ခေါင်းဖြတ်ခံရခြင်း
Vol. 94 Ch. 1310
ခရမ်းရောင်ဆံပင်နှင့် လူငယ်နှင့် ကိုယ်ရံတော်လေးယောက်တို့သည် လှေပေါ်တက်ရန် လုပ်နေချိန်တွင် ကျန်းရီ၏ အော်သံကို ကြားလိုက်ကြ၏။ သူတို့သည် နားမလည်ဟန်ဖြင့် ရပ်တန့်လိုက်ကြပြီး နောက်လှည့်ကြည့်လိုက်ကြသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်က ကျန်းရီကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းရဲ့ သခင်မလေးက ဘယ်သူလဲ”
ထိုအခိုက်တွင် ကျန်းရီက သူတို့နှင့် မီတာခြောက်ရာသာ ဝေးတော့သည်။ သူသည် မျက်နှာသေဖြင့် သူ့လက်စွပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
“ကျွန်တော့် သခင်မလေးရဲ့ မျိုးရိုးနာမည်က ‘လော’ပါ။ ဒီစာက သူ့ဆီကစာပါ”
“သခင်မလေးလောလား”
ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် အံ့အားသင့်သွား၏။ အလွန်လည်း ဝမ်းသာအားရဖြစ်သွားသည်။
“ဘယ်သခင်မလေးလောလဲ။ သခင်မလေးလောချင်းယန်လား”
“အဲ့မှာ ရပ်လိုက်”
ကျန်းရီက သူတို့နှင့် နီးကပ်လာသောအခါ ကိုယ်ရံတော်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။ ကျန်းရီက ရဲတိုက်ထဲမှ ထွက်လာပုံပေါ်သည်။ သူက ဤရဲတိုက်သို့ စာပို့ရန် လာခဲ့ခြင်းဆိုလျှင် အပြင်မှ ရောက်လာသင့်သည်။ သူက ရဲတိုက်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်လျှင် လူငယ်ကို ရဲတိုက်ထဲမှာကတည်းက လာရှာခဲ့သင့်သည်။ အထူးသဖြင့် သူ ထွက်ပေါ်လာသည့်အချိန်က သံသယဖြစ်စရာကောင်းနေသည်။
အခြားကိုယ်ရံတော်တစ်ယောက်ကလည်း တိုက်ခိုက်ရန် အသင့်ပြင်ကာ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။
“စာကို ပစ်ပေးလိုက်။ အဲ့ဒါဆိုရပြီ”
ကျန်းရီသည် ရပ်တန့်လိုက်ပြီး စာကို သူတို့ထံ ပစ်ပေးလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ သခင်မလေးက မနက်ဖြန်ကျရင် သခင်လေးကို သူ့အိမ် လာခဲ့ဖို့လည်း ပြောလိုက်ပါတယ်...”
ခရမ်းရောင်ဆံပင်နှင့် လူငယ်က စာကိုလက်တစ်ဘက်ဖြင့် ဖမ်းလိုက်၏။ သို့သော် ဖွင့်မဖတ်ဘဲ သတိတကြီးဖြင့် ပြောလိုက်သည်။
“မင်းရဲ့ သခင်မလေးက သခင်မလေးလောချင်းယန်လားလို့ ငါမေးနေတယ်လေ”
ကိုယ်ရံတော်များသည် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသော်လည်း စိုးတော့ စိုးရိမ်မနေကြပေ။ ကျန်းရီက မြွေပြာမျိုးနွယ်မှ ဖြစ်သည်။ သူ၏ စွမ်းရည်များက သိပ်၍ စွမ်းအားမကြီးလောက်ချေ။ ထို့ပြင် သူက သူတို့ကို လှည့်စားလောက်မည်ဟုလည်း သူတို့ မထင်ပေ။ အရေးအကြီးဆုံးမှာကား သူတို့က ရူးသွပ်နတ်ဘုရားရဲတိုက် အပြင်တွင် ရှိနေခြင်းပင်။
“စာကို ဖတ်ကြည့်လိုက်ရင် သခင်လေး သိသွားပါလိမ့်မယ်”
ကျန်းရီက လေသံတိုးတိုးဖြင့် ပြန်ပြောသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်က စာကို လျင်မြန်စွာ ဖွင့်လိုက်သည်။ ကိုယ်ရံတော်လေးယောက်ကလည်း စာကို ချောင်းကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီ လှုပ်ရှားလိုက်သည်။ သူသည် ရုတ်တရက် ဦးညွှတ်၍ လက်ဆုပ်ကာ ပြောလိုက်လေသည်။
“နှုတ်ခွန်းဆက်ပါတယ် သခင်မလေး...”
“အာ...”
ခရမ်းရောင်ဆံပင်နှင့် လူငယ်နှင့် ကိုယ်ရံတော်များသည် ကျန်းရီက သူတို့အနောက်မှ တစ်စုံတစ်ယောက်ကို ဦးညွှတ်နေကြောင်း တွေ့လိုက်ရသောအခါ အလိုလို နောက်လှည့်ကြည့်မိသွားသည်။ ကျန်းရီသည် ရုတ်ခြည်းပင် သူတို့ထံသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပြေးသွားလိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူ့လက်ထဲတွင် မီးနဂါးဓားက အပြာရောင်၊ အနီရောင် လင်းလက်ကာ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် နတ်ဘုရားဇီဝိန်ခြွေကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မီးနဂါးကြီးသုံးကောင်က အရှေ့မှ လူငါးယောက်ထံ ပျံဝင်သွားသည်။ မိုးမြေဖိအားကလည်း သူတို့ကို ဖိနှိပ်လိုက်သည်။ ထိုမှ သူတို့ ထွက်မပြေးနိုင်မည် ဖြစ်သည်။
“ရပ်လိုက်...”
ရဲတိုက်အပြင်ဘက်မှ အစောင့် ဆယ်ယောက်လောက်က ရုတ်တရက် အော်ပြောလိုက်သည်။ ထို့နောက် ကျန်းရီအပေါ်သို့ ကြောက်မက်ဖွယ်ဖိအားတစ်ခု ကျရောက်လာသည်။ အစောင့်များသည် အခြေအနေကို မျက်ခြည်မပြတ် ကြည့်နေခဲ့ကြသည်။ ကျန်းရီ၏ ထူးဆန်းသော အပြုအမူများက သူတို့ကို အာရုံစိုက်စေခဲ့သည် မဟုတ်ပါလား။ သို့သော် ကျန်းရီက ထိုမျှရဲတင်းလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ပေ။ သူက ရူးသွပ်နတ်ဘုရားရဲတိုက် အပြင်ဘက်တွင်ပင် တိုက်ခိုက်ဝံ့ပေသည်။ ထို့ပြင် သူ၏ပစ်မှတ်ကလည်း ခရမ်းရောင်ဆံပင်နှင့် လူငယ် ဖြစ်နေသည်။
“အတင့်ရဲလိုက်တာ။ မင်းက ငါတို့ရဲ့ သခင်လေးကို လုပ်ကြံရဲတယ်ပေါ့လေ။ ငါတို့ရဲ့ သခင်လေးက ဘယ်သူဆိုတာကို မင်းသိလား”
ကိုယ်ရံတော်လေးယောက် ဒေါသထွက်သွားသည်။ သူတို့၏ လက်စွပ်များကို လင်းလက်သွားပြီး လက်နက်များ ထွက်လာကြသည်။ သူတို့၏ ကိုယ်ပေါ်တွင်လည်း နတ်ဘုရားချပ်ဝတ်များ ထွက်ပေါ်လာသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ ကိုယ်ပေါ်မှ ချပ်ဝတ်က အတောက်ပဆုံးပင်။ ၎င်းချပ်ဝတ်၏ အရှိန်အဝါကလည်း ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ကျန်းရီသည် ၎င်းက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။
ကိုယ်ရံတော်လေးယောက်က ကျန်းရီကို မတိုက်ခိုက်နိုင်သေးမှာပင် နတ်ဘုရားဇီဝိန်ခြွေက ထွက်သွားပြီဖြစ်သည်။ မီးနဂါးသုံးကောင်လည်း ထွက်ပေါ်လာပေပြီ။ သို့သော် ထိုလူများက ကြောက်နေသည့်ပုံ မပေါ်ကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ သူတို့သည် သူတို့၏ချပ်ဝတ်များက သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်နေကြပုံပင်။
ကိုယ်ရံတော်လေးယောက်နှင့် ခရမ်းရောင်ဆံပင်နှင့် လူငယ်တို့ကို ကြောက်ရွံ့သွားစေသည်မှာ မီးနဂါးများနောက်မှ လိုက်လာသော ပြာနီရောင် မီးတောက်လုံးများပင်။ ထိုမီးတောက်များ ထွက်ပေါ်လာသည့်အခိုက်တွင် လေထုက တွန့်ခေါက်သွားသည်။ ကြောက်မက်ဖွယ် အပူလှိုင်းများကလည်း သူတို့ထံ ရောက်ရှိလာသည်။ သူတို့သည် နတ်ဘုရားချပ်ဝတ်များ ဝတ်ဆင်ထားကြသော်လည်း မီးတောက်များ၏ အပူဓာတ်ကို ခံစားလိုက်ကြရသည်။ သူတို့ သွေးဆူလာကြသည်။ သူတို့၏ ကောင်းကင်စွမ်းအားများလည်း ရှုပ်ထွေးသွားသည်။ သူတို့သည် ထိုတိုက်ခိုက်မှုများကို မည်သို့မှ ခုခံနိုင်မည် မဟုတ်ချေ။
“သခင်လေး ပြေးပါတော့...”
ကိုယ်ရံတော်လေးယောက်က တစ်ပြိုင်တည်း အော်ပြောလိုက်ကြသည်။ ထိုအခိုက်တွင် သူတို့သည် သူတို့က သေချာပေါက် သေတော့မည်ဖြစ်ကြောင်း သိသွား၏။ သူတို့၏ နောက်ဆုံးအတွေးက သူတို့၏ သခင်လေးကို လွတ်မြောက်အောင် ကူညီပေးရန်ဖြစ်သည်။ မဟုတ်လျှင် သူတို့၏ မိသားစုများပါ သေရပေလိမ့်မည်။
ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ နတ်ဘုရားချပ်ဝတ်က ထိပ်တန်းအဆင့်ဖြစ်ကြောင်း သိသာသည်။ သို့သော် မြင့်မားသော အပူချိန်က ၎င်းကို ဖောက်ထွင်းနိုင်နေသည်။ ထို့ပြင် နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအင်ကို အသုံးပြု၍ သူ့ကို ဖိနှိပ်ထားရာ သူ ထွက်ပြေးလိုသော်လည်း ထွက်မပြေးနိုင် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က အပူချိန်မြင့်တက်လာသောအခါ သူ၏ကောင်းကင်စွမ်းအားလည်း ရှုပ်ထွေးလာသည်။ ယင်းအပြင် သူက အပျော်ပါးမက်ကာ အပါးခိုသူတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ယခင်က တစ်ခါမှ မခံခဲ့ဖူးရာ ယခုတွင် လုံးဝမှင်တက်နေလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ရဲတိုက်အပြင်ဘက်မှ အစောင့် ဆယ်ယောက်လောက်က ပျံသန်းလာသည်။ သူတို့ထဲမှ အချို့သည် ကျန်းရီ၏ လုပ်ကြံသတ်ဖြတ်မှုကို တားဆီးရန် အာကာသတာအိုပုံသဏ္ဌာန်များကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီက ခရမ်းရောင်ဆံပင်နှင့် လူငယ်နှင့် အလွန်နီးကပ်နေပေသည်။ အစောင့်များ ပျံလာသည့်အချိန်တွင် နတ်ဘုရားဇီဝိန်ခြွေက ကိုယ်ရံတော်သုံးယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီဖြစ်သည်။ ထို့ပြင် မီးတောက်လုံးများကလည်း အနောက်မှ ကပ်လိုက်လာကာ သူတို့၏ ခန္ဓာကိုယ်များကို ထိမှန်သွားကြသည်။
“အား...အား...”
နာကျင်တကြီး အော်ဟစ်လိုက်သံ လေးသံ ထွက်ပေါ်လာသည်။ သူတို့လေးယောက်၏ နတ်ဘုရားချပ်ဝတ်များက မီးလောင်သွားသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များက ပြာကျသွားလေသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ နတ်ဘုရားချပ်ဝတ်ကမူ ထိပ်တန်းအဆင့် ဖြစ်သဖြင့် မည်သည့်ထိခိုက်မှုမှ မရှိသေးချေ။
နတ်ဘုရားချပ်ဝတ်က မထိခိုက်သော်လည်း လူငယ်က ထိခိုက်သွားသည်။ သူသည် တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားနေရသည်။ ကျန်းရီ၏ လက်ထဲတွင် ပြာနီရောင်မီးတောက်များ ထပ်မံထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ သူ သေခြင်းတရားနှင့် ရင်ဆိုင်ရပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“ရပ်လိုက်.. ငါက စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ကပဲ။ ငါ့အဘိုးက နတ်သိမ်းငှက်မြို့က စစ်နတ်ဘုရားစံအိမ်ရဲ့ စံအိမ်အရှင်ပဲ။ မင်း ငါ့ကို သတ်ရင် သေချာပေါက် ပြန်အသတ်ခံရမှာပဲ”
‘နတ်သိမ်းငှက်မြို့က စစ်နတ်ဘုရားစံအိမ်ရဲ့ စံအိမ်အရှင်လား’
ကျန်းရီ မျက်လုံးပြူးသွားသည်။ ထိုခရမ်းရောင်ဆံပင်နှင့် လူငယ်က အရေးပါသူတစ်ယောက်ဖြစ်ပြီး နောက်ခံကြီးကြီး ရှိလိမ့်မည်ဖြစ်ကြောင်း ကျန်းရီသိသည်။ သို့သော် နောက်ခံက ထိုမျှကြီးလိမ့်မည်ဟုတော့ ကျန်းရီ မထင်ခဲ့ပေ။ ယခုတွင် သူသည် စစ်နတ်ဘုရားစံအိမ်အကြောင်းကို အနည်းငယ် နားလည်ထားပြီဖြစ်သည်။ ထိုစံအိမ်က အထက်ဘုံရှိ အင်အားအကြီးဆုံးစံအိမ်ဖြစ်သည်။ ထိုစံအိမ်မှ လူများက အထက်ဘုံတစ်ခွင်လုံးတွင် ရှိကြသည်။ တိရှဘုံတွင်ပင် စစ်နတ်ဘုရားစံအိမ်က တမလွန်ဘုံ၏ ကျူးကျော်မှုကို အဓိကခုခံနေသည့် စံအိမ်ဖြစ်သည်။ စစ်နတ်ဘုရားစံအိမ်နှင့် ယှဉ်လျှင် မိစ္ဆာသတ်ဖြတ်စံအိမ်က အင်အားနည်းပေသည်။ သို့သော် တိရှစံအိမ်နှင့် ယှဉ်လျှင်မူ မိစ္ဆာသတ်ဖြတ်စံအိမ်က ပိုသာသည်။
စစ်နတ်ဘုရားစံအိမ်၏ လူရွေးသည့် လုပ်ငန်းစဉ်က အလွန်တင်းကြပ်သည်။ ထိုစံအိမ်ကို ဝင်နိုင်သူများက ထိပ်သီးများသာဖြစ်သည်။ ထိုစံအိမ်ထဲ ဝင်နိုင်လိုက်လျှင်ပင် စွမ်းအားကြီး သိုင်းသမားများအဖြစ် သတ်မှတ်ခံရသည်။ ထိုခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အဘိုးက နတ်သိမ်းငှက်မြို့ရှိ စစ်နတ်ဘုရားစံအိမ်၏ စံအိမ်အရှင်ဖြစ်သည်။ ယင်းမှာ သူက နတ်သိမ်းငှက်မြို့ထဲရှိ စွမ်းအားအကြီးဆုံး သူများထဲမှ တစ်ယောက်ဆိုသော အဓိပ္ပာယ်ပင်။ အကယ်၍ ကျန်းရီက သူ၏မြေးကိုသတ်လိုက်လျှင် မည်သို့ ဆက်ရှင်သန်နိုင်ပါတော့မည်နည်း။
‘သတ်ကွာ...’
နောက်ဆုံးတွင် ကျန်းရီသည် အခြေအနေကို သဘောပေါက်သွားသည်။ သို့သော် သူ စိတ်တင်းလိုက်သည်။ သူက ခရမ်းရောင်ဆံပင်နှင့် လူငယ်ကို အပြစ်ပြုမိခဲ့ပြီးပေပြီ။ ယခုတွင် နောက်ပြန်ဆုတ်ရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို့ပြင် ကျန်းရီသည် ရူးသွပ်နတ်ဘုရားရဲတိုက်ထဲတွင် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အကျင့်စရိုက်ကိုလည်း တွေ့ခဲ့သည်။ ထို့ကြောင့် ယခု ကျန်းရီက သူ့ကို မသတ်လျှင် သေရန် ထိုင်စောင့်နေရုံသာ ရှိတော့သည်။
ရွှက်...
ကျန်းရီသည် မီးနဂါးဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်သည်။ ဓားခုတ်ချက်က မီးတောက်လုံးများစွာကို ဆွဲယူ၍ ခရမ်းရောင်ဆံပင်နှင့် လူငယ်ထံ ပျံဝင်သွားသည်။ ချက်ချင်းပင် မီးတောက်များက သူ့ကို ဝါးမျိုလိုက်သည်။ မယုံနိုင်လောက်အောင် မြင့်မားသော အပူချိန်ကြောင့် ရူးသွပ်နတ်ဘုရားရဲတိုက်၏ ရဲတိုက်နံရံများပေါ်မှ အကာအရံစွမ်းအားများ နိုးထလာသည်။ ရဲတိုက်ကလည်း လင်းလက်လာပြီး အကာအရံအရှိန်အဝါတစ်ခု ထွက်လာသည်။
“ပြီးသွားပြီ...”
ရူးသွပ်နတ်ဘုရားရဲတိုက်မှ အစောင့်များက သက်ပြင်းသဲ့သဲ့ ချလိုက်ကြသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ စစ်ချပ်ဝတ်က ချပ်ဝတ်ကောင်းတစ်ခုဖြစ်သည်။ သို့သော် အသုံးပြုသူက လူဖျင်းတစ်ယောက်ဖြစ်နေသည်။ သူ၏ တိုက်ခိုက်စွမ်းအားက စုတ်ပြတ်နေသည်။ ထို့ပြင် ပြာနီမီးတောက်များက အလွန်စွမ်းအားကြီးနေသည်။ ထို့ကြောင့် သူသည် အရှင်လတ်လတ် မီးလောင်ကျွမ်းနေလေသည်။ သူ၏ နာကျင်တကြီး အော်ဟစ်သံကလည်း ထိုနေရာတစ်ခွင်တွင် ပဲ့တင်ထပ်နေပေသည်။
ဝှစ်...
ကျန်းရီသည် အရှေ့သို့ လျင်မြန်စွာ ပြေးသွားပြီး မီးတောက်များကို ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ ကျွတ်နေပြီဖြစ်သော ငွေရောင် နတ်ဘုရားချပ်ဝတ်ကို ယူကာ သူ့သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ ထို့နောက် လူငယ်၏ မီးကျွမ်းနေသော ဦးခေါင်းကို မီးနဂါးဓားဖြင့် ခုတ်ဖြတ်လိုက်ပြီး ခေါင်းပြတ်ကို လက်စွပ်ထဲမှာ သိမ်းဆည်းလိုက်လေသည်။
“ဟွန်း...”
ရူးသွပ်နတ်ဘုရားရဲတိုက်မှ အစောင့် ဆယ်ယောက်လောက်၏ မျက်နှာထားများ တင်းမာသွားကြသည်။ ထို့နောက် နတ်ဘုရားစစ်သူကြီးတစ်ယောက်၏ အာကာသစည်းမျဉ်းစွမ်းအားက ကျန်းရီဘေးမှ အာကာပြင်ကို စတင် တုန်ခါလာစေသည်။ ကျန်းရီသည် လှိုင်းထန်သော ပင်လယ်ထဲတွင် လှေစီးနေရသလို ခံစားလိုက်ရသည်။ သူ မည်သို့မှ ထွက်မပြေးနိုင်တော့ပေ။
“ကောင်စုတ်လေး... မင်းက တော်တော် အတင့်ရဲပါလား။ ရူးသွပ်နတ်ဘုရားရဲတိုက်အပြင်မှာ လူသတ်ရဲတယ်ပေါ့လေ။ ပြီးတော့လည်း မင်းသတ်လိုက်တဲ့လူက စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က သခင်လေး”
နတ်ဘုရားစစ်သူကြီးတစ်ယောက်က ကျန်းရီထံ ပျံသန်းလာသည်။ သူသည် ကျန်းရီကို အေးစက်စက် မျက်ဝန်းများဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
“မင်းက မြွေပြာမျိုးနွယ်ဝင်တစ်ယောက်လိုတောင် ဟန်ဆောင်နေသေးတယ်လား။ ငါ မင်းကို ပြောလိုက်မယ်... မင်းက ခရမ်းရောင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်လို ဟန်ဆောင်ထားရင်တောင် ဒီနေ့မှာ သေချာပေါက် သေရမှာပဲ။ သူ့ကို ဖမ်းလိုက်ကြ”
***