စာပေနှင့် ပန်းချီပညာနှစ်ခုလုံးတွင် ထူးချွန်ခြင်း
Vol. 30 Ch. 415
ထိုစဉ်တုန်းက သားသတ်သမားသည် အလွန်စိတ်အားထက်သန်ပြီး စိတ်မြန်သော လူငယ်တစ်ယောက် ဖြစ်ခဲ့၏။ ယခုလိုကြမ်းတမ်းမည့်အစား သူ့ကိုယ်သူ အထင်ကြီးသည်၊ ယုံကြည်ချက်အပြည့် ရှိသည်။ ရည်မှန်းချက်အပြည့်ဖြင့် ရှိန်စဖွယ်ကောင်းခဲ့သည်။ သူ၏ ဓားမသိုင်းက အံ့ချီးဖွယ်ရာကောင်းသည်သာမက ဗဟုသုတလည်း နှံ့စပ်၏။ သူ စပ်ဆိုရေးသားခဲ့သော ကဗျာစာသားများက ရဲရင့်ပြီး အချုပ်အနှောင်ကင်းသည်။ ထိုခေတ်အခါက ထင်ရှားကျော်ကြားသော ပါရမီရှင်စာပေသမားတစ်ဦးလည်း ဖြစ်ခဲ့သည်။
သူ၏ဓားမသိုင်းကို ကောင်းကင်ဓားမဟု ခေါ်သလို၊ သူ့နာမည်သည်လည်း ကောင်းကင်ဓားမ ဖြစ်လာခဲ့၏။ သူ၏ဓားကွက်တိုင်းက ကဗျာဆန်ပြီး အချုပ်အနှောင်ကင်းသည့် သူ၏စိတ်သဘာဝကို ဖော်ကျူးပြသခဲ့သည်။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် စာပေပါရမီအရ အဆင့်စီလိုက်လျှင် ပထမက နားကန်းဖြစ်လိမ့်မည်။ ဒုတိယက သားသတ်သမား ဖြစ်မည်။ သူက စိတ်ရူးဖောက်ပြီး အယုတ္တအနတ္တများ ဆဲတတ်သော်လည်း သူ့ခေတ်အခါက ထင်ပေါ်ကျော်ကြားည့် စာပေပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
ထိုအချိန်တုန်းက ပန်ကုန်းစုန်ပင် အပါအဝင် ပညာရှင်အားလုံးနီးပါးကို သူ စိန်ခေါ်ခဲ့၏။ လိုလန်ရွှေနန်းတော်၏ မဟာဆရာသခင်မှာ ပုန်းနေခဲ့ရပြီး သူ့ကို မျက်နှာမပြရဲခဲ့ပေ။
သားသတ်သမားသည် သူ၏အောင်မြင်မှုအတွက် အကြီးအကျယ် ဂုဏ်ယူခဲ့၏။ စကားများသော တပည့်သာ မရှိလျှင် သူ့ဘဝက ပြီးပြည့်စုံနေပြီဖြစ်သည်။ မှန်သည်၊ သူ့တပည့်ကလည်း လွန်စွာထူးချွန်သည်။ သူ့နာမည်က ပါ့ရှန်ဟု ခေါ်ပြီး ဗိုလ်ဓားမဟု အမည်တွင်ခဲ့သည်။
ဆယ်စုနှစ် လေးငါးခုကျော် ကြာအောင် လေပြင်းနဲ့ မိုးတိမ်တွေ ကွယ်ပျောက်နေခဲ့တယ်... လေနှင်ရာ လွင့်တဲ့ တိမ်တိုက်တစ်ခုလို ခဏတာပဲ၊ တိမ်တိုက်အားလုံးမှာ ငွေရောင် အနားသတ် ရှိတယ်
ကြွားဝါဖို့ မတွေးနဲ့... ကပ်ဆိုးပြီးတဲ့အခါ လူတွေရဲ့ မျှော်လင့်ချက်တွေ နိုးထလာမယ်... ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင် လျှောက်ခဲ့ရတဲ့ ခရီးရှည် တစ်ခုလုံးက မီးခိုးငွေ့တွေလို လျော့ပါးပျောက်ကွယ်
သားသတ်သမားက ‘တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ်’ ရှိသည် ဓားကွက်ကို ဖန်တီးခဲ့၍ သိုင်းကွက်အသားပေးလမ်းစဉ်သည် တစ်ခါမှ မရောက်ခဲ့ဖူးသော အမြင့်သို့ တွန်းတင်ခံလိုက်ရ၏။ ထိုအချိန်မှစ၍ သိုင်းလောကတွင် ဓားမသိုင်းကို သင်ကြားလာကြပြီး သိုင်းကွက်အသားပေးလမ်းစဉ်က မှော်အစီအရင်ကောင်းကင်နတ်သိုင်းများနှင့် ဓားပျံထိန်းချုပ်ကောင်းကင်နတ်သိုင်းများကို ဖိနှိပ်ကာ ခေတ်ရေစီးကြောင်း ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် သားသတ်သမားမှာ ကောင်းကင်ကို တိုက်ခိုက်လိုစိတ် ပြင်းထန်လာသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့ ပြုပြင်ပြောင်းလဲပေးလိုသော လူသားတစ်ယောက်မဟုတ်၊ စိတ်တိုင်းကျ တိုက်ခိုက်ချင်သော လူသားတစ်ယောက် ဖြစ်သည်။
“အဲဒီဓားကွက်ကို ဖန်တီးပြီးတာနဲ့ ငါ ချက်ချင်း စမ်းသပ်ကြည့်ခဲ့တယ်။ ငါ့ဓားမက ကောင်းကင်ကို ပိုင်းခွဲလိုက်တယ်”
သားသတ်သမား ဓားမကို လွှဲယမ်းလိုက်သည့်အခါ ‘တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ်ရှိသည်’ ဓားကွက် ထွက်ပေါ်လာသည်။ သူက ဓားကွက်ထဲ၌ မည်သည့်စွမ်းအားမှ ထည့်မထားပေ။
ထို့နောက် သူက ညှို့မှိုင်းနေသောအမူအရာဖြင့် ဓားမကို ပြန်ဆွဲလိုက်သည်။ သူ စိတ်ဖောက်ပြန်သွားသော အချိန်ကို ပြန်တွေးနေဟန်တူ၏။ “ငါ ထူးဆန်းတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။ ကောင်းကင်က ပွင့်ထွက်သွားပေမယ့် အဲဒီအနောက်မှာ ဘာကြယ်မှ ရှိမနေဘူး။ ငါက သတိထားတတ်တဲ့အကျင့်ရှိတော့ ချက်ချင်း အပေါ်တက်မသွားဘဲ သင်္ချာစွမ်းရည်မြင့်မားတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို သွားရှာတယ်”
ချင်မူ ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။ သားသတ်သမားက အမှန်တကယ် သတိထားတတ်သည်လား။ ရွာတွင် သူက စိတ်အမြန်ဆုံးဖြစ်ပြီး မည်သည်ကိုမှ မစဉ်းစားဘဲ သူ့ဓားမများဖြင့် လွှဲယမ်းခုတ်ပိုင်းပစ်တတ်သူ မဟုတ်လော။
‘ဘိုးဘိုးသားသတ်သမားက တမင် လှည့်စားထားတာဖြစ်မယ်။ သူက စိတ္တဇအရူးလို့ ယုံနေတဲ့ သူတွေအားလုံး သေသင့်တယ်’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။
“အဲဒီနောက် ငါ ငါ့ဓားမနဲ့ ကောင်းကင်ကို ထပ်ခုတ်ပိုင်းကြည့်တယ်။ သင်္ချာကျွမ်းတဲ့ ငါ့သူငယ်ချင်းတွေက ကောင်းကင်ရဲ့ အမြင့်နဲ့ အထူကို တွက်ချက်ရမှာဆိုပေမယ့် ပြဿနာတစ်ခု ပေါ်လာတယ်”
သားသတ်သမား တိတ်ဆိတ်သွား၏။ သူက တခဏကြာသော် ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။ “ငါ့သူငယ်ချင်းတွေ သေကုန်တယ်။ ငါ ခုတ်ပိုင်းလိုက်လို့ ပွင့်သွားတဲ့ အကွဲကြောင်းမှာ မျက်လုံးကြီးတစ်လုံး ပေါ်လာတယ်။ ဧရာမမျက်လုံးကြီး၊ သိပ်ထူးဆန်းတဲ့ မျက်လုံးကြီးပေါ့။ အဲဒီမျက်လုံးကြီး ငါတို့ကို ကြည့်လိုက်တဲ့အချိန်မှာ ငါ့ကိုယ်ထဲက ဝိညာဉ်ဆွဲထုတ်ခံရတော့မလို နာကျင်မှုကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ငါ့ရုပ်ခန္ဓာက အင်မတန် သန်မာတော့ ငါ့နှလုံးသားက မူလဝိညာဉ်နဲ့အတူ နာကျင်မှုကို ဖိနှိပ်နိုင်ခဲ့တယ်။ ငါ့ရဲ့စိတ်တူကိုယ်သူ သူငယ်ချင်းတွေကတော့ အဲဒီလို မလုပ်နိုင်ခဲ့ဘူး... သူတို့...”
သူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူ တိတ်ဆိတ်သွားပြန်သည်။
“ငါ ကောင်းကင်ပေါ် တက်ပြီး အဲဒီမျက်လုံးပိုင်ရှင်ကို ချက်ချင်း သွားမရှာဘူး။ ငါ့သူငယ်ချင်းတွေရဲ့ အလောင်းတွေကို သူတို့အိမ် ပြန်ပို့ပေးပြီး အသုဘအခမ်းအနားနဲ့ မြေမြှုပ်စေခဲ့တယ်” သားသတ်သမား ငူငိုင်နေသည်။ “ငါ ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်ခဲ့တယ်။ အထူးသဖြင့် သွေးသောက်အစ်ကိုကြီးရဲ့ မိသားစုကိုပေါ့။ အစ်မကြီးက သိပ်သဘောကောင်းတဲ့လူလေ။ ဒါပေမဲ့ ငါ့ကို ပါးရိုက်ခဲ့တယ်။ ပြီးတော့ လက်စားမချေဘဲ အဝေးဆုံးကိုသာ ထွက်သွားလိုက်တော့တဲ့။ သူ ပြောချင်တာကို ငါ သိပါတယ်။ ငါ ကလဲ့စားသွားချေရင် သေချာပေါက် သေရမှာ။ ဒါပေမဲ့ ငါ သွားခဲ့သေးတယ်”
သူက ပြုံးလိုက်ပြီး ချင်မူ့ကို ပြောသည်။ “ငါ့သူငယ်ချင်းတွေ၊ ငါ့အစ်ကိုကြီး အကုန်လုံး ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ သေကြရတာ။ သူတို့ သေရတဲ့အကြောင်းရင်းက ငါ့ကြောင့်လေ၊ ငါ ကလဲ့စားမချေဘဲ ဘယ်နေနိုင်မလဲ။ မဟုတ်မခံချင်စိတ်၊ ရှစ်ပေအရပ်အမောင်းနဲ့ ကြွက်သားတွေ ပြည့်နေတဲ့ လူတစ်ယောက်က ဓားမကြီးနှစ်လက်ကို ကိုင်ထားပြီး ဘယ်လိုလုပ် ကလဲ့စားမချေဘဲ နေနိုင်မလဲ။ သူ့နှလုံးသားပြောတဲ့အတိုင်း မလုပ်ဘဲ နေနိုင်မလား။ အစ်မကြီးက ငါ့ကို ချစ်လို့ မသေစေချင်ခဲ့ပေမယ့် ငါ့ဓားမနဲ့ ငါ့နှလုံးသားက ဖြောင့်မတ်ပြီး ပွင့်လင်းတယ်။ ဒါကြောင့် ငါ ကလဲ့စားသွားချေတယ်။ ဓားမနှစ်လက်နဲ့ ကောင်းကင်ကို ကောင်းကင်ကို တိုက်ခိုက်ခဲ့တယ်။ ဟီးဟီး တော်တော်များများကတော့ ငါ့ကို အရူးလို့ ပြောကြတယ်မဟုတ်လား”
ချင်မူ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ဘုံကို ဓားမနှစ်လက်ဖြင့် ရွယ်ခဲ့သော ကောင်းကင်ဓားမက စိတ္တဇအရူးဟု အတော်များများ ပြောခဲ့ကြသည်။ စိတ်ဖောက်ပြန်နေ၍သာ မိုးကြိုးတိမ်တိုက်၊ မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသော အမှောင်ကောင်းကင်ယံတွင် နတ်ဘုရားများနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြ၏။
ထိုတိုက်ပွဲတွင် သိုင်းကွက်အသားပေးလမ်းစဉ်၏ အင်အားအကြီးဆုံး သိုင်းသမား ကောင်းကင်ဓားမက မိစ္ဆာတစ်ကောင် အပူးကပ်ခံခဲ့ရ၍ ကောင်းကင်ဘုံကို စိန်ခေါ်ခဲ့သည်ဟုလည်း ပြောခဲ့ကြသည်။ ထို့နောက် သူ့သတင်းက မျိုးဆက်အဆက်ဆက် ပြောစမှတ်တွင်ခဲ့သော ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့သည်။
ကောင်းကင်ဓားမမှာ ခါးအောက်ပိုင်း ဖြတ်ခံခဲ့ရပြီး သူ၏သွေးများက လူ့ပြည်အပေါ် လွင့်စင်ကျလာခဲ့သည်။ သိုင်းကွက်အသားပေးလမ်းစဉ်သည် အင်အားအကြီးဆုံး သိုင်းသမားကို ဆုံးရှုံးခဲ့ရသော်လည်း ဆက်လက်တိုးတက်နေခဲ့၏။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ထွက်ပေါ်မလာသည့်အချိန်အထိသာ ဖြစ်သည်။ ထို့အပြင် သိုင်းကွက်အသားပေးလမ်းစဉ် ဘက်တော်သားများသည် ကြမ်းတမ်းပြီး မကြာခဏ စိန်ခေါ်ပွဲများ ကျင်းပကာ လူသတ်တတ်သည်။ ထို့ကြောင့် သိုင်းကွက်အသားပေးလမ်းစဉ်မှာ တဖြည်းဖြည်း အင်အားကျဆင်းလာခဲ့၏.
“ငါ ကောင်းကင်ကို တိုက်ခိုက်ခဲ့ပေမယ့် ကောင်းကင်က ဒီလောက်ပဲ ထူတယ်လေ...”
သားသတ်သမားက လက်ညှိုးနှင့် လက်မဖြင့် အတိုင်းအတာကို ပြသည်။ နှစ်ခုအကြား အလွန်ဆုံး သုံးလက်မသာ ကွာ၏။
ချင်မူ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ ရှုရှန်းဟွာ၊ ဝမ့်မူရန်နှင့် လင်းရွှမ်တို့၏ တွက်ချက်မှုအရ ကောင်းကင်သည် မိုင်တစ်သောင်းမြင့်မားပြီး ကိုက်တစ်ထောင် အထူရှိ၏။ သို့သော် သားသတ်သမားက ရွဲ့စောင်းတတ်သူဖြစ်သည့်အတွက် သုံးလက်မဟုသာ ဥပမာပြလိုက်ခြင်းဖြစ်သည်။
“ငါ ကောင်းကင်အထိ တိုက်ခိုက်ရင်း တက်သွားပြီး ထူးဆန်းတဲ့ ဝင်္ကပါတွေကို မြင်ခဲ့ရတယ်” သားသတ်သမားက ကောင်းကင်ကို ငေးကြည့်လိုက်သည်။ “ကောင်းကင်က ခပ်ပါးပါးလေးပဲ ရှိပေမယ့် ရှုပ်ထွေးတဲ့ ဝင်္ကပါတွေက အလိုအလျောက် လည်ရင်း နေ၊ လ၊ ကြယ်၊ နဂါးငွေ့တန်းနဲ့ ကြယ်အစုအဝေးတွေကို ဖွဲ့တည်ပြထားတာပဲ
“ငါ သိသိချင်း ဒေါသထွက်သွားတယ်။ သောက်ကောင်းကင်က အတုဖြစ်နေတာတောင် တာအိုဂိုဏ်းရဲ့ နွားတွေက ကောင်းကင်စက်ဝန်းနဲ့ နက္ခတ်တာရာတွေကို တွက်ချက်နေတုန်းပဲ။ သာမန်လူတွေက နေနဲ့လကို နေ့တိုင်းရှိခိုးကိုးကွယ်နေကြတယ်။ ငါ အကုန်လုံးကို ခုတ်ပိုင်းဖျက်စီးလိုက်ရင် သူတို့ လူတွေကို ဘယ်လိုအရူးဆက်လုပ်မလဲ ကြည့်ချင်ပေမယ့်...”
ထို့နောက် ကောင်းကင်ဓားမသည် နက္ခတ်တာရာအတုများကို စောင့်ရှောက်နေသော နတ်ဘုရားများနှင့် ဆုံတွေ့ခဲ့၏။
သူ၏ခန္ဓာကိုယ်အောက်ပိုင်းနှင့် နတ်ဘုရားတစ်ပါး၏ လက်ပြတ်ကို မဟာမှော်ဆရာသခင်က ခိုးသွားခဲ့သည်။ နောက်ပိုင်းတွင် ချင်မူ နှစ်ခုလုံးကို ပြန်ခိုးနိုင်ခဲ့သည်။
“ငါ အဲဒီမျက်လုံးကြီးရဲ့ ပိုင်ရှင်နဲ့ မတွေ့ခဲ့တော့ ငါ့သူငယ်ချင်းတွေအတွက် ကလဲ့စားမချေနိုင်ခဲ့ဘူး။ ငါလည်း ဒုက္ခိတဖြစ်သွားတယ်” သားသတ်သမား၏မျက်လုံးများက မီးဝင်းဝင်းတောက်လာသော်လည်း သူ၏စိတ်အစဉ်သည် တည်ငြိမ်နေ၏။ “ငါ ငါ့သူငယ်ချင်းတွေကို မိတ်ဆွေတွေကို မျက်နှာပြန်မပြရဲသလို ငါ့အစ်မကြီးကိုလည်း မတွေ့ရဲခဲ့ဘူး။ သေလည်း မသေရဲခဲ့ဘူး။ ငါ့သူငယ်ချင်းတွေ ငါ့ကို ကြည့်နေကြသေးတယ်လေ...”
ငိုသံမဟုတ်သော ငိုသံ၊ အပြုံးမဟုတ်သော အပြုံးဖြင့် သူက ပြောလိုက်သည်။ “ဒုက္ခိတဖြစ်နေတဲ့ ငါ့ကို သူတို့စောင့်ရှောက်ပေးရမှာ ငါ မလိုလားဘူး။ ပါ့ရှန်ကိုလည်း မမြင်စေခဲ့ဘူး။ ဒီကမ္ဘာမှာ တိုက်ခိုက်ရင်း သေသွားတဲ့ ကောင်းကင်ဓားမပဲ ရှိတယ်။ သေမင်းတံခါးဝမှာ ပြိုလဲနေတဲ့ ကောင်းကင်ဓားမ မရှိဘူး”
“အဲဒီအချိန်တုန်းက ငါ နှင်းတွေ၊ မိုးတွေကြားမှာ တွားသွားသွားခဲ့တယ်။ မဟာမြို့ပျက်အထိ ရောက်လာတဲ့အချိန်မှာ ငါ့တစ်ကိုယ်လုံး ရွှံတွေ ပေတူးပြီး အေးစက်နေခဲ့ပြီ။ ငါ့ကို သယ်ပြီး ရွာကို ခေါ်လာတဲ့လူက မျက်ကန်းပဲ။ အဲဒီသောက်မျက်ကန်းက အဲဒီကိစ္စကို အောက်ဖဲလှန်လို့ မဆုံးဘူး...”
သို့သော် သားသတ်သမား၏မျက်နှာက ဝမ်းနည်းကြေကွဲလာသည်။ “နောက်နှစ်ရောက်တော့ ငါ မျက်ကန်းနဲ့အတူ မဟာမြို့ပျက်ကနေ ထွက်လာတဲ့အချိန်မှာ အစ်မကြီးကို သွားကြည့်ခဲ့တယ်။ အစ်မကြီးက အိုနေပြီ။ မျက်စိလည်း မှုန်နေသလို၊ သူငယ်လည်း ပြန်နေပြီ။ သူ ငါ့ကို မမှတ်မိတော့ဘူး။ လမ်းလည်း မလျှောက်နိုင်တော့လို့ ထမ်းစင်မှာ လှဲနေရတယ်။ သူ့မြေးက ငါ့ကို ပြောတယ်၊ သူက ‘ငါ မောင်လေးနှစ်ကို မောင်းမထုတ်ခဲ့သင့်ဘူး’ လို့ တတွတ်တွတ် ပြောနေခဲ့တာတဲ့လေ”
သားသတ်သမားက မျက်ရည်များကို ယောက်ျားဆန်ဆန် သုတ်နေသော်လည်း သူ့အသံသည် တည်ငြိမ်နေဆဲဖြစ်၏။ “ငါ သူ့ဘဝရဲ့ နေဝင်ချိန်အထိ နေပေးခဲ့တယ်။ သူက အဲဒီအချိန်အထိ ငါ သူ့ဘေးမှာ ရှိနေတာ မသိဘဲ ငါ့အကြောင်းပဲ တတွတ်တွတ် ပြောနေခဲ့တာ။ သူ့ကြောင့် ငါ ဒုက္ခရောက်တာတဲ့...”
ချင်မူ တိတ်ဆိတ်နေသည်။
သားသတ်သမားက စိတ်အားတင်းကာ ပြောလိုက်သည်။ “ငါ ကောင်းကင်မှာ ကြာကြာ မနေခဲ့ရပေမယ့် အများကြီး မြင်ခဲ့ရတယ်။ နေ၊ လ၊ ကြယ်တွေက တကယ်တော့ ဟင်းလင်းပြင်အသေးစားတစ်ခုထဲမှာ ဖန်တီးထားတဲ့ ဝင်္ကပါအစီအရင်တွေပဲ အဲ့ဒါတွေက...”
သူက နွားဘဝရောက်နေသော နားကန်းကို ကြည့်၍ ပြောလိုက်၏။ “အဲ့ဒါတွေက ပန်းချီကားလိုပဲ။ ဒါပေမဲ့ နေ၊ လနဲ့ ကြယ်တွေက ပန်းချီတွေ မဟုတ်ဘူး။ ပန်းချီထားထဲမှာ တကယ် တည်ရှိပြီး အလိုအလျောက် လည်ပတ်နေတာ။ ငါ နားကန်းရဲ့ ပန်းချီတွေကို မြင်ခဲ့ဖူးတယ်။ သူတို့က သိပ်အံ့ဖွယ်ကောင်းပေမယ့် ကောင်းကင်က ပန်းချီကားလောက် အံ့ဖွယ်မကောင်းသေးဘူး”
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ “ပန်းချီကားထဲက ဝင်္ကပါတွေက ကျွန်တော်တို့ကို နေ၊ လနဲ့ ကြယ်တွေ ပြပေးနေတာပေါ့လေ”
“ဘူး” နွားမည်းကြီးက ချင်မူ့ဘေး၌ ဒေါသတကြီး လာအော်သည်။ ၎င်းဘေးတွင် သမင်မိစ္ဆာမများက နွားကို မ, ချီရန် ကြိုးစားနေကြ၏။
သားသတ်သမားက သမင်မိစ္ဆာမများကို မောင်းထုတ်ကာ နွားကြီး၏ခေါင်းပေါ် ဝက်ခုတ်ဓားမကို တင်လိုက်သည်။ သူက အပေါ်မှ ပိုင်းချတော့မည့်အလား ရွယ်နေရာ နွားမည်းကြီးမှာ ကြောက်လန့်တုန်ရီနေတော့သည်။
သားသတ်သမားက ဓားမကို နွားကြီး၏လည်ပင်းထဲ ထိုးပြီး နွားအရေခွံကို ဂရုတစိုက် နွှာလိုက်သည့်အခါ သမင်မိစ္ဆာများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
နားကန်းက နွားသားရေထဲမှ တုန်ချည့်တုန်ချည့် ထွက်လာကာ ညည်းတွားသည်။ “သားသတ်သမား မင်းကြောင့် ငါ နှလုံးရောဂါ ရလိမ့်မယ်”
“ကောင်းကင်က ပန်းချီကားလိုဆိုပေမယ့် ပန်းချီကားလုံးလုံး မဟုတ်ဘူး။ အထဲမှာ နေ၊ လနဲ့ ကြယ်တွေ ရှိနေတယ်။ အကုန်လုံးက သွန်းလုပ်ထားတဲ့ ရတနာတွေပဲ။ ပန်းချီကားကကျ တကယ့်ကောင်းကင်ကို ဖုံးလွှမ်းထားပြီး နေ၊ လနှင့် ကြယ်ဝင်္ကပါအစီအရင်တွေ ပြထားတာ။ မင်း မလုပ်နိုင်ဘူး။ မင့်သိုင်းအဆင့်က နိမ့်လွန်းတယ်”
သားသတ်သမား ဝက်ခုတ်ဓားမကို ဓားအိမ်ထဲ ပြန်ထည့်ကာ ပြောလိုက်၏။ “ကောင်းကင်က နတ်ဘုရားတွေက နက္ခတ်တာရာပန်းချီကို စောင့်ရှောက်နေတဲ့ ခွေးတွေပဲ ဖြစ်လိမ့်မယ်။ နတ်ဘုရားအစစ်တွေ မဟုတ်ဘူး။ သူတို့က သိပ်သန်မာတယ်။ အထက်ကောင်းကင်ဘုံက ခွေးတွေအောက် အားမနည်းပေမယ့် ငါ အဲဒီကောင်းကင်မျက်လုံးရဲ့ ပိုင်ရှင်ကို မမြင်ခဲ့ရဘူး။ သူက တခြားကမ္ဘာက ဖြစ်လောက်တယ်။ ငါ နက္ခတ်တာရာသဘာဝကို စစ်ဆေးနေတဲ့အချိန်မှာမှ ငါ့ကို သတိထားမိသွားပြီး လှမ်းကြည့်လိုက်တာပဲ”
တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းထားသော ပန်းချီတစ်ခု ရှိသည်။ နေ၊ လ၊ ကြယ်နှင့် နဂါးငွေ့တန်းတို့သည် အလိုအလျောက် လည်ပတ်နိုင်သော ဝင်္ကပါအစီအရင်များ ဖြစ်ကြသည်။ ပန်းချီကား၏ အထူက ကိုက်တစ်ထောင်သာ ရှိပြီး အမြင့်က မိုင်တစ်သောင်းရှိသည်။
ချင်မူ ခေါင်းကိုက်လာသည်။ ဤသည်က ထိုလူသားများ ဖန်ဆင်းနိုင်သည့်အရာလော။
“အဲဒီတုန်းက ငါ ကောင်းကင်ကို ကျော်ပြီး ကြည့်လို့မရခဲ့ဘူး” သားသတ်သမား၏မျက်နှာက ဝမ်းနည်းလာပြန်သည်။ “ငါ့ဓားမက နက္ခတ်တာရာ ပန်းချီကိုပဲ ပိုင်းဖြတ်နိုင်ခဲ့တာ။ အဲဒီအနောက်က အရာကို မပိုင်းဖြတ်နိုင်ခဲ့ဘူး။ အဲဒီတုန်းက ငါ့ရုပ်ခန္ဓာက သန်မာအားကောင်းလို့သာ ငါ မသေခဲ့တာ။ ဒါပေမဲ့ ငါ စိတ်ရူးဖောက်သွားတယ်”
သားသတ်သမား တစ်ချက်တစ်ချက် စိတ်ရူးထဖောက်ခြင်းမှာ ကောင်းကင်ဘုံကို ရွဲ့စောင်းအပြစ်တင်ခြင်းသာ ဖြစ်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာသားတိုင်းတွင် လူကောင်းဟူ၍ မရှိပေ။ အကုန်လုံး၏ ရုပ်ခန္ဓာများနှင့် နှလုံးသားများတွင် ဒဏ်ရာများ ရှိကြသည်။ သူတို့တွင် နာကြည်းချက်များ အနည်းနှင့်အများ ရှိထားကြသည်။
“ကောင်းကင်မှာ ငါ မြင်ခဲ့ရတာတွေကို ဆွဲပြနိုင်တယ်” သားသတ်သမားက ပြောလိုက်သည်။ “ဒါမဲ့ ငါ့ပန်းချီစွမ်းရည်က နားကောင်းလောက် မကောင်းတော့ ရက်ပိုင်းလောက်တော့ အချိန်ပေး မူအာ။ မင်း ကြည့်နိုင်အောင် ငါ ဝင်္ကပါအားလုံး ဆွဲပြပေးမယ်”
ချင်မူ အံ့အားသင့်သွားသည်။
သားသတ်သမားသည် နွားမိစ္ဆာတစ်ကောင် လူပြန်ဝင်စားသကဲ့သို့ ကြမ်းတမ်းရက်စက်ပြီး ရဲတင်း၏။ ထို့အပြင် သူ့မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးငုတ်တိုများကလည်း အလွန်မာသည်။ ဝက်ခုတ်ဓားဖြင့် ရိတ်ပါက မီးပွင့်များပင် ထွက်လာတတ်သည်။
ထိုကဲ့သို့လူကြမ်းကြီးတစ်ယောက်က စာပေနှင့် ပန်းချီနှစ်မျိုးလုံးတွင် ပါရမီရှိချေသည်။ ထို့အပြင် ကောင်းကင်ဓားမဟုပင် တင်စားခေါ်ဝေါ်ခံရသေးသည်။
အခြးတစ်ဖက်တွင် နားကန်းက အံ့ဩခြင်းမရှိပေ။ “ငါတို့ရွာမှာ အနုပညာကို မခံစားတတ်တာ မျက်ကန်းပဲ ရှိတယ်။ သားသတ်သမားရဲ့ စာပေတွေ၊ ပန်းချီတွေအားလုံးက ပထမတန်းစားပဲ။ စိတ်မထည့်ထားလို့သာ။ သူ စိတ်ထည့်လိုက်ရင် သမိုင်းတွင်နိုင်တယ်”
ချင်မူ မျက်ကန်းကို ကြည့်လိုက်သော်လည်း နားကန်းအား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။
နောက်ရက်များတွင် သားသတ်သမားမှာ အခန်းအပြင်မထွက်ဘဲ ပန်းချီဆွဲနေသည်။ ချင်မူ သူ့ကို သွားမနှောင့်ယှက်ပေ။ စစ်ယွင်ရှန်းက လူငယ်ဂိုဏ်းချုပ်ကို ဆက်သွယ်၍ အကြောင်းစုံ တင်ပြထားသည်။ “ဂိုဏ်းချုပ်က အနောက်ကမ္ဘာမြေမှာ ရောက်နေတာ။ ပြန်လာနေပြီတဲ့”
ချင်မူ အံ့ဩသွားသည်။ ‘ဂိုဏ်းချုပ်က အနောက်ကမ္ဘာမြေမှာ ရောက်နေတာဆိုတော့ သူ့အဆက်ဟောင်းကို သွားရှာနေတာများလား’
ထိုအခိုက်အတန့်၌ သူ အသံတစ်သံ ကြားလိုက်ရသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ လူသားဧကရာဇ်နဲ့ တွေ့ဆုံလိုပါတယ်”
ချင်မူ အသံလာရာဆီသို့ လှည့်ကြည့်ကာ တဟားဟား ရယ်လိုက်သည်။ “ကောင်းကင်နတ်မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ဂိုဏ်းသခင်ကို တွေ့ချင်ပါတယ်ဆိုလည်း ရပါတယ်။ လူသားဧကရာဇ်ဆိုတာက ယဉ်ကျေးလွန်းရာ ကျပါတယ်ဗျာ”
စစ်ယွင်ရှန်း အလွန်အမင်း လေးစားနေမိသည်။ ‘ဂိုဏ်းသခင်ရဲ့ အရှက်မရှိတဲ့ အတိုင်းအတာက ငါ ဘယ်တော့မှ မသင်ယူနိုင်တဲ့ အရာပဲ’