ပါးနပ်သောလျှာ
Vol. 94 Ch. 1311
ဝှစ်...ဝှစ်...
နတ်ဘုရားစစ်သူကြီးနှစ်ယောက်က ကျန်းရီထံသို့ ပျံသန်းလာသည်။ သူတို့ထဲမှ တစ်ယောက်သည် ကျန်းရီ၏ ဝမ်းဗိုက်အောက်ပိုင်းကို အားကုန်ထိုးချလိုက်၏။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ၎င်း၏ပိုင်ရှင်ကို ကာကွယ်ရန် အလိုလို ထွက်ပေါ်လာသော်လည်း လက်သီးချက်က အတော်လေး ပျင်းထန်ပေရာ အားလှိုင်းတစ်ခုသည် ချပ်ဝတ်ကို ဖြတ်၍ ဝင်ရောက်သွားသည်။ ကျန်းရီတစ်ယောက် အလွန်နာကျင်သွားသဖြင့် ပုစွန်တစ်ကောင်ကဲ့သို့ ကိုင်းသွားသည်။ ထို့ပြင် ထူးဆန်းသော အားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ သူ၏ဒန်တျန်ကို ချိပ်ပိတ်လိုက်သေးသည်။
ယခုတွင် ကျန်းရီသည် ဒန်တျန်ချိပ်ပိတ်ခံလိုက်ရပြီဖြစ်၍ ကောင်းကင်စွမ်းအားကို မသုံးနိုင်တော့ပေ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုသာ ထုတ်သုံးနိုင်တော့သည်။ သို့သော် သူ့ပတ်ပတ်လည်တွင် နတ်ဘုရားစစ်သူကြီးများစွာ ရှိနေသဖြင့် သူ အရဲမကိုးဝံ့ပေ။ အမှားတစ်ချက်က သူ့ကို အသက်ပျောက်သွားစေနိုင်သည်။
ကောင်းကင်စွမ်းအားက ထောက်ပံ့ပေးမထားသောအခါ ပုံရိပ်ယောင်ဆန်းကြယ်စွမ်းရည်က အလိုလို ပျောက်ကွယ်သွားပြီး ကျန်းရီ၏ ရုပ်သွင်အစစ်အမှန်ကို ပြသလိုက်သည်။ ဘေးမှ အစောင့်တစ်ယောက်သည် ကျန်းရီကို ခေါင်းအစခြေအဆုံး ထပ်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“သူ့ကို ဖမ်းခေါ်လာခဲ့။ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ဆီ သတင်းပို့ဖို့ လူတစ်ယောက် စေလွှတ်လိုက်။ ဒီကောင်စုတ်ကို သူတို့လက်ထဲ လွှဲပေးရမယ်”
‘ပြဿနာပဲ...’
ကျန်းရီ မျက်လုံးပြူးသွားသည်။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က အလွန်အင်အားကြီးပုံပင်။ ရူးသွပ်နတ်ဘုရားရဲတိုက်သည်ပင် ကျန်းရီကို ကိုယ်တိုင်မစီရင်နိုင်ဘဲ လော့မျိုးနွယ်လက်ထဲ အပ်ရသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူ မကြာခင် သေရတော့မည်ဟု တွေးမိလာလေသည်။
“နေဦး...”
ကျန်းရီသည် ဒေါသထွက်နေသော မျက်နှာထား၊ ဒေါသထွက်နေသော လေသံနှင့် အော်ပြောလိုက်သည်။
“ခင်ဗျားတို့မှာ ဘာအခွင့်အာဏာရှိလို့ ကျွန်တော့်ကို ဖမ်းခေါ်သွားမှာလဲ။ ကျွန်တော်က ရူးသွပ်နတ်ဘုရားရဲတိုက်ထဲမှာ တိုက်ခိုက်ခဲ့တာမို့လို့လား။ ကျွန်တော်က ခင်ဗျားတို့ရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့လို့လား။ ကျွန်တော်က မိစ္ဆာသတ်ဖြတ်စံအိမ်ကပဲ.. ပြီးတော့ တာဝန်ထမ်းဆောင်နေတာ။ အဲ့လူက တမလွန်ဘုံက သူလျှိုတစ်ယောက်ပဲ။ ခင်ဗျားတို့ သူ့ကို ကာကွယ်ပေးနေတဲ့ပုံကို ကြည့်ရတာ ခင်ဗျားတို့ကလည်း တမလွန်ဘုံဘက်ကပဲ ထင်တယ်”
ကျန်းရီက ဝံ့ဝံ့ကြွားကြွား ပြောလိုက်သည်။ သူ၏ စကားအခွန်းတိုင်းကို ဖြောင့်မတ်မှုက လွှမ်းခြုံထားသည်။ သူ၏အသံကလည်း ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ ရူးသွပ်နတ်ဘုရားရဲတိုက်၏ အကာအရံများ လင်းလက်လာခြင်းကပင် လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ထားပြီဖြစ်သည်။ ထိုအချက်တွင် လူများသည် ဖြစ်ပျက်နေသည်များကို ကြည့်ရန် ရဲတိုက်ထဲမှ ပြေးထွက်လာကြသည်။ ထိုနေရာတစ်ဝိုက်တွင် ရူးသွပ်နတ်ဘုရားရဲတိုက်မှ အစောင့်များသာမက ဧည်သည့်တော်များစွာလည်း ရှိနေပေသည်။
“အာ...”
နတ်ဘုရားစစ်သူကြီး ဆယ်ယောက်လောက်က တုံ့ဆိုင်းသွားသည်။ ကျန်းရီပြောသော စကားများက အဓိပ္ပာယ်ရှိသည်။ ရူးသွပ်နတ်ဘုရားရဲတိုက်ထဲတွင် စည်းမျဉ်းများရှိသည်။ လူများသည် ရဲတိုက်ထဲ၌ ပြဿနာရှာ၍ မရပေ။ သို့သော် ထိုစည်းမျဉ်းများက ရဲတိုက်အပြင်တွင် အကျုံးမဝင်ချေ။ သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်က မကြုံခဲ့ဖူးသဖြင့် လုပ်မိလုပ်ရာ လုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်မှဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။ အကယ်၍ ကျန်းရီက တာဝန်ထမ်းဆောင်နေခြင်းဆိုလျှင် အမှားမရှိချေ။ အရေးအကြီးဆုံးမှာ ကျန်းရီက ထိလွယ်ရှလွယ်သော အကြောင်းအရာဖြစ်သည့် တမလွန်ဘုံအကြောင်းကို ထည့်ပြောခဲ့ခြင်းပင်။
သက်ရှိအားလုံးအတွက် တမလွန်ဘုံက အန္တရာယ်ကြီးတစ်ခုဖြစ်သည်။ တမလွန်ဘုံ ပါဝင်သော ကိစ္စတိုင်းက ပျက်သုဉ်းခြင်းနှင့် အဆုံးသတ်ရသည်သာ။ ရူးသွပ်နတ်ဘုရားရဲတိုက်က တမလွန်ဘုံနှင့် မည်သို့သော ပတ်သတ်မှုမှ မရှိလျှင်ပင် လူများက တစ်မျိုးမြင်သွားပါက သူတို့၏ဂုဏ်သတင်း ထိခိုက်ရပေလိမ့်မည်။ ထိုအခါ သူတို့၏စီးပွားရေးလည်း အလွန်ထိခိုက်သွားမည်ဖြစ်သည်။
သို့သော် ပြဿနာမှာ...
ရူးသွပ်နတ်ဘုရားရဲတိုက်သည် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ လော့မျိုးနွယ်ကိုလည်း အပြစ်မပြုမိဝံ့ပေ။ စစ်နတ်ဘုရားစံအိ်မ၏ လော့မျိုးနွယ်က သိမ်းငှက်ပြာစီရင်စုနယ်တွင် အနိုင်ကျင့်သူများအဖြစ် ကျော်ကြားသည်။ ခရမ်းရောင်ဆံပင်နှင့် လူငယ် လော့ဟွမ်၏ အဖိုးက နတ်သိမ်းငှက်မြို့ရှိ စစ်နတ်ဘုရားစံအိမ်၏ စံအိမ်အရှင်ဖြစ်သည်။ လော့မျိုးနွယ်၏ အထက်တွင် ပို၍အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေသေးသည်။ ထိုသူမှာ သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်နတ်ဘုရားစံအိမ်၏ လက်ထောက်စံအိမ်အရှင်ပင်။ ထို့ပြင် လော့မျိုးနွယ်က သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ အင်အားအကြီးဆုံး ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲမှ တစ်ခုလည်းဖြစ်သည်။
“ခင်ဗျားတို့က ဘာလို့ ဘာမှမပြောကြတာလဲ”
ကျန်းရီသည် တုံ့ဆိုင်းနေကြသော နတ်ဘုရားစစ်သူကြီးအုပ်စုကို ကြည့်ကာ ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဖြောင့်မတ်သော လေသံဖြင့် ထပ်မံအော်ပြောလိုက်သည်။
“ခင်ဗျားတို့ ရူးသွပ်နတ်ဘုရားရဲတိုက်ရဲ့ အစောင့်တွေက ဧည့်သည်တွေရဲ့ လုံခြုံရေးကို တာဝန်ယူရတာ။ ဘာလဲ... သူက ခင်ဗျားတို့ရဲ့ ဧည့်သည်၊ ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ ဧည့်သည် မဟုတ်ဘူးပေါ့။ သူက တမလွန်ဘုံက သူလျှိုဆိုတဲ့ အချက်ကို ထည့်မတွက်သေးရင်တောင် ကျွန်တော်က ကျွန်တော့်ရဲ့အလုပ်ကို လုပ်နေတာ။ အဲ့ဒါတွေ အကုန်လုံးကို ထည့်မတွက်ဘူးဆိုရင်လည်း ကျွန်တော်က ခင်ဗျားတို့ရဲ့ ရဲတိုက်အပြင်မှာ တိုက်ခိုက်ခဲ့တာ။ ဘာလို့ အဲ့ဒါကို ခင်ဗျားတို့က ဝင်ရှုပ်ရတာလဲ။ ရဲတိုက် တစ်ဝိုက်မှာ စွမ်းအားမသုံးရဘူးဆိုတဲ့ စည်းမျဉ်း ရှိလို့လား။ ရူးသွပ်နတ်ဘုရားရဲတိုက်က သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ အရှင်သခင်လား။ ကျွန်တော်က အဲ့လူကို သတ်လိုက်တယ်..ဟုတ်တယ်။ တကယ်လို့ သူ့မျိုးနွယ်က အဲ့ကိစ္စကို မကျေနပ်ရင် မိစ္ဆာသတ်ဖြတ်စံအိမ်ကို လာရှာရုံပေါ့။ အဲ့ကိစ္စက ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ”
ကျန်းရီ၏ စကားများက အစောင့်များကို ဆွံ့အသွားစေသည်။ သူတို့သည် မည်သို့လုပ်ရမည်ကို မသိကြတော့ပေ။ ဤကိစ္စက မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်တို့နှင့် ပတ်သတ်နေသည်။ သူတို့သည် နှစ်ဘက်လုံးကို အပြစ်မပြုမိဝံ့ပေ။ မဟုတ်လျှင် သူတို့၏စီးပွားရေးအတွက် အကျိုးဆက်က ကြီးသွားပေလိမ့်မည်။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူများစွာက ရူးသွပ်နတ်ဘုရားရဲတိုက်သို့ လာရောက်ပျော်ပါးသုံးဖြုန်းကျသည် မဟုတ်ပါလား။
ဝှစ်...ဝှစ်...ဝှစ်...
ရဲတိုက်ဂိတ်တံခါး အပြင်ဘက်တွင် လူတစ်ရာလောက်သည် အဖြစ်အပျက်များကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။ ထိုလူအများစုက ဧည့်သည်များဖြစ်သည်။ သူတို့သည် ပွဲကြည့်လိုခြင်းသာဖြစ်၍ ရပ်ကြည့်ရုံသာ ရပ်ကြည့်နေကြပြီး မည်သို့မှ ဝင်မပြောကြပေ။
“ဘာဖြစ်နေတာလဲ”
ထိုအခိုက်တွင် ရဲတိုက်ထဲမှနေ၍ ဆံဖြူအဘိုးအိုတစ်ယောက် ထွက်လာသည်။ သူ၏ အသားအရေက ဖြူဖျော့ပြီး သူ၏ မျက်ခုံးမွှေးများကလည်း ဖြူနေသည်။ ထိုမျက်ခုံးဖြူနှစ်ဘက်က သူ့နဖူးပေါ်တွင် ထက်ရှသော ဓားနှစ်လက်အလား တည်ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအဘိုးအိုက စွမ်းအားကြီးသူတစ်ယောက် ဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ နတ်ဘုရားစစ်သူကြီးများက ထိုအဘိုးအိုကို တွေ့သောအခါ အားကိုးရသွားဟန်ဖြင့် မျက်နှာများ ဝင်းပသွားကြသည်။ နတ်ဘုရားစစ်သူကြီးတစ်ယောက်က အဘိုးအိုထံသို့ ပျံသန်းသွားပြီး ဒူးတစ်ဘက်ထောက်ကာ အော်၍ တင်ပြလိုက်သည်။
“တပ်မှူးဟယ်ကို တင်ပြပါတယ်... ဒီလူက မိစ္ဆာသတ်ဖြတ်စံအိမ်ကပါ။ အစောတုန်းက သူက သခင်လေးလော့ဟွမ်ကို ရဲတိုက်အပြင်ဘက်မှာ လုပ်ကြံသတ်ဖြတ်လိုက်တာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ သူက တာဝန်ထမ်းဆောင်နေတာလို့တော့ ပြောပါတယ်... ပြီးတော့ သခင်လေးလော့ဟွမ်က တမလွန်ဘုံက သူလျှိုတစ်ယောက်လို့လည်း ပြောပါတယ်”
ဖြန်း...
တပ်မှူးဟယ်က နတ်ဘုရားစစ်သူကြီးကို ပါးဖြတ်ရိုက်လိုက်ပြီး ကျန်းရီကို အေးစက်စက် လှမ်းကြည့်လိုက်သည်။
“စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က အရမ်းဂုဏ်သိက္ခာကြီးတဲ့ မျိုးနွယ်ပဲ။ ဘယ်လိုလုပ် လော့ဟွမ်က တမလွန်ဘုံရဲ့ သူလျှိုတစ်ယောက် ဖြစ်မှာလဲ။ အဲ့ဒါက အရမ်းရှင်းလင်းနေတာကို ဘာတွေ သံသယဖြစ်နေကြသေးတာလဲ။ ဒီလူကို လော့မျိုးနွယ်ဆီ ချက်ချင်း ခေါ်သွားလိုက်။ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို လော့မျိုးနွယ်ခေါင်းဆောင်ကို ပြောပြလိုက်။ လော့ဟွမ်က ငါတို့ရဲ့ ပိုင်နက်ထဲမှာ သေခဲ့တာ။ ငါတို့ လော့မျိုးနွယ်ကို ရှင်းပြချက် ပေးရမယ်”
‘ချီးပဲ...’
ကျန်းရီ စတင်တုန်လှုပ်လာသည်။ အစောတွင် သူသည် အကြံကုန်သုံး၍ အခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးစားခဲ့သည်။ သို့သော် ယခုတွင် သူ့ဘက်က တစ်ပန်းရှုံးနေပေပြီ။ သူ့အကြည့်များ ခက်ထန်သွားသည်။ ထို့နောက် သူ ကျယ်လောင်စွာ ရယ်လိုက်လေသည်။
“ဟားဟားဟား...”
တပ်မှူးဟယ်က ရဲတိုက်ထဲသို့ ပြန်ဝင်သွားရန် ခြေလှမ်းပြင်နေသော်လည်း ကျန်းရီ၏ရယ်သံကို ကြားလိုက်သောအခါ ရပ်တန့်လိုက်သည်။ ဘေးမှကြည့်နေသူများလည်း အံ့အားသင့်သွားကြသည်။ ထိုကောင်စုတ်က ရူးသွားခြင်းလော။ သူက သေရတော့မည်ကိုပင် ရယ်နိုင်နေသေးသည်လော။
ကျန်းရီသည် အတော်ကြာအောင် ရယ်ပြီးမှ တပ်မှူးဟယ်ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်သည်။
“တပ်မှူးဟယ်မလား.. ခင်ဗျားက ဘာလို့ ဒီလောက်တုံးရတာလဲ။ ခင်ဗျားလိုလူမျိုးက ရူးသွပ်နတ်ဘုရားရဲတိုက်ရဲ့ အရေးကိစ္စတွေကို စီမံနေတာတောင် ရဲတိုက်က ရပ်တည်နေနိုင်သေးတာ ကျွန်တော် ကျန်းရီ တကယ်ပဲ အံ့ဩမိပါတယ်။ လူတွေအများကြီးက ခင်ဗျားရဲ့ ရဲတိုက်ကို လာနေကြတုန်းပဲ။ အဲ့ဒါက တကယ့်ကို လောကထဲက အရယ်ရဆုံးဟာသပဲ”
တပ်မှူးဟယ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်အရှိန်အဝါ ပြည့်နှက်သွားသည်။ ထို့နောက် သူက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကောင်စုတ်လေး... ဒီတစ်ခေါက် မင်းရဲ့ ပါးနပ်တဲ့လျှာက မင်းအသက်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။ စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က သွားရှုပ်လို့ရတဲ့မျိုးနွယ် မဟုတ်ဘူးကွ”
“ဟားဟားဟား...”
ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ ထပ်မံရယ်လိုက်သည်။ ထို့နောက် သူသည် တပ်မှူးဟယ်ကို အထင်သေးဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ခင်ဗျားလိုလူက လော့မျိုးနွယ်ကို အပြစ်မပြုရဲလောက်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို သတိပေးလိုက်မယ်။ ကျွန်တော်ကလည်း လာရှုပ်လို့ရတဲ့လူတစ်ယောက် မဟုတ်ဘူး။ ခင်ဗျားရဲ့ ဝက်ဦးနှောက်ကိုသုံးပြီး စဉ်းစားကြည့်စမ်းပါ။ တကယ်လို့ လော့ဟွမ်က လော့မျိုးနွယ်က သခင်လေးတစ်ယောက်ပဲဆိုရင် ဘာလို့ မိစ္ဆာသတ်ဖြတ်စံအိမ်က ကျွန်တော့်ကို ဒီလိုတာဝန်မျိုး ပေးလိုက်မှာလဲ။ ဘာလို့ သူတို့က ဒီလိုတာဝန်မျိုးကို ထုတ်ရတာလဲ။ ဘာလို့ ကျွန်တော်က လော့ဟွမ်က ဘယ်သူဆိုတာကို သိနေတာတောင် သူ့ကို သတ်ပစ်ရဲရသေးတာလဲ။ ခင်ဗျားရဲ့ ဝက်ဦးနှောက်က အဲ့ဒါတွေကို ရှင်းပြနိုင်လား...”
“ခင်ဗျားက လော့မျိုးနွယ်ကို အပြစ်မပြုရဲသလို.. ကျွန်တော့်ကို ဒီတာဝန်ပေးလိုက်တဲ့လူကိုလည်း အပြစ်ပြုရဲမှာ မဟုတ်ပါဘူး။ ခင်ဗျား ရူးသွပ်နတ်ဘုရားရဲတိုက်ကို ပြဿနာတက်မသွားစေချင်ဘူးဆိုရင် ကျွန်တော့်ကို လွှတ်ပေးလိုက်တာ ကောင်းမယ်။ ကျွန်တော်က လော့ဟွမ်ကို သတ်ခဲ့တယ်။ အဲ့တော့ လော့မျိုးနွယ်က သေချာပေါက် ကျွန်တော့်ကို လာရှာမှာပဲ။ ရူးသွပ်နတ်ဘုရားရဲတိုက်က ကြားကနေ ဝင်ပါစရာ မလိုပါဘူး”
“အာ...”
ကျန်းရီ၏ စကားများက တပ်မှူးဟယ်ကို မျက်နှာထားပြောင်းသွားစေသည်။ နတ်ဘုရားစစ်သူကြီးများလည်း ဒွိဟဖြစ်သွားကြသည်။ သူတို့၏ အကြည့်များက ဂနာမငြိမ်ကြတော့ပေ။
ထိုလူများက ကျန်းရီ၏ စကားများကို ယုံသွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီက လော့ဟွမ်က မည်သူဖြစ်ကြောင်း သိရက်နှင့် သူ့ကို လုပ်ကြံဝံ့ခဲ့ခြင်းလော။ သူက သေချင်နေခြင်းမဟုတ်လျှင် ရူးနေခြင်းသာ ဖြစ်ရပေမည်။ ထို့ပြင် သူ့အား ထိုတာဝန်ပေးခဲ့သူကလည်း လော့ဟွမ်က မည်သူဖြစ်ကြောင်း သိသိနှင့် လော့မျိုးနွယ်၏ သခင်လေးကို သတ်ရမည့် တာဝန်ကို ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ထိုလူက လော့မျိုးနွယ်ကို မကြောက်သူတစ်ယောက် ဖြစ်ရပေမည်။ ဤကိစ္စနောက်ကွယ်တွင် သူတို့နားမလည်နိုင်သော ရှုပ်ထွေးသည့်အရာများ ရှိနေသေးသည်လော။
အင်အားကြီးမျိုးနွယ်နှစ်ခုကြားတွင် လျှို့ဝှက်တိုက်ပွဲတစ်ခု ရှိနေခြင်းလော။ သို့ဆိုလျှင် ထိုကိစ္စ၌ ဝင်ပါခြင်းက ဉာဏ်နည်းရာကျပေလိမ့်မည်။
အမှန်တွင် ကျန်းရီသည် လော့ဟွမ်က မည်သူဖြစ်ကြောင်း မသိခဲ့ချေ။ သူသိလိုက်သည့်အချိန်တွင်မူ နောက်ပြန်ဆုတ်ရန် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ သို့သော် ယခုတွင် သူသည် အဖမ်းမခံရအောင် ဖိန့်ရပေမည်။ သို့ဆိုလျှင် အနည်းဆုံးတော့ လော့မျိုးနွယ်က သူ့ကို လက်စားလာချေနိုင်ရန် အချိန်တစ်ခုတော့ ယူရပေလိမ့်မည်။ သူက ထိုအချိန်အတွင်း လွတ်လမ်းတစ်ခု ရှာနိုင်သေးသည်။ မဟုတ်ဘဲ သူ လော့မျိုးနွယ်ဆီသို့ ချက်ချင်း အပို့ခံလိုက်ရပါက သေချာပေါက် သေရမည်ဖြစ်သည်။
နတ်ဘုရားစစ်သူကြီးအားလုံးက တပ်မှူးဟယ်ကို ကြည့်လိုက်ကြသည်။ ယခုတွင် တပ်မှူးဟယ်၏ အမိန့်က အဆုံးအဖြတ်ဖြစ်သည်။ တပ်မှူးဟယ်သည် အတော်ကြာအောင် တစ်ယောက်တည်းတွေးတောကာ ဆုံးဖြတ်ချက်တစ်ခုစီ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို တွက်ချက်နေသည်။ တစ်မိနစ်ကျော် နှစ်မိနစ်နီပါး ကြားပြီးနောက်တွင် သူ့အကြည့်များ ခက်ထန်လာသည်။ သူ ဆုံးဖြတ်ချက်ချလိုက်ပေပြီ။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အခုလောလောဆယ် သူ့ကို ချုပ်ထားလိုက်။ ပြီးရင် စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ကို ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ သတင်းပို့လိုက်။ ရူးသွပ်နတ်ဘုရားရဲတိုက်က ဘယ်သူ့ကိုမှ အပြစ်ပြုမိလို့ မဖြစ်ဘူး။ ဒီပြဿနာကို သူတို့ဘာသာပဲ ဖြေရှင်းခိုင်းရမှာပဲ”
‘လခွမ်းနဲ့...’
ကျန်းရီသည် အာပေါက်မတတ်ပြောခဲ့ရသော်လည်း နောက်ဆုံးတွင် မလွတ်မြောက်နိုင်ခဲ့ပေ။ သူ စိတ်ဓာတ်ကျနေပေပြီ။ သူက ဤကိစ္စတစ်ခုလုံးတွင် ပမွှားလေးတစ်ယောက်သာဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်က သူ့အတွက်နှင့် လော့မျိုးနွယ်ကို အပြစ်ပြုမည် မဟုတ်ပေ။ လော့မျိုးနွယ် ရောက်လာသည်နှင့် သူ သေချာပေါက် သေရတော့မည်ဖြစ်သည်။
***