တုန်လှုပ်ချောက်ချားဖွယ်ရာ အခြေအနေများ
Vol. 30 Ch. 413
မြို့တော်တွင် လောင်ဖူ ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်ထဲ ခပ်သုတ်သုတ် ဝင်ပြီး ကပျာကယာ လျှောက်တင်လိုက်သည်။ “သခင်ကြီး၊ အရှင်မင်းကြီး ကြွလာတော်မူပါတယ်”
ဧကရာဇ်အတိုင်ပင်ခံ ထွက်ကြိုလိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သူရဲကောင်းနှစ်ယောက် ဆုံတွေ့ကြသည်။ လင်ယွိရှို့ ဝင်လာသည့်အခါ ဧကရာဇ်ယန်ဖုန်းက သူ၏မိတ်ဆွေကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်၏။ ဧကရာဇ်အတိုင်ပင်ခံ သဘောပေါက်လိုက်၍ လောင်ဖူကို ထွက်သွားခိုင်းလိုက်သည်။
“အရှင်မင်းကြီးက နန်းတော်ကိုတောင် မကြွဘဲ ကျွန်တော့်ကို အရင်လာရှာတယ်ဆိုတော့ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တာပဲ ဖြစ်မယ်” ထာဝရငြိမ်းချမ်းရေးအင်ပါယာက လင်ယွိရှို့ကို အကဲခတ်သလို ကြည့်သည်။ “ဒီမှာ ကျွန်တော်တို့ သုံးယောက်ပဲ ရှိပါတယ်၊ အရှင်မင်းကြီး ပြောလို့ရပါပြီ”
“ဧကရာဇ်အတိုင်ပင်ခံ အဲ့ဒါကို ခံစားခဲ့ရလား” ဧကရာဇ်ယန်ဖုန်း မေးလိုက်သည်။ “လွန်ခဲ့တဲ့ငါးရက်က ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်တွေ...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်သည်။ “သိပ်ဆန်းကြယ်တဲ့ အငွေ့အသက်တွေကို ခံစားခဲ့ရပါတယ်။ ဥပဒေသ ပြောင်းလဲသွားပြီး လမ်းစဉ်လည်း ပြောင်းလဲသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုမှာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ တစ်ယောက်ယောက် ပြုပြင်ပြောင်းလဲမှုကြီး လုပ်ဆောင်နိုင်ခဲ့တာဖြစ်မယ်။ ကျွန်တော်မျိုးကိုတောင် အတော်လေး ရိုက်ခတ်ခဲ့သေးတယ်”
ဧကရာဇ်ယန်ဖုန်း မူလဝိညာဉ်လမ်းညွှန်၏ ကျင့်စဉ်နှစ်တွဲကို ထုတ်၍ သူ့ဆီ ကမ်းပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ တစ်ချက်ကြည့်လိုက်ပါ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စာရွက်များ လှန်ရင်း မျက်နှာအမူအရာ လေးနက်လာသည်။ အချိန်အနည်းငယ်ကြာသော် သူက မူလဝိညာဉ်လမ်းညွှန်စာအုပ်ကို ပိတ်၍ ပြောသည်။ “ဒါက မင်းသမီးနဲ့ ဂိုဏ်းသခင်ချင်ရဲ့ လက်ရေးတွေပဲ။ အရပ်ခြောက်မျက်နှာအဆင့်ရဲ့ ပြောင်းလဲမှုက ခုနစ်စဉ်ကြယ်အဆင့်၊ ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နဲ့ ကောင်းကင်တံတားအဆင့်တွေကိုလည်း ပြောင်းလဲစေနိုင်တယ်။ မဟာတာအို အကြီးအကျယ်လှုပ်ခတ်သွားတာ အံ့ဩစရာရှိဘူးပဲ။ အရှင်မင်းကြီး၊ မင်းသမီးက မဆိုးဘူး။ နောက်ကျ ကျွန်တော်မျိုးထက်ရော၊ အရှင်မင်းကြီးထက်ပါ သာလိမ့်မယ်”
ဧကရာဇ်အတိုင်ပင်ခံသည် အလွန်အမြော်အမြင်ကြီးမား၍ ချင်မူနှင့် လင်ယွိရှို့ တီထွင်ခဲ့သည့်အကြောင်း ဧကရာဇ်ယန်ဖုန်း သဲလွန်စပေးစရာ မလိုပေ။ ထို့အပြင် သူတို့၏တီထွင်မှုမှ ယူဆောင်လာမည့် အကျိုးဆက်များကိုလည်း ခန့်မှန်းနိုင်ခဲ့သည်။
ဧကရာဇ်ယန်ဖုန်း ခေါင်းညိတ်လိုက်သည်။ “ပြောင်းလဲမှုရဲ့ အရင်းအမြစ်က ဒီစာလိပ်နှစ်လိပ်က လာတာ။ ကိုယ်တော် မနားဘဲ မောင်မင်းဆီ လာရတဲ့အကြောင်းရင်းက စိုးရိမ်လို့ပဲ။ လှုပ်ခတ်မှုက သိပ်မသိသာသေးတော့ ဖန်တီးနိုင်တဲ့အဆင့် မရောက်သေးတဲ့ မဟာဆရာသခင်တွေအနေနဲ့ သတိထားမိမှာမဟုတ်ဘူး။ ဒါပေမဲ့ လမ်းစဉ်အဆင့် ရောက်ပြီးသားလူတွေအတွက်တော့ လှုပ်ခတ်မှုက ကြီးမားတယ်။ မောင်မင်းအတွက် ရိုက်ခတ်မှုက ကြီးမားတယ်ဆိုတော့ ကိုယ်တော့်ထက် တစ်လှမ်းစောပြီး လမ်းစဉ်အဆင့် ရောက်နေတဲ့ပုံပဲ”
“ကျွန်တော်မျိုးလည်း ရောက်သွားတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ အဲဒီအငွေ့အသက်တွေက လှိုင်းလုံးတွေလို အရပ်လေးမျက်နှာမှာ စိုးမိုးနေခဲ့တယ်။ ကျွန်တော်က အဲဒီအကြားမှာ ရပ်နေခဲ့တာဆိုတော့ မဟာတာအိုရဲ့ လှုပ်ခတ်မှုကို အသေအချာ ခံစားလိုက်ရတာပါ”
ဧကရာဇ်ယန်ဖုန်း သူ့စကားကို ဂရုတစိုက် နားထောင်ကာ ချီးကျူးလိုက်မိသည်။ “လမ်းစဉ်အဆင့်က သိပ်အံ့ဖွယ်ကောင်းပေတာပဲ။ မောင်မင်းက ဒီလောက်အထိ ခံစားခဲ့ရတယ်ဆိုရင် နတ်ဘုရားတွေဆို ဘယ်လိုနေမလဲ”
“ပိုလို့တောင် ပြင်းထန်ပါလိမ့်မယ်” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးများ တောက်ပလာပြီး သူက ပြောလိုက်သည်။ “အရှင်မင်းကြီးက ဒီရက်ပိုင်း မြို့တော်နဲ့ ကင်းကွာနေတာဆိုတော့ အစီရင်ခံစာတွေ ပလူပျံနေတာ သိမှာမဟုတ်ဘူး။ အရှင်မင်းကြီး၊ တစ်ချက်ကြည့်ပါ”
သူက ပြည်နယ်အုပ်ချုပ်သူအသီးသီးမှ အင်ပါယာသို့ တင်ပြထားသော အစီရင်ခံစာများကို ထုတ်လိုက်သည်။
ဟဲ့ဖျင်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်သူ တင်ပြထားသော စာကို ဧကရာဇ်ယန်ဖုန်း ဖတ်လိုက်သည်။ အဘွားချီယွဲ့ဘုရားကျောင်းတွင် ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့၍ ဘုရားကျောင်းပြိုကျပြီး ဘုရားဖူးဆယ်ယောက်ကျော် ပိသေသွားသည်ဟု ဆိုထားသည်။ ထူးဆန်းသည်က အဘွားချီယွဲ့ဘုရားကျောင်းမှလွဲ၍ ကျန်နေရာများတွင် ငလျင်လှုပ်ခတ်ခြင်း မရှိခဲ့ပေ။
ဟဲ့ဖျင်ပြည်နယ်အုပ်ချုပ်သူ အပျက်အစီးများ ရှင်းလင်းရန် သွားသောအခါ ဘုရားကျောင်းတည်ထားသည့် တောင်နှစ်ခြမ်း ကွဲနေသည်ကို တွေ့ခဲ့ရ၏။ ဧရာမအက်ကြောင်းကြီးထဲတွင် လူဘီလူးကြီး၏ ကိုယ်အပေါ်အပိုင်းဖြစ်သော နတ်ဘုရားရုပ်တုကြီးတစ်ရုပ် ရှိနေသည်။ ၎င်း၏အရောင်က လူ့အသားကဲ့သို့ ရှိပြီး မှော်သင်္ကေတများ တဖျပ်ဖျပ် လက်လျက်ရှိခဲ့သည်ဟု ရေးသားထား၏။
ဧကရာဇ်ယန်ဖုန်း မျက်မှောင်အနည်းငယ် ကြုတ်၍ အတန်ကြာ တွေးနေမိသည်။ ထို့နောက် ဟဲ့ဖျင်အစီရင်ခံစာကို ယွိရှို့ဆီ ပေးလိုက်ပြီး နောက်တစ်ခုကို သူ ဖတ်လိုက်သည်။
ထိုစာက ဝမ်ကျိုးပြည်နယ်အုပ်ချုပ်သူမှ ပေးပို့ထားခြင်းဖြစ်ပြီး မဟာဝမ်ကန်တော်တွင် ထူးဆန်းသော မတော်တဆမှုများ ဖြစ်ပွားနေသည့်အကြောင်း ရေးသားထား၏။ ဝမ်ကျိုးပြည်တွင် ညသန်းခေါင်တိုင်း ကန်မှ ဆန်းကြယ်သောအလင်းတန်းများ ဖြာထွက်လာကာ ရေပြင်တစ်ခုလုံး လွှမ်းခြုံသွားပြီး မီးအိမ်ကဲ့သို့ မျက်လုံးများရှိသော ဧရာမသတ္တဝါကြီးတစ်ကောင် ကန်ထဲမှ ထွက်လာတတ်သည်။ ၎င်းက ကန်စောင့်မင်း ဖြစ်သည့်အကြောင်း ပြောပြီး လူပျို၊ အပျိုများကို ယဇ်ပူဇော်ခိုင်းသည်ဟု ရေးထား၏။ ပြည်နယ်အုပ်ချုပ်သူ သူ၏ငယ်သားများကို သွားရောက်စစ်ဆေးခိုင်းသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်များစွာ သေဆုံးခဲ့ရသည်။
ဧကရာဇ်ယန်ဖုန်း မျက်မှောင်ပိုကြုတ်သွားပြီး ကျန်အစီရင်ခံများကို တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြည့်နေသည်။ တချို့က ဘုရားကျောင်းများ နှစ်ခြမ်းကွဲသွားပြီး ရှေးဟောင်းနတ်ဘုရားရုပ်တုများ ပေါ်လာသည့်အကြောင်း၊ ဆုတောင်းနေသူများ သေဆုံးကြသည့်အကြောင်း ဖြစ်သည်။ တချို့က ငလျင်လှုပ်သည့်အကြောင်း၊ မြစ်ထဲမှ နတ်ဘုရားရုပ်တုများ ထလာသည့်အကြောင်း ရေးထားသည်။ တချို့ရုပ်တုများက မလှုပ်သော်လည်း တချို့က သူတို့ပိုင်နက်၌ နေထိုင်သောလူများကို ယဇ်ပူဇော်ခိုင်းသည်။
ထူးဆန်းသော အလင်းတန်းများ ၊ ထူးဆန်းသော ရတနာများ ထွက်ပေါ်လာသည့် နေရာများလည်း ရှိသည်။ သို့သော် မည်သူမျှ ရတနာများကို ယူမရပေ။
“ကျွန်မတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဒီလိုနတ်ဘုရားတွေ မရှိဘူး” လင်ယွိရှို့က စာရွက်များကို ဖတ်ကြည့်ပြီးနောက် ချလိုက်သည်။ သူမက ဖတ်ရှုထားသည်များကို ပြန်စဉ်းစားကာ မေးလိုက်၏။ “အဲဒီနတ်ဘုရားတွေ ဘယ်ကလာတာလဲ။ သေချာပေါက် မြေကြီးထဲက ထွက်လာတာတော့ မဟုတ်နိုင်ဘူး။ ပြီးတော့ အစီရင်ခံစာတွေထဲမှာ ရေးထားတဲ့ ရတနာတွေ ကြည့်ရတာ တစ်ယောက်ယောက် ချန်ခဲ့တာ မဖြစ်နိုင်ဘူး။ သူတို့က နတ်ဘုရားတွေရဲ့ ရတနာတွေ မဟုတ်လား”
“မြေကြီးထဲက ထွက်လာမဟုတ်ဘူး” ဧကရာဇ်ယန်ဖုန်း ပြောလိုက်သည်။ “သူတို့သာ မြေကြီးအောက်မှ ရှိခဲ့ရင် အရင်ကတည်းက ရှာတွေ့နေလောက်ပြီ။ အဲဒီကျောက်ရုပ်တုတွေနဲ့ ရတနာတွေက တခြားကမ္ဘာက လာတာဖြစ်မယ်”
“ကမ္ဘာတစ်ခုတည်းတင် မကဘူး” ဧကရာဇ်အတိုင်ပင်ခံက လေးနက်စွာ ပြောလိုက်သည်။ “မဟာမြို့ပျက်မှာလည်း အလားတူကျောက်ရုပ်တုတွေ ရှိတယ်။ ကောလဟာလတွေအရ သူတို့က ခန္ဓာကိုယ်ကို အေးခဲထားတဲ့ နတ်ဘုရားတွေတဲ့။ သူတို့က တစ်စုံတစ်ခုကို စောင့်ရင်း အိပ်နေကြတာဆိုပေမယ့် အချိန်မရွေး ခန္ဓာကိုယ်အစစ် ပြန်ပြောင်းနိုင်တယ် ပြောတယ်။ ဒီကျောက်ရုပ်တွေက တခြားကမ္ဘာက လာတာဆိုရင် သူတို့ ရွေးချယ်လိုက်တဲ့အချိန်က မထူးဆန်းနေဘူးလား”
“မင်းသမီးနဲ့ ဂိုဏ်းသခင်ချင် တီထွင်ခဲ့တဲ့ မူလဝိညာဉ်လမ်းညွှန်က ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို ပြောင်းလဲသွားစေတယ်။ အဲဒီအချိန်တစ်ဝိုက်မှာပဲ ကျောက်ရုပ်တုတွေ၊ ထူးဆန်းတဲ့ ရတနာတွေ ပေါ်လာတယ်။ သေချာပေါက် အဲဒီနှစ်ခုကြား ပတ်သက်မှုတစ်ခုခု ရှိရမယ်” ဧကရာဇ်ယန်ဖုန်း ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အဲဒီကျောက်ရုပ်တုတွေရဲ့ ဇစ်မြစ်နဲ့ ရည်ရွယ်ချက်ကို စုံစမ်းမှ ဖြစ်မယ်”
“ဒီကိစ္စကြောင့် ကျွန်တော်မျိုး လွန်ခဲ့တဲ့ နှစ်နှစ်က တုထျန်းမိစ္ဆာဘုရင် ဆင်းသက်လာတဲ့ ဖြစ်ရပ်ကိုတောင် သတိရမိတယ်။ အဲဒီတုန်းက တုထျန်းမိစ္ဆာဘုရင်က ဂိုဏ်းသခင်ချင် ယဇ်ပူဇော်ပေးလို့ ကျွန်တော်တို့ကမ္ဘာကို ရောက်လာတာ။ ဒါပေမဲ့ သူ့အသိစိတ်အလျဉ် တစ်စိတ်တစ်ပိုင်းပဲ ရောက်လာတယ်။ ဘာကြောင့်ဆိုရင် သူ့ကိုယ်အစစ်အတွက်ဆို ယဇ်ပူဇော်ပေးရမယ့် ပမာဏက များလို့ပဲ”
ဧကရာဇ်ယန်ဖုန်းနှင့် လင်ယွိရှို့က ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြောလိုသည့်အကြောင်းအရာက အလွန်အရေးကြီးသောကြောင့် သူတို့ပေါ့ဆ၍ မဖြစ်ပေ။
“ဆိုလိုတာက ကမ္ဘာနှစ်ခုကြား သွားလာဖို့ စွမ်းအင်အများကြီး လိုအပ်တယ်။ သွားမယ့်လူက အင်အားကြီးမားလေလေ၊ စွမ်းအင်များများ လိုလေလေပဲ
“ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအို ပြောင်းလဲသွားလို့ အဲဒီနတ်ဘုရားကျောက်ရုပ်တုတွေ ပေါ်လာတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကျောက်ရုပ်တုတွေကိုပဲ ပို့လွှတ်နိုင်မှာ။ စွမ်းအင်ကို အချိန်တစ်ခုအထိတော့ ကူးပြောင်းပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ခန္ဓာကိုယ်အစစ်တွေကို ဆင့်ခေါ်ဖို့ အသွေးအသားတွေအများကြီး ယဇ်ပူဇော်ပေးရမှာ”
ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု ပေါ်လာသဖြင့် ဧကရာဇ်ယန်ဖုန်းနှင့် လင်ယွိရှို့ တမုဟုတ်ချင်း တုန်လှုပ်ချောက်ချားသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျယ်လောင်စွာ ပြောလိုက်၏။ “သူတို့ လူပေါင်းများစွာ သေကြေပျက်စီးမယ့် ကပ်ဘေးကြီးကို ဖန်တီးကြလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်းနှင့် လင်ယွိရှို့တို့ သွေးများအေးခဲသွားသည်။
ဆီးနှင်းကပ်ဘေးနှင့်တင် လူပေါင်းမရေမတွက်နိုင်အောင် သေဆုံးသွားကြပြီဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း နတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သောကြောင့် ယခုထိတိုင် နာလန်မထူနိုင်သေးပေ။ နောက်ကပ်ဘေးတစ်ခုသာ ဖြစ်ပွားလျှင် အင်ပါယာသည် သေချာပေါက် ပျက်စီးသွားလိမ့်မည်။ သက်ရှိများစွာ ဒုက္ခရောက်လိမ့်မည်။
“ကျွန်တော်မျိုး ခန့်မှန်းမိသလောက် မကြာခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ကပ်ဘေးလွှတ်ဖို့ အမိန့် အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ လက်ခံရလိမ့်မယ်” ဧကရာဇ်အတိုင်ပင်ခံက အလေးအနက် ပြောလိုက်သည်။ “ဒီကပ်ဘေးက သေချာပေါက် ဆီးနှင်းကပ်ဘေးအောက် နိမ့်ကျမှာမဟုတ်ဘူး။ ငလျင်၊ မီးတောင်ပေါက်ကွဲမှု၊ လေမုန်တိုင်း၊ ရေဘေး နဲ့ မိုးခေါင်ရေရှားတာတို့ ဖြစ်နိုင်တယ်။ လူသန်းပေါင်းများစွာကို သတ်နိုင်တဲ့ ဘယ်အရာမဆို ဖြစ်နိုင်တယ်”
ဧကရာဇ်ယန်ဖုန်း အက်ကွဲကွဲအသံကို ဖြစ်ညစ်ထုတ်လိုက်ရသည်။ “မောင်မင်း ဆိုလိုတာက...”
“အထက်ကောင်းကင်ဘုံကို အပြတ်ရှင်းရမယ်” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မှင်သေသေ ပြောလိုက်သည်။ “ကျွန်တော်မျိုး ထင်တာ မမှားဘူးဆိုရင် ဒီကမ္ဘာကို ကပ်ဘေးလွှတ်ဖို့ တာဝန်ရှိတဲ့သူတွေက အထက်ကောင်းကင်အပြင် တခြားမဟုတ်ဘူး။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေကို အပြတ်ရှင်းလိုက်နိုင်ရင် အဲဒီကျောက်ရုပ်တုတွေလည်း နတ်ဘုရားဖြစ်ဖြစ်၊ မိစ္ဆာဖြစ်ဖြစ် ပြောင်းနိုင်မှာ မဟုတ်တော့ဘူး။ ဒါဆို လူတွေ အသက်ချမ်းသာရာရမယ်။ ကျွန်တော်မျိုးတို့အနေနဲ့ အရင်လက်ဦးမှု ရယူပြီး အထက်ကောင်းကင်ဘုံက နတ်ဘုရားတစ်ယောက်မကျန် ရှင်းပစ်ဖို့လိုတယ်”
ဧကရာဇ်ယန်ဖုန်း ခေါင်းကိုက်လာသည်။ သူက လက်နှစ်ဖက်လုံးဖြင့် ခေါင်းကို ကိုင်ရင်း အံတင်းတင်းကြိတ်ထား၏။ “အထက်ကောင်းကင်ဘုံက အနောက်ကမ္ဘာမြေမှာ ရှိတယ်။ သူတို့မှာ နတ်ဘုရားတွေ၊ မိစ္ဆာတွေ အင်အားဘယ်လောက်ရှိမှန်း ငါတို့မှ မသိတာ၊ အထက်ကောင်းကင်ဘုံကို ဘယ်လိုလုပ်ရှင်းပစ်နိုင်မှာလဲ။ နောက်နှစ်အနည်းငယ်လောက် စောင့်လိုက်ရင် ကောင်းကင်တံတားပြန်ဆက်ပြီး နတ်ဘုရားအဆင့်ရောက်သွားမယ့် သိုင်းသမားတွေ ထွက်ပေါ်လာလောက်တယ်..”
“အရှင်မင်းကြီး၊ သူတို့က အရှင်မင်းကြီးကို အချိန်ပေးမှာမဟုတ်ဘူး။ ကျွန်တော် ထင်တာမှန်ရင် အဲဒီစာတွေထဲမှာ ရေးထားတဲ့ ရတနာတွေက မိုးလေဝသလက်နက်တွေပဲ”
ဧကရာဇ်ယန်ဖုန်းနှင့် လင်ယွိရှို့တို့ သွေးများအေးခဲသွားသည်။
မိုးလေဝသလက်နက်က ချင်မူ၏အကြံဖြစ်သည်။ နှင်းမုန်တိုင်း၊ လေဆင်နှာမောင်း၊ ရေဘေး၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်အစရှိသော မိုးလေဝသကပ်ဘေးများကို ဘူးသီးခြောက်ထဲတွင် သိမ်းထားခြင်းဖြင့် သာမန်အချိန်များတွင် မိုးလေဝသကို ထိန်းညှိနိုင်လေသည်။
ရန်သူ့တိုင်းပြည်များကို တိုက်ခိုက်ရာတွင်လည်း မိုးလေဝသလက်နက်များအား အသုံးချနိုင်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မြက်ခင်းလွင်ပြင်ကို သိမ်းပိုက်ခဲ့စဉ်အခါက ပန်ကုန်းစုန်သည် ရေအရင်းအမြစ်များ၌ မှော်ဆရာအဆိပ်ခတ်ခဲ့၏။ မှော်ဆရာအဆိပ်ကို ဖယ်ရှားပြီး မြက်ခင်းလွင်ပြင်သားများကို ကယ်တင်ရန် ဘူးသီးခြောက်များထဲ၌ သိမ်းဆည်းထားသော မုန်တိုင်းများကို ထုတ်လွှတ်ကာ ဆယ်ရယ်တိုင် မိုးရွာသွန်းစေခဲ့သည်။ မိုးရေများက မြေပြင်ကို ဆေးကြော၍ အဆိပ်ရှင်းလင်းပေးခဲ့သည်။
သို့ရာတွင် မြက်ခင်းလွင်ပြင်သား အတော်များများလည်း ရေနစ်သေဆုံးခဲ့ရသည်။ ထို့ကြောင့် ဧကရာဇ်အတိုင်ပင်ခံမှာ ဆန့်ကျင်ပုတ်ခတ်သူများ၏ စွပ်စွဲမှုများကြောင့် ပြဿနာတက်ခဲ့ရသေးသည်။
သူ့အထင် မမှား၍ ထိုနတ်ဘုရားရတနာ၊ မိစ္ဆာရတနာများက မိုးလေဝသလက်နက်များဖြစ်နေလျှင် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားအနေဖြင့် ဆင်းလာပြီး အသက်သွင်းလိုက်ရန်သာ လိုအပ်သည်။ ထိုအခါ မိုးလေသဝကပ်ဘေးပေါင်းစုံ ထွက်လာကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အကြီးအကျယ် ဒုက္ခပေးလိမ့်မည်။
လူပေါင်းများစွာ၏ သေဆုံးမှုကြောင့် ကျောက်ရုပ်တုများအား ယဇ်ပူဇော်သကဲ့သို့ ဖြစ်သွားပြီး နတ်ဘုရားများနှင့် မိစ္ဆာများ၏ စွမ်းအင်တို့ တရှိန်ထိုး စီးဆင်းလာမည်။ ကျောက်ရုပ်တုများ ပုံစံအစစ်အမှန် ပြောင်းလိုက်သည်နှင့် အစုလိုက်အပြုံလိုက် သတ်ပွဲကြီး စတင်ကာ တစ်ကမ္ဘာလုံး သုတ်သင်ချေမှုန်းခံရမည်။
“ငါ အခုချက်ချင်း လူလွှတ်ပြီး ကျောက်ရုပ်တုတွေနဲ့ ရတနာတွေကို စောင့်ကြည့်ခိုင်းထားလိုက်မယ်။ အဲ့ဒါတွေ အထက်ကောင်းကင်ဘုံလက်ထဲ ရောက်လို့မဖြစ်ဘူး” ဧကရာဇ်ယန်ဖုန်း၏ နဖူးမှ ချွေးများ ကျလာသည်။ သူ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ရှေ့လျှောက်နောက်လျှောက် လျှောက်နေမိ၏။ “သူတို့ သေချာပေါက် ရှာတွေ့သွားလို့မဖြစ်ဘူး....ဘာလို့ ငါတို့အပေါ် ဒီလိုလုပ်ကြတာလဲ။ ဒီတိုင်း ကောင်းကောင်းမွန်မွန် နေခွင့်ပြုလို့မရဘူးလား။ ငါ...ငါ နားမလည်နိုင်တော့ဘူး”
“ပြုပြင်ပြောင်းလဲမှုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ အကျိုးစီးပွားကို ထိခိုက်တာကြောင့်ပါ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ပိုလေးနက်တဲ့ အကြောင်းရင်းရှိပေမယ့် ကျွန်တော်တို့မှာ အကြောင်းအရင်းအစစ်အမှန်ကို ထုတ်ဖော်ဖို့ အချက်အလက် မလုံလောက်ပါဘူး။ အရှင်မင်းကြီး၊ ကျွန်တော် လူသားဧကရာဇ်နဲ့ တွေ့မှ ဖြစ်မယ်”
ဧကရာဇ်ယန်ဖုန်း သူ့ကို ကြည့်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အဝေးသို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “လူသားဧကရာဇ် ဆင့်ခေါ်မှ အထွတ်အမြတ်နယ်မြေတွေနဲ့ အဆင့်မြင့်သိုင်းပညာရှင်အားလုံး သူ့စကား နားထောင်ပြီး အထက်ကောင်းကင်ဘုံကို ရှင်းပစ်ဖို့ စည်းလုံးကြမှာ။ လူသားဧကရာဇ်ကပဲ ဂိုဏ်းအားလုံး သူ့စကားကို မြေဝယ်မကျ နားထောင်အောင် လုပ်နိုင်တယ်”
လင်ယွိရှို့ မှင်သက်သွားသည်။ လက်ရှိလူသားဧကရာဇ်က ချင်မူမဟုတ်လော။
လူသားဧကရာဇ်တံဆိပ်တုံးက ချင်မူ့လက်ထဲတွင် မဟုတ်လော။
သို့ဆိုလျှင် ချင်မူလည်း အထက်ကောင်းကင်ဘုံက တိုက်ခိုက်ရမည်ဟု ဆိုလိုသည်မဟုတ်လော။
“ကျွန်တော်မျိုး လူသားဧကရာဇ်နဲ့ စကားသွားပြောမယ်” ဧကရာဇ်အတိုင်ပင်ခံ ထပြီး ထွက်သွားသည်။
လက်ရှိအချိန်တွင် ချင်မူက စစ်ယွင်ရှန်းနှင့်အတူ မူလဝိညာဉ်ကျင့်ကြံကာ လျှောက်သွားနေကြသည်။ သူတို့ တစ်နေရာရောက်သည့်အခါ အလွန်ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံး ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး ဧရာမကျောက်ရုပ်တုကြီးတစ်ခု ထိုးထွက်လာ၏။
“ဘာတွေ ဖြစ်နေတာလဲ။ ဒါ မဟာမြို့ပျက်လား”
နှစ်ယောက်သား အံ့အားသင့်သွားကြသည်။ ရုတ်တရက် သူတို့ အမွှေးနံ့တစ်ခု ရလိုက်ပြီး ရင်ထဲ လှုပ်ခတ်သွား၏။ “ငါတို့ အခုလေးတင်မှ ဝိညာဉ်လမ်းညွှန်အမွှေးတိုင်ကို ထွန်းလိုက်တာ။ အဲဒီလောက် မြန်မြန်မကုန်နိုင်ဘူး။ တစ်ယောက်ယောက် မှုတ်လိုက်တာပဲဖြစ်မယ်”
သူတို့၏မူလဝိညာဉ်များ ရုပ်ခန္ဓာထဲ ပြန်ရောက်သွားသည်။ ချင်မူ မျက်လုံးဖွင့်လိုက်သည့်အခါ ရွာလူကြီး၊ သားသတ်သမား၊ ရွှေအနှင့် အဘိုးကြီးမာကိုပင် တွေ့လိုက်ရ၏။