လောချင်းယန်
Vol. 94 Ch. 1312
တပ်မှူးဟယ်၏ ဖြေရှင်းနည်းက အတော်လေး ကောင်းသည်။ သူက ရူးသွပ်နတ်ဘုရားရဲတိုက်၏ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်နိုင်ခဲ့ခြင်းကို ကြည့်လျှင် အရူးတစ်ယောက်မဟုတ်ကြောင်း သိနိုင်သည်။ သူသည် ကျန်းရီ၏ စကားအနည်းငယ်ကြောင့် အလွယ်တကူ လှည့်ဖြားခံရမည် မဟုတ်ချေ။
လက်ရှိအခြေအနေတွင် အကောင်းဆုံး ဖြေရှင်းနည်းမှာ ကျန်းရီကို ဖမ်းထားရန် ဖြစ်သည်။ သို့ဆိုလျှင် နှစ်ဘက်စလုံးကို အပြစ်ပြုမိမည် မဟုတ်ပေ။ လော့မျိုးနွယ်နှင့် ကျန်းရီ၏ နောက်ကွယ်မှ မည်သူဖြစ်စေ အချင်းချင်း ပြန်တိုက်ခိုင်းလိုက်ရုံသာ။ ရူးသွပ်နတ်ဘုရားရဲတိုက်ကမူ အနိုင်ရသူ၏လက်ထဲသို့ ကျန်းရီကို ထည့်ပေးလိုက်မည်ဖြစ်သည်။ သို့သော် ကျန်းရီကို လွှတ်ပေးလိုက်လျှင်မူ လော့မျိုးနွယ်က သူတို့ကို မေးခွန်းထုတ်လာသောအခါကျ ရူးသွပ်နတ်ဘုရားရဲတိုက်အနေနှင့် တာဝန်ခံနိုင်မည် မဟုတ်ချေ။
“တပ်မှူးဟယ်”
ကျန်းရီသည် လက်မလျှော့နိုင်သေးပေ။ သူက နောက်ဆုံးအချိန်အထိ ကြိုးစားအားထုတ်ရန် ပြင်ဆင်ထားပြီဖြစ်သည်။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“ခင်ဗျား အဲ့လိုလုပ်တာက လော့မျိုးနွယ်ဘက် ယိမ်းနေလို့ဆိုတာ သိသာတယ်။ ကျွန်တော်က ရူးသွပ်နတ်ဘုရားရဲတိုက်ထဲမှာ သတ်ဖြတ်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားသာ ဉာဏ်ကောင်းမယ်ဆိုရင် ကျွန်တော့်ကို မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ ပြန်ပို့ပြီး လော့မျိုးနွယ်ဆီ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကြောင်း သတင်းပို့သင့်တယ်။ နောက်ပိုင် ဘာဆက်ဖြစ်မယ်ဆိုတာကတော့ ခင်ဗျားတို့ ရူးသွပ်နတ်ဘုရားရဲတိုက်နဲ့ မဆိုင်ဘူးလေ။ ကျွန်တော်က မိစ္ဆာသတ်ဖြတ်စံအိမ်ကနေ ထွက်ပြေးလို့ရမှာမှ မဟုတ်တာ။ ပြီးတော့... ကျွန်တော် ပြေးခဲ့ရင်တောင် အဲ့ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်က ဖြေရှင်းရမဲ့ ပြဿနာပဲ။ ခင်ဗျား နားလည်လား”
ကျန်းရီသာ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ပြန်ရောက်သွားလျှင် ရှင်သန်နိုင်မည့် အခွင့်အရေး ရှိပေသေးသည်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်၏ တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပါလား။ မိစ္ဆာသတ်ဖြတ်စံအိ်မက လော့မျိုးနွယ်၏ ဖိအားပေးမှုကို မခံနိုင်ဘဲ ကျန်းရီကို လက်လွှဲပေးလိုက်ရသည်ဆိုလျှင် ထိုအကြောင်းက မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပည့်များအကြားတွင် ပြောစရာတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအခါ မည်သူက မိစ္ဆာသတ်ဖြတ်စံအိမ်အတွက် တာဝန်များ ထမ်းဆောင်ဝံ့ဦးပါမည်နည်း။
သို့သော် ကျန်းရီသည် စိတ်မအေးနိုင်သေးပေ။ သူက တပ်မှူးဟယ်ကို လှည့်ဖြားလိုနေသော်လည်း တပ်မှူးဟယ်က ပါးနပ်သူတစ်ယောက်ဖြစ်နေသည်။ တပ်မှူးဟယ်သည် ကျန်းရီ၏ စကားတစ်ခွန်း၊ နှစ်ခွန်းကြောင့် လှည့်ဖြားခံရမည် မဟုတ်ချေ။ တပ်မှူးဟယ်သည် ပြုံး၍ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့... ငါက မိစ္ဆာသတ်ဖြတ်စံအိမ်ဆီလည်း သတင်းပို့မှာပါ။ နှစ်ဘက်စလုံး တိုက်ခိုက်ကြပေါ့... ငါ အဲ့ဒါကို ဂရုမစိုက်ဘူး။ မင်းက ရူးသွပ်နတ်ဘုရားရဲတိုက်ရဲ့ အဝေးကိုရောက်မှ သတ်ဖြတ်ခဲ့တာဆိုရင် ငါ ဝင်ပါမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတောင်ပေါ်မှာ ဖြစ်တဲ့ကိစ္စတွေ၊ ရဲတိုက်အပြင်ဘက်မှာ ဖြစ်တဲ့ကိစ္စတွေကိုတော့ ငါတို့ ကိုင်တွယ်ရမယ်။ မဟုတ်ရင် နောက်ကျ လူတွေက ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဘယ်လိုလုပ် ယုံကြတော့မှာလဲ။ ရှောင်ချီ... သူ့ကို ဖမ်းချုပ်ထားလိုက်”
တပ်မှူးဟယ်က ကျန်းရီ၏ နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သည်။ ကျန်းရီကို ဖမ်းထားသော နတ်ဘုရားစစ်သူကြီးက ကျန်းရီ၏ လည်ပင်းကို အလင်းတန်းတစ်ခုဖြင့် ပစ်လိုက်သည်။ ကျန်းရီ၏ လည်ချောင်းထဲသို့ အားတစ်ခု ဝင်သွား၏။ ကျန်းရီ စကားမပြောနိုင်တော့ပေ။ ထို့နောက် နတ်ဘုရားစစ်သူကြီး နှစ်ယောက်က ကျန်းရီကို ရဲတိုက်ထဲသို့ ဆွဲခေါ်သွားလေသည်။
ဝှစ်...
ထိုအခိုက်တွင် နတ်ဘုရားလှေတစ်စီးက လေကိုခွင်း၍ ပျံသန်းလာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆင်းသက်လိုက်သည်။ ထို့နောက် လှေဝမ်းဘေးမှ တံခါးကြီး ပွင့်သွားပြီး ရဲစွမ်းသတ္တိရှိ၍ ဖြောင့်မှန်သော အမျိုးသမီးအနည်းငယ် ထွက်လာသည်။ ကျန်းရီနှင့် အခြားလူများသည် ထိုအမျိုးသမီးအုပ်စုကို ကြည့်လိုက်ကြသည်။ ရုတ်ခြည်းပင် သူတို့၏ မျက်ဝန်းများ လင်းလက်သွားသည်။ ရဲတိုက်ထဲ ပြန်သွားနေပြီဖြစ်သော တပ်မှူးဟယ်သည်ပင် ကြိုဆိုသော အပြုံးဖြင့် အပြင် ပြန်ထွက်လိုက်ရသည်။
ထိုအမျိုးသမီးဆယ်ယောက်လောက်ထဲတွင် တစ်ယောက်က အခြားသူများ၏ အလယ်တွင် ရပ်နေသည်။ သူမက အနည်းငယ်လည်း ရှေ့ထွက်နေသည်။ သူမ၏ ဆံပင်က အပြာရောင်ဖြစ်ပြီး သူမက အတော်လေးငယ်ရွယ်ပုံပေါ်သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်က အလွန်လှပသည်။ သူမသည် ဆွဲဆောင်မှုရှိသော ခါးပေါ် အနီရောင်ချပ်ဝတ်ပျော့ကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် သူမ၏ သွယ်လျ ဖြူဝင်းသော ခါးကလေးက ပေါ်နေပေသည်။ သူမ၏ ရင်သားများကလည်း ပြည့်တင်းမို့မောက်နေသည်။ ကိုယ်အောက်ပိုင်းတွင်မူ အနီရောင် သားရေဂါဝန်တိုလေးကို ဝတ်ဆင်ထားသည်။ သူမ၏ ရှည်သွယ်သော ခြေထောက်ကလေးများကို မြင်နေရသည်။ ခြေထောက်တွင်မူ အနီရောင် ခြေညှပ်ဖိနပ်လေးကို စီးထားသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေ၊ အနီရောင်အဝတ်အစားများနှင့် အပြာရောင်ဆံပင်တို့ကို ပေါင်းစည်းလိုက်သောအခါ လူများသည် သူမ၏အလှတွင် ယစ်မူးသွားကြလေသည်။
အရေးအကြီးဆုံးမှာ သူမ၏ အရှိန်အဝါဖြစ်သည်။ သူမကို စကားတစ်လုံးတည်းနှင့် ဖော်ပြရမည်ဆိုလျှင် ‘ထင်ရှားသူ’ဟု ဆိုရပေမည်။
ထိုမိန်းမပျိုက မည်သို့မှ မပြောပေ။ လေထဲတွင် ရပ်နေသော သူမထံမှနေ၍ ကျော့ရှင်းသည့်အငွေ့အသက်များ ထွက်နေသည်။ ကျန်းရီအပါအဝင် ထိုနေရာရှိ ယောက်ျားအားလုံးသည် သူတို့ကိုယ်သူတို့ သနားမိသွားကြသည်။ ထိုအမျိုးသမီးက ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ပါးကဲ့သို့ဖြစ်ပြီး သူတို့ကမူ ရွာသားများကဲ့သို့ ဖြစ်နေသည်။ သူတို့သည် သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားကို အဝေးမှသာ ခံစားနိုင်သည်။ မည်သူကမှ သူမအနား မချဉ်းကပ်ဝံ့ပါပေ။
လောချင်းယန်၊ သခင်မလေးလော၊ နတ်သိမ်းငှက်မြို့အရှင်၏ တစ်ဦးတည်းသောသမီး...
ကျန်းရီသည် ထိုမိန်းမပျိုကို ယခင်က မြင်ခဲ့ဖူးသည်။ သို့သော် အဝေးကသာ လှမ်းတွေ့လိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ ယခု အနီးကပ်တွေ့ရသောအခါမှ သူမက အမှန်ပင် နတ်မိမယ်တစ်ပါးကဲ့သို့ လှပကြောင်း သိလိုက်ရသည်။ ကျောက်ထျဲကျူးက သူမနှင့်သာ တစ်ခဏတာ ပျော်ပါးရမည်ဆိုလျှင် သူ့သက်တမ်းထဲမှ နှစ်တစ်ရာကိုပင် ပေးနိုင်သည်ဟု ဆိုခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ထိုနှစ်တစ်ရာမှာလည်း အထက်ဘုံအချိန် နှစ်တစ်ရာ ဖြစ်ပေသည်။
“သခင်မလေးလော”
တပ်မှူးဟယ်က လူများစွာ၏ လေးစားမှုကို ခံရသူဖြစ်သော်လည်း သခင်မလေးလော၏ အရှေ့တွင်မူ တစ်ပြားပင် မတန်ချေ။ ထို့ကြောင့် သူသည် ခပ်ကုပ်ကုပ်ဖြင့် သခင်လေးလောဆီ လျှောက်သွားကာ ဦးညွှတ်လိုက်သည်။ အခြားနတ်ဘုရားစစ်သူကြီးများသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ လိုက်၍ ဦးညွှတ်လိုက်ကြသည်။
“ဒီမှာ ဘာဖြစ်ခဲ့တာလဲ။ အဝေးကနေ ဆူဆူညံညံအသံတွေ ကြားလိုက်လို့ ရောက်လာခဲ့တာပဲ..အာ... တစ်ယောက်ယောက် သေသွားတာလား”
သခင်မလေးလောသည် မီးကျွမ်းနေသော အလောင်းကို တွေ့လိုက်သော်လည်း မျက်နှာတစ်ချက် ပျက်မသွားချေ။ သူမသည် အရေးမစိုက်ဟန်ဖြင့်သာ မေးလိုက်သည်။
“ဘယ်သူက ရူးသွပ်နတ်ဘုရားရဲတိုက်အပြင်မှာ သတ်ဖြတ်ဝံ့တာလဲ”
အစမှအဆုံးအထိ သခင်မလေးလောက ကျန်းရီကို မကြည့်ခဲ့ချေ။ သူမသည် တပ်မှူးဟယ်ကိုသာ မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။ တပ်မှူးဟယ်က ခါးသက်သက် ပြုံးကာ ပြန်ဖြေသည်။
“မိစ္ဆာသတ်ဖြတ်စံအိမ်က ကောင်စုတ်လေးတစ်ကောင်ပါ။ သူက စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က သခင်လေးကိုတောင် သတ်ပစ်ရဲတဲ့ကောင်ပါ။ ကျုပ် ဒီကိစ္စကို ဖြေရှင်းနေပါတယ်။ သခင်မလေး... ရဲတိုက်ထဲကို ကြွပါ။ သခင်မလေး အနိဋ္ဌာရုံတွေကို မြင်သွားမှာ ကျုပ်တို့ မလိုလားပါဘူး”
သခင်မလေးလောက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်ပြီး သူမ၏အနောက်မှ အမျိုးသမီးတစ်စုကို ဦးဆောင်၍ ရဲတိုက်ထဲသို့ သွားလိုက်လေသည်။ သူမသည် ရဲတိုက်ဂိတ်တံခါးဝသို့ ရောက်သောအခါ ကျန်းရီကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ နှုတ်ခမ်းလှုပ်၍ တပ်မှူးဟယ်ဆီ အသံပို့လွှတ်လိုက်သည်။
“တပ်မှူးဟယ်... ရှင့်နေရာမှာ ကျွန်မသာဆိုရင် အဲ့ကောင်စုတ်လေးကို မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ ပို့လိုက်မှာပဲ။ ပြီးရင် ဒီကိစ္စမှာ ဝင်ပါတော့မှာ မဟုတ်ဘူး။ ကိစ္စတွေက ရှင်ထင်ထားသလောက် မရိုးရှင်းဘူး”
“အာ...”
တပ်မှူးဟယ် မျက်လုံးပြူးသွားသည်။ သခင်မလေးလောက ရဲတိုက်ထဲ ဝင်သွားပြီဖြစ်သည်။ သူ အသက်ရှူမြန်လာပြီး အမြင်များ ဝေဝါးလာသည်။ ရုတ်တရက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တစ်ယောက်ယောက်လာစမ်း... လူဆယ်ယောက်လောက်ခေါ်ပြီး ဒီကောင်စုတ်ကို မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ ပြန်ပို့လိုက်။ လော့မျိုးနွယ်ကိုလည်း ဖြစ်ခဲ့တာတွေ အကြောင်းကြားလိုက်”
“အာ...”
ကျန်းရီသည် တပ်မှူးဟယ်က ရုတ်တရက် စိတ်ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့ကြောင့် သူသည် နားမလည်နိုင်ဟန်ဖြင့် ရဲတိုက်ထဲသို့ လှမ်းကြည့်လိုက်သည်။ တပ်မှူးဟယ်က အလွန်ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ သူ့ကဲ့သို့သော လူတစ်ယောက်က အလွယ်တကူ စိတ်ပြောင်းမည် မဟုတ်ချေ။ သို့သော် သူက ရုတ်တရက်ကြီး စိတ်ပြောင်းသွားခြင်းမှာ သခင်မလေးလောနှင့် သက်ဆိုင်နေလောက်သည်။ အစောတွင် သခင်မလေးလောက နှုတ်ခမ်းလှုပ်၍ အသံပို့လွှတ်လိုက်သည်ကို ကျန်းရီ မြင်ခဲ့ရသည်။
‘ဘာလို့ အဲ့သခင်မလေးလောက ငါ့ကို ကူညီနေတာလဲ။ ပြီးတော့ သူက အချိန်ကိုက် ရောက်လာတာ။ ဒီကိစ္စမှာ သူလည်း ပါနေတာလား’
မျိုးနွယ်ကြီးများမှ သခင်မလေးများသည် ငယ်ရွယ်သော်လည်း မဆင်မခြင် ပြုမူကြမည် မဟုတ်ပေ။ ထိုသခင်မလေးလောကလည်း အခြားသူများ၏ ကိစ္စထဲတွင် အကြောင်းမရှိဘဲ ဝင်ပါမည် မဟုတ်ချေ။ ထို့ပြင် ဤကိစ္စ၌ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်ပါ ပါဝင်ပတ်သတ်နေသည်။
ထိုအခိုက်တွင် ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေသည်။ မကြာခင်မှာပင် သူ့ခေါင်းထဲ၌ ရဲတင်းသော အတွေးတစ်ခု ပေါ်လာသည်။ တာဝန်ထုတ်ပြန်ခဲ့သူမှာ သခင်မလေးလော ဖြစ်နေသည်လော။ သခင်မလေးလော၏ အဖေက မြို့အရှင်ဖြစ်သည်။ တစ်နည်းဆိုရသော် သူမက တိရှစံအိမ်မှဖြစ်သည်။ လော့မျိုးနွယ်မှာမူ စစ်နတ်ဘုရားစံအိမ်မှဖြစ်သည်။
အကယ်၍ သခင်မလေးလောက လော့ဟွမ်ကို သတ်လိုလျှင် ကိုယ်တိုင်လုပ်မည် မဟုတ်ချေ။ မဟုတ်လျှင် မျိုးနွယ်နှစ်ခုက ပဋိပက္ခ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူမက ဤတာဝန်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်မည်။ ထို့ပြင် ထိုတာဝန်က တိရှစံအိမ်မှ ထွက်လာ၍ မရသလို၊ စစ်နတ်ဘုရားစံအိမ်မှ ထွက်လာ၍လည်း မဖြစ်ပေ။ သို့ဖြစ်ရာ မိစ္ဆာသတ်ဖြတ်စံအိမ်သာ ကျန်တော့ပေသည်။
လော့ဟွမ်က စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်မှ သခင်လေးတစ်ယောက်ဖြစ်သည်။ သို့သော် သူက မကျော်ကြားလောက်ပေ။ မဟုတ်လျှင် သူ၏ ကိုယ်ရံတော်လေးယောက်က သာမန်နတ်ဘုရားအဆင့်မှာပင် ရှိနေမည် မဟုတ်ချေ။ သို့သော် လော့ဟွမ်၏ နောက်ခံကို ထည့်မတွက်လျှင် ထိုတာဝန်က ခက်ခဲသောတာဝန် မဟုတ်ပေ။ သို့ငြား ထိုတာဝန်က တိုက်ပွဲအမှတ်တစ်ထောင် တန်ပေသည်။ ထို့ကြောင့် ကျန်းရီသည် ထိုတာဝန်နှင့် သခင်မလေးလောတို့ကို ပတ်သတ်နေမည်လောဟု အတော်လေး သံသယဖြစ်လာလေသည်။
မည်သို့ပင်ဖြစ်စေ...
အနည်းဆုံးတော့ ကျန်းရီတစ်ယောက် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရသွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ရင်ထဲမှအလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်သည်။ သူ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ပြန်ရောက်သည်နှင့် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရုံသာ လိုပေသည်။
နတ်ဘုရားစစ်သူကြီးတစ်ယောက်က နတ်ဘုရားလှေတစ်စီးကို ထုတ်လိုက်၏။ ထို့နောက် လူရှစ်ယောက်သည် ကျန်းရီကို လှေပေါ်ခေါ်သွားသည်။ ကျန်လူနှစ်ယောက်က လော့ဟွမ်၏ ခေါင်းပြတ်နေသော အလောင်းကို ယူလာသည်။ ပြီးနောက် နတ်ဘုရားလှေက လေကိုခွင်း၍ နတ်သိမ်းငှက်မြို့ဆီ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်လေသည်။
ရူးသွပ်နတ်ဘုရားရဲတိုက်နှင့် နတ်သိမ်းငှက်မြို့က ကီလိုမီတာငါးသောင်းသာ ကွာဝေးသည်။ နတ်ဘုရားလှေ၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် တစ်နာရီအတွင်းမှာပင် သူတို့ နတ်သိမ်းငှက်မြို့သို့ ရောက်သွားကြသည်။ နတ်ဘုရားစစ်သူကြီးငါးယောက်က လော့ဟွမ်၏ အလောင်းကို သယ်၍ နတ်သိမ်းငှက်မြို့သို့ သွားလိုက်ပြီး နတ်ဘုရားလှေက နတ်သိမ်းငှက်မျိုးနွယ်စုထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက် အရှေ့တွင် ဆင်းသက်လိုက်သည်။
“ဆင်းကြ...”
လူငါးယောက်က ကျန်းရီကို မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ဆီ ခေါ်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်က လက်ဆုပ်ကာ ရဲတိုင်အပြင်မှ အစောင့်ကို မေးလိုက်သည်။
“အထဲမှာ တပ်မှူးလျှို ရှိပါသလား။ ကျုပ်တို့က ရူးသွပ်နတ်ဘုရားရဲတိုက်ကပါ။ ဒီလူက စစ်နတ်ဘုရားစံအိမ်က လော့မျိုးနွယ်က သခင်လေးလော့ဟွမ်ကို သတ်ပစ်ခဲ့ပါတယ်။ ကျုပ်တို့က ကျုပ်တို့တပ်မှူးရဲ့ အမိန့်ကြောင့် ဒီကို ရောက်လာတာပါ။ တပ်မှူးက ဒီလူကို မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ ပြန်ပို့ပေးဖို့ ပြောလိုက်လို့ပါ”
“ကျန်းရီလား...”
ထိုအခိုက်တွင် ရဲတိုက်ကို စောင့်ကြပ်ရန် တာဝန်ကျသော အစောင့်များ၏ ခေါင်းဆောင်က အဘိုးပုဖြစ်သည်။ သူက အတန်ငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်က တပည့်ပါ။ ကျေးဇူးပြုပြီး သူ့ကို လွှဲပေးပါ။ ပြီးတော့ အခုကစပြီး ဘာပဲဖြစ်လာဖြစ်လာ ရူးသွပ်နတ်ဘုရားရဲတိုက်နဲ့ မသက်ဆိုင်တော့ပါဘူး”
“ကောင်းပါပြီ”
အဘိုးပု၏ စကားများသည် နောင်ပိုင်းဆက်ဖြစ်မည့် ကိစ္စအားလုံးကို မိစ္ဆာသတ်ဖြတ်စံအိမ်က တာဝန်ယူမည်ဆိုသော အဓိပ္ပာယ်ပင်။ ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူများသည် အာလူးပူကို လက်လွှဲပေးလိုက်ရမည်ကို ဝမ်းသာကြသည်။ နတ်ဘုရားစစ်သူကြီးတစ်ယောက်က လက်ဝှေ့ယမ်းကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“လူကို လွှဲပေးလိုက်”
“နေဦး...”
ထိုအခိုက်တွင် ကောင်းကင်မှနေ၍ လူများစွာ ဆင်းသက်လာသည်။ ကျော့ရှင်းသော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က အဝေးမှနေ၍ လှမ်းအော်လိုက်သည်။
“အဲ့လူကို လက်လွှဲမပေးနဲ့ဦး”
***