်ပြုပြီးသောအခါ ကျန်းရီသည် တိုက်ပွဲကွင်းမှ ပြန်ထွက်၍ ကျောက်ကျင်းသို့ သွားလိုက်သည်။ ကျောက်ကျင်းခန်းမက တိုက်ပွဲကွင်းခန်းမထက် များစွာပိုသေးသည်။ ခန်းမထဲတွင် ပုံပန်းသဏ္ဌာန်ထူးဆန်းသည် ကျောက်တုံးများ မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုခန်းမထဲ၌ လူလည်း များများစားစား မရှိချေ။ အားလုံးပေါင်းမှ လူတစ်ရာလောက်သာ ရှိသည်။ သူတို့အားလုံးက ကျောက်တုံးများကို အနီးကပ်ကြည့်ရှုနိုင်ရန် အချင်းချင်း တွန်းတိုက်နေကြသည်။ ကျန်းရီသည် ထိုခန်းမထဲတွင်လည်း ပစ်မှတ်မရှိကြောင်း အတည်ပြုပြီးသောအခါ ကစားကွင်းသို့ ဆက်သွားလိုက်သည်။

ကစားကွင်းခန်းမထဲရောက်သောအခါ ကျန်းရီသည် ဆောင်ကြာမြိုင်တစ်ခုထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခန်းမထဲတွင် ပွဲကြည့်ရုံငယ်လေးများစွာ ရှိနေသည်။ ထိုရုံငယ်လေးများထဲတွင် ကောင်းမွန်စွာ ဝတ်ဆင်ထားသော ယောက်ျားများ ရှိနေကြသည်။ ထိုယောက်ျားများ၏ အနောက်တွင် အစောင့်များ ရပ်နေကြသည်။ လှပသောမိန်းမပျိုလေးများကလည်း ယောက်ျားများကို အဖော်ပြုပေးနေကြသည်။ သူမတို့က မလုံတလုံ ဝတ်ဆင်ထားကြပေသည်။ အချို့ဆိုလျှင် ဖောက်မြင်ရလောက်အောင် ပါးလျသော အဝတ်များကို ဝတ်ဆင်ထားကြသည်။ အချို့ကလည်း ကိုယ်တစ်ပိုင်း ဗလာဖြစ်နေသည်။ အချို့ဆိုလျှင် အဝတ်ပင် မပါကြချေ။

ထိုရုံငယ်လေးများ၏ အလယ်တွင် စင့်မြင့်တစ်ခု ရှိနေသည်။ ၎င်းစင်မြင့်ပေါ်တွင် မိန်းမနှစ်ယောက် တိုက်ခိုက်နေကြသည်။ သူမတို့သည် ဓားမြှောင်တစ်ချောင်းစီ ကိုင်၍ အစွမ်းရှိသမျှ တိုက်ခိုက်နေပေသည်။ ပွဲကြည့်ရုံငယ်လေးများထဲမှ လူများက ကျယ်လောင်စွာ ရယ်မောကာ အားပေးနေကြသည်။

‘ဟိုမှာ ပစ်မှတ်ပဲ’

ကျန်းရီသည် ပွဲကြည့်ရုံငယ်အားလုံးကို စူးစမ်းပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ပစ်မှတ်က ဘယ်ဘက်ရှိ ခြောက်ခုမြောက် ပွဲကြည့်ရုံထဲတွင် ထိုင်နေသည်။ သူက ခရမ်းရောင်ဆံပင်ရှိသည့် ငယ်ရွယ်သော ယောက်ျားပျိုတစ်ယောက်ဖြစ်သည်။ ထိုအခိုက်တွင် သူ၏လက်နှစ်ဘက်စလုံးက သူ့ဘေးရှိ မိန်းမပျို၏ အဝတ်များထဲသို့ ရောက်နေသည်။ သူက သူမ၏ခန္ဓာကိုယ်နှင့် ကစားနေပေသည်။ တစ်ချိန်တည်းမှာပင် သူသည် စင်မြင့်ကိုကြည့်၍လည်း အော်ဟစ်နေသည်။

“သူ့ကိုသတ်... သူ့ကိုသတ်”

ထိုခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အနောက်တွင် ကိုယ်ရံတော်လေးယောက် ရပ်နေသည်။ သို့သော် ထိုကိုယ်ရံတော်များက နတ်ဘုရားစစ်သူကြီးများ မဟုတ်ကြပေ။ သူတို့၏ အရှိန်အဝါများကလည်း အားမကောင်းချေ။ ကိုယ်ရံတော်လေးယောက်စလုံးသည် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ ဘေးမှ မိန်းမပျိုကိုသာ စိတ်ဝင်စားနေကြသည်။ သို့သော် မည်သူကမှ မလှုပ်ဝံ့ပါပေ။ သူတို့သည် သူတို့နေရာကိုသူတို့ သိပေသည်။

စွက်...စွက်...

စင်မြင့်ထက်ရှိ ဆွဲဆောင်မှုရှိသော မိန်းမတစ်ယောက်သည် သူမ၏ဓားမြှောင်ဖြင့် အခြားမိန်းမကို ပြင်းထန်စွာ ထိုးချလိုက်သည်။ ထို့နောက် လျှပ်စီးအလျင်ဖြင့် ဆယ်ကြိမ် ထပ်ထိုးသည်။ ယခုတွင် သူမ၏ ဖြူဖွေးသော ဝတ်စုံက နီရဲသွားပေပြီ။ ပွဲကြည့်ရုံများထဲမှ လူအချို့က ရူးသွပ်စွာ ရယ်လိုက်ကြသည်။ အချို့ကလည်း ဒေါသထွက်သွားကြသည်။

“လခွမ်းပဲ... စောက်သုံးကို မကျဘူး။ စောက်ကောင်မ... နင့်ကြောင့် ငါ နတ်ဘုရားအမြစ်တစ်ထောင် ရှုံးသွားပြီ”

ခရမ်းရောင်ဆံပင်နှင့် လူငယ်က ဒေါသူပု်နထချေပြီ။ သူ ဒေါသတကြီး ထရပ်ကာ ဆဲဆိုလိုက်သည်။ ထို့နောက် သူသည် သူ့ဘေးမှ မိန်းမပျို၏ ဆံပင်ကို ဆွဲကာ သူမ၏ခေါင်းကို သူ့အရှေ့ရှိ ကျောက်စားပွဲနှင့် ဆောင့်လေသည်။ သူက အလွန်ပြင်းထန်စွာ ဆောင့်လိုက်ခြင်းဖြစ်၍ မိန်းမပျို၏ ခေါင်းမှ သွေးများ စီးကျလာသည်။ ဆောင့်ချက်က မည်မျှပြင်းသည်မသိ ကျောက်စားပွဲပင် အနည်းငယ်အက်သွားသည်။

‘တိရိစ္ဆာန်ကောင်ပဲ...’

ကျန်းရီသည် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အပြုအမူကို တွေ့သောအခါ ဒေါသထွက်သွားသည်။ သို့သော် သူသည် ချက်ချင်း သူ့စိတ်သူ ထိန်းချုပ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်တွင် အသက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်က သူ့ထံသို့ လျှောက်လာ၍ဖြစ်သည်။ သူမက သူ့အနား ရောက်လာသောအခါ ပြုံး၍ ပြောသည်။

“အရှင်... အရှင် လောင်းချင်ပါသလား။ တစ်ကြိမ်လောင်းရင် နတ်ဘုရားအမြစ်ငါးရာပဲ ပေးရမှာပါ။ ပြီးတော့ အရှင့်ကို ပြုစုပေးဖို့ ကြိုက်တဲ့မိန်းကလေး လေးယောက်ကိုလည်း ရွေးလို့ရပါတယ်။ အရှင် အဲ့မိန်းကလေးတွေကို စိတ်ကြိုက် ဆက်ဆံနိုင်တယ်။ အရှင် ဒေါသထွက်ရင် သူတို့ကို သတ်ပစ်လို့လည်း ရပါတယ်။ တစ်ယောက်မှ နတ်ဘုရားအမြစ်တစ်ရာပဲ ကျပါတယ်...”

ကျန်းရီသည် ထိုစကားများကို ဆက်နားမထောင်နိုင်တော့ပေ။ ဤမှောင်ခိုဈေးရဲတိုက်က အမှန်ပင် မကောင်းမှုများ၊ ရက်စက်မှုများနှင့် ပြည့်နှက်နေသော နေရာတစ်ခုပင်။ အမျိုးသမီးကျွန်များသည် လူကဲ့သို့ပင် ဆက်ဆံမခံရချေ။ ယောက်ျားများက သူမတို့ကို စိတ်ကြိုက် နှိပ်စက်ကြသည်။ သူမတို့ကို သတ်ပစ်မည်ဆိုလျှင်ပင် တစ်ယောက်မှ နတ်ဘုရားအမြစ်တစ်ရာသာ ကျသင့်မည်ဖြစ်သည်။ ဤနေရာသို့လာသော လူများက သေချာပေါက် တဏှာရူးများ၊ လူ့တိရိစ္ဆာန်များသာ ဖြစ်ပေလိမ့်မည်။

ကျန်းရီထံတွင် နတ်ဘုရားအမြစ်တစ်ခုပင် မရှိချေ။ မိန်းမများနှင့် ပျော်ပါးကာ လောင်းကစားလုပ်ရန် မဆိုထားနှင့် သေရည်တစ်ခွက်သောက်ရန်ပင် မတတ်နိုင်ပေ။ ထို့ကြောင့် သူ အေးစက်စက် ပြန်ပြောလိုက်သည်။

“အရင်ဆုံး ငါ ကြည့်ကြည့်လိုက်ဦးမယ်”

“စိတ်မကောင်းပါဘူး အရှင်”

အသက်လတ်ပိုင်းအရွယ် မိန်းမသည် ကျန်းရီက ငမွဲတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ သို့သော် သူမသည် ယဉ်ကျေးစွာသာ ဆက်ပြောလိုက်သည်။

“အရှင် နတ်ဘုရားအမြစ်တစ်ရာ သုံးမယ်ဆိုရင် နှစ်နာရီကြာ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ နတ်ဘုရားအမြစ်တစ်ခုမှ မသုံးဘူးဆိုရင်တော့ တခြားနေရာမှာပဲ အပျော်သွားရှာလိုက်ပါ”

ပစ်မှတ်က အလွန်နီးကပ်နေသော်လည်း ကျန်းရီ မည်သို့မှ မလုပ်နိုင်ပေ။ ထိုသို့ မလုပ်နိုင်ခြင်းမှာ ပစ်မှတ်အနားမှ ကိုယ်ရံတော်လေးယောက်ကြောင့်သာ မဟုတ်ချေ။ ယခု ကျန်းရီ အရှေ့ရှိ မိန်းမကလည်း အနိမ့်ဆုံး မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်တွင် ရှိလောက်သည်။ ကျန်းရီက ပစ်မှတ်ကို သတ်နိုင်လိုက်လျှင်ပင် ရူးသွပ်နတ်ဘုရားရဲတိုက်ထဲမှ အသက်ရှင်လျက် ပြန်မထွက်နိုင်လောက်ချေ။

‘ငါ စောင့်ရမှာပဲ’

ကျန်းရီသည် ပစ်မှတ်ကို ရှာတွေ့ပြီဖြစ်သည်။ ထို့ပြင် ပစ်မှတ်၏ ကိုယ်ရံတော်လေးယောက်ကလည်း စွမ်းအားမကြီးပေ။ သူတို့၏စွမ်းရည်က အလွန်ဆုံးမှာ နတ်ဘုရားအဆင့်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် သူက ပစ်မှတ်ကို သတ်နိုင်လိမ့်မည်ဟု အတော်လေး ယုံကြည်မှု ရှိနေသည်။

ဤတာဝန်က တိုက်ပွဲအမှတ်တစ်ထောင် တန်သည်။ ထိုသို့သော တာဝန်မျိုးကို ရရှိရန် ခဲယဉ်းသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်ကို သတ်လိုက်လျှင် မည်သို့ဆက်ဖြစ်လာမည်ကိုမူ သူ များစွာတွေးတောနေမည် မဟုတ်ပေ။ ကျန်းရှောင်နူက ခြင်္သေ့ပြာမြို့တွင် တစ်ယောက်တည်း ရှိနေသည်။ ကျန်းရီသည် သူမအတွက် အလွန်စိုးရိမ်နေပေသည်။ ထို့ကြောင့် သူ စွန့်စားရပေမည်။

ကျန်းရီသည် ဘေးဆောင်နံပါတ်(၁၆)တွင် လှည့်ပတ်လျှောက်နေရန် ဆုံးဖြတ်လိုက်သည်။ သူ့ကို လမ်းလျှောက်သည့်အတွက်တော့ အဖိုးအခ မကောက်ခံလောက်သည် မဟုတ်လော။ သူသည် ရဲတိုက်အပြင်တွင် စောင့်မနေလိုပေ။ ထိုခရမ်းရောင်ဆံပင်နှင့်လူငယ်တွင် နတ်ဘုရားလှေ ရှိနေလျှင် မည်သို့လုပ်မည်နည်း။ သို့ဆိုလျှင် ကျန်းရီသည် သူ့ကို မည်သို့မှ လိုက်မီနိုင်တော့မည် မဟုတ်ချေ။

ဆယ်နာရီ၊ နာရီနှစ်ဆယ်... နာရီရှစ်ဆယ်

ကျန်းရီသည် တစ်ခန်းဝင်၊ တစ်ခန်းထွက်နှင့် အရူးတစ်ယောက်ကဲ့သို့ လမ်းလျှောက်နေသည်။ အစောင့်များက သူ့ကို စတင်သံသယဝင်နေပြီဖြစ်သည်။ သို့သော် သူက မည်သည်မှ မပြုလုပ်သဖြင့် အစောင့်များက ကြည့်ရုံသာ ကြည့်နေကြသည်။ သူတို့သည် ကျန်းရီကို အနှောင့်အယှက်ပေးမည် မဟုတ်ပေ။

နောက်ဆုံးတွင်...

အနိမ့်ဘုံအချိန် သုံးရက်ကြာပြီးနောက် ကျန်းရီသည် စင်္ကြံလမ်းမှ ထွက်ပေါ်လာသော ဆဲဆိုသံများကို ကြားလိုက်ရသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်က ကိုယ်ရံတော်လေးယောက်နှင့်အတူ ထွက်လာသည်။ သူက နတ်ဘုရားအမြစ်များစွာ ရှုံးခဲ့ကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် သူတို့ကို မကြည့်ဘဲ သူတို့ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ ခရမ်းရောင်ဆံပင်နှင့်လူငယ်က ကိုယ်ရံတော်လေးယောက်ကို ဦးဆောင်၍ ရဲတိုက်အပြင်သို့ သွားနေသည်။

‘လိုက်...’

ကျန်းရီသည် ခေတ္တမျှစောင့်ပြီးနောက် နောက်မှလိုက်သွားလိုက်သည်။ ရူးသွပ်နတ်ဘုရားရဲတိုက်မှ အစောင့်များသည် တစ်စုံတစ်ခု မူမမှန်ကြောင်း သတိပြုမိသော်လည်း ကျန်းရီက ရဲတိုက်ထဲတွင် မည်သို့မှ မလုပ်သဖြင့် ရပ်ကြည့်၍သာ နေကြသည်။ ဤရဲတိုက်ထဲတွင် မကောင်းမှုများ၊ ရက်စက်မှုများနှင့် ပြည့်နှက်နေပေသည်။ ကျန်းရီက ထိုခရမ်းရောင်ဆံပင်နှင့် လူငယ်ကို လာရှာခြင်းဖြစ်ကြောင်း သိသာသည်။ သို့သော် အစောင့်များသည် ထိုကိုယ်ရေးကိုယ်တာကိစ္စကြားတွင် ဝင်ပါကြမည် မဟုတ်ချေ။

ရဲတိုက်ဂိတ်တံခါး အပြင်သို့ ရောက်သောအခါ ကျန်းရီ၏ မျက်နှာထားက အေးစက်တင်းမာသွားသည်။ ထိုလူငယ်ထံတွင် အမှန်ပင် နတ်ဘုရားလှေ ရှိပေသည်။ ယခုတွင် သူ၏ ကိုယ်ရံတော်တစ်ယောက်က နတ်ဘုရားလှေကို ထုတ်နေသည်။ ကျန်လူများက လှေပေါ်တက်ရန် အသင့်ပြင်နေကြသည်။

နတ်ဘုရားလှေက ကျန်းရီထက် ဆယ်ဆပိုမြန်စွာ သွားနိုင်သည်။ ထို့ပြင် လှေတွင် အားကောင်းသော အကာအရံလည်း ရှိသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်သာ နတ်ဘုရားလှေပေါ်သို့ တက်သွားလျှင် ကျန်းရီတွင် သူ့ကို သတ်နိုင်မည့်အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ ကျန်းရီသည် မတတ်သာတော့သဖြင့် အံကြိတ်ကာ လူငယ်ဆီ ပြေးသွားပြီး အော်ပြောလိုက်သည်။

“သခင်လေး.. စောင့်ပါဦး။ ကျွန်တော့်ရဲ့ သခင်မလေးက သခင်လေးကို ရှာနေပါတယ်”

‘ပေါင်းစည်းမီးတောက်’

တစ်ချိန်တည်းမှာပင် ကျန်းရီ၏ နဝမမြောက် ကြယ်စက်လုံးထဲမှ‌နေ၍ ပေါင်းစည်းမီးတောက်များ ထွက်လာသည်။ သူသာ ထိုလူများအနားသို့ ကပ်နိုင်မည်ဆိုလျှင် ထိုငါးယောက်စလုံးကို သတ်ပစ်နိုင်ပေလိမ့်မည်။ သူ သူတို့ကို သတ်ပြီးနောက်တွင် ရူးသွပ်နတ်ဘုရားရဲတိုက်က သူ့အား မည်သို့လုပ်မည်ကိုမူ ယခုတွင် သူ မတွေးနိုင်သေးပေ။ အရင်ဆုံး လုပ်စရာရှိသည်ကို လုပ်ဆောင်ရပေမည်။

***

All Chapters