ကျောက်ရုပ်တုများ
Vol. 30 Ch. 414
ချင်မူ အံ့အားသင့်သွားသည်။ သားသတ်သမား ပြန်ရောက်လာပြီဖြစ်ရာ ရှင်းအန်း တိုက်ခိုက်ခဲ့သည့်အကြောင်းနှင့် ဒဏ်ရာအပြင်းအထန် ရသွားသည့်အကြောင်းကို ရွာလူကြီးတို့ သိထားပြီးဖြစ်လိမ့်မည်။ ရှင်းအန်း၏ ပြဿနာကို ဖြေရှင်းပြီးသွားလျှင် အဘိုးကြီးမာက အဘယ်သို့ပြု၍ မဟာမိုးခြိမ်းသံကျောင်းတော်တွင် မနေဘဲ ရွာလူကြီးတို့နှင့်အတူ ရောက်လာခဲ့သနည်း။
“ရွာလူကြီး ရှင်းအန်းက...”
ရွာလူကြီးက ခေါင်းယမ်းလိုက်သည်။ “ရှင်းအန်းကိစ္စက မပြောပလောက်ဘူး။ ပိုအရေးကြီးတဲ့ကိစ္စကြောင့် ငါ မင်းကို ပြန်ခေါ်လိုက်တာ။ မင်း ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကို ဆက်သွယ်နိုင်လား”
ချင်မူ ရင်ထဲတွင် လှုပ်ခါသွားပြီး ပြောလိုက်သည်။ “ကိစ္စကြီး တစ်ခုခုဖြစ်လို့လား။ ဂိုဏ်းချုပ်နဲ့ စည်းကမ်းထိန်းအကြီးအကဲက ကမ္ဘာလှည့် လျှောက်သွားမယ်ဆိုပြီး ထွက်သွားတာပဲ။ ဂိုဏ်းချုပ်က သူ သေသွားရင် သူ့ပြာအိုးကို စည်းကမ်းထိန်းအကြီးအကဲ ပြန်ယူလာလိမ့်မယ်တဲ့။ ဘာတွေဖြစ်နေလို့လဲ ဘိုးဘိုး။ ကျွန်တော်နဲ့ ကောင်းကင်နတ်မယ် စောစောက လျှောက်သွားနေတုန်း တောင်ကြီးတစ်လုံး နှစ်ခြမ်းကွဲပြီး ကျောက်ရုပ်တုကြီး ထိုးထွက်လာတာ မြင်ခဲ့ရတယ်။ အဲ့ဒီကိစ္စကြောင့် ဘိုးဘိုးတို့ ဒီရောက်လာတာလား”
စစ်ယွင်ရှန်းက ခေါင်းတဆတ်ဆတ် ညိတ်ကာ ဖြည့်ပြောလိုက်သည်။ “အဲဒီကျောက်ရုပ်တုကြီးက အရမ်းကြောက်စရာကောင်းတယ်။ တောင်ထဲကနေ တရှိန်ထိုး ထိုးထွက်လာတာ”
“ကျောက်ရုပ်တုတစ်ရုပ်တည်း မကဘူး” အဘိုးကြီးမာ၏အသံက ဉာဏ်အမြော်အမြင်ကြီးမားသော ဗုဒ္ဓမြတ်စွာတစ်ပါးပမာ တည်ကြည်လေးနက်နေသည်။ “ဒီကမ္ဘာတစ်ဝန်းမှာ ပေါ်လာတဲ့ ကျောက်ရုပ်တုအားလုံးပေါင်းလိုက်ရင် တစ်ရာနီးပါး ရှိတယ်။ ထူးဆန်းတဲ့ ရတနာတွေလည်း ပေါ်လာသေးတယ်။ မြင့်းမိုရ်တောင်အောက်ကနေလည်း ကျောက်ရုပ်တုတွေ ထိုးထွက်လာပေမယ့် တောင်ကို မထိုးခွဲနိုင်ခဲ့ဘူး။ မြင့်းမိုရ်တောင်က အဲဒီကျောက်ရုပ်တုတွေကို ဖိနှိပ်ပေးထားတယ်”
ချင်မူ့အမူအရာ လေးနက်သွားသည်။
ရွှေအက လက်ဟန်ခြေဟန်ဖြင့် ပြောသည်။
“ဒီလိုကျောက်ရုပ်တုမျိုးက နတ်ဘုရားတွေ၊ မိစ္ဆာတွေ ဆင်းသက်လာပြီဆိုတဲ့ လက္ခဏာပဲ” နားကန်းက သူ့လက်ဟန်များကို ကြည့်ကာ ပြောလိုက်သည်။ “တခြားကမ္ဘာက နတ်ဘုရား၊ မိစ္ဆာတွေအနေနဲ့ လောကစည်းကို အလွယ်တကူ ဖြတ်လို့မရဘူး။ ဒါကြောင့် သူတို့ကိုယ်သူတို့ စွမ်းအင်မရှိတဲ့ ကျောက်ရုပ်တုတွေအဖြစ် တောင့်တင်းအေးခဲလိုက်ပြီး လွှတ်လိုက်တာ။ မူလဝိညာဉ်နဲ့ မှော်စွမ်းအင်ကတော့ သူတို့ရဲ့ သက်ဆိုင်ရာကမ္ဘာမှာ ကျန်ခဲ့လိမ့်မယ်
“သူတို့ရဲ့ အသွေးအသားခန္ဓာကိုယ်ကို ပြန်ရချင်ရင် ကျန်ခဲ့တဲ့ မူလဝိညာဉ်ကို ဆင့်ခေါ်ဖို့ သွေးယဇ်ပူဇော်ပေးဖို့ လိုတယ်။ ငါတို့ လမ်းမှာ တွေ့ခဲ့တဲ့ ရတနာတွေက လူမျိုးဖြုတ်မယ့် မိုးလေဝသကပ်ဘေးလက်နက်တွေပဲ... ငါ့ကို မကြည့်ကြနဲ့ ငါပြောနေတာမဟုတ်ဘူး။ ရွှေအ ပြောနေတာ”
အကုန်လုံး ရွှေအဆီသို့ လှမ်းကြည့်လိုက်ကြပြီး ရွာလူကြီးက မနေနိုင်တော့ဘဲ မေးလိုက်သည်။ “ရွှေအ မင်းဘာလို့ ငါ့ထက် ပိုသိနေတာလဲ။ မင်းက ငါ့ထက်တောင် နားလည်နေသေးတယ်”
ရွှေအက ပြုံးပြုံးရယ်ရယ်ဖြင့် လက်ဟန်လုပ်ပြသည်။ နားကန်းက ပြောလိုက်၏။ “ဒီကောင် အ,ချင်ယောင် ဆောင်နေပြန်ပြီ။ သူ ဘာပြောနေလဲ ငါ နားမလည်ဘူး”
“ဒီကိစ္စက သိပ်ကြောက်ဖို့ကောင်းတယ်။ ကျုပ် မြင်ရသလောက်တော့ ဂိုဏ်းချုပ်ကိုရော၊ ဘယ်သူ့ကိုမှ ရှာစရာမလိုဘူး။ အခုချက်ချင်း မဟာမြို့ပျက်ကို ပြန်ကြမယ်” အဘွားစစ်က ပြောလာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကျောက်ရုပ်တုတွေ ဒီလောက်အများကြီးပေါ်လာပြီလေ။ သူတို့ အသက်ဝင်လာတာနဲ့ ဘယ်သူက ခုခံနိုင်မှာလဲ။ အဘိုးကြီးမာ၊ တော် တထာဂတမလုပ်နဲ့တော့။ လုပ်ချင်တဲ့သူ လုပ်ပလေ့စေ။ ကျုပ်လည်း ဒီစံအိမ်ကို မလိုချင်တော့ဘူး။ အကုန်လုံး မဟာမြို့ပျက်ကိုပဲ ပြန်ကြရအောင် အခုချက်ချင်း”
သားသတ်သမားက ခေါင်းယမ်းလိုက်သည်။ “အဘွားကြီး။ အခုလို ရှောင်ပြေးတာ မကောင်းဘူး။ ငကြောက်တွေလို မဟာမြို့ပျက်မှာပဲ အမြဲပုန်းနေတော့မှာလား။ သိုင်းသမားတစ်ယောက်ဆိုတာ မယိုင်လဲတဲ့ စိတ်ဓာတ်၊ မပြိုပျက်တဲ့ အားမာန် ရှိရတယ်”
အဘွားစစ်က သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “မပြေးဘူးဆို သေချင်လို့လား။ အရင်ကလို အပေါ်တစ်ပိုင်းပဲ ရှိတဲ့ ဘဝနဲ့ နေသွားချင်လို့လား”
ဒေါသကြောင့် သားသတ်သမား၏မျက်နှာ နီမြန်းသွားသည်။ “ငါက နင့်လောက်တော့ အောက်တန်းမကျဘူး”
ရွာလူးကြီး ချောင်းဟန့်ကာ ဝင်ပြောလိုက်သည်။ “အဘွားကြီး၊ လူသားဧကရာဇ်အနေနဲ့ တာဝန်ယူဖို့ လိုတယ်လေ...”
“တာဝန်ယူဖို့လိုတယ် ဟုတ်လား” အဘွားစစ်က ဒေါသများဖြင့် ပြုံးလိုက်သည်။ “တော်ရော တာဝန်ယူနိုင်ခဲ့လား။ တော်ကိုယ်တိုင်တောင် တာဝန်မယူနိုင်ခဲ့ဘဲ မူအာ့ကို ချောက်ထဲ တွန်းချနေတယ်။ တော့်မှာ အစွမ်းအစရှိရင် တော့်ဘာသာ တာဝန်ယူလိုက်။ အခု တော့်ကိုယ်တော် ကြည့်စမ်းပါဦး။ မဟာမြို့ပျက်ထဲမှာ တုတ်ချောင်းတစ်ချောင်းလို ပုန်းပြီး သေချင်ယောင်ဆောင်နေတာလေ။ ဒါတောင် တာဝန်အကြောင်း ပြောရဲသေးတယ်လား”
ရွာလူကြီး ဒေါသထွက်လွန်း၍ ပြောစရာစကားပင် ရှာမရတော့ပေ။ “နင်..နင်...”
“နင် ဘာဖြစ်လဲ ပြောလေ နင် ဘာဖြစ်လဲ” အဘွားစစ်က မညှာမတာ ဆက်ပြောသည်။ “ကျောက်ရုပ်တုတစ်ရာကျော် ရှိတယ်တဲ့။ တော့်မှာ အစွမ်းအစရှိရင် အကုန်လုံး သွားခုတ်ပစ်လိုက်။ မဟုတ်လို့ကတော့ တော်လည်း မဟာမြို့ပျက်ကို လိမ်လိမ်မာမာ ပြန်လိုက်ပြီး ကျုပ်လို သေချင်ယောင်ဆောင်ရမယ်”
နားကန်းက ချောင်းဟန့်ကာ ဝင်ပြောလိုက်သည်။ “အဘွားကြီး နင် လွန်နေပြီ...”
“နင့်အပူပါလား။ ငါ ကိုယ်တိုင် ချင်မူကို ကောက်လာပြီး သူ့ချီးသေးတွေကို သန့်ရှင်းပေးခဲ့တာပါ။ နင်က နေ့တိုင်း သူ့ခေါင်းကို ရိုက်ဖို့ပဲ တတ်တာလေ။ မူအာ့ကို နင် စာအရေးအဖတ် သင်ပေးနိုင်တာကြောင့်မဟုတ်ရင် ငါ နင့်ကို သေအောင် ရိုက်သတ်ပစ်ခဲ့တာ ကြာပြီ”
နားကန်း ရှူးရှူးရှားရှား စိတ်တိုသွားပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ “နာနာရိုက်မှ အိုးကောင်းရတာဟ .... နင်.. နင် ဘာမှမသိတဲ့ မိန်းမ။ စိတ်ဓာတ်ယုတ်ညံ့တဲ့သူပဲ နင်နဲ့ ရန်ဖြစ်...”
အဘွားစစ်က သူ့ခေါင်းပေါ် နွားသားရေ လွှားလိုက်၍ နားကန်း လူစင်စစ်မှ နွားဘဝရောက်သွားပြီး တဘူးဘူး အော်နေသည်။
“အဘွားကြီး ငါထင်တာ...” ဆေးဆရာ စကားစလိုက်သော်လည်း ကြားဖြတ်ပြောခံလိုက်ရသည်။
“တိတ်စမ်း” အဘွားစစ်က အေးစက်စက် ငေါက်လိုက်သည်။ “တော့်မိန်းမတွေဆီသာ ပြန်သွားပြီး ပြုစုနေစမ်းပါ”
“အေးပါဟာ” ဆေးဆရာလည်း ခပ်ပြောင်ပြောင် ပြန်ဖြေပြီး လှည့်ထွက်သွားသည်။
ရွှေအက ဆေးတံကို ခဲလျက် လက်ဟန်လုပ်ပြ၏။ “အ အ...”
“ပိတ်ထားစမ်း ကလိမ်ကကျစ်ကောင်”
ရွှေအမှာ မတရားခံလိုက်ရသကဲ့သို့ ခေါင်းငုံ့သွားသည်။ သူ စကားမပြောတော့ပေ။ ထော့ကျိုးက ပါးစပ်ဟ၍ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဘွားစစ်က လှည့်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ထော့ကျိုး တုန်ရီသွားပြီး ခြောက်ကပ်ကပ် ရယ်လိုက်၏။ “နင်ကလည်း ဘာလို့ဒီလောက် ရန်လိုနေတာတုန်း။ ငါတို့ အေးအေးဆေးဆေး ဆွေးနွေးလို့ရတယ်လေ မဟုတ်ဘူးလား။ အဆင်ပြေသွားမှာပါဟာ.. အဘိုးကြီးမာ။ အဘိုးကြီးမာ တစ်ခုခု ပြောလိုက်ဦး။ ကျုပ်က ခင်ဗျားစကားကို နားထောင်လာတာ။ ခင်ဗျား ရွာပြန်မယ်ဆို ကျုပ်လည်း ပြန်မယ်။ ခင်ဗျား နေဆို ကျုပ်လည်း နေမယ်”
အဘွားစစ် အဘိုးကြီးမာကို ကြည့်လိုက်သည်။ “တော် မဟာမြို့ပျက်ကို မပြန်ရင် တော့်ဘုန်းကြီးကျောင်းဆီ ကျုပ် သွားမယ်။ စျာန်မလျှောတဲ့ ဘုန်းကြီးဘယ်နှပါး ကျန်မလဲ တော် တွေ့ရပါလိမ့်မယ်”
အဘိုးကြီးမာက စကားတစ်ခွန်း မဆိုပေ။
“မျက်ကန်း ဝင်ပြောဦး” ရွာလူကြီးက မျက်ကန်းကို ကြည့်သည်။
“မူအာ နေချင်ရင် ငါတို့လည်း နေမယ်။ မူအာ မဟာမြို့ပျက်ကို ပြန်ချင်ရင် ငါတို့လည်း ပြန်မယ်” အဘွားစစ်က သူ့ကို အေးစက်စက် စိုက်ကြည့်နေ၍ မျက်ကန်း မျက်လုံးပိတ်လိုက်သည်။ “အဘွားကြီး နင် မူအာ့ကို ခေါ်သွားချင်ရင် သူတို့ နင့်ကို မတားနိုင်ဘူး။ ဒါပေမဲ့ ငါ တားနိုင်တယ်။ ငါ မူအာ့ကို တစ်ခါ ခေါ်သွားဖူးပြီးပြီ။ သူ ခေါင်းဘယ်လောက်မာလဲ ငါ သိတယ်။ ငါတို့တွေလည်း အသက်ကြီးနေပြီမဟုတ်လား။ ရွာလူကြီးဆို ကောင်းကင်တံတားကို ပြန်မဆက်နိုင်ရင် နောက်နှစ်နွေဦးကို ကျော်မှာမဟုတ်ဘူး။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ဘဲ နေရအောင်ပါ။ မူအာ ဘာပြောမလဲ နားထောင်ကြည့်လိုက်”
အဘွားစစ် စိတ်လျှော့ပြီး ချင်မူ့ကို ကြည့်လိုက်သည်။ သူမက နူးညံ့ပျော့ပျောင်းစွာ မေးလိုက်သည်။ “မူအာ၊ မင်းလည်း အရွယ်ရောက်နေပြီ။ ရွာက လူဆိုးကြီးတွေ မင်းကို အရွယ်ရောက်လာအောင် သင်ပေးခဲ့ပေမယ့် သူတို့ဆီက မကောင်းတာတွေ မသင်သင့်ဘူး။ ဘွားဘွားနဲ့ ရွာပြန်လိုက်ခဲ့နော်။ မင်း ကြိုက်တဲ့ ဘယ်ကောင်မလေးနဲ့မဆို လက်ထပ်လို့ရတယ်။ ဘွားဘွား မြေးထိန်းပေးမယ်...”
ချင်မူ အဘိုးအဘွားများကို ကြည့်ကာ ခေါင်းငုံ့သွားသည်။
စစ်ယွင်ရှန်းလည်း မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်နေ၏။ မည်သည့်ကိစ္စ ဖြစ်ပျက်နေမှန်း သူမ မသိပေ။ ‘ဒေါ်လေးက သိပ်လေးစားစရာကောင်းတာပဲ။ နတ်ဘုရားလို သိုင်းပညာရှင်တွေကို လိမ်မာသွားအောင် ဆူငေါက်နိုင်တယ်။ ငါ ဘယ်တော့မှ သူ့လို ဖြစ်လာမှာလဲ...”
တခဏကြာသော် ချင်မူ ခေါင်းမော့လိုက်သည်။ “ဒီကျောက်ရုပ်တုတွေက ကျွန်တော်နဲ့ ယွိရှို့ တီထွင်လိုက်တဲ့ မူလဝိညာဉ်လမ်းညွှန်ကြောင့် ရုတ်တရက် ပေါ်လာတာပဲ။ သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်းပစ်ဖို့ လာတာမဟုတ်လား။ ဒါဆို ပြဿနာက ကျွန်တော့်ကြောင့် ဖြစ်မသွားဘူးလား။ ကျွန်တော့်ကို လာသတ်ကြတာမလား”
“မင်းတစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ ဧကရာဇ်ယန်ဖုန်း အထက်ကောင်းကင်ဘုံရဲ့ ကျောက်စိမ်းဧကရာဇ်ကို အမြှောက်နဲ့ ပစ်ခွင်းလိုက်တဲ့ ကိစ္စလည်း ပါမယ်။ အဲဒီကိစ္စအကြောင်း အထက်ကောင်းကင်ဘုံက သူတို့သခင်တွေကို တင်ပြပြီးထားလောက်ပြီ။ ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းရဲ့ ပြုပြင်ပြောင်းလဲမှုကလည်း အနှေးအမြန် ဒီလိုဖြစ်လာစေမှာပဲ။ နှစ်အနည်းငယ် စောသွားတာပဲ ရှိတာ” ရွာလူကြီးက ရှင်းပြလိုက်သည်။
“ဒီကိစ္စက မင်းကြောင့်ပဲ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲမှုကြောင့်လည်း ပါတယ်။ ပထမ ဧကရာဇ်ယန်ဖုန်းရဲ့ အမြှောက်က အထက်ကောင်းကင်ဘုံအထက်က နတ်ဘုရားတွေရဲ့ စိတ်ဝင်စားမှုကို ရလိုက်တယ်။ နောက် မင်းနဲ့ မင်းသမီးယွိရှို့ မူလဝိညာဉ်လမ်းညွှန်ကို တီထွင်လိုက်တုန်းက မဟာတာအိုမှာ ပြောင်းလဲမှုတချို့ ဖြစ်သွားတယ်”
“အဲဒီလိုဆိုလည်း အကြောင်းရင်းရဲ့ တစ်ပိုင်းတစ်ပိုင်းက ကျွန်တော်ဖြစ်နေသေးတာပဲ” ချင်မူ တခဏ စဉ်းစားပြီးနောက် အဘွားစစ်ကို ပြောလိုက်သည်။ “ဘွားဘွား ကျွန်တော် မပြန်ဘူး။ ဒီမှာ ဝေ့ယုံ၊ ချန်ဝမ်ယွင်၊ မုချင်းသိုင်နဲ့ ယွဲ့ချင်းဟုန်တို့လို ကျွန်တော့် သူငယ်ချင်းတွေ ရှိသေးတယ်။ နောက်နှစ်အနည်းငယ်ကြာရင် သူတို့ သေသွားပြီဆိုတဲ့ သတင်း ကျွန်တော် မကြားချင်ဘူး”
အဘွားစစ် အတန်ငယ် မှင်သက်သွားသည်။ “သားသတ်သမားက မင်းကို သစ္စာရှိဖို့ သင်ပေးထားလို့ မင်း တကယ်ပဲ သစ္စာရှိတော့မှာလား။ သစ္စာရှိတော့ရော ဘာလုပ်ရမှာလဲ။ အသက်ကယ်နိုင်မှာမလို့လား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “မကယ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်အေးနိုင်မယ်”
အဘွားစစ်က သက်ပြင်းချသည်။ “စိတ်အေးမယ်ဟုတ်လား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်မီးလျှံတွေကြား ပြာကျသွားတဲ့အချိန်မှာ မင်း စိတ်အေးနိုင်ဦးမလား မသိဘူး။ ဒါပေမဲ့ မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ ကိုယ့်ဘာသာကိုယ် တွေးတတ်နေပါပြီ။ ကောင်းပြီ။ ဘွားဘွား မင်းကို ဖိအားမပေးတော့ဘူး။ ဂိုဏ်းချုပ်ကို ပြန်ခေါ်လိုက်”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး သိချင်စိတ်များဖြင့် မေးကြည့်လိုက်သည်။ “ဘာလို့ ဂိုဏ်းချုပ်ကို ပြန်ခေါ်တာလဲဟင်”
“ငါတို့အရိုးအိုကြီးတွေ ဆွေးနွေးပြီးပြီ။ အထက်ကောင်းကင်ဘုံက မြေကြီးထဲကနေ ထွက်လာတဲ့ ရတနာတွေကို အသက်လာသွင်းပြီး သဘာဝကပ်ဘေးအမျိုးမျိုး လွှတ်မယ်လို့ ငါတို့အားလုံး ခံစားနေရတယ်။ အဲဒီကပ်ဘေးတွေကြောင့် လူပေါင်းများစွာ သေကြေပျက်စီးသွားရင် ကျောက်ရုပ်တုနတ်ဘုရားတွေအတွက် ယဇ်ပူဇော်ပြီးသား ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကို တားဖို့ အထက်ကောင်းကင်ဘုံ မလာနိုင်အောင် တိုက်ခိုက်ဖို့ အစီအစဉ်တစ်ခု ချရမယ်”
“ဒီရုပ်တုတွေက နတ်ဘုရားတွေ၊ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်ဆိုရင် ကျွန်တော်တို့ ခုတ်ပိုင်းပစ်လိုက်ရင်ရော” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။
“နတ်ဘုရားတွေ၊ မိစ္ဆာတွေ ကျောက်ရုပ်ဖြစ်သွားရင် ပြိုင်ဘက်ကင်းလောက်အောင် မာလာတယ်။ ခုတ်ပိုင်းပစ်ဖို့ ခက်တယ်” မျက်ကန်းက ပြောလိုက်သည်။ “မဟာမြို့ပျက်မှာ ကြေမွအက်ကွဲနေတဲ့ ကျောက်ရုပ်တုတွေ မင်း မြင်ခဲ့ဖူးလို့လား”
ချင်မူ စဉ်းစားကြည့်သည့်အခါ ထိုသို့ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။ သူ မဟာမြို့ပျက်ထဲတွင် လှည့်လည်သွားလာခဲ့ဖူးသော်လည်း ကြေမွနေသော ကျောက်ရုပ်တုများကို မြင်ရခဲ၏။ သို့သော် အရှေ့ပင်လယ်မှာတုန်းက နဂါးဘုရင်ရုပ်တုခေါင်းပြတ်များကို မြင်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက ကောင်းကင်နတ်မင်းကျောင်းဆောင်၏ ကောင်းကင်နတ်မင်းက နဂါးချီလင်ကို စီးနင်းကာ အရှေ့ပင်လယ်၌ ထကြွနေသော သူပုန်များအား နဂါးစိမ်းလခြမ်းကွေးဓားဖြင့် သုတ်သင်ချေမှုန်းခဲ့ခြင်း ဖြစ်သည်။
“ကျောက်ရုပ်တုတွေကို မဟာမြို့ပျက်ထဲ ရွှေ့လိုက်ရင်ရော” ချင်မူ မေးလိုက်သည်။ “အဲ့ဒါတွေကို မဟာမြို့ပျက်ထဲ ရွှေ့ပြီး မဟာမြို့ပျက်ရဲ့ ကျောက်ရုပ်တုတွေအနား ထားလိုက်ရင် သူတို့ အသက်ဝင်လာမှာကို စိတ်ပူစရာမလိုတော့ဘူး”
ထော့ကျိုး ပြုံးကာ ပြောလိုက်သည်။ “ကျောက်ရုပ်တုတစ်ရုပ် သယ်တာက နတ်ဘုရားတစ်ပါးကို သယ်ရသလိုပဲ။ ဘယ်သူက နတ်ဘုရားကို သယ်ပြီး မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မဟာမြို့ပျက်ကို လမ်းလျှောက်နိုင်မှာတုန်း။ ပြီးတော့ တစ်ရုပ်၊ နှစ်ရုပ်တောင် မဟုတ်ဘူး တစ်ရာကျော်တယ်”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ နတ်ဘုရားရုပ်တုများသည် အမှန်တကယ် လေးလံ၏။ အဘိုးကြီးမာကဲ့သို့ လူတစ်ယောက်ပင် ကိုက်တစ်ထောင်မျှ လျှောက်ပြီးလျှင် အနားယူရသည်။ ထို့အပြင် အဘိုးကြီးမာ၏ ရုပ်ခန္ဓာကိုယ်က သန်မာအားကောင်း၏။
“ကောင်းကင်နတ်မယ်ရှန်း၊ ဂိုဏ်းသခင်အနေနဲ့ ဂိုဏ်းချုပ် ဒါမှမဟုတ် စည်းကမ်းထိန်းအကြီးအကဲကို ဘယ်လို ဆက်သွယ်လို့ရမလဲ” ချင်မူ လှည့်မေးလိုက်သည်။
“ကျွန်မတို့ စစ်မိသားစုမှာ စိတ်နှလုံးစစ်ဆေးကြေးမုံတစ်စုံ ရှိတယ်။ တစ်ယောက်ရဲ့ နာမည်ကို ရေရွတ်ပြီး အသံနဲ့ ပုံပန်းသွင်ပြင်ကို စိတ်ကူးကြည့်လိုက်ရင် ကျန်တဲ့တစ်ယောက်က အဲဒီတစ်ယောက်ကို ဆက်သွယ်နိုင်သွားပြီး လူကိုလည်း မြင်၊ အသံလည်း ကြားရတယ်။ ဂိုဏ်းချုပ်နဲ့ စည်းကမ်းထိန်းအကြီးအကဲက အဲဒီလိုကြေးမုံတစ်ချပ် ယူသွားတာဆိုတော့ ဆက်သွယ်ဖို့ လိုပါတယ်။ ဘွားဘွားကြီးကို အသိပေးပြီး ဆက်သွယ်ခိုင်းလိုက်ရုံပဲ”
“နတ်ဂိုဏ်းမှာ စိတ်နှလုံးစစ်ဆေးကြေးမုံဆိုတာမျိုး ရှိတယ်လား” ချင်မူ တအံ့တဩ မေးလိုက်မိသည်။
စစ်ယွင်ရှန်းက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “ရှင် နတ်ဂိုဏ်းသခင် ဖြစ်လာတဲ့ နှစ်နှစ်အတွင်း တန်ခိုးရှင်သက်ဆင်းတောင်ကို ဘယ်နှခေါက် ရောက်လဲ။ နတ်ဂိုဏ်းရဲ့ စစ်မိသားစု၊ ယွီမိသားစု၊ ရှစ်မိသားစုကိုရော တွေ့ဖူးလို့လား။ ရှင်သာ အရည်အချင်းရှိတဲ့ ဂိုဏ်းသခင်မဟုတ်ရင် ကျွန်မ ရှင့်ကို ပုန်ကန်တာဖြင့် ကြာပေါ့”
ချင်မူ ပြုံးလိုက်သည်။ “နင် ပုန်မကန်ပါဘူး။ နင့်မှာ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းအစမှ မရှိတာ”
စစ်ယွင်ရှန်း ဆွေ့ဆွေ့ခုန်သွားသည်။ သူမမှာ အဘွားစစ်ကဲ့သို့ ပြောတတ်ဆိုတတ်ချင်သော်လည်း မဟာနတ်ဂိုဏ်းသခင်က သူမကို အခွင့်အရေးမပေးပေ။ သူမ မည်သို့မျှ မတတ်နိုင်တော့ဘဲ စစ်မိသားစု၏ ဘွားဘွားကြီးကိုသာ ဆက်သွယ်လိုက်ရသည်။
“ဘိုးဘိုးသားသတ်သမား၊ ကောင်းကင်က နေ၊ လနဲ့ ကြယ်တွေ၊ နဂါးငွေ့တန်းနဲ့ ကြယ်အစုအဝေးတွေအားလုံး အတုတွေချည်းပဲ” ချင်မူ သားသတ်သမား၏အနား သွားကာ ပြောလိုက်သည်။ “ဘိုးဘိုး လျှို့ဝှက်ချက်တချို့ သိထားလောက်ပါတယ် ဟုတ်တယ်မလား”
သားသတ်သမားက ဝက်ခုတ်ဓားမနှစ်လက်ကို ထုတ်၍ ဓားသွားအချင်းချင်း သွေးလိုက်သည်။ “ဒီအကြောင်းပြောရရင် ငါ တီထွင်ထားတဲ့ ‘တိမ်တိုက်တိုင်းမှာ ငွေရောင်အနားသတ်ရှိတယ်’ ဓားမသိုင်းကွက်ကို မပြောလို့မဖြစ်ဘူး။ အဲဒီတုန်းက ငါက သိုင်းကွက်အသားပေးလမ်းစဉ်မှာ ဆရာသခင်တစ်ပါးပဲ။ ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်နတ်သိုင်းတစ်ခု တီထွင်ချင်တဲ့ ဆန္ဒပဲ ငါ့မှာ ရှိခဲ့တယ်။ အဲဒီတုန်းက ငါဟာ ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်၊ ဘယ်ကောင်းကင်နတ်သိုင်းမှ ဓားမချက်တစ်ချက်ကို မဖျက်စီးနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ပေါ့။ ဒါပေမဲ့ ကောင်းကင်ဘုံနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး။ ဒါ့ကြောင့် မိုးကောင်းကင်ကို ထက်ခြမ်းပိုင်းပြီး ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ချင်ခဲ့တယ်....”