ထာဝရကြယ်မျက်လုံး အသက်ဝင်လာခြင်း
Vol. 66 Ch. 912
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ သွေးမျိုးဆက် အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းတစ်ခုခုအား ပိုင်ဆိုင်ထားရမည်ဟု ဝမ်ပေါင်လဲ့က ရိပ်မိလိုက်၏။ ထို့အပြင် ၎င်းမှာ ခေါင်းဆောင်ကြီး၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်သည်ဟုလည်း သူက မှတ်ယူလိုက်သည်။
သူသည် တော်ဝင်မိသားစုထဲမှ ဖြစ်နေပါသော်လည်း မည်သူကမှ သူနှင့် နတ်မျက်လုံး တော်ဝင်မိသားစု၏ ကြားမှ ဆက်နွှယ်မှုကို သိရှိထားခြင်းမရှိပေ။ သူသည် ရန်သူဂိုဏ်းတစ်ဂိုဏ်း၏ ဂြိုဟ်အဆင့် ခေါင်းဆောင်ကြီးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် တော်ဝင်မိသားစုအား ရက်ရက်စက်စက် တိုက်ခိုက်ခဲ့၏။ သို့ဖြစ်ရာ ထို ခေါင်းဆောင်ကြီးနှင့် တော်ဝင်မိသားစု၏ ကြားတွင် သမိုင်းကြောင်းများရှိနေရမည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တော်ဝင်မိသားစုဝင်တစ်ယောက်မှာ မျိုးမစစ် ကလေးငယ်တစ်ယောက်အား ဖွားမြင်ခဲ့ခြင်း ဖြစ်ရပေမည်။ ထိုမျိုးမစစ် ကလေးငယ်အကြောင်း သိရှိထားသည့် လူတိုင်းမှာမူ နှုတ်ပိတ်ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
" ငါ့ဆီမှာ ထာဝရကြယ် လုပ်ပိုင်ခွင့်အာဏာ ရှိမနေသေးတာ မှန်ပေမဲ့ မင်း သေသွားရင် ငါ အလိုလို ပိုင်ဆိုင်သွားမှာပဲလေ။ အခု မင်း အမှန်အတိုင်း သိသွားပြီဆိုတော့ စိတ်အေးလက်အေး သေလို့ရပြီ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ တည်ကြည်စွာဆိုလိုက်၏။ လုံနန်ကျစ်မှာ သေဆုံးသွားတော့မည်ဖြစ်ရာ သူ၏ အစီအစဉ်များမှာ အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်အရာကိုမှ လျှို့ဝှက်ထားနေရန် မလိုတော့ပေ။ ထို့ကြောင့် သူသည် ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ သူ၏ လက်ညိုးထဲမှ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွား၏။ ထို့ကြောင့် အင်အားချည့်နဲ့နေသည့် ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံး တုန်ရီသွားရပြီး ပြာကျသွားတော့သည်။ သူသည် ချက်ချင်းသေဆုံးသွားခြင်းဖြစ်၏။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုက်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်းမရှိတော့ပေ။ သူသည် အမှန်တကယ်ပင် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေ၏။ ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်များမှာ မှန်ကန်ပေသည်။ သူသည် တော်ဝင်မိသားစုနှင့် ဝမ်ပေါင်လဲ့တို့အား ရန်တိုက်ပေးခဲ့ခြင်းဖြစ်၏။ သို့မှသာ သူသည် သူ၏ သရုပ်မှန်အား ထုတ်ပြစရာမလိုပဲ တော်ဝင်မိသားစုဝင် အမြောက်အမြားကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။ သူနှင့် လုံနန်ကျစ် နှစ်ယောက်တည်း အသက်ရှင်ကျန်ရှိတော့သည့်အချိန်မှာသာ သူသည် စတင် တိုက်ခိုက်လိုက်မည် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့ ထာဝရကြယ်ပေါ်၌ ထောက်ချောက်ဆင်ခံလိုက်ရခြင်းမှာ သူ၏ အစီအစဉ်များထဲ၌ မပါပေ။ သို့သော် ထို ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ သူ့အတွက် အလွန်အင်မတန်မှအကျိုးရှိခဲ့၏။ ညာလက်ရုံးအကြီးအကဲကြီး သေဆုံးသွားမှုကြောင့် သူ စောင့်ဆိုင်းနေသည့်အခွင့်အရေးအား ရရှိပိုင်ဆိုင်သွားခဲ့သည် မဟုတ်ပါလော။ ထို့နောက် သူသည် နေမင်းကြီးဆီမှ ထွက်ပေါ်လာသည့် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသော နေမီးလျှံကြီးအား အခွင့်ကောင်းယူကာ ကျန် တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်ဖြစ်ခဲ့၏။ ဟေးယွင်ကျစ်မှာ ထိုကဲ့သို့ သတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
သို့ရာတွင် သူသည် ဟေးယွင်ကျစ် သေဆုံးသွားခဲ့ပြီးနောက် သူ မျှော်လင့်ထားခဲ့သည့်အတိုင်း ထာဝရကြယ် လုပ်ပိုင်ခွင့်အာဏာအား မရရှိခဲ့ပေ။ သူသည် ဟေးယွင်ကျစ်အား သတ်ဖြတ်နိုင်ရန် အများကြီးပေးဆပ်ခဲ့ရ၏။ ဟေးယွင်ကျစ်၏ ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့သည့် အကာအရံများကြောင့် သူသည် ဟေးယွင်ကျစ်အား သတ်ဖြတ်ပစ်နိုင်ခဲ့ပါသော်လည်း အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ခြင်း မရှိပေ။ သို့သော် နောက်ထပ်ပေါ်ပေါက်လာခဲ့သည့် နောက်ဆက်တွဲ ဖြစ်ရပ်များအားလုံးမှာ သူ စီစဉ်ထားခဲ့သည့် အတိုင်းပင်။
အဘယ်ကြောင့်ဆိုသော် သူသည် လုပ်ပိုင်ခွင့်အာဏာအား မရရှိခဲ့သည့်တိုင်အောင် အမှတ်အသားကို ရရှိခဲ့သောကြောင့်ပင်။ ၎င်းမှာ သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ လခြမ်းပုံစံ အဖြူရောင် အမှတ်အသားဖြစ်ပေသည်။
ဟေးယွင်ကျစ် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအား ဖြည့်ဆည်းပေးနိုင်သည့် အရာမှန်သမျှကို သူသည်လည်း ဖြည့်ဆည်းပေးနိုင်စွမ်း ရှိနေမည်ဖြစ်သည်။ သူတို့မှာ ကြယ်သုဿာန် ဝင်ခွင့်နေရာကိုသာ လိုချင်နေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဟေးယွင်ကျစ် သူတို့အား မဖြည့်ဆည်းပေးနိုင်သည့် အရာကိုပါ ဖြည့်ဆည်းပေးနိုင်စွမ်း ရှိနေ၏။
ထို့ကြောင့်လည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ သူနှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောခဲ့ပြီးနောက် ထာဝရကြယ်ကြီး၏ လုပ်ပိုင်ခွင့်အာဏာ သူ၏လက်ထဲသို့ ရောက်မလာသေးသည့် အကြောင်းရင်းအား ခန့်မှန်းနိုင်ခဲ့၏။ တော်ဝင်မိသားစု၏ သွေးမျိုးဆက်အား တော်ဝင်မိသားစုနှင့် အမှန်တကယ် သွေးသားတော်စပ်ပါက ပိုင်ဆိုင်နိုင်မည်ဖြစ်သလို နတ်မျက်လုံးပညာရပ်အား တတ်မြောက်ထားလျှင်လည်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ၎င်း၏ အမှတ်အသားမှာမူ အသွေးအသားထဲ၌သာ ရှိနေ၏။ သို့ဖြစ်ရာ တော်ဝင်မိသားစုနှင့် သွေးသားတော်စပ်သည့် လူများသာလျှင် ထို သွေးမျိုးဆက် အမှတ်အသားကို ပိုင်ဆိုင်နိုင်ပေသည်။ သို့သော် ထာဝရကြယ် လုပ်ပိုင်ခွင့်အာဏာမှာ မတူပေ။ ထာဝရကြယ်ကြီးမှာ သီးခြားအရာတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ ၎င်းအား ဧရာမ ဓမ္မအဆောင်ပစ္စည်းတစ်ခုဟုပင် သတ်မှတ်၍ရပေသည်။ သို့ဖြစ်ရာ လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ခွင့်ရှိမရှိမှာ နတ်မျက်လုံးပညာရပ်အမွေအနှစ်အား ပိုင်ဆိုင်ထားခြင်းရှိမရှိဆိုသည့် အချက်ပေါ်တွင်သာ မူတည်နေသည်။
သူ၏ လုပ်ပိုင်ခွင့်အာဏာ ပိုင်ဆိုင်ခွင့်မှာ ဝမ်ပေါင်လဲ့လောက် မြင့်မားနေမည် မဟုတ်ပါသော်လည်း ထိုပြဿနာအတွက် ရိုးရှင်းသည့် အဖြေတစ်ခု ရှိနေပြီးသားဖြစ်သည်။ ၎င်းမှာ လုံနန်ကျစ်အား သတ်ဖြတ်လိုက်ရုံပင်။ လုံနန်ကျစ် သေဆုံးသွားသည့်နှင့် လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ခွင့်ရှိသည့်သူမှာ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့မည် မဟုတ်ပါလော။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ တွေးတောနေရင်း သူ၏ နောက်တွင် ရှိနေသည့် နတ်မျက်လုံးကြီးထဲမှ ထွက်ပေါ်လာသည့် အငွေ့အသက်များကို အာရုံခံမိလိုက်၏။ သူ၏ ဘေးတွင်မူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး ရှိနေသည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား လှည့်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
" လုံနန်ကျစ် သေသွားပြီ။ တာအိုရောင်းရင်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး။ ထာဝရကြယ်မျက်လုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီးတော့ ထာဝရကြယ်မျက်လုံးကို ဖွင့်ပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ကျင့်ကြံသူ ဒုတိယအသုတ်ကို တည်နေရာပြောင်းရွှေ့ပေးပါ။ ကျုပ်တို့ လူမျိုးစုရဲ့ တာအိုဂိုဏ်းသားက အဲဒီ ကျင့်ကြံသူတွေနဲ့အတူ လိုက်လာမှာ။ ဝင်ခွင့်နေရာ အမှတ်အသားကို သူ့ကိုပေးဖို့ ဆုံးဖြတ်ထားပြီးသား။ ကြယ်သုဿာန်ကို သွားမယ့် လှေကလည်း သိပ်မကြာခင်မှာ ရောက်လာတော့မှာ "
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ စကားများကို နားထောင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် သံသယစိတ်များနှင့် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
" ကျုပ် လုပ်ပိုင်ခွင့်အာဏာတွေကို အာရုံမခံမိသေးဘူး "
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး " ထိုအခါ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွား၏။
" ခဗျားက နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲက တခြား တော်ဝင်မိသားစုဝင်တွေ အားလုံးကို သတ်ပြီးသွားပြီလေ။ လုံနန်ကျစ်လည်း သေသွားပြီ။ ခဗျားဆီမှာလည်း အမှတ်အသားရှိနေပြီ။ အဲတာကို ဘာလို့ ခဗျားက ထာဝရကြယ်ကြီးကို ထိန်းချုပ်နိုင်စွမ်း မရှိရသေးတာလဲ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဉာဏ်ပြေးသူတစ်ယောက်ဖြစ်ရာ သူသည် မကျေမနပ် ဖြစ်နေသည်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
ထို့ကြောင့် သူသည် ပို၍ပင် မျက်မှောင်ကြုတ်သွားရပြီး သူ၏ မျက်ဝန်းများထဲမှ သံသယစိတ်များမှာလည်း ပို၍ ကြီးထွားလာရတော့သည်။ ထို့နောက် သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ ထို ဂိုဏ်းချုပ်ကြီး၏ ဉာဏ်နည်းမှုအား လှောင်ပြောင်နေပါသော်လည်း ရှင်းပြနိုင်ရန် ကြိုးစားလိုက်ဆဲပင်။
" တာအိုရောင်းရင်း။ ကျုပ်က သစ္စာဆိုခဲ့ပြီးသားလေ။ ခဗျားတို့နဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ ကျုပ်က ကြယ်ကြွေအမှတ်အသားကိုတောင် ပေးခဲ့တာကို။ အဲတာကို ကျုပ်က ဘာကိစ္စနဲ့ ထာဝရကြယ် လုပ်ပိုင်ခွင့်အာဏာကို ဂရုစိုက်နေရမှာလဲ။ ဒါပေမဲ့ အခု ကျုပ်က တကယ် ထိန်းချုပ်နိုင်စွမ်းမရှိတာ... "
" အဲတာဆို အဖြေတစ်ခုပဲ ကျန်တော့တယ်... " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ သေဆုံးသွားခဲ့သည့် နေရာအား လှမ်းကြည့်မိလိုက်၏။ ထိုအခါ သူသည် မျက်စိမျက်နှာ ပျက်သွားရတော့သည်။
" လုံနန်ကျစ်... မသေသေးဘူး "
မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ မျက်စိမျက်နှာ ပျက်သွားရ၏။ သို့သော် သူသည် စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး ရုတ်တရက်ဆိုသလို ခေါင်းမော့ကာ ထာဝရကြယ်ကြီးအား လှမ်းကြည့်မိလိုက်တော့သည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ထာဝရကြယ်ကြီးပေါ်၌ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပေါ်ပေါက်လာ၏။ ထာဝရကြယ်ကြီးပေါ်ရှိ မန္တန်အစီအရင်ကြီး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ပေသည်။
" သွားပြီ "
လူတိုင်း မျက်နှာအမူအရာများ ပြောင်းလဲသွားစဉ် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်မှာ ကြယ်ပျံတစ်လုံးကဲ့သို့ ထာဝရကြယ် အပြင်ဘက်တွင် ရှိနေသည့် မန္တန်အစီအရင်ကြီးအား အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်၏။ သူ၏ကိုယ်ပွား ရန်သူများအား အာရုံလွှဲထားချိန်တွင် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ပုန်းကွယ်နေခဲ့သည့် ဥက္ကာပျံကြီးထဲမှ ထွက်ခွာလာပြီး ထာဝရကြယ်ကြီးဆီသို့ အလျင်အမြန် ဦးတည်သွားနေခဲ့ခြင်း ဖြစ်သည်။
သူ၏ ကိုယ်ပွား သေဆုံးသွားချိန်တွင် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ထာဝရကြယ်ကြီး၏ အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူ၏ အငွေ့အသက်များကို ဖုံးကွယ်ထားနေစရာ မလိုတော့ပေ။ ထို့ကြောင့် သူသည် အရှိန်ကုန်မြှင့်တင်လိုက်ပြီးနောက် သူ၏ ရန်သူများ မည်သည့်အရာကိုမှ သတိမထားမိနိုင်ခင်မှာပင် မန္တန်အစီအရင်ကြီးအား ဝင်တိုက်ပစ်လိုက်တော့သည်။
လက်ရှိတွင် ထာဝရကြယ် အပြင်ဘက်၌ မည်သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူမှ အစောင့်ကျနေခြင်းမရှိပေ။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ အနည်းငယ်ခန့်သာလျှင် ကျန်ရစ်ခဲ့၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို အာရုံမခံမိခဲ့ကြသောကြောင့် သူ့အား တားဆီးနိုင်စွမ်း မရှိကြပေ။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ရှေ့တွင် အတားအဆီးဟူ၍ မန္တန်အစီအရင်ကြီးသာ ကျန်ရှိတော့ပေသည်။ သို့သော် အချိန်အလုံအလောက် ရမည်ဆိုပါက သူသည် ၎င်းအား ထိုးဖောက်ကာ ထာဝရကြယ်ကြီးထဲသို့ ဝင်သွားနိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။
သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဟေးယွင်ကျစ်အား သတ်ဖြတ်ခဲ့ပြီးနောက် ထာဝရကြယ်လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ထားခြင်း မရှိသေးကြောင်း သိရှိထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ.... လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ကြီးအား ထိန်းချုပ်ခွင့်အပြည့် ရှိနေနိုင်ပေသည်။
ထို့ကြောင့်လည်း ထာဝရကြယ်မျက်လုံးကြီး၏ အပြင်ဘက်တွင် မန္တန်အစီအရင်ကြီး ရှိနေရခြင်း ဖြစ်သလို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းတို့မှာ သူ့အား လိုက်လံသတ်ဖြတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူ၏ ခန့်မှန်းချက်များသာ မှန်ကန်နေမည်ဆိုပါက လက်ရှိတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ သူ့အတွက် ဘေးကင်းလုံခြုံမှုအရှိဆုံး နေရာမှာ ထာဝရကြယ်ကြီး ဖြစ်ပေသည်။
" ဓါးခုတ်ကောင်က ပုစဉ်းရင်ကွဲကိုသာ ချောင်းနေတာ သူ့ နောက်မှာရှိနေတဲ့ ငှက်ကျားကိုတော့ သတိမထားမိပါလား။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး... ခဗျား ဘယ်လောက်ပဲ ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲနေပါစေ ခဗျားက ကျုပ်ရဲ့ လက်ခုပ်ထဲကရေ အဆင့်မှာပဲ ရှိပါသေးတယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ကြယ်ပျံတစ်လုံးကဲ့သို့သော အရှိန်အဟုန်မျိုးဖြင့် ထာဝရကြယ် အပြင်ဘက်တွင် ရပ်နေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများအား ဝင်တိုက်ပစ်လိုက်၏။ သူ့အား မည်သူမှ တားဆီးနိုင်စွမ်း မရှိသောကြောင့် သူ၏လမ်းတစ်လျှောက်တွင် ရှိနေသည့်လူတိုင်းမှာ သေဆုံးသွားကြရသည်သာ ဖြစ်သည်။
သူတို့မှာ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ဆင်မြန်းထားပြီး ညာဘက်လက်ပေါ်ရှိ တလက်လက်တောက်ပနေသည့် နတ်ဘုရားလက်နက်ကြီးအား ကိုင်မြှောက်ထားသည့် ဝမ်ပေါင်လဲ့တစ်ယောက် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မန္တန်အစီအရင်ကြီးအား ဝင်တိုက်သွားသည်ကို ငေးကြည့်နေကြရတော့သည်။ ထို့အပြင် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာလည်း ဖျက်ဆီးအားကောင်းသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသေးသည်။
ထိုအခါ စကြဝဠာကြီးမှာ တုန်ရီသွားရပြီး ထာဝရကြယ်ကြီး၏ မျက်နှာပြင်ပေါ်၌ ဝိညာဉ်စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားသဖြင့် ပို၍ပင် အားကောင်းသည့် အပူလှိုင်းများ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ထာဝရကြယ် အပြင်ဘက်ရှိ မန္တန်အစီအရင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပလာ၏။ ယခုတွင် အကြည်ရောင် ဒိုင်းကာတစ်ခုကဲ့သို့ ထာဝရကြယ်ကြီးအား ဝန်းရံထားသည့် ထို မန္တန်အစီအရင်ကြီး၏ မျက်နှာပြင်ပေါ်၌ တွန့်လိမ့်ပုံပျက်နေသည် နေရာများ ပေါ်ပေါက်လာပြီဖြစ်သည်။
၎င်းတို့မှာ ဝမ်ပေါင်လဲ့ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်၏။ သူ အဆက်မပြတ် ဝင်တိုက်ခဲ့သည့်နေရာကြီးမှာ အတွင်းပိုင်းသို့ ကျွံဝင်သွားပြီး ထိုနေရာမှနေ၍ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသည့် အလင်းရောင်များ ထိုးထွက်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကို ခုခံတွန်းလှန်နေသည့်ပုံပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်တိုက်နေ၏။ ထို့ကြောင့် ထို ဒိုင်းကာကြီးမှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။
လက်ရှိတွင် ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အားကောင်းနေပြီ မဟုတ်ပါလော။ သာမန် အစောပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူများထက် အနည်းငယ်ခန့်ပို၍ အားနည်းသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများသာဆိုလျှင် သူ့အား လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးတို့မှာ အံ့ဩမှင်တက်နေရာမှ သတိပြန်ကပ်သွားကြ၏။ ထို့ကြောင့် သူတို့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပြီး သူတို့၏ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ကာ ထာဝရကြယ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်ကြတော့သည်။ သူတို့မှာ အားအင်များကို ချွေတာနေခြင်းမရှိဘဲ ကျင့်ကြံခြင်းစွမ်းအား အမြောက်အမြားကို ထုတ်သုံးခဲ့သဖြင့် တစ်အောင့်ခန့်အကြာတွင် ထာဝရကြယ် အပြင်ဘက်၌ ပေါ်ပေါက်လာကြ၏။ ထိုအခါ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် အစွမ်းကုန်ထုတ်ကာ မန္တန်အစီအရင်ကြီးအား ဝင်တိုက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူတို့မှာ သူ့အား တားဆီးနိုင်ရန် ရှေ့သို့ ပြေးထွက်သွားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်...
မည်သူမှ မတိုက်ခိုက်နိုင်ခင်မှာပင် မန္တန်အစီအရင်ကြီးထဲမှ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ ထိုးထွက်လာပြီနောက် ၎င်းမှာ သူတို့၏ ရှေ့၌ ပျက်စီးသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ နောက်သို့လှည့်လာပြီး သူ၏ ရန်သူများအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ ထိုအပြုံးကို မြင်လိုက်ရသောအခါ မျက်စိမျက်နှာပျက်သွား၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့မှာ တစ်စစီ ကြေမွပျက်စီးသွားသည့် မန္တန်အစီအရင်ကြီး၏ အပိုင်းအစများ စကြဝဠာကြီးထဲသို့ မျောလွင့်သွားသည်ကို စိုက်ကြည့်နေရင်း ဝမ်ပေါင်လဲ့၏ နောက်၌ ခြစ်ခြစ်တောက်ပူနေသည့် ထာဝရကြယ်ကြီး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
ထို ထာဝရကြယ်ကြီးထဲမှ ထွက်ပေါ်နေသည့် ထစ်ချုန်းသံများမှာ ဝမ်ပေါင်လဲ့အား ဝမ်းသာအားရ အော်ဟစ်ကြိုဆိုနေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်နှင့် ထာဝရကြယ်ကြီး၏ ကြားတွင် အားကောင်းသော အချိတ်အဆက်တစ်ခု ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်၏။ သူသည် ထာဝရကြယ်ကြီးပေါ်တွင် ရပ်နေရင်း သူ၏ စွမ်းအားများ တစ်တစ်စ ကြီးထွားလာနေသည်ကို ခံစားမိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ညာဘက်လက်ကို မြှောက်ကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား လက်ညှိုးထိုး၍ မေးလိုက်တော့သည်။
" လူယုတ်မာကြီး။ ကျုပ်ကို ထာဝရကြယ်ပေါ်မှာ ယှဉ်တိုက်ရဲတယ်ပေါ့ "