← Chapters

မည်သူမှ ထင်မှတ်မထားသည့် တော်ဝင်မိသားစုဝင်တစ်ယောက်

Vol. 66 Ch. 911

မည်သူမှ ထင်မှတ်မထားသည့် တော်ဝင်မိသားစုဝင်တစ်ယောက်

Vol. 66 Ch. 911

သူ၏လက်ထဲမှ တံဆိပ်ပြားမှာ သူကိုယ်တိုင် ပြုလုပ်ဖန်တီးထားသည့် ရှဲ့မိသားစု၏ ငြိမ်းချမ်းရေး တံဆိပ်ပြားအတု ဖြစ်ပေသည်။ သူသည် ၎င်းအား မြှောက်ပြကာ အသံကုန်အော်ဟစ်လိုက်၏။

" ဒါ ရှဲ့မိသားစုရဲ့ ငြိမ်းချမ်းရေး တံဆိပ်ပြားပဲ။ ဘယ်သူ ငါ့ကို တိုက်ခိုက်ရဲသေးလဲ။ မင်းတို့ရဲ့ ညာလက်ရုံး အကြီးအကဲကြီးတောင် သွေးနားထင်ရောက်နေလို့ သေသွားခဲ့ရတာနော် " ဝမ်ပေါင်လဲ့ ထို တံဆိပ်ပြားအား ထုတ်ယူလိုက်သည်နှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် မျက်စိမျက်နှာပျက်သွားပြီး ဝမ်ပေါင်လဲ့၏ လက်ထဲမှ ငြိမ်းချမ်းရေး တံဆိပ်ပြားအား စိုက်ကြည့်နေရင်း ချီတုံချတုံ ဖြစ်လာရတော့သည်။

သို့‌သော် ဝမ်ပေါင်လဲ့ သူ ထိုကဲ့သို့ ချီတုံချတုံဖြစ်နေရသည်ကို မြင်လိုက်သောအခါ စိတ်ထဲ၌ တုန်လှုပ်ချောက်ချားသွားရသည်ကိုမူ သူ သတိမထားမိလိုက်ပေ။

" တစ်ခုခုတော့ လွဲနေပြီ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ နတ်ဘုရားအာရုံကို ထုတ်လွှတ်ထားခဲ့တာမလို့ ငါ့ကို တန်းပြီးတော့ ရှာတွေ့ခဲ့တာလေ။ သူက ညာလက်ရုံးအကြီးအကဲကြီး သေသွားတဲ့အချက်နဲ့ ရှဲ့မိသားစု ပါဝင်ပတ်သက်နေတဲ့ အချက်ကို သိထားပြီးသားဖြစ်မှာ။ အဲတာဆိုရင် ငါ့ဆီမှာ ဒီ ငြိမ်းချမ်းရေး တံဆိပ်ပြား ရှိနေတဲ့အချက်ကို သူ မသိထားစရာအကြောင်း မရှိဘူးလေ။ အဲတာမလို့ သူ ငါ့ကို တိုက်ခိုက်ရဲရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုခု ရှိနေနိုင်တယ်။ ဒါပေမဲ့ အခု ငါ ဒီ ငြိမ်းချမ်းရေး တံဆိပ်ပြားကို ထုတ်ပြလိုက်တော့ ဘာလို့ သူက ချီတုံချတုံဖြစ်နေတဲ့ပုံစံ ဟန်ဆောင်ပြနေသေးတာလဲ။ ငါ့ကို လှည့်စားဖို့လား။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို လှည့်စားချင်လို့များလား " ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ရေးသားထားသော အချက်တစ်ချက်အား ပြန်၍မှတ်မိသွားသည်။ ၎င်းမှာ... ဤကမ္ဘာကြီးထဲတွင် လူ့စိတ်ဆိုသည့်အရာမှာ ခန့်မှန်းရ အခက်ဆုံး အရာဖြစ်သည်ဆိုသည့် အချက်ပင်။

ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၏ မျက်နှာ အမူအရာမှာလည်း ချီတုံချတုံ ဖြစ်နေသည့်ပုံ ပေါက်နေဆဲပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ နောက်ရှိ ဟင်းလင်းပြင်ကြီးထဲမှ ထစ်ချုန်းသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်။ လူတစ်ယောက်မှာ ချုပ်နှောင်ခံထားရသည့် နယ်မြေကြီး၏ အစွန်းအား အရှိန်အဟုန်ဖြင့် ဝင်တိုက်ကာ အထဲသို့ တိုးဝင်လာနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ကြောင့် ထို အချုပ်အနှောင် နယ်မြေကြီးမှာ ရုတ်တရက်ဆိုသလို မတည်မငြိမ်ဖြစ်လာရပြီး အချုပ်အနှောင်ကြီးပေါ်၌ အက်ကွဲကြောင်းများပေါ်ပေါက်လာတော့သည်။ ခဏအကြာတွင် ထို အချုပ်အနှောင် နံရံကြီးမှာ ပြိုလဲပျက်စီးသွားပြီး အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာ၏။

ထို အပေါက်ကြီး၏ အလွန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့မှာ တည်ကြည်မှုအပြည့်ဖြင့် ရပ်နေကြသည်။

" ငါ့ရဲ့ဂိုဏ်းသား လုံနန်ကျစ်ကို ဘယ်သူ အန္တရာယ်ပြုရဲတာလဲကွ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ ကြိမ်းဝါးလိုက်သည်။ သူ၏ စကားသံကြီးမှာ သြဇာအပြည့် ရှိနေ၏။ သူသည် မည်မျှပင် ပေးဆပ်ရပေးဆပ်ရ ဝမ်ပေါင်လဲ့အား ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား အချုပ်အနှောင်ကြီးထဲမှ ဆွဲထုတ်နိုင်ရန် ကြိုးစားလိုက်၏။ သူ၏ ဘေးတွင် ရှိနေသည့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာလည်း ကျင့်ကြံခြးစွမ်းအားများအားလုံးကို ထုတ်လွှတ်ထားသည်။ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း သူတို့၏ ကယ်ဆယ်ရေးလုပ်ငန်းအား တားဆီးနှောင့်ယှက်မည်ဆိုပါက တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေသည်။

ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ်ကြီးမှာ မျက်လုံးများ မှေးသွားပြီး ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်၏။ သူသည် ဂိုဏ်းခေါင်းဆောင်ကြီး နှစ်ယောက်၏ ကယ်ဆယ်ရေးလုပ်ငန်းအား တားဆီးရန် ပြင်နေသည့်ပုံပင်။ ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ့အား တစ်ချိန်လုံး အနီးကပ်စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူသည် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူသည် အခြေအနေတစ်ခုလုံးအား အပြည့်အဝ နားလည်နိုင်ရန် သူ၏ကိုယ်ပွားအား ငါးစာအဖြစ် စေလွှတ်ခဲ့သည် မဟုတ်ပါလော။

သို့ဖြစ်ရာ ယခုတွင် သူသည် အခွင့်အရေးတစ်ခု ရရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် တွေ့ဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ စိတ်လှုပ်တရှားဖြစ်နေသည့် မျက်နှာအမူအရာဖြင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်းကြီးကြောင့် ပေါ်ပေါက်လာခဲ့သည့် အပေါက်ကြီးဆီသို့ ဦးတည်သွားတော့သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ခေါင်းဆောင်ကြီးမှာ သူ့အား လှမ်းဆွဲနိုင်လိုက်၏။ ထိုသို့ဖြင့် သူ ထို အချုပ်အနှောင်ကြီးထဲမှ ဆွဲထုတ်ခံရတော့မည့် ဆဲဆဲမှာပင်...

ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။

" ခေါင်းဆောင်ကြီး... " ဝမ်ပေါင်လဲ့အား လှမ်းဆွဲထားသည့် လက်ဖဝါးမှာ နူးညံ့သိမ်မွေ့နေခဲ့ရာမှ ရုတ်တရက်ဆိုသလို သူ့အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကယ်တင်ပေးနိုင်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ သူ၏ခန္ဓာကိုယ်အား ဖိညှစ်လိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံကြတစ်သံ ပဲ့တင်ထပ်သွား၏။ သူ၏ ခန္ဓာကိုယ်မှာ နဂိုကတည်းက အားအင် ချည့်နဲ့နေခဲ့သည်ဖြစ်ရာ ယခုတွင် ချက်ချင်းဆိုသလိုပင် စတင် ပေါက်ကွဲပျက်စီးလာတော့သည်။ သို့သော် သူ၏ တုံ့ပြန်မှုများမှာ မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ် စတင်ပေါက်ကွဲပျက်စီးလာသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နောက်သို့ ဆက်လက်ဆုတ်ခွာသွားလိုက်ဆဲပင်။ ထိုသို့ဖြင့် မြူခိုးလုံးတစ်လုံးမှာ ခပ်လှမ်းလှမ်း၌ ပြန်လည်စုဝေးသွားပြီးနောက် နောက်ဆုံးတွင် မှုန်ဝါးဝါး လူရိပ်တစ်ခုအသွင် ပြန်လည် ပြောင်းလဲသွားတော့သည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှာ ဆက်လက်တောင့်ခံနိုင်စွမ်း လုံးဝမရှိတော့ကြောင်း သိသာထင်ရှားပေသည်။ လေတစ်ချက် ဖြတ်တိုက်သွားရုံနှင့် ၎င်းမှာ ပြာကျကာ စကြာဝဠာကြီးထဲ၌ လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံပင်။ ထို့ကြောင့် သူသည် နာကြည်းစွာ ပြုံးလိုက်ပြီး အပေါက်ကြီးနှင့် အသက်မပါသည့် မျက်နှာအမူအရာဖြင့် ထိုအပေါက်ကြီးအား ကျော်ဖြတ်လာသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

" မင်းကို လိုက်ဖမ်းနေတဲ့လူက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက လူတွေ မဟုတ်ဘူးကွ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အချုပ်အနှောင် နယ်မြေကြီးထဲသို့ ဝင်ရောက်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဆိုလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ အကဲခတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်မူ အေးစက်စက် အပြုံးတစ်ပွင့်သာ ရှိနေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ခေါင်းထဲမှ သဲလွန်စများ အားလုံးကို ချိတ်ဆက်နိုင်သွားသဖြင့် ဖြစ်ရပ်ကြီးတစ်ခုလုံးကို နားလည်သွားတော့သည်။

ဂိုဏ်းချုပ်ကြီးမှာ ညာလက်ရုံးအကြီးအကဲကြီး၏ သေဆုံးမှုနှင့် သူနှင့် ရှဲ့မိသားစုကြားမှ ဆက်ဆံရေးအကြောင်းကို သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူ ထုတ်ပြလိုက်သည့် တံဆိပ်ပြားမှာ အစစ်မဟုတ်လျှင်တောင် ကိစ္စမရှိပေ။ ဂိုဏ်းချုပ်ကြီးမှာ ထိုကိစ္စနှင့် ပတ်သတ်၍ အထူးတလည် ဂရုစိုက်နေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ပေါင်လဲ့၏ သေဆုံးမှုအား မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် ပတ်သတ်မှု မရှိအောင် စီစဉ်ထားသောကြောင့်ပင်။ သို့ဖြစ်ရာ သူတို့မှာ သူ သေဆုံးသွားရသည့် အကြောင်းရင်း ဖြစ်နေမည် မဟုတ်တော့ပေ။ ထိုသို့ဖြင့် သူတို့မှာ ဤ အရှုပ်ထုပ်ကြီးထဲမှ ရှောင်ထွက်သွားနိုင်မည် ဖြစ်သည်။

၎င်းမှာ အပေါ်ယံ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပါသော်လည်း ဤကိစ္စတွင်မူ အလွန်အင်မတန်မှ အသုံးဝင်နေမည် ဖြစ်သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာမူ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ့အားသတ်ဖြတ်ရန် သဘောတူထားသည့်ပုံပင်။ ထို့ကြောင့် နောက်ဆုံးတွင် တစ်ကမ္ဘာလုံးမှာ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ လက်ချက်ဖြင့် သေဆုံးသွားရသည်သာဖြစ်ကြောင်း မှတ်ယူလိုက်ကြမည်သာ ဖြစ်သည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဉာဏ်များသူတစ်ယောက်ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စမျိုးအား အလွယ်တကူ သဘောတူခဲ့မည်တော့ မဟုတ်ပေ။ သူသည် အတင်းအကျပ် ဖိအားပေးခံခဲ့ရပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဆီ၌ အညံ့ခံခဲ့ရသောကြောင့် ထိုကဲ့သို့ သဘောတူခဲ့ရခြင်းလည်း မဖြစ်နိုင်ပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့နှင့် ရှဲ့မိသားစု၏ ကြားမှ ဆက်ဆံရေးအကြောင်းကိုပါ သိချင်မှ သိထားလောက်ပေမည်။ သို့သော်... သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် သဘောတူညီမူတစ်ခု ရယူခဲ့ခြင်း ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ ဟေးယွင်ကျစ်အကြောင်း ထုတ်ပြောခဲ့စဉ်တုန်းက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်ကို ပြန်၍ သတိရသွားသည်။

" ဟေးယွင်ကျစ် တစ်ခုခုများ ဖြစ်သွားတာလား။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက သူ့ကို ဖမ်းမိသွားခဲ့ပြီးတော့ သူ့ရဲ့ စိတ်ကို ထိန်းချုပ်ထားတာများ ဖြစ်နေမလား "

" မဖြစ်နိုင်ပါဘူး။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက မြေခွေးအိုကြီးတစ်ကောင်လို ဉာဏ်များပေမဲ့ သူ့အတွက် အကျိုးမရှိတဲ့ လုပ်ရပ်တွေကို လုပ်မှာဟုတ်ဘူး။ သူ ဟေးယွင်ကျစ်ကို ဓားစာခံလုပ်ပြီးတော့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကို အကျပ်ကိုင်ရဲပါ့မလား။ အဲလိုသာဆိုရင် သူ့အတွက် ပြဿနာကို မီးထွန်းရှာနေသလိုမျိုးပဲ ဖြစ်နေမှာမဟုတ်ဘူးလာ။ တကယ်လို့ သူသာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကို အကျပ်ကိုင်ခဲ့မယ်ဆိုရင် သူတို့က သူ့ကို ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလေ "

" ဟေးယွင်ကျစ်က တော်ဝင်မိသားစုဝင်တစ်ယောက်ဆိုတော့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက သူ့အတွက် သူစိမ်းတစ်ယောက်လိုပါပဲ။ အဲတာမလို့ ခေါင်းဆောင်ကြီးသာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကို အကျပ်ကိုင်နေမယ်ဆိုရင် သူက သူနဲ့ မဆိုင်တဲ့ အရှုပ်ထုပ်ထဲမှာ ဝင်ပါနေသလို ဖြစ်နေမှာ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားတွေက မာနကြီးတဲ့လူတွေ။ အဲတာမလို့ သူ့ရဲ့ လုပ်ရပ်တွေက မိုက်ရူးရဲဆန်နေမှန်း ခေါင်းဆောင်ကြီးက သိထားပြီးသား ဖြစ်မှာပါ။ သူက စဉ်စားဆင်ခြင်ဉာဏ်မရှိတဲ့ လူတစ်ယောက်မှ မဟုတ်ဘဲ။ အဲဒီလို လုပ်စရာအကြောင်း လုံးဝမရှိဘူး... ပြီးတော့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးကလည်း သူ့ကို အဲလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး " ဝမ်ပေါင်လဲ့ သိရှိနားလည်ထားခြင်း မရှိသေးသော အရေးကြီး အချက်အလက်တစ်ခုခု ရှိနေလောက်သေးသည်။

" မဟုတ်မှလွဲရော... " ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားခါနီးမှာပင် သူ၏ အသိစိတ်ထဲ၌ ယုံချင်စရာမကောင်းသည့် အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။

" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက... တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။ သို့သော် သူသည် ထိုအတွေးအား သူ၏စိတ်ထဲမှ ဖျောက်ဖျက်ပစ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် ထို ယူဆချက်အပေါ် အခြေခံ၍ ဆက်စပ်တွေးတော့ကြည့်လိုက်တော့သည်။ ထိုအခါ သူ၏အမြင်တွင် အရာအားလုံးမှာ ရုတ်တရက်ဆိုသလို အဓိပ္ပါယ်ရှိသွား၏။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း တော်ဝင်မိသားစု သွေးမျိုးဆက်အား ပိုင်ဆိုင်ထားရခြင်း ဖြစ်ပေမည်။ ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့နှင့် ဆွေနွေးခဲ့ပြီးနောက် သူ့အား ဟေးယွင်ကျစ်နှင့် အခြား တော်ဝင်မိသားစုများ၏ တိုက်ပွဲထဲ၌ ပါလာအောင် စည်းရုံးသိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။ သူသည် သူတို့အားလုံး အချင်းချင်း သတ်ဖြတ်ရန် ရန်တိုက်ခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူသည် လူတိုင်းအား ဝမ်ပေါင်လဲ့ကိုသာ အာရုံစိုက်နေအောင် လုပ်ခဲ့ပြီး သူကိုယ်တိုင်ကမူ မည်သူမှ သတိမထားမိနိုင်အောင် သိုသိုသိပ်သိပ်သာ နေခဲ့သည်။

သို့မှသာ သူသည် အခြေအနေအပေါ် မူတည်၍ လိုသလို အတိုးအလျှော့ ပြုလုပ်နိုင်မည်ဖြစ်သည်။ သူသည် အရဲစွန့်ကာ လုပ်ပိုင်ခွင့်အာဏာအတွက် အားပြိုင်နိုင်မည်ဖြစ်သလို သိုသိုသိပ်သိပ်နေကာ သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်မည်လည်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ အစကတည်းက ထိုကဲ့သို့ ခန့်မှန်းမိခဲ့မည်ဆိုပါက သူ ပြန်ရောက်လာခဲ့စဉ်ကတည်းက သူ၏ ရင်ထဲ၌ ရှိနေခဲ့သည့် သံသယစိတ်များအားလုံးမှာ ပျောက်ကွယ်သွားလောက်ပြီသာဖြစ်ကြောင်း နားလည်လိုက်၏။ ဟေးယွင်ကျစ်မှာ ဖမ်းဆီးခံထားရခြင်းမဟုတ်သလို အကျဉ်းချခံထားရခြင်းလည်း မဟုတ်ပေ။ သူသည် အသတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။

ယခုတွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ သရုပ်မှန်အား ထုတ်ပြလိုက်ရုံဖြင့် ဟေးယွင်ကျစ် ပိုင်ဆိုင်ထားခဲ့သည့် လုပ်ပိုင်ခွင့်အာဏာမှာ သူ၏ လက်ထဲသို့ ရောက်သွားမည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် တစ်ဦးတည်းသော လူတစ်ယောက် ဖြစ်သွားမည် ဖြစ်သည်။

သူ၏ လှည့်စားမှုများကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ မကျေမချမ်း ဖြစ်သွားနိုင်ပါသော်လည်း နောက်ဆုံးတွင် သူတို့မှာ သူနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း အမုန်းတီးဆုံး ပုဂ္ဂိုလ်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး မဟုတ်ဘဲ ဝမ်ပေါင်လဲ့ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ခေါင်းဆောင်ကြီးမှာ တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေသည်ဖြစ်ရာ သူတို့၏အမြင်တွင် သူသည် ဟေးယွင်ကျစ်နှင့် အတူတူပင် ဖြစ်သည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအား အတင်းအကျပ် ဖိအားပေးကာ အကျပ်ကိုင်ခဲ့ခြင်း မရှိဘဲ ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းမှုများကိုသာ ပြုလုပ်ခဲ့မည်ဆိုပါက သူတို့မှာလည်း မဟာမိတ်တစ်ယောက်အား အခြားတစ်ယောက်နှင့် လဲလှယ်လိုက်ရုံပင်။

ထိုသို့သာဆိုပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး သူ့အား သတ်ဖြတ်ချင်နေရသည့် အကြောင်းရင်းကိုလည်း သိရှိနိုင်ပေသည်။ ၎င်းမှာ သူတို့၏ သဘောတူညီချက်များထဲမှ တစ်ခု ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိသွားသည်နှင့် တစ်ပြိုင်နက် နှလုံးသားထဲ၌ သံသယစိတ်များ ထပ်၍ ပေါ်ပေါက်လာရတော့သည်။

" မဟုတ်သေးပါဘူး။ တကယ်ပဲ အဲဒီလို ဖြစ်နေမယ်ဆိုရင် ငါ့ကို တားဆီးနိုင်ဖို့အတွက် ထာဝရကြယ်အပြင်ဘက်မှာ မန္တန်အစီအရင်တစ်ခု တပ်ဆင်းထားစရာ မလိုဘူးလေ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနဲ့ ငါက လုပ်ပိုင်ခွင့်အာဏာကို တစ်ဝက်စီ ခွဲယူထားတာမလို့ အရင်တုန်းကလိုပဲ ဖြစ်နေမှာ။ မဟုတ်မှလွဲရော... နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက ဟေးယွင်ကျစ်ကို သတ်ခဲ့ပြီးတော့ သူ့ဆီကနေ လုပ်ပိုင်ခွင့်အာဏာတစ်ဝက်ကို မယူနိုင်ခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် မျက်လုံးများ ပြူးသွားပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား စိုက်ကြည့်ကာ အော်ပြောလိုက်တော့သည်။

" လူယုတ်မာကြီး။ ခဗျားက ခဗျားရဲ့ သရုပ်မှန်ကို ဘယ်သူမှမသိအောင် သေသေချာချာ လျှို့ဝှက်ထားနိုင်ခဲ့တာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ခဗျား ထာဝရကြယ်ကို ထိန်းချုပ်ခွင့်ရမှာမှ မဟုတ်ပဲ "

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်မိသွား၏။ ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့ဘက်သို့ ချာခနဲလှည့်လာပြီး သူ့အား စိုက်ကြည့်ကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။

" ကြည့်ရတာ မင်းက ငါ ထင်ထားသလောက်တော့ မတုံးဘူးဘဲကွ။ ဒါပေမဲ့ နောက်ကျသွားပြီ ကောင်လေးရ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ခေါင်းမော့လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး အလယ်အလတ် ဂြိုဟ်အဆင့် စွမ်းအင်လှိုင်းများမှာ စကြဝဠာကြီးထဲ၌ ပြည့်နှက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ပေါ်၌ သူ ရင်းရင်းနှီးနှီး သိနေသည့် တော်ဝင်မိသားစု၏ သွေးမျိုးဆက် အငွေ့အသက်များကို အာရုံခံမိနေသည်။ ထိုအချိန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ နောက်၌ ဧရာမ နတ််မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။ ထို့နောက် လခြမ်းပုံစံ အဖြူရောင် အမှတ်အသားတစ်ခုမှာ သူ၏ မျက်ခုံးနှစ်ဖက်ကြား၌ ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့်တိုင်အောင် အံ့ဩတုန်လှုပ်သွားရဆဲပင်။ သို့သော် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အလွန်အင်မတန်မှ ဉာဏ်များသည့် လူတစ်ယောက်ဖြစ်ကြောင်း အသိအမှတ် ပြုရပေမည်။

All Chapters