မုန်တိုင်း အစပျိုးနေပြီ
Vol. 30 Ch. 412
ချင်မူနှင့် လင်ယွိရှို့သည် အခြေခံအကျဆုံး တောက်ယင်ကျင့်စဉ်ဖြစ်သော လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်၏ သဘောတရားအပေါ် အခြေခံ၍ ‘မူလဝိညာဉ်လမ်းညွှန်’ ကို တီထွင်ခဲ့ခြင်းဖြစ်၏။
တောက်ယင်ကျင့်စဉ်က ချီစွမ်းအင်ကို လမ်းညွှန်ပေးသည်။ မူလဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကမူ လူတစ်ယောက်၏ ဝိညာဉ်သန္ဓေသားကို တခြားလူ၏ ဝိညာဉ်နှင့်အတူ ယှဉ်တွဲလျက် ခန္ဓာကိုယ်ထဲမှ ထွက်သွားနိုင်အောင် လမ်းညွှန်ပေးခြင်း ဖြစ်သည်။ ထိုအခါ နှစ်ဦးနှစ်ဖက်၏ ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသား အချင်းချင်း ပြန်လဲသွားပြီး မူလဝိညာဉ်အဖြစ် ပေါင်းစည်းနိုင်မည်။
ပို၍ရှင်းလင်းပြရလျှင် တစ်ဖက်လူ၏ ဝိညာဉ်ကို မိမိ၏ ဝိညာဉ်သန္ဓေသားအား လာဆွဲထုတ်စေလိုက်ခြင်း ဖြစ်ပြီး မိမိ၏ဝိညာဉ်ကလည်း တစ်ဖက်လူ၏ ဝိညာဉ်သန္ဓေသားကို သွားဆွဲထုတ်လိုက်ခြင်းဖြစ်သည်။ အပြင်ရောက်သည့်အခါ ဝိညာဉ်ချင်းလဲ၍ မိမိ၏ဝိညာဉ်၊ မိမိသန္ဓေသားတို့ ပေါင်းစည်းပြီး မူလဝိညာဉ်အဖြစ် ဖွဲ့တည်သွားလိမ့်မည်။
ထို့ကြောင့် ဤကျင့်စဉ်တွင် ‘လမ်းညွှန်’ ဆိုသည့် စကားလုံးထည့်ရန် လိုအပ်သည်။
ချင်မူ၏ မူလဝိညာဉ်က စစ်ယွင်ရှန်း၏ မူလဝိညာဉ်နှင့် ပဲ့တင်ရိုက်ခတ်နိုင်သည့် အကြောင်းရင်းကမူ သူ၏ဝိညာဉ်သန္ဓေသားကြောင့် ဖြစ်သည်။ သူ့ဝိညာဉ်သန္ဓေသားတွင် မည်သည့်ဓာတ်သတ္တိမှ မရှိပေ။ စစ်ယွင်ရှန်းနှင့် လင်ယွင်ရှို့တို့၌ ကိုယ်ပိုင်ဓာတ်သတ္တိများ ရှိကြသည်။
ပဲ့တင်ရိုက်ခတ်ခြင်းဆိုသည်မှာ မူလဝိညာဉ်များ ပေါင်းစည်းသွားပြီးနောက် ကြိမ်နှုန်းတစ်ခု ထွက်ပေါ်လာခြင်းကို ဆိုလိုသည်။
လူတစ်ယောက်နှင့်တစ်ယောက် ဓာတ်သတ္တိခြင်း မတူညီသည့်အတွက် မူလဝိညာဉ်များလည်း အနည်းနှင့်အများ ကွဲပြားတတ်ပြီး ကြိမ်နှုန်းလည်း မတူညီမည်မဟုတ်ပေ။
အတွဲတစ်တွဲ တူနှစ်ကိုယ် ကျင့်ကြံသည့်အခါ သူတို့၏မူလဝိညာဉ်များက တစ်ခုနှင့်တစ်ခု ပဲ့တင်ရိုက်ခတ်ပြီး တူညီသောကြိမ်နှုန်းများ ထွက်ပေါ်လာသည်။ အပြင်လူတစ်ယောက်နှင့် တူနှစ်ကိုယ် ကျင့်ကြံပါက ထွက်ပေါ်လာမည့် ကြိမ်နှုန်းက တူညီတော့မည်မဟုတ်ရာ မူလဝိညာဉ်အချင်းချင်း ပဲ့တင်မရိုက်ခတ်နိုင်တော့ခြင်း ဖြစ်သည်။
ချင်မူ၏မူလဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားက မီးငှက်ချီ၊ ကျားဖြူချီ၊ နဂါးစိမ်းချီ၊ လိပ်နက်ချီကဲ့သို့ ဓာတ်သတ္တိများ ကင်းမဲ့နေသောကြောင့် စက္ကူအဖြူတစ်ရွက်ပမာ ဖြစ်နေသည်။ လင်ယွိရှို့နှင့် တူနှစ်ကိုယ် ကျင့်ကြံလျှင် ကြိမ်နှုန်းက လင်ယွိရှို့၏ ကြိမ်နှုန်းဖြစ်သည်။ စစ်ယွင်ရှန်းနှင့် တူနှစ်ကိုယ် ကျင့်ကြံလျှင် ကြိမ်နှုန်းက စစ်ယွင်ရှန်း၏ ကြိမ်နှုန်းဖြစ်သည်။
ဧကရာဇ်ယန်ဖုန်းမှာ ချင်မူ၏ ‘လောကသခင်ခန္ဓာ’က မည်မျှထူးဆန်းကြောင်း ကိုယ်တွေ့မကြုံဖူး၍ ထွေထွေထူးထူး အာရုံထားမနေဘဲ လင်ယွင်ရှို့ကို တူနှစ်ကိုယ်ကျင့်စဉ်အကြောင်း မပြောမိခဲ့ပေ။ ယခုတော့ သူ နောင်တအကြီးအကျယ် ရနေတော့သည်။
ချင်မူနှင့် လင်ယွိရှို့က မူလဝိညာဉ်လမ်းညွှန်၏ ယောက်ျားကျင့်စဉ်နှင့် မိန်းမကျင့်စဉ်ကို အချောသပ်၍ ကျင့်ကြံပုံကျင့်ကြံနည်းနှင့် ဝိညာဉ်လဲလှယ်နည်းတို့ကိုလည်း အသေးစိတ် ရေးထားလိုက်သည်။ သူတို့နှစ်ယောက်လုံး အလွန်ပျော်ရွှင်နေကြသည်။
ရုတ်တရက် သူတို့၏ တာအိုနှလုံးသားတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျင့်စဉ်ကို အတူတကွ တီထွင်ပြီးနောက် သူတို့၏တာအိုနှလုံးများသည် ဒိတ်ခနဲ တစ်ချက် ခုန်သွား၏။
တီထွင်ခြင်းက အခက်ဆုံးဖြစ်သည် မဟုတ်ပါ၏လော။
သူတို့နှစ်ယောက်သည် ကျင့်စဉ်တစ်ခုကို စလုံးရေ,စမှ တီထွင်ဖန်တီးခဲ့သည့်အပြင် အရပ်ခြောက်မျက်နှာအဆင့်၏ သိုင်းစနစ်တစ်ခုလုံးကို ပြောင်းလဲပြီး အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ် ဖွဲ့တည်စေနိုင်ခဲ့သည်။ ဤအပြောင်းအလဲက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တီထွင်ခဲ့သော အခြေဓားချက်သုံးချက်ထက် များစွာသာချေသည်။
ချင်မူနှင့် လင်ယွိရှို့က အရပ်ခြောက်မျက်နှာ မူလဝိညာဉ်၏ ဆန်းကြယ်သော သဘောတရားများကို အမြင့်ဆုံးအထိ တိုးတက်စေခဲ့သည်ဟုပင် ပြောနိုင်သည်။ ဤအပြောင်းအလဲက သိုင်းပညာရှင်များကို ကောင်းကင်နတ်အသွင်အဆင့်သို့ လျင်မြန်စွာ တက်လှမ်းစေနိုင်သည်။ ကောင်းကင်နတ်အသွင်အဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်ကိုလည်း တစ်ဆင့်တည်း ပေါင်းစည်းသွားစေနိုင်၏။
ထိုမျှသာမက ဤအပြောင်းအလဲက မျိုးဆက်သစ် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးအပေါ် သက်ရောက်မှုရှိလိမ့်မည်။
ဝိညာဉ်သန္ဓေသားအဆင့်နှင့် ဓာတ်ကြီးငါးပါးအဆင့်သည် ကောင်းကင်နတ်သိုင်း ပညာရှင်အဆင့်သို့ မရောက်ရှိသေးသော သိုင်းသမားများ၏ သိုင်းနယ်ပယ်ဖြစ်သည်။
အရပ်ခြောက်မျက်နှာအဆင့်ရောက်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လာသည်။
အရပ်ခြောက်မျက်နှာအဆင့်ပြီးလျှင် ခုနစ်စဉ်ကြယ်အဆင့်၊ ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့် ဟူ၍ ရှိသည်။ ၎င်းတို့က ကောင်းကင်နတ်သိုင်းပညာရှင်များ နတ်ဘုရားဖြစ်ရန် မျှော်လင့်ရင်း တစ်ဆင့်ချင်း လျှောက်သွားရသော နယ်ပယ်များ ဖြစ်ကြ၏။ သိုင်းနယ်ပယ်လေးခု သိုင်းအဆင့်လေးဆင့်၊ တစ်ဆင့်တက်တိုင်း အရှေ့တစ်ဆင့်ထက် ပိုမိုခက်လာသဖြင့် နောက်တစ်ဆင့်သို့ တက်ရန် အချိန်အလွန်ကြာသည်။
ချင်မူနှင့် လင်ယွိရှို့တို့ တီထွင်လိုက်သော ကျင့်စဉ်က အဆင့်လေးဆင့်ကို သုံးဆင့်အဖြစ် ချုံ့ပေးနိုင်သည့်အတွက် ကောင်းကင်နတ်သိုင်းပညာရှင်များ အချိန်တိုအတွင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ကြလိမ့်မည်။
ထိုကဲ့သို့ကျင့်စဉ်တစ်ခုကို တီထွင်နိုင်ခြင်းက အောင်မြင်မှုကြီးတစ်ရပ်ဖြစ်သလို အကြီးအကျယ် ကောင်းကျိုးပြုခြင်းလည်း ဖြစ်သည်။
ကမ္ဘာကြီးတွင် အစကတည်းက လမ်းများ ရှိနေခြင်းမဟုတ်။ လူပေါင်းများ လျှောက်သွားခြင်းကြောင့် လမ်းပေါက်လာခြင်းဖြစ်သည်။ ထို့နည်းတူစွာပဲ သိုင်းစနစ်၏ ပြောင်းလဲမှုက လမ်းစဉ်များ၊ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို ပြောင်းလဲသွားစေနိုင်သည်။ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုလည်း လိုက်ပါပြောင်းလဲရလိမ့်မည်။
မူလဝိညာဉ်လမ်းညွှန် ယူဆောင်လာသော ပြောင်းလဲမှုကြီးက ချင်မူနှင့် လင်ယွိရှို့တို့ မထင်မှတ်ထားသောအရာ ဖြစ်သည်။
ကျင့်စဉ်တစ်ခုကို တီထွင်ခြင်းဆိုသည်မှာ ခက်ခဲသော ကိစ္စဖြစ်၏။ ထို့အတွက် သူတို့နှစ်ယောက် များစွာတွေးတောဆင်ခြင်ပြီး သုံးသပ်ထုတ်နုတ်ရန် လိုအပ်ခဲ့သည်။ သူတို့၏တာအိုနှလုံးသားများက မဟာဆရာသခင်များ၏ တာအိုနှလုံးသားထက်ပင် သာလွန်သွား၍ သူတို့နှစ်ယောက် ကိုယ်ပိုင်အတွေးယဉ်ကြောထဲ၌ နစ်မျောသွားကြသည်။
ဧကရာဇ်အတိုင်ပင်ခံ အခြေခံဓားချက်သုံးချက်ကို တီထွင်ခဲ့သော အခိုက်အတန့်ကလည်း မဟာဆရာသခင်တစ်ဦး ဖြစ်သွားသည့်အခိုက်အတန့် ဖြစ်ခဲ့သည်။ သူ၏စိတ်နယ်ပယ်သည်လည်း ဖန်တီးနိုင်သောအဆင့်သို့ ရောက်ရှိသွားခဲ့၏။
ချင်မူနှင့် လင်ယွိရှို့လည်း ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို ကြုံတွေ့နေရသည်။
သူတို့အနေဖြင့် မူလဝိညာဉ်လမ်းညွှန်ကို အပြီးသတ်ပြီးသော်လည်း အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ကို သန်မာအားကောင်းရန် မည်သို့လုပ်ရမည်လဲ ဆိုသည်က ဆက်လက်လေ့လာရမည့် စာရွက်အလွတ်တစ်ရွက်ပမာ ဖြစ်နေသေးသည်။
မူလဝိညာဉ်ကို သန်မာအားကောင်းအောင် ကျင့်ကြံခြင်းက ခုနစ်စဉ်ကြယ်အဆင့်၏ ကဏ္ဍတစ်ရပ် ဖြစ်သည်။ အရပ်ခြောက်မျက်နှာအဆင့်၌ မူလဝိညာဉ် သန်မာအားကောင်းအောင် ကျင့်ကြံနည်းမရှိသည့်အတွက် တီထွင်သူများအနေဖြင့် အရပ်ခြောက်မျက်နှာအဆင့်တွင် အခြားသူများထက် ခြေတစ်လှမ်းသာသွားပြီး ပို၍များပြားသောအရာများကို တီထွင်နိုင်သည်ဟု ဆိုလိုသည်။
“ဧကရာဇ်” မျက်ကန်းက ဧကရာဇ်ယန်ဖုန်း၏ ပေါင်ကို လှမ်းကန်လိုက်သည်။ စနောက်နေသည်နှင့် မတူပေ။ သူက အလေးအနက်မျက်နှာထားဖြင့် ပြောလိုက်၏။ “ကောင်းကင်နဲ့မြေကြီးမှာ ပြောင်းလဲသွားတာ ခံစားမိလား”
ဧကရာဇ်ယန်ဖုန်း မီးပုံယမ်းကျ ပေါက်ကွဲချင်သော်လည်း မျက်ကန်း၏စကားကြောင့် မှင်သက်သွားသည်။ သူ တအံ့တဩ ပြောလိုက်သည်။ “ဟုတ်တယ် ပြောင်းလဲသွားတာပဲ။ ထူးဆန်းလိုက်တာ...”
“နားကန်း၊ ထော့ကျိုး။ ထကြစမ်း။ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို သေချာခံစားကြည့်”
မျက်ကန်းက နားကန်းနှင့် ထော့ကျိုးကို လှမ်းပြောလိုက်သည်။ အဘိုးကြီးနှစ်ယောက်လည်း ညအမှောင်ထဲတွင် လေနှင့်အတူ မိုးရွာလာသကဲ့သို့သော လှုပ်ခတ်မှုကို ခံစားလိုက်ရ၏။ လှုပ်ခတ်မှုက နှေးကွေးပြီး မသိသာပေ။
“ဘာဖြစ်သွားတာလဲ” နားကန်းက တအံ့တဩ လှမ်းမေးသည်။
“မူအာနဲ့ မင်းသမီးရှို့ မူလဝိညာဉ်လမ်းညွှန်ကို တီထွင်လိုက်တဲ့အချိန်မှာ ဒီလိုပြောင်းလဲသွားတာပဲ။ ထူးဆန်းလိုက်တာ” မျက်ကန်းက ဆက်ပြောသည်။ “သေသေချာချာ ခံစားကြည့်။ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုက တစ်နေရာရာမှာ ထူးထူးခြားခြား ပြောင်းလဲနေသလိုပဲ။ ဒီလှုပ်ခတ်မှုက သိပ်မသိသာပေမယ့် ငါ့တာအိုနှလုံးသားရဲ့ လက်ထဲကနေ မလွတ်နိုင်ဘူး”
ထော့ကျိုး၊ နားကန်းနှင့် ဧကရာဇ်ယန်ဖုန်းတို့အားလုံး မဟာဆရာသခင်များ ဖြစ်ကြသည်။ ထော့ကျိုးက ကောင်းကင်ခြေထောက်များ၏ ဆန်းကြယ်သော သဘောတရားကို သူ့ဘာသာ တွေးတောထုတ်နုတ်ကာ သူ့အမြန်နှုန်းအား နတ်ဘုရားအဆင့်သို့ မြှင့်တင်ခဲ့၏။ သူ တီထွင်ခဲ့သည့် ကျင့်စဉ်ကို အသုံးပြုခဲ့သည့်အတွက် သူ၏တာအိုနှလုံးသားသည်လည်း အလွန်တရာခိုင်မာသည်။
နားကန်းက ပန်းချီပညာကို အမြင့်ဆုံးအထိ တွန်းတင်ကာ နတ်ဘုရားအဆင့်သို့ တက်ခဲ့သည်။
ဧကရာဇ်ယန်ဖုန်းကမူ သာမညနဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို မှီငြမ်းပြီး အမြင့်ဆုံးအဆင့်အထိ ပြုပြင်မွမ်းမံနိုင်ခဲ့သည်။ သူ့လက်ထဲတွင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က အထွတ်အမြတ်မြေကြီးသုံးမြေ၏ ကောင်းကင်နတ်သိုင်းများဖြင့် ယှဉ်နိုင်သော ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့၏။ ထိုမျှသာမက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် က ဧကရာဇ်တံဆိပ်ပြားအပေါ်ရှိ ရှေးဟောင်းနဂါးဘာသာစကားအပေါ် အခြေခံထားသည်။
အဘွားစစ်၊ ယွီကျောက်ချင်းနှင့် ဧကရာဇ်မယ်တော်ကြီးကဲ့သို့ သိုင်းပညာရှင်များမှာမူ မဟာဆရာသခင်အဆင့် စိတ်နယ်ပယ်သို့ မရောက်သေးသောကြောင့် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုပြောင်းလဲသွားသည်ကို မခံစားကြရပေ။
“အရှင်မင်းကြီး၊ ခင်ဗျားရဲ့ သမီးတော်က နောင်ကျ ခင်ဗျားထက်တောင် အောင်မြင်လာလိမ့်မယ်” နားကန်းက ကောက်ကာငင်ကာ ထပြောသည်။ “သူ့ကို အိမ်ရှေ့စံမင်းသမီးအဖြစ် တင်မြှောက်ဖို့ စိတ်ကူးဖူးလား”
ဧကရာဇ်ယန်ဖုန်းမှာ လင်ယွိရှို့ကို ငေးကြည့်ရင်း တိတ်ဆိတ်သွားသည်။
ရှို့အာကို အိမ်ရှေ့စံမင်းသမီးအဖြစ် တင်မြှောက်ရမည်တဲ့လား
သူ စိတ်ကူးမိသွားသည်။
“ယွိရှို့ကို နယ်စပ်စစ်တပ်ဆီ ပို့ပြီး လေ့ကျင့်ခိုင်းရမယ်။ မြောက်ပိုင်းက နှင်းတောင်တန်းတွေမှာ သူပုန်တွေ ကျန်သေးတယ်။ သူနဲ့ ယွိရှုကို စစ်တပ်တစ်တပ်စီ ဦးဆောင်ခိုင်းမယ်”
ဧကရာဇ်ယန်ဖုန်း စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ ယခင်က အိမ်ရှေ့စံမင်းသမီးတစ်ယောက်မှ မရှိခဲ့ဖူးခြင်းမဟုတ်ပေ။ အရေအတွက်ကသာ အိမ်ရှေ့စံမင်းသားလောက် မများပြားခြင်းဖြစ်သည်။ သိုင်းလောကတွင် ကောင်းကင်နတ်သိုင်းပညာရှင်အမျိုးသမီးများစွာ ရှိသည်သာမက တချို့ဂိုဏ်းများတွင် အမျိုးသမီးဂိုဏ်းသခင်များပင် ရှိသည် မဟုတ်ပါ၏လော။ ထို့ကြောင့် ဘုရင်မများလည်း ရှိနိုင်သည်။ အရေအတွက်သာ နည်းပါးခြင်းဖြစ်၏။
‘ရှို့အာက ယွိရှုထက် တော်ရင်...’
ချင်မူနှင့် လင်ယွိရှို့ အတွေးယဉ်ကြောထဲ နစ်မျောနေရာမှ နိုးလာကြသည်။ သူတို့နှစ်ယောက်လုံး ဆန်းကြယ်သော သဘောတရားများစွာကို မြင်လိုက်ကြပြီး အရပ်ခြောက်မျက်နှာအဆင့်အတွက် ကျင့်စဉ်သိုင်းကွက်များကို တွေးမိခဲ့ကြသည်။ တချို့ကို အခြားသူများ လေ့လာနိုင်ရန် ချရေးနိုင်သော်လည်း တချို့ကိုတော့ သူတို့ဘာသာ သုံးသပ်ဆင်ခြင်နိုင်သည်။ နားလည်ရန် ခက်ခြင်းမဟုတ်၊၊ စကားလုံးများဖြင့် သင်ပေး၍မရခြင်း ဖြစ်၏။
“ရှို့အာ၊ ခမည်းတော် သက်သာနေပြီ မြို့တော်ကို ပြန်ကြစို့” ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။
လင်ယွိရှို့က သူ့ကို ခေါင်းညိတ်ပြပြီး ချင်မူ့ဆီ လှမ်းကြည့်သည်။ “နွားကျောင်းသား ငါနဲ့အတူ မြို့တော်ကို ပြန်လိုက်မှာလား။ မြို့တော်မှာ တူနှစ်ကိုယ်ဆက်ကျင့်လို့ ရတယ်...”
ချင်မူ စဉ်းစားသွားသော်လည်း ခေါင်းယမ်းလိုက်သည်။ “နင်ပဲ အရင် ပြန်နှင့်လိုက်ပါ။ ငါ ဘိုးဘိုးသားသတ်သမား ပြန်လာတာ စောင့်ရဦးမယ်။ သူ့ကို မေးစရာတွေလည်း ရှိသေးလို့” သူက မူလဝိညာဉ်လမ်းညွှန်၏ အမျိုးသားကျင့်စဉ်အပိုင်းကို လင်ယွိရှို့ဆီ ပေးကာ ပြောလိုက်၏။ “ဒါကို ဧကရာဇ်အတိုင်ပင်ဆီ ပို့ပေးပါဦး။ သူ ဖြန့်ပေးလိမ့်မယ်”
လင်ယွိရှို့ ခေါင်းညိတ်လိုက်ပြီး မေးရခက် မမေးရခက် ဖြစ်နေသည်။ “ဟို... နင် အဆင့်မြှင့်ခဲ့တဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်လေ အဲ့ဒါ ငါ ခမည်းတော်ကို ပြန်သင်ပေးလို့ရလား”
“အစောကြီးထဲက လင်မိသားစုအပိုင်ပဲ ဥစ္စာ။ သင်ပေးလိုက်လေ ရတယ်” ချင်မူ ပြုံးရယ်ကာ ပြောလိုက်သည်။
လင်ယွိရှို့က ရုတ်တရက် သူ့ပါးကို နမ်းကာ ထိတ်ပျာနေသော စာကလေးပမာ ပြေးထွက်သွားသည်။
ဧကရာဇ်ယန်ဖုန်းက ခေါင်းတယမ်းယမ်းဖြင့် သူမကို ခေါ်ကာ မယ်တော်ကြီးဆီ သွားရောက်နှုတ်ဆက်သည်။ “သားတော်ရဲ့ နောက်က လိုက်လာတဲ့ အရာရှိမင်းတွေကို ကျဲကျိုးပြည်နယ်မှာပဲ နေခိုင်းထားတယ်။ သူတို့ ဒီအိမ်မှာ ဖြစ်သွားတာတွေကို မသိတာ အကောင်းဆုံးပဲ။ မယ်တော် အစစအရာရာ ဂရုစိုက်တော်မူပါ”
ဧကရာဇ်မယ်တော်ကြီးက သက်ပြင်းချ၍ အလေးအနက် ပြောလိုက်သည်။။ “သားတော်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ မင်းနဲ့ ဧကရာဇ်အတိုင်ပင် လုပ်နေတဲ့ကိစ္စက မင်းတို့ကို ရိုးရိုးရှင်းရှင်း သေစေမှာမဟုတ်ဘူး။ သတိထားကြဖို့လိုတယ်။ သားတော်က အရွယ်ရောက်နေပြီ ဆိုပေမယ့် မယ်တော် စိတ်ပူမိတုန်းပါပဲ”
ဧကရာဇ်ယန်ဖုန်းက နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွား၍ လင်ယွိရှို့ သူ့နောက်မှ လိုက်သွားသည်။ “ခမည်းတော်၊ နွားကျောင်းသားက သမီးတော်ကို နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် သင်ပေးထားတယ်။ အဲဒီနဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် က ခမည်းတော်သင်ပေးထားတဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် နဲ့ မတူဘူး။ သမီးတော် ခမည်းတော်ကို သင်ပေးချင်တယ်။ ခမည်းတော် သင်ချင်လား”
ဧကရာဇ်ယန်ဖုန်းက တဟားဟား ရယ်ကာ ခေါင်းယမ်းလိုက်သည်။ “သမီးတော်ရဲ့ ချစ်သူလေးက ပါရမီထက်သန်ပြီး ထူးချွန်တာ မှန်ပါတယ်။ ဒီတစ်ခေါက် သမီးတော်နဲ့လည်း ကိစ္စကြီးတစ်ရပ်ကို လုပ်နိုင်ခဲ့လို့ ခမည်းတော်တောင် သိမ်ငယ်ပြီး ရှက်မိခဲ့တယ်။ ဒါပေမဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နဲ့ ပတ်သက်ရင်တော့ ခမည်းတော်ထက် မသာနိုင်ဘူး။ သူ လေ့လာထားတာက ခမည်းတော် သင်ပေးထားတာလေ”
“သင်မှာလား မသင်ဘူးလား” လင်ယွိရှို့က စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။
“အေးပါ အေးပါ ပြောစမ်းပါဦးကွယ့်”
လင်ယွိရှို့ သူ့အား ချင်မူ သင်ပေးခဲ့သော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ပြောပြလိုက်သည်။ ဧကရာဇ်ယန်ဖုန်း၏ မျက်နှာသည် တင်းမာသထက် တင်းမာလာ၏။ သူမ စကားပြောပြီးသောအခါ သူ့မျက်နှာ မည်းမှောင်သွားပြီး သူက အေးစက်စက် မေးလာသည်။ “ဒါကို သူ သင်ပေးထားတာပေါ့ ဟုတ်လား”
လင်ယွိရှို့မှာ သူ၏ကြောက်မက်ဖွယ်ရာ အသတ်အဖြတ်စိတ်ဆန္ဒကို ခံစားလိုက်ရ၍ တုန်ရီလာသည်။ “ခမည်းတော်....”
“ဧကရာဇ်တံဆိပ်ပြားက သူ့ဆီမှာပဲ” ဧကရာဇ်ယန်ဖုန်း ဒေါသထွက်လွန်း၍ ဟားတိုက်ရယ်လိုက်မိသည်။ “ဒါက ဧကရာဇ်တံဆိပ်ပြားကနေ ထုတ်နုတ်ထားတဲ့ ကျင့်စဉ်ပဲ။ ငါတို့ လင်မိသားစုရဲ့ ရတနာက အဲဒီကောင်လေးနဲ့ တစ်ချိန်လုံး ရှိနေတာကိုး။ ငါ အခုချက်ချင်း...”
သူ ပြန်လှည့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်လိုက်ပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော စံအိမ်ကို လှမ်းကြည့်လိုက်သည်။ အတန်ကြာ ငေးနေပြီးနောက် သူ ခေါင်းယမ်းကာ ထိတ်လန့်နေသော လင်ယွိရှို့ကို ပြောလိုက်၏။ “မြို့တော်ကို ပြန်မယ်”
“ဧကရာဇ်တံဆိပ်ပြားက သူ့ဆီမှာဆို သမီးတော် သွားတောင်းပေးပ့ါမယ်။ ခမည်းတော် စိတ်မဆိုးပါနဲ့”
ဧကရာဇ်ယန်ဖုန်း ခေါင်းယမ်းလိုက်သည်။ “ဧကရာဇ်တံဆိပ်ပြားကို ခမည်းတော် အကြိမ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့် ဘာကိုမှ ထပ်မထုတ်နုတ်နိုင်ခဲ့ဘူး။ လင်မိသားစုရဲ့ ဘိုးဘေးတွေလည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကြည့်ခဲ့ပေမယ့် ဆန်းကြယ်တဲ့ သဘောတရားတွေကို မမြင်နိုင်ခဲ့ဘူး။ ထီးနန်းဟာ ဧကရာဇ်တံဆိပ်ကြောင့် လင်မိသားစုအပိုင် ဖြစ်နေတာမဟုတ်ဘူး သမီးတော်။ ဒါကြောင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ အမုန်းပွားနေစရာမလိုတော့ဘူး”
လင်ယွိရှို့ သူ့မျက်နှာကို ခိုးကြည့်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းသည် လှိုင်းဂယက်ကင်းမဲ့နေသော ကန်ရေပြင်ပမာ တည်ငြိမ်နေပုံပေါ်၏။ သူ၏အတွေးကို မမြင်ရပေ။
“ရှို့အာ မူလဝိညာဉ်လမ်းညွှန်ကို သမီးတော်နဲ့ ဝန်မင်းချင် တီထွင်ခဲ့တဲ့အကြောင်း မပြောနဲ့။ ဒီကိစ္စက ဘယ်သူ့ကိုမှ ပြောလို့မရတဲ့ကိစ္စ” ဧကရာဇ်ယန်ဖုန်း တည်ကြည်လေးနက်စွာ ဆိုလိုက်သည်။ “သမီးတော်ပြောလိုက်ရင် ခမည်းတော် သမီးတော်ကို ကာကွယ်နိုင်မှာမဟုတ်ဘူး”
လင်ယွိရှို့ အံ့အားသင့်သွားသော်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
အဘွားစစ်၏ စံအိမ်ထဲတွင် ချင်မူ မျက်ကန်း၏မျက်လုံးများကို စစ်ဆေးနေသည်။ မျက်ကန်း၏ ဒဏ်ရာများက သက်သာနေပြီဖြစ်သော်လည်း မျက်လုံးကို ဖုံးထားသည့် ပတ်တီးများအား အချိန်နှင့်တစ်ပြေးညီ ဖယ်ပြီး ဆေးလဲလှယ်ရန် လိုအပ်သည်။
“မူအာ မူလဝိညာဉ်လမ်းညွှန်ကို မင်းတို့ တီထွင်ခဲ့တာလို့ မပြောနဲ့” မျက်ကန်းက ရုတ်တရက် ပြောလိုက်သည်။ “မြင်လိုက်တဲ့လူတိုင်းလည်း ပါးစပ်ပိတ်ထားရမယ်။ သတင်းပေါက်ကြားလို့ မဖြစ်ဘူး နားလည်လား””
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာလို့လဲ ဘိုးဘိုး”
ပတ်တီးဖြေလိုက်သည့်အခါ မျက်ကန်းက မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ အနက်ရောင် သူငယ်အိမ်များက တဖြည်းဖြည်း ကောင်းကင်းအလင်းရောင် တောက်လာသည်။ ဝင်္ကပါအလွှာအထပ်ထပ် ဖွဲ့တည်လာပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် နက်ရှိုင်းသော ကောင်းကင်ကိုးဆင့် အသွင်ဖြစ်တည်လာ၏။
မျက်ကန်း၏အသံက ထူးထူးခြားခြား တည်ငြိမ်နေသည်။ “ဥပဒေသ ပြောင်းလဲသွားပြီ။ လမ်းစဉ် ပြောင်းလဲသွားပြီ။ ကောင်းကင်ဘုံလည်း ပြောင်းလဲသွားပြီ။ ကောင်းကင်ဘုံရဲ့ ပြောင်းလဲမှုကြောင့် သေကြေကြရလိမ့်မယ်။ တစ်လောကလုံးမှာ ရှိတဲ့ မဟာဆရာသခင်အားလုံး မူမမှန်တဲ့ လှုပ်ခတ်မှုကို ခံစားရကြလိမ့်မယ်။ မုန်တိုင်း အစပျိုးနေပြီ....”