← Chapters

သက်ဆိုင်မှုကို ခံစားရခြင်း

Vol. 94 Ch. 1313

သက်ဆိုင်မှုကို ခံစားရခြင်း

Vol. 94 Ch. 1313

အဘိုးပုသည် ပျံဆင်းလာသော လူများကို တွေ့သောအခါ မျက်နှာထား ပြောင်းသွားသည်။ ထို့နောက် သူသည် သူ့ဘေးမှ လူကို ခပ်သွက်သွက် အမိန့်ပေးလိုက်သည်။

“မြန်မြန်သွားပြီး တပ်မှူးလျှိုကို သတင်းပို့လိုက်။ စံအိမ်အရှင်က ဒီမှာ မရှိဘူး။ ဒီနေ့တော့ ငါတို့ ပြဿနာတက်တော့မဲ့ ပုံပဲ”

မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပည့်တစ်ယောက်က ရဲတိုက်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားသည်။ အဘိုးပုကလည်း လက်ဝှေ့ယမ်းကာ အစောင့်များကို ဦးဆောင်၍ အ‌ရှေ့သို့ လျှောက်သွားလိုက်သည်။ သူတို့သည် ကျန်းရီနှင့် ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူများကို ဝန်းရံကာ လေထဲမှ လူရှစ်ယောက်ကို ကြည့်လိုက်ကြသည်။

ထိုလူရှစ်ယောက်စလုံးက နတ်ဘုရာစစ်သူကြီးများဖြစ်ကြသည်။ သူတို့ထဲမှ ခုနစ်ယောက်က ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုရွှေရောင်စစ်ချပ်ဝတ်၏ နောက်ကျောတွင် နတ်နဂါးတစ်ကောင်၏ပုံကို ရေးဆွဲထားသည်။ ထိုလူခုနစ်ယောက်က ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျန်းမာသန်စွမ်းသော အဘိုးအိုတစ်ယောက်ကို ဝန်းရံထားကြသည်။ သူတို့ မြေပေါ်သို့ ရောက်လာသောအခါ အဘိုးအိုက ကျန်းရီကို ကြည့်လိုကသည်။ သူ့အကြည့်ထဲတွင် သတ်ဖြတ်အရှိန် ပြည့်နှက်နေသည်။ ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူများနှင့် အဘိုးပုသည် ထိုလူများကို သိကြသည်။ ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူငါးယောက်သည် ချက်ချင်း ဦးညွှတ်၍ ပြောလိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် တပ်မှူးလော့ချီခင်ဗျာ”

“ဟွန်း...”

လော့ချီဟု အမည်ရသော အဘိုးအိုက နတ်သိမ်းငှက်မြို့တစ်ခွင်တွင် ကျော်ကြားသည်။ သူက စစ်နတ်ဘုရားစံအိမ်၏ ပြင်ပရေးရာများကို တာဝန်ယူရသော အကြီးအကဲတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် လော့မျိုးနွယ်နှင့် ပတ်သတ်သည့် ပြင်ပရေးရာများကိုလည်း တာဝန်ယူရသည်။ သူသည် ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူများကို သိမ်းငှက်တစ်ကောင်၏ အကြည့်ကဲ့သို့ စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကျန်းရီကို ဆက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“သူက ငါတို့မျိုးနွယ်က သခင်လေးလော့ဟွမ်ကို ရူးသွပ်နတ်ဘုရားရဲတိုက်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့ကို သူ့ကို လော့မျိုးနွယ်ဆီ မပို့ပေးတဲ့အပြင် မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ လာပို့ပေးတယ်ပေါ့လေ။ မင်းတို့ရဲ့ တပ်မှူးဟယ်က အခု ငတုံးအိုကြီး ဖြစ်နေပြီလား”

“တပ်မှူးလော့ချီ...”

ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူမျာသည် အခြေအနေက ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ မဟုတ်လျှင် သူတို့သည် ဖြစ်ပျက်ခဲ့သော ကိစ္စများကို စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်ထံ သတင်းပို့မည် မဟုတ်ပေ။ နတ်ဘုရားစစ်သူကြီးတစ်ယောက်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်။

“ဒီလူက သခင်လေးလော့ဟွမ်ကို ရူးသွပ်နတ်ဘုရားရဲတိုက်ထဲမှာ သတ်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့... သူက မိစ္ဆာသတ်ဖြတ်စံအိမ်က တပည့်တစ်ယောက်ပါ။ သူက တာဝန် ထမ်းဆောင်နေခဲ့တာပါ...”

“တပ်မှူးဟယ်က နှစ်ဘက်လုံးကို အပြစ်ပြမိမှာစိုးလို့ ရွေးချယ်စရာ မရှိတော့ဘဲ သူ့ကို ဒီကို ပြန်ပို့ပေးရတာပါ။ ဒီလူကို ဘယ်လိုစီရင်မလဲဆိုတာကတော့ တပ်မှူးတို့ဘာသာ ဆုံးဖြတ်ကြပါ။ ကျွန်တော်တို့ နှုတ်ဆက်ပါတယ်။ အချိန်ကျရင် တပ်မှူးဟယ်က လော့မျိုးနွယ်ဆီလာပြီး ဒီကိစ္စကို ကိုယ်တိုင်ရှင်းပြပါလိမ့်မယ်”

ရူးသွပ်နတ်ဘုရားရဲတိုက်မှ လူများသည် မည်သို့လုပ်ရမည်ကို တပ်မှူးဟယ်ထံမှ လမ်းညွှန်ချက်ရထားပြီးဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့၏ စကားများက ပြတ်သားသည်။ သူတို့သည် ကျန်းရီကို လွှဲပေးပြီးသည်နှင့် သူတို့၏ နတ်ဘုရားလှေပေါ် ပြန်တက်ကာ ထွက်သွားကြလေသည်။ ဤအခြေအနေအောက်တွင် သူတို့ ကြာကြာဆက်ဆက်နေပါက ပြဿနာကြားထဲ ညပ်သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် နှစ်ဘက်စလုံး ရှိနေပြီဖြစ်သည်။ သူတို့က သူသေကိုယ်သေ တိုက်ခိုက်ကြမည်ဆိုလျှင်ပင် ရူးသွပ်နတ်ဘုရားရဲတိုက်နှင့် မည်သို့မှ မသက်ဆိုင်ချေ။

ဝှစ်...ဝှစ်...

မိစ္ဆာသတ်ဖြတ်စံအိမ်မှ အစောင့်များက ကျန်းရီကို ချက်ချင်း သူတို့အနောက်သို့ ဆွဲ‌ခေါ်လိုက်သည်။ တစ်ချိန်ဆည်းမှာပင် ရဲတိုက်ထဲမှနေ၍ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ ပြေးထွက်လာကြသည်။ ထိုလူများထဲတွင် ဟဲဝေလည်း ပါသည်။ သူက သစ္စာရှိသူတစ်ယောက်ဖြစ်သည်။ သူသည် အပြင်သို့ ရောက်လာသည်နှင့် ကျန်းရီဘေးသို့ တန်းသွားလိုက်သည်။

“ဘာကို ဆုံးဖြတ်နေရဦးမှာလဲ...”

လော့ချီသည် စူးရှသော သိမ်းငှက်အကြည့်ဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူများကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူသည် ဝံ့ဝံ့ကြွားကြွား ရပ်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ဒီလူက လော့မျိုးနွယ်ရဲ့ သခင်လေးလော့ဟွမ်ကို သတ်ခဲ့တာ။ ကျုပ်တို့က ဒီကိစ္စကို မျိုးနွယ်ခေါင်းဆောင်ဆီ တင်ပြပြီးသွားပြီ။ တကယ်လို့ ဒီလူ မသေဘူးဆိုရင် ကျုပ်တို့လော့မျိုးနွယ်က သိမ်းငှက်ပြာစီရင်စုနယ်မှာ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့... မိစ္ဆာသတ်ဖြတ်စံအိမ်က တော်တော်‌လေး အတင့်ရဲနေတယ်ပေါ့လေ။ သခင်လေးလော့ဟွမ်က စစ်နတ်ဘုရားစံအိမ်ရဲ့ တပည့်တစ်ယောက်ပဲ။ ဒါတောင် ခင်ဗျားတို့က သူ့ကို လုပ်ကြံသတ်ဖြတ်ရမဲ့ တာဝန်တစ်ခုကို လက်ခံရဲတယ်ပေါ့။ ခင်ဗျားတို့ စံအိမ်က ရှင်းပြချက် မပေးဘူးဆိုရင် ကျုပ်တို့ ကျေနပ်မှာ မဟုတ်ဘူး... အဲ့လူကို ဖမ်းခေါ်လိုက်ကြ”

ရွှီး...ရွှီး...

စစ်နတ်ဘုရားစံအိမ်မှ နတ်ဘုရားစစ်သူကြီး ခုနစ်ယောက်သည် သူတို့၏ လက်နက်များကို ဆင့်ခေါ်၍ ကျန်းရီထံ ဦးတည်သွားလိုက်သည်။ သူတို့၏ အကြည့်များထဲတွင်လည်း သတ်ဖြတ်အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ သူတို့က ကျန်းရီကို ဖမ်းခေါ်သွားတော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။ နောက်ဆုံးတွင် ကျန်းရီသည် စစ်နတ်ဘုရားစံအိမ်၏ ဝံ့ဝါမှုကို ကိုယ်တိုင် တွေ့လိုက်ရပေပြီ။ သူတို့သည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက် အရှေ့တွင်ပင် မည်သည့်လေးစားမှုမှ မပြကြပေ။

“ဘယ်သူ လုပ်ရဲလဲ”

အဘိုးပုက မားမားမတ်မတ်ရပ်၍ လှံရှည်တစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် စစ်နတ်ဘုရားစံအိမ်မှ နတ်ဘုရားစစ်သူကြီးများ၏ သတ်ဖြတ်အရှိန်အဝါများနှင့် ယှဉ်နိုင်သော သတ်ဖြတ်အရှိန်အဝါဖြင့် ပြောလိုက်သည်။

“ဒီလူက မိစ္ဆာသတ်ဖြတ်စံအိမ်က တပည့်ပဲ။ ခင်ဗျားတို့က သူ့ကို ဒီအတိုင်း ဖမ်းခေါ်သွားနိုင်မယ်လို့ ထင်လို့လား။ ခင်ဗျားတို့က မိစ္ဆာသတ်ဖြတ်စံအိမ်ကို ဘာထင်နေလဲ။ ခင်ဗျားတို့ သူ့ကို ခေါ်သွားချင်ရင် ကျုပ်တို့ကို အရင်ဖြတ်ကျော်ရမယ်”

ဟဲဝေ၏လက်ထဲတွင်လည်း အဖြူရောင် ဓားကွေးတစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အရှေ့သို့ ထွက်ရပ်ကာ ပြောလိုက်သည်။

“အဘိုးပုပြောတာ မှန်တယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်က အနိုင်ကျင့်မခံဘူး။ ကျွန်တော်တို့ထဲက ဘယ်သူ့ကိုမဆို ဖမ်းခေါ်သွားချင်ရင် ကျန်တဲ့လူတွေကို အရင်ဖြတ်ကျော်ရမယ်”

ဝှစ်...ဝှစ်...ဝှစ်...

စစ်နတ်ဘုရားစံအိမ်မှ နတ်ဘုရားစစ်သူကြီးများက အဝေးမှနေ၍ ပျံသန်းလာသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများကလည်း ရဲတိုက်ထဲမှ ပျံထွက်လာကြသည်။ တိရှစံအိမ်မှ လူများကလည်း ပွဲကြည့်ရန် ပျံသန်းလာကြသည်။ မျိုးနွယ်စုထဲမှ မရေမတွက်နိုင်သော လူများသည်လည်း ရင်ထိတ်သွားကြသည်။ သူတို့သည် စပ်စုရန် မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်အနီးတွင် စုဝေးလိုက်ကြသည်။

ထိုတိုက်ပွဲက အားလုံးအပေါ် သက်ရောက်မှုကြီးမည်ဖြစ်ကြောင်း ထင်ရှားသည်။

ကျန်းရီသည် သူ့လည်ချောင်းထဲတွင် တစ်ဆို့လာသည်ကို ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ စစ်နတ်ဘုရားစံအိမ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်၏ တိုက်ပွဲကို ရှောင်လွှဲ၍ မရတော့သည့်ပုံပင်။ ထို့ပြင် ယင်းတိုက်ပွဲက အချိန်မရွေး စတင်တော့မည် ဖြစ်သည်။ သို့သော် ထိုတိုက်ပွဲစတင်လာလျှင် သူက သေချာပေါက် နံပါတ်(၁)ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

သို့ရာတွင် ကျန်းရီသည် ကိုယ်လွတ်ရုန်းကာ ထွက်မပြေးနိုင်ပေ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူများစွာက သူ့အတွက် ရပ်တည်ပေးနေကြသည်။ သူသာ ထွက်ပြေးလိုက်လျှင် သူတို့အပေါ် သစ္စာဖောက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူ၏ အရိုးစွဲနေသော မာနက သူ့ခြေထောက်ကို မြေပြင်တွင် အမြစ်တွယ်နေစေသည်။ သူသည် တစ်လက်မပင် မရွေ့ပေ။ ထို့နောက် သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ သူ သေရမည်ဆိုလျှင်ပင် ရန်သူတစ်ယောက်၊ နှစ်ယောက်ကို သူနှင့်အတူ အပါခေါ်သွားရပေမည်။

“အားလုံးပဲ ရပ်လိုက်ကြပါ”

မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ထဲမှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပိန်ပါးသော အဘိုးအိုတစ်ယောက်က ဆယ်ချီသော မိစ္ဆာသတ်ဖြတ်စစ်သူကြီးကို ဦးဆောင်ကာ လမ်းလျှောက်၍ ထွက်လာသည်။ အဘိုးပုသည် ထိုအဘိုးအိုကို မြင်လိုက်သောအခါ စိတ်အေးသွားဟန် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ လက်ရှိတွင် စံအိမ်အရှင် မရှိသဖြင့် စံအိမ်၏ ကိစ္စရေးရာများကို တပ်မှူလျှိုက တာဝန်ယူထားရသည်။ ယခုတွင် သူ ထွက်လာပြီဖြစ်၍ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အမည်က မြောင်းထဲရောက်သွားတော့မည် မဟုတ်ပေ။

“နှုတ်ခွန်းဆက်ပါတယ် တပ်မှူးလျှို”

မိစ္ဆာသတ်ဖြတ်စံအိမ်မှ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများက ချက်ချင်း မားမားမတ်မတ် ရပ်လိုက်ကြ၏။ သို့သော် လော့ချီက တစ်စက်ပင် အရေးမစိုက်ချေ။ သူသည် ခနဲ့တဲ့တဲ့ပြုံး၍ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“တပ်မှူးလျှို... ခင်ဗျား ရောက်လာတာ ကောင်းတယ်။ ခင်ဗျားတို့ရဲ့ လူက ကျုပ်တို့မျိုးနွယ်က သခင်လေးလော့ဟွမ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က ရှင်းပြချက်တစ်ခု လိုအပ်တယ်။ မျိုးနွယ်ခေါင်းဆောင်က ဒေါသထွက်နေပြီ။ အဲ့ကိစ္စကို ခင်ဗျား ဘယ်လိုထင်လဲ”

“ဘာရှင်းပြချက်လဲ”

တပ်မှူးလျှိုက ပိန်းပါးသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏မျက်နှာက သေးသလို သူ၏မျက်ဝန်းများကလည်း သေးသည်။ ထိုအခိုက်တွင် သူက လက်နောက်ပစ်ကာ ပြုံး၍ ပြောလိုက်သည်။

“တစ်ယောက်ယောက်က အဲ့တာဝန်ကို ထုတ်ပြန်ခဲ့တာပဲ။ အဲ့လူက လော့ဟွမ်ရဲ့ ခေါင်းကို လိုချင်တာ။ အဲ့မှာ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပည့်တစ်ယောက်က တာဝန်ကို လက်ခံပြီး ပစ်မှတ်ကို သတ်ခဲ့တယ်။ အဲ့ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား”

“ဟားဟား...”

လော့ချီက ခြောက်ကပ်ကပ် ရယ်လိုက်၏။ သူရယ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးပင် တုန်သွားသည်။ ထို့နောက် သူသည် တပ်မှူးလျှိုကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

“လျှိုဝေ... ခင်ဗျားရဲ့ ဦးနှောက်က တစ်ခန်းလွတ်နေတာလား။ ကဲ... ခင်ဗျားက အဲ့လို ပြောမှတော့ ကျုပ် မေးပါဦးမယ်။ အဲ့လိုတာဝန်မျိုးကို ဘယ်သူက ထုတ်ပြန်ခဲ့တာလဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်က အဲ့တာဝန်ရဲ့ ပစ်မှတ်က လော့မျိုးနွယ်ရဲ့ သခင်လေးဆိုတာကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဘာလို့ အဲ့တာဝန်ကို လက်ခံခဲ့တာလဲ။ ခင်ဗျားတို့က ဘယ်တာဝန်ကိုမဆို လက်ခံတာလား။ တကယ်လို့ တစ်ယောက်ယောက်က တပ်မှူးလျှိုကို သတ်ဖို့ တာဝန်ထုတ်ပြန်လိုက်ရင်လည်း ကျုပ်တို့ စစ်နတ်ဘုရားစံအိမ်က အဲ့တာဝန်ကို လက်ခံလိုက်သင့်လား။ ရှင်းရှင်းပြောရရင်... စစ်နတ်ဘုရားစံအိမ်က လူသုံးဆယ်လောက်နဲ့တင် ခင်ဗျားလိုလူမျိုးကို သတ်ပစ်လို့ရတယ် တပ်မှူးလျှိုရဲ့...”

လော့ချီ၏ စကားများက ရှင်းလင်းသည်။ အကယ်၍ တပ်မှူးလျှိုက သူ့ကို ရှင်းပြချက်တစ်ခု မပေးလျှင် စစ်နတ်ဘုရားစံအိမ်တွင် တပ်မှူးလျှိုကို သတ်ပစ်ရမည့် တာဝန်တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။ ထိုအခါကျ အထက်လူကြီးများက လာရောက် မေးမြန်းလျှင် စစ်နတ်ဘုရားစံအိမ်သည် ရန်ငြိုးကို စခဲ့သူက မိစ္ဆာသတ်ဖြတ်စံအိမ်ဟု ပြောနိုင်လေသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်ကမူ စစ်နတ်ဘုရားစံအိမ်ကို လက်ညှိုးထိုးနိုင်မည် မဟုတ်ပေ။ လော့ချီ၏ စကားများသည် စစ်နတ်ဘုရားစံအိမ်၏ အင်အားနှင့် ခက်ထန်မှုကို ပြသပေသည်။

“ဘယ်သူက အဲ့လိုတာဝန်မျိုးကို ထုတ်ပြန်ခဲ့တာလဲ ဟုတ်လား။ ကျုပ် အဲ့ဒါကို ပြောမပြနိုင်တာ စိတ်မကောင်းပါဘူး။ ကျုပ်တို့မှာ တာဝန်ထုတ်ပြန်တဲ့သူတွေကို လျှို့ဝှက်ပေးရမဲ့ ဝတ္တရားရှိတယ်”

တပ်မှူးလျှိုက အနည်းငယ်ပင် ဒေါသထွက်မသွားပေ။ သူသည် လက်နောက်ပစ်ထားကာ ပြုံးနေဆဲဖြစ်သည်။ ထို့နောက် သူ တည်ငြိမ်စွာ ဆက်ပြောသည်။

“ဘာလို့ ကျုပ်တို့က အဲ့တာဝန်ကို လက်ခံခဲ့တာလည်းဆိုတာကတော့... ကျုပ်တို့မှာလည်း ကျုပ်တို့အကြောင်းနဲ့ကျုပ်တို့ ရှိတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းက လော့ဟွမ်က ဖေးမျိုးနွယ်က ဖေးမင်နဲ့ ဆက်သွယ်ခဲ့တယ်။ ကျုပ်တို့ရဲ့ သတင်းအရင်းအမြစ်တွေအရ သူတို့နှစ်ယောက်က ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အကြိမ်ကြိမ် တွေ့ဆုံခဲ့တယ်လို့ သိရတယ်။ တွေ့ဆုံတိုင်းလည်း လျှို့ဝှက်ခန်းမှာ တွေ့ဆုံးကြတယ်။ လော့ချီ... ဖေးမျိုးနွယ်က ဘာလုပ်ခဲ့တယ်ဆိုတာကို ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ဒီကိစ္စမှာ ခင်ဗျားတို့ လော့မျိုးနွယ်တစ်ခုလုံး ပါလား၊ မပါဘူးလားဆိုတာကိုတော့ သိမ်းငှက်ပြာစီရင်စုနယ်ကို စုံစမ်းခိုင်းရမှာပဲ”

“ခင်ဗျား.. ခင်ဗျားက ကျုပ်တို့ကို အကွက်ဆင်နေတာ”

လော့ချီတစ်ယောက် ချက်ချင်း မျက်နှာပျက်သွားသည်။ သူ၏ မျက်ဝန်းများကလည်း အဆိပ်ရှိသကဲ့သို့ တလက်လက် တောက်ပလာသည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။

“လျှိုဝေ... ဒီကိစ္စက ဘယ်လောက်ကြီးတယ်ဆိုတာကို ခင်ဗျား ကောင်းကောင်းသိတယ်။ အဲ့လူကို လွှဲပေးမလား၊ မပေးဘူးလားဆိုတာကို ခင်ဗျား ဆုံးဖြတ်ပါ။ လော့မျိုးနွယ်က အစော်ကားမခံဘူး။ အခု မျိုးနွယ်ခေါင်းဆောင်က ဒေါသထွက်နေပြီ။ ခင်ဗျားဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို ခံဖို့တော့ ကြိုပြင်ထားလိုက်”

“ကျုပ် စိတ်မကောင်းပါဘူး”

တပ်မှူးလျှိုက ပြုံး၍ ပခုံးတွန့်လိုက်သည်။

“မိစ္ဆာသတ်ဖြတ်စံအိမ်က ဒုက္ခရောက်မှာစိုးလို့ဆိုပြီး ကိုယ့်ရဲ့ တပည့်တွေကို မစွန့်ပစ်ရဘူး။ အဲ့စကားက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ မဟာဧကရာဇ် ချန်ထားခဲ့တဲ့ လမ်းညွှန်ချက်ပဲ။ ကျုပ်တို့က အစွမ်းကုန် ခုခံမှာပဲ”

“ကောင်းတယ်..ကောင်းတယ်... အရမ်းကောင်းတယ်...”

လော့ချီက လက်ဝှေ့ယမ်း၍ သူ့လူများကို ဦးဆောင်ကာ လေထဲသို့ ပျံတက်လိုက်သည်။ သူသည် လေထဲမှနေ၍ ကျန်းရီကို ခြေဆုံးခေါင်းဆုံး လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

“လော့မျိုးနွယ်က ဘယ်သူမှ လာစော်ကားလို့မရဘူး။ လျှိုဝေ... ဒီနေ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျား ပြန်ပေးဆပ်ရလိမ့်မယ်”

လော့ချီသည် ထိုသို့ပြောပြီးနောက် ပြန်သွားလေသည်။ စစ်နတ်ဘုရားစံအိမ်မှ လူများကလည်း သူ့နောက်သို့ လိုက်သွားကြသည်။ ထိုအဖြစ်အပျက် အစမှအဆုံးအထိ တပ်မှူးလျှိုသည် အပြုံးတစ်ချက်မပြတ်ခဲ့ချေ။ သူသည် အကြင်နာတရားကြီးကာ တည်ငြိမ်သော အဘိုးအိုတစ်ယောက်ကဲ့သို့ပင်။ လော့ချီ ထွက်သွားသောအခါ သူက ကျန်းရီကို လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“ကောင်လေး.. မင်းက သတ္တိတော့ ရှိသားပဲ။ ဒါပေမဲ့... ငါက မင်းကို ဒီတစ်ခေါက်ပဲ ကာကွယ်ပေးနိုင်မယ်။ နောက်တစ်ခါ မင်း တာဝန်ထမ်းဆောင်ဖို့ သွားတဲ့အခါကျရင် ပိုပြီး ကံကောင်းဖို့သာ ဆုတောင်းထားပေ‌‌တော့”

ကျန်းရီသည် အလွယ်တကူ ရင်ခုန်တတ်သူ မဟုတ်ပေ။ သို့သော် ဤတစ်ခေါက်တွင် သူ အလွန်ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူ အလေးအနက် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တပ်မှူးလျှိုခင်ဗျာ။ ကျန်းရီမှာ တပ်မှူးလျှိုပေးတဲ့ အသက်ပဲ ရှိပါတော့တယ်။ ကျွန်တော်က အမြဲတမ်း မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပည့်တစ်ယောက် ဖြစ်နေမှာပါ။ ကျွန်တော် သေသွားရင်တောင် မိစ္ဆာသတ်ဖြတ်စံအိမ်မှာ တစ္ဆေတစ်ကောင်အဖြစ် ဆက်ရှိနေမှာပါ”

မိစ္ဆာသတ်ဖြတ်စံအိမ်သည် ကျန်းရီအတွက်နှင့် အင်အားကြီးသော စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်ကို ဆန့်ကျင်ခဲ့သည်။ ယင်းသည် ကျန်းရီကို သူက မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် သက်ဆိုင်သူတစ်ယောက်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရစေပေသည်။

***

All Chapters