← Chapters

ထွက်ခွာသွားရန် အဆင်သင့်ပြင်ခြင်း

Vol. 66 Ch. 913

ထွက်ခွာသွားရန် အဆင်သင့်ပြင်ခြင်း

Vol. 66 Ch. 913

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ စိန်ခေါ်စကားများကို ကြားလိုက်ရသောအခါ မျက်စိမျက်နှာ ပျက်သွားရတော့သည်။ သူ၏အမြင်တွင် အရာအားလုံးမှာ အဆင်ပြေချောမွေ့လွန်းနေခဲ့သည် မဟုတ်ပါလော။ သူသည် လုံနန်ကျစ်အား တစ်ကြိမ်ပြီးတစ်ကြိမ် လှည့်စားနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ပေါ့ဆမိသွားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် အရေးကြီးအခိုက်အတန့်သို့ ရောက်သောအခါမှ လုံနန်ကျစ်၏ ထောင်ချောက်ထဲ၌ မိသွားခဲ့ရ၏။

ယခုတွင် သူ၏ပြိုင်ဘက်မှာ အသာစီးရနေပြီ ဖြစ်သည်။ သူသည် အဖြစ်အပျက်အားလုံးကို ပြန်လည် စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် လုံနန်ကျစ်အား သတ်ဖြတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရပါသော်လည်း တစ်ကိုယ်လုံး တုန်ရီသွားရဆဲပင်။

" လုံနန်ကျစ်ဆိုတဲ့ကောင်က ငါ့ကို အရင်ကတည်းက သံသယဝင်နေခဲ့တာဖြစ်မှာ။ ပြီးတော့ သူက အဝေးကိုရောက်သွားတုန်း ကံကောင်းပြီးတော့ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သေးတယ်။ အဲတာမလို့ ငါတို့က သူ ကိုယ်ပွားတစ်ခု ဖန်တီးထားတာကို သတိမထားမိခဲ့တာပဲ... " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ စိန်ခေါ်မှုများကို လျစ်လျူရှုကာ နှုတ်ဆိတ်သွား၏။ သူသည် ထာဝရကြယ်မျက်လုံးကြီးအား အသက်ဝင်လာအောင်လုပ်ခဲ့သည့် လူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိအခြေအနေများအရ သူသည် ဆက်လက်တိုက်ခိုက်နေရန် မဖြစ်တော့ပေ။

သူသည် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သာမန်ကျင့်ကြံသူများထက် ထာဝရကြယ်မျက်လုံးအကြောင်း ပို၍နားလည်ထားသည်။ ထာဝရကြယ်မျက်လုံးအား အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသွားပြီဖြစ်သော ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ကြီး၏ အနီးတွင် ရှိနေသရွေ့ စွမ်းအားများ တိုးပွားလာနေမည်ဖြစ်ရာ မည်သည့်ဂြိုဟ်အဆင့် ကျင့်ကြံသူကိုမှ ကြောက်ရွံ့နေမည်မဟုတ်တော့ပေ။ ယခုတွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူများသာလျှင် သူ့အား အန္တရာယ်ပြုနိုင်စွမ်း ရှိတော့ပေသည်။

အမှန်တိုင်းဆိုရလျှင် ထာဝရကြယ်မျက်လုံးပေါ်၌ တိုက်ခိုက်ရမည်ဆိုပါက ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။ ထို့အပြင် အချို့မှာဆိုလျှင် သူ့အား သတ်ဖြတ်နိုင်မည်မဟုတ်ဘဲ အဝေးသို့ တည်နေရာပြောင်းရွှေ့ကာ ထွက်ပြေးဆုတ်ခွာသွားရုံလောက်သာ ဖိအားပေးနိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ လုံနန်ကျစ်မှာ ထာဝရကြယ်ကြီးပေါ်မှ တစ်ဖဝါးမှ မခွာဘဲ ရှိနေမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ ပြိုင်ဘက်ကင်းနေမည်သာ ဖြစ်သည်။

သို့သော် အရေးကြီးသည့်အချက်မှာ သူသည် ထာဝရကြယ်မျက်လုံးထဲတွင်သာ ရှိနေရမည်ဖြစ်သည်။

အကယ်၍ သူသာ ထာဝရကြယ်မျက်လုံး အပြင်ဘက်သို့ ထွက်လာမည်ဆိုပါက သူ၏ စွမ်းအားမှာ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။ ထို အခိုက်အတန့်တွင် ဂြိုဟ်အဆင့် ကျင့်ကြံသူအချို့ အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်ရုံနှင့် သူသည် အသက်ပျောက်သွားနိုင်ပေသည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ တွေးတော့လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ သူတို့နှစ်ယောက် အသံလွှင့်အကြောင်းကြားစာများ ပြန်အလှန်ပေးပို့ကာ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရသည်။ သူသည် သူတို့ပြောနေသည့် စကားများကို မကြားနိုင်ပါ‌သော်လည်း သူတို့၏ မျက်နှာများပေါ်ရှိ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ ခဏအကြာတွင် သူတို့မှာ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှေးသွားကာ နောက်သို့ ဆုတ်ခွာသွားလိုက်ပြီးနောက် လူတိုင်း၏ရှေ့မှ ပျောက်ကွယ်သွားပြီး ထာဝရကြယ်ကြီးဆီသို့ ပြန်သွားလိုက်၏။

ထာဝရကြယ်ကြီးမှာ ဖျက်စီးအားကောင်းသော သဘာဝစွမ်းအားတစ်မျိုးကဲ့သို့ပင်။ အခြားသူများ၏ အမြင်တွင် ၎င်းမှာ စူးရှတောက်ပကာ အဆမတန် ပူပြင်းသည့် လေမုန်တိုင်းကြီးတစ်ခုနှင့် တူနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ၎င်းအား ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူ့အတွက် အန္တရာယ်မရှိပေ။ သူ ရောက်ရှိသွားသည့် နေရာတိုင်းရှိ အန္တရာယ်များသော အပူလှိုင်းများမှာ သူ့အတွက် လမ်းဖယ်ပေးလိုက်ရသည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိသွားခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်များကြောင့် မရိုးမရွ ဖြစ်သွားရသည်ကို ခံစားမိလိုက်၏။ သူသည် ဆန္ဒရှိရုံနှင့် ထာဝရကြယ်မျက်လုံးအား ထိန်းချုပ်ကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ မည်သည့်နေရာကိုမဆို တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့နောက် သူသည် ထာဝရကြယ်ဆီသို့ ပြန်လည် တည်နေရာပြောင်းရွှေ့လိုက်ရုံပင်။

ဝမ်ပေါင်လဲ့မှာ ထို အတွေးများကြောင့် မျက်ဝန်းများ အရောင်တောက်ပလာရ၏။ သို့သော် သူသည် အလောတကြီး ပြုမူခဲ့ခြင်းမရှိဘဲ လုပ်ပိုင်ခွင့်အာဏာအသစ်အား ကျင့်သားရသွားအောင် ‌အချိန်ပေးရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူ ထာဝရကြယ်မျက်လုံးကြီးအကြောင်း ပို၍နားလည်လာသည့် အချိန်တွင်မှ ဆက်လုပ်ရမည့်အရာကို ဆုံးဖြတ်မည် ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အရှိန်မြှင့်တင်ကာ ထာဝရကြယ်ပေါ်၌ ပြေးလွှားနေတော့သည်။ သူသည် ထာဝရကြယ်ကြီးနှင့် တစ်သားတည်း ဖြစ်လာနေသည့်အလား ခံစားနေရ၏။ သူသည် ထိုခံစားချက်အား ရင်းရင်းနှီးနှီး သိရှိထားပြီးဖြစ်သည်။ သူသည် ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက် ဖြစ်ရာ ၎င်းမှာ ဓမ္မလက်နက်တစ်ခုနှင့် ချိတ်ဆက်နိုင်သွားသည့် အချိန်တိုင်း ခံစားရသည့် တုန်ခါမှုလှိုင်းများနှင့် ဆင်တူကြောင်း သိထား၏။

" ငါ့ရဲ့ ခန့်မှန်းချက်က မှန်တာပဲ။ ထာဝရကြယ်မျက်လုံးက တကယ်တမ်းတော့ ဧရာမ ဓမ္မအဆောင်ပစ္စည်းတစ်ခုပဲကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်မိလိုက်ပြီး အင်္ဂါဂြိုဟ်ပေါ်ရှိ သူ၏ အမှောင်ပစ္စည်းအား ပြန်၍ သတိရသွားတော့သည်။

" ငါ အချိန်အကြာကြီး အားဖြည့်ပေးပြီးသွားပြီဆိုတော့ အဲဒီ အမှောင်အဆောင်ပစ္စည်းကို အင်္ဂါဂြိုဟ်ထဲကနေ ထုတ်ယူလို့ရလောက်ပြီ "

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေရ၏။ သူသည် ထာဝရကြယ်ပေါ်၌ လှည့်လည်သွားလာနေလိုက်ပြီးနောက် တစ်နေရာ၌ အောက်သို့ထိုင်ချလိုက်သည်။ ထို့နောက် သူသည် သူ ရရှိပိုင်ဆိုင်ထားသည့် လုပ်ပိုင်ခွင့်အာဏာအား အသေးစိတ် အကဲခတ်လေ့လာနေလိုက်တော့သည်။ ထိုသို့ဖြင့် နှစ်ပတ်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်လာ၏။ သူသည် ထာဝရကြယ်မျက်လုံးအကြောင်း နှံ့နှံ့စပ်စပ် နားလည်သွားပြီဖြစ်သည်။

" နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက ဘယ်နေရာကိုမဆို တည်နေရာပြောင်းရွှေ့ပေးနိုင်စွမ်း ရှိတာပဲ။ ပြီးရင် အကြိမ်အရေအတွက် အကန့်အသတ်လည်း မရှိဘူး။ ထာဝရကြယ်ကြီးရဲ့ စွမ်းအင်းတွေကိုပါ အသုံးပြုလိုက်မယ်ဆိုရင် တာဝေး တည်နေရာပြောင်းရွှေ့မှုလုပ်ငန်းစဉ်တွေကိုပါ ဆောင်ရွက်နိုင်စွမ်းရှိတယ်... ဒါပေမဲ့ အရင်ဆုံး ကျင့်ကြံခြင်းအဆင့် အဆင့်တစ်ခုမှာ ရောက်နေဖို့လိုတယ် " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အသက်ရှူသံများ မြန်ဆန်လာရ၏။ သူ၏ ခန့်မှန်းချက်များအရဆိုလျှင် သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် လိုအပ်သည့် အဖိုးအခများကို ပေးဆပ်နိုင်မည်ဆိုပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးအား နေအဖွဲ့အစည်းဆီသို့ပင် တည်နေရာပြောင်းရွှေ့စွမ်း ရှိသွားမည်ဖြစ်သည်။

လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်သေးသောကြောင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်စွမ်း မရှိသေးပါသော်လည်း သူသည် သူ့ကိုယ်သူ ကမ္ဘာဂြိုဟ်ဆီသို့ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူသည် စိတ်ထဲတွင်ဆုတောင်းလိုက်ရုံပင်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသေးသည့် အချက်ကြောင့် သူသည် ကမ္ဘာဂြိုဟ်ဆီသို့ ပြန်ရောက်ပြီးသွားပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ပြန်ရောက်လာနိုင်တော့မည် မဟုတ်ပေ။

သို့သော် ထိုအချက်မှာ သူ့အတွက် ရေးကြီးခွင်ကျယ် မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရဆဲပင်။ သူသည် နေအဖွဲ့အစည်းဆီသို့ ပြန်သွားလိုသည့် ဆန္ဒများကို ချုပ်တည်းထားနိုင်ရန် မနည်းကြိုးစားလိုက်ရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသော အခါမှသာ သူသည် စိတ်ကို တည်ငြိမ်အောင်ထားနိုင်သွားပြီး မျက်လုံးများ မှေးသွားတော့သည်။

" စိတ်ရှည်ရှည်ထားမှဖြစ်မယ်... ဒီက ကိစ္စတွေကို အရင်ဆုံးပြီးအောင် ဖြတ်ခဲ့မှရမယ် " ဝမ်ပေါင်လဲ့မှာ ယခုလို လက်ဗလာနှင့် ထွက်ခွာသွားရန် စိတ်မပါပေ။ သူသည် အများကြီး ဒုက္ခခံခဲ့ရသည်ဖြစ်ရာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် တစ်ခုလောက်နှင့် ကျေနပ်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဆီသို့ ပြန်လာနိုင်စွမ်းမရှိတော့ပါက ထာဝရကြယ်မျက်လုံးကြီးအား သူနှင့်အတူ ယူဆောင်သွားနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အကယ်၍ သူသာ ၎င်းအား ဤနေရာ၌ ချန်ရစ်ထားခဲ့မည်ဆိုပါက တစ်စုံတစ်ယောက်မှာ ၎င်းအား လုယူသွားမည်သာ ဖြစ်သည်။ သူသည် ထာဝရကြယ်အား ထိန်းချုပ်ခွင့်ရှိနေသည့်တိုင်အောင် အစွမ်းထက် ကျင့်ကြံသူကြီးများအတွက်မူ ထာဝရကြယ်မျက်လုံး၏ လုပ်ပိုင်ခွင့်အာဏာအား ခိုးယူနိုင်ရန်မှာ ထမင်းစားရေသောက်အဆင့်တွင်သာ ရှိနေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။

" ပြီးတော့ ကြယ်သုဿာန်လည်း ကျန်သေးတယ်။ ငါ အဲဒီနေရာကို သွားချင်သေးတယ်ကွ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ဂြိုဟ်အဆင့်သို့ တက်လှမ်းလိုသည့် စိတ်ဆန္ဒမီးတောက်များ တောက်လောင်လာတော့သည်။

သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မဟာမိတ်ဖွဲ့ခဲ့ရသည့် အကြောင်းရင်းမှာ သူ့ဆီတွင် ရှိနေသည့် ကြယ်သုဿာန်ဝင်ခွင့်နေရာအား ရရှိလိုသောကြောင့်သာ ဖြစ်ကြောင်း ကောက်ချက်ချထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား သတ်ဖြတ်လိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုဝင်ခွင့်နေရာအား ပိုင်ဆိုင်သွားမည်သာဖြစ်သည်...

ထိုအတွေးများကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲမှ လောဘစိတ်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။ သူသည် ကြယ်သုဿာန်အကြောင်း များများစားစား မသိထားပေ။ ၎င်းမှာ အဆုံးမဲ့တာအိုနယ်မြေထဲမှ ထိပ်သီးအဆင့် အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများ၏ ပါရမီရှင်များအား ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည့် အထူးအခွင့်အရေးများနှင့် ပြည့်နှက်နေသော နယ်မြေကြီးတစ်ခုသာ ဖြစ်သည်ဟု သိထား၏။ သို့သော် သူသည် ဝိညာဉ်လှေကြီးပေါ်၌ တစ်ကြိမ် လိုက်စီးပြီးသွားပြီ ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံ စက္ကူရုပ်လေးကြောင့်လည်း ကြယ်သုဿာန်အကြောင်း ပို၍ စိတ်ဝင်စားနေရ၏။ သို့သော် သူသည် တမူထူးခြားသည့် လူတစ်ယောက် ဖြစ်နေသောကြောင့် မဟုတ်ဘဲ သိုလှောင်လက်စွပ်ထဲရှိ ထိုစက္ကူရုပ်လေးကြောင့်သာ လှေပေါ်သို့ တက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိထားသည်။ သို့ဖြစ်ရာ ဝင်ခွင့်နေရာတစ်ခုအား ပိုင်ဆိုင်ထားခြင်းမရှိပါက လှေပေါ်သို့‌ နောက်ထပ်တစ်ကြိမ် ထပ်တက်နိုင်လျှင်တောင် လှေပေါ်၌ လိုက်ပါစီးနင်းခွင့်ရမည် မဟုတ်ပေ။ ပထမဆုံးအကြိမ်တုန်းကအတိုင်း လှေသမားကြီးမှာ သူ့အား နှင်ချလိုက်မည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပြည့်နှက်သွား၏။ သူသည် လှေပေါ်သို့ တက်ခွင့်ရရန် အစွမ်းကုန် ကြိုးစားမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူ အရင်ဆုံး အာရုံစိုက်ရမည့် အရာများ ကျန်ရှိနေသေးသည်။

၎င်းတို့မှာ... ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့ ဖြစ်ကြပေသည်။ သူတို့မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်ထဲတွင် ရှိနေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူ၏ ဝိညာဉ်ခန္ဓာကိုယ်သာ ပျက်စီးသွားမည်ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်မှာ ဒဏ်ရာအချို့ ရသွားနိုင်ပါသော်လည်း အသက်ရှင်ကျန်ရစ်နေခဲ့မည်သာဖြစ်သည်။ သို့သော် သူတို့မှာမူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူ၏ အစီအစဉ်သာ အောင်မြင်သွားခဲ့မည်ဆိုပါက သူသည် ကြယ်သုဿာန်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူတို့အား သူနှင့်အတူ အန္တရာယ်တောထဲသို့ ခေါ်သွားနိုင်မည်မဟုတ်ပေ။ ၎င်းမှာ အလျော်အစားကြီးသည့် လောင်းကြေးတစ်ခု ဖြစ်ပေသည်။ သူသည် ကျားအစာအား ၎င်း၏ ခံတွင်းဝထဲမှ လုယူနိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ သေကျေပျက်စီးသွားနိုင်ခြေ အများကြီး ရှိပေသည်။

သို့သော် သူတို့ သုံးယောက်အား ထာဝရကြယ်မျက်လုံးပေါ်၌ ချန်ရစ်ထားခဲ့ခြင်းမှာလည်း သင့်တော်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာမှာ သူ ထာဝရကြယ်မျက်လုံးပေါ်၌ ရှိနေသည့် အချိန်တွင်သာ သူ့အား ဘေးကင်းလုံခြုံမှု ပေးနိုင်မည်ဖြစ်သည်။ သူ ထာဝရကြယ်ပေါ်မှ ထွက်ခွာသွားသည့်နှင့် ထိုသုံးယောက်မှာ ထာဝရကြယ်မျက်လုံးကြီး၏ ခြစ်ခြစ်တောက် ပူပြင်းနေသော အပူလှိုင်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရမည်သာဖြစ်သည်။

" ပြဿနာ သိပ်မရှိပါဘူး။ သူတို့ကို အနီးနားတစ်ဝိုက်မှာရှိတဲ့ လျှို့ဝှက်လူမှုအဖွဲ့အစည်း တစ်ခုခုဆီကို ပို့ထားလိုက်မယ်လေ။ အခုလောလောဆယ်မှာ ငါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲကနေ ကမ္ဘာဂြိုဟ်ဆီကို အသွားခရီးတစ်ခေါက်စာပဲ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိနေသေးပေမဲ့ ကမ္ဘာဂြိုဟ်နဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုခုဆီကို တည်နေရာပြောင်းရွှေ့မယ်ဆိုရင်တော့ အသွားအပြန် လုပ်နိုင်စွမ်းရှိလောက်ပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ကျောက်ယမုန့်ဆီသို့ စေလွှတ်လိုက်၏။ သူသည် ထိုကိစ္စအား သူမနှင့် ဆွေးနွေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ တစ်အောင့်ခန့် အကြာတွင် ထာဝရကြယ်ကြီး၏ မျက်နှာပြင်ပေါ်၌ အပူလှိုင်းများ ပျံ့နှံ့သွား၏။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် တည်နေရာပြောင်းရွှေ့ကာ ပျောက်ကွယ်သွားသည်နှင့် ထာဝရကြယ်မျက်လုံးကြီး၏ မျက်နှာပြင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ဗြောင်းဆန်သွားကြ၏။ ထို့ကြောင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူတိုင်းမှာ နေမင်းကြီး စူးရှတောက်ပစွာ ဝင်းလက်သွားသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဥ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးတို့မှာ သုန်မှုန်နေသည့် မျက်နှာအမူအရာများဖြင့် ကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြ၏။

" သူ ထွက်သွားပြီလား " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် နက်မှောင်နေသည့် နေမင်းကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဝင်းလက်တောက်ပသွားပြန်သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း အပေါက်မှာ နောက်ထပ်တစ်ကြိမ် ထပ်ပွင့်သွားသဖြင့် ဝိညာဉ်စွမ်းအင်လှိုင်းများ ထပ်၍ ထွက်ပေါ်လာပြန်သည်။ မကြာသေးမီတုန်းက ပျောက်ကွယ်သွားခဲ့သည့် ဝမ်ပေါင်လဲ့မှာလည်း ထာဝရကြယ်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာ၏။

All Chapters