အခွင့်းကောင်းတစ်ခုအား စောင့်ဆိုင်းခြင်း
Vol. 66 Ch. 914
ယခုတွင် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်မျက်လုံးအား ထိန်းချုပ်နိုင်စွမ်းရှိနေပြီဖြစ်ရာ အတော်အသင့် ဝေးကွာသည့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်းမှာ သူ့အတွက် အထူးတလည် ခဲယဥ်းနေခြင်းမရှိတော့ပေ။ သူ သွားချင်သည့် နေရာမှာ အဝေးကြီးတွင် ရှိမနေသရွေ့ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် အသွားအပြန်လုပ်၍ ရနေပြီဖြစ်သည်။
အစတွင် သူသည် ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အား ရှဲ့မိသားစုပိုင်သည့် ဈေးထဲ၌ ဝှက်ထားရန် တွေးမိခဲ့သေးသည်။ ထို ဈေးထဲတွင်ဆိုလျှင် သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရပေသည်။ သို့သော် ထိုဈေးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အတော်အသင့် ကွာဝေးနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ သွားလိုပါက အင်အားအများကြီး စိုက််ထုတ်ရမည် ဖြစ်သည်။ ထို့အပြင် သူ၏ လက်ရှိအစွမ်းအစများနှင့်ဆိုလျှင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ပြန်လာနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း သူသည် ဒုတိယမြောက် အကောင်းဆုံးနည်းလမ်းအား ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။ သူသည် လူမနေသည့် ဥက္ကာပျံတစ်လုံးအား ရှာဖွေခဲ့ပြီးနောက် ထို ဥက္ကာပျံပေါ်၌ မန္တန်အစီအရင်တစ်ခု တပ်ဆင်ခဲ့၏။ ထို့အပြင် သူသည် ဝူလေးနှင့် ကျောက်ယမုန့်တို့၏ အစွမ်းအစများကိုလည်း အကောင်းဆုံး အသုံးချခဲ့သေးသည်။ သို့ဖြစ်ရာ ကျယ်ပြောလှသည့် စကြဝဠာကြီးထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ဥက္ကာပျံများထဲ၌ ရှိနေသည့် ဤ သာမန် ဥက္ကာပျံလေးအား ရှာတွေ့နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
အကယ်၍ ၎င်းအား ရှာတွေ့သွားလျှင်တောင် ထိုသို့ ရှာတွေ့သွားသည့်လူများမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ မဟုတ်ပါက ပြဿနာမရှိပေ။ ကျောက်ယမုန့်၏ ဉာဏ်ရည်ဉာဏ်ရည်သွေးနှင့် ဝူလေး၏ လှည့်စားနိုင်စွမ်းများကြောင့် သူတို့မှာ ဘေးအန္တရာယ် ကင်းနေမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ အပြန်ခရီးအတွက် စိတ်ပူနေခဲ့ခြင်းမရှိပေ။ သူသည် ထာဝရကြယ်ဆီသို့ ပြန်ရောက်သွားသည့် အချိန်တွင် မည်သည့်အရာကိုမှ စိတ်ပူနေစရာမလိုပေ။ ယခုတွင် သူ၏စိတ်ထဲ၌ အလိုချင်ဆုံး ဆန္ဒတစ်ခုသာ ရှိပေသည်။
" ကြယ်သုဿာန် " ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ပေါ်တွင် ထိုင်ရင်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်အား လှမ်းကြည့်နေ၏။ ထိုနေရာတွင် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သည့် သူ၏ ခန္ဓာကိုယ်အစစ် အိပ်မောကျနေသည်။
" မလိုရင်တော့ အဲဒီဝှက်ဖဲကို လုံးဝ မသုံးဘူး... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူ၏ ခန္ဓာကိုယ်အစစ်မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထက် ပို၍ အစွမ်းထက်ပါသော်လည်း ၎င်းမှာ အားနည်းချက်များလည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို ခန္ဓာကိုယ်အစစ်ထဲတွင် ရှိနေမည်ဆိုပါက ဒဏ်ရာများကို အမှန်တကယ် ခံစားရမည် ဖြစ်ရာ ၎င်းမှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်နှင့် မတူပေ။ ယခုတွင် သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲ၌ ရှိနေသောကြောင့် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်စွမ်း ရှိနေ၏။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုမှာ သူ့အား လိုက်လံရှာဖွေနေဆဲဖြစ်သည်။ ထို့ကြောင့်လည်း သူသည် တွေဝေတုံ့ဆိုင်းနေရခြင်း ဖြစ်သည်။
သူသည် သူ၏ အကြည့်အား ပင်မဂြိုဟ်ပေါ်မှ ရုပ်သိမ်းလိုက်ပြီးနောက် ထာဝရကြယ်အပြင်ဘက်ရှိ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်းအား လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် သူ၏ အကြည့်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ စခန်းပေါ်သို့ ရောက်သွားတော့သည်။
သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရန်လိုအပ်ပေသည်။ ထိုနည်းလမ်းမှာ အမြန်ဆုံးဖြစ်ပါသော်လည်း ထင်သလောက် လွယ်ကူရိုးရှင်းနေမည်တော့ မဟုတ်ပေ။ ခေါင်းဆောင်ကြီးမှာ အလယ်အလတ် ဂြိုဟ်အဆင့်တွင် ရှိနေသည်ဖြစ်ရာ သူသည် ခေါင်းဆောင်ကြီးအား ယှဉ်ပြိုင်တိုက်ခိုက်လိုက်မည် ဆိုလျှင်တောင် အနိုင်ရရှိနိုင်မည် မဟုတ်ပေ။ သူသည် ထို ခေါင်းဆောင်ကြီးအား အလျင်အမြန် သတ်ဖြတ်နိုင်စွမ်း ရှိမည်လည်း မဟုတ်ပေ။
အကယ်၍ ထိုတိုက်ပွဲကြီးမှာ အချိန်ကြာမြင့်သွားမည်ဆိုပါက သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့၏ ပူပေါင်းတိုက်ခိုက်ခြင်းကိုလည်း ခံလိုက်ရဦးမည်ဖြစ်သည်။ သူတို့မှာ သူ့အား တည်နေရာပြောင်းရွှေ့နိုင်စွမ်းမရှိအောင် တားဆီးနိုင်သည့် နည်းလည်းများကိုပင် ပိုင်ဆိုင်ထားလောက်ပေသည်။ ထိုသို့သာဆိုပါက သူသည် သူ၏အသက်အား ဖက်နှင့်ထုပ်ကာ ရန်သူများ၏ လက်ထဲသို့ ထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားမည်မဟုတ်ပါလော။
" ခေါင်းခဲစရာပါလား " ဝမ်ပေါင်လဲ့မှာ နဖူးအား လက်ဖြင့်ပွတ်ကာ လတ်တလောတွင် ထိုကိစ္စအကြောင်း မတွေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ တရားထိုင်လိုက်၏။ ထို့အပြင် သူသည် သူ၏ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင် ပြုလုပ်နိုင်ရန် အလို့ငှာ ထိုသို့ တရားထိုင်ရင်း လေ့ကျင့်နေလိုက်သေးသည်။
ထိုသို့ဖြင့် ခုနစ်ရက်တိတိကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ တစ်ဖက်တွင် ထာဝရကြယ်မျက်လုံးနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းတို့အား စောင့်ကြည့်နေသလို အခြားတစ်ဖက်တွင်လည်း ကျင့်ကြံခြင်းလေ့ကျင့်ရန် အာရုံစိုက်ထား၏။
သူသည် ထိုကဲ့သို့ အာရုံများနေရသည်ဖြစ်ရာ သူ၏ လေ့ကျင့်ခန်းများထဲမှ အကောင်းမွန်ဆုံး ရလဒ်များကို မရရှိနိုင်ခဲ့ပါသော်လည်း နောက်ဆုံးတွင် သူ စိတ်ကျေနပ်လောက်သည့် ရလဒ်များကို ပိုင်ဆိုင်သွားဆဲပင်။ ထို့အပြင် သူသည် ထာဝရကြယ်မျက်လုံး၏ အကူအညီဖြင့် လွန်ခဲ့သည့် ခုနစ်ရက်အတွင်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး စခန်းထဲမှ သုံးကြိမ်တိတိ ထွက်ခွာသွားခဲ့သည်ကိုလည်း မြင်ခဲ့ရသေးသည်။
ထို ခုနစ်ရက်အတွင်းတွင် အခြားဂြိုဟ်အဆင့်ကျင့်ကြံသူများမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးဆီသို့ လာရောက်လည်ပတ်ခဲ့ခြင်း မရှိပေ။ ထို ဂြိုဟ်အဆင့် ကျင့်ကြံသူများအားလုံးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခပ်ကင်းကင်းသာ နေခဲ့ကြ၏။ ထို့ကြောင့် ထို ခေါင်းဆောင်ကြီး စခန်းထဲမှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်လိုစိတ်များ ပေါ်ပေါက်လာခဲ့ပါသော်လည်း သူ၏ စိတ်ဆန္ဒများကို ပြန်၍ ချုပ်တည်းခဲ့သည်။ ထို့နောက် သူသည် ထို ခေါင်းဆောင်ကြီး စခန်းထဲမှ နောက်ထပ်နှစ်ကြိမ်တိတိ တစ်ယောက်တည်း ထွက်ခွာလာသည်ကို ထပ်မြင်လိုက်ရပြန်သည်။ ထိုအခါမှသာ သူသည် ထို ခေါင်းဆောင်ကြီးမှာ ထိုကဲ့သို့ တမင်တကာ ပြုမူနေခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
သူသည် ဝမ်ပေါင်လဲ့အား မျှားခေါ်ရန် ကြိုးစားနေခြင်းဖြစ်၏။ တတိယမြောက် အကြိမ်တုန်းကဆိုလျှင် ထို ခေါင်းဆောင်ကြီးမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်နိုင်ရန်ပင် ကြိုးစားပြခဲ့သေးသည်။
ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် ကြိုးစားနေသည့် ကျင့်ကြံသူတစ်ယောက်အတွက် ကြောက်စရာအကောင်းဆုံး အရာမှာ ထိုကဲ့သို့ကြိုးစားနေစဉ် နှောင့်ယှက်ခံရခြင်း ဖြစ်ပေသည်။ ထိုသို့သာ နှောင့်ယှက်ခံလိုက်ရမည်ဆိုပါက ဘေးထွက်ဆိုးကျိုးများကို ခံစားလိုက်ရမည်ဖြစ်ရာ ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ နှယ်နှယ်ရရ လူစားမျိုး မဟုတ်ကြောင်း သိနိုင်ပေသည်။ သာမန်လူများလျှင် ထိုကဲ့သို့ ပြုမူရဲကြမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး မတ်တတ်ထလာ၏။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ လေထဲတွင် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား ကိုယ်စားပြုသည့် ဝိညာဉ်စွမ်းအင်လှိုင်းများ စတင်ထွက်ပေါ်လာတော့သည်။ သို့သော် ထို လုပ်ငန်းစဉ် အထမမြောက်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ရန်သူအား တိုက်ခိုက်လိုသည့် ဆန္ဒများကို ပြန်လည်ချုပ်တည်းလိုက်၏။
သူသည် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုမရှိပေ။ ထို့အပြင် သူ၏ ခေါင်းထဲတွင်လည်း ရုတ်တရက်ဆိုသလို နောက်ထပ်အတွေးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ ကြယ်ကြွေလှေပေါ်၌ လိုက်ပါသွားနိုင်မည့် အခြားနည်းလမ်းတစ်ခုခု ရှိနေလောက်သေးသည်ဆိုသည့် အတွေးပင် ဖြစ်သည်..
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကို သတ်နိုင်ဖို့ ကြိုးစားနေစရာမလိုပါဘူး။ အဲဒီနည်းလမ်းက အန္တရာယ်များတဲ့အပြင် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းလည်း တော်တော်နည်းတယ် "
" တခြားနည်းလမ်းတစ်ခုခု ရှိဦးမှာပါ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ဝင်ခွင့်နေရာကို လွှဲပြောင်းယူပြီးတဲ့ အချိန်အထိ စောင့်ပြီးတော့မှ လှေပေါ်ကို တက်နိုင်အောင် ကြိုးစားပြီးတော့ သူတို့ရဲ့ ဝင်ခွင့်ကို လုယူလို့ရတယ်လေ.... လှေပေါ်ကို တင်ဖို့ သူတို့ ရွေးထားတဲ့ ပါရမီရှင်က ဂြိုဟ်အဆင့်မှာ ရှိနေဦးမှာမဟုတ်ဘူး။ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်မှာပဲ ရှိနေဦးမှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် အောက်သို့ပြန်ထိုင်ကာ သူ၏ အစီအစဉ်အသစ် အလုပ်ဖြစ်နိုင်မဖြစ်နိုင် အပြန်ပြန်အလှန်လှန် သုံးသပ်နေတော့သည်။
" ငါ ကြုံတွေ့ရနိုင်တဲ့ ပြဿနာသုံးခုတော့ ရှိတယ် "
" ပထမပြဿနာက ငါ ထာဝရကြယ်ပေါ်ကနေ ထွက်ခွာသွားပြီးရင် ဝိညာဉ်လှေကြီးဆီကို ဘယ်လိုသွားရမလဲဆိုတဲ့ အချက်ပဲ။ ထာဝရကြယ်မျက်လုံးရဲ့ တည်နေရာပြောင်းရွှေ့ခြင်းအပေါက်ကို အသုံးပြုလိုက်ရင်တော့ အဲဒီပြဿနာကို ဖြေရှင်းလို့ရတယ်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ထာဝရကြယ်မျက်လုံးကို စောင့်ကြည့်နိုင်ဖို့ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်ကို စေလွှတ်ခဲ့ရင်တောင် ငါ တိတ်တိတ်ကလေး လစ်ထွက်သွားလို့ ရမှာပါ... "
" ဒုတိယပြဿနာက ငါ လှေပေါ်ကို ဘယ်လိုပြန်တက်ရမလဲဆိုတဲ့ အချက်ပဲ "
" တတိယပြဿနာက... ငါ လှေပေါ်ကိုရောက်သွားရင် လှေသမားကြီး ငါ့ကိုမတိုက်ခိုက်အောင် ဘယ်လိုတားဆီးရမလဲဆိုတဲ့ အချက်ပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် နောက်ဆုံးပြဿနာ နှစ်ခုအား ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပေ။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ သူ၏ လက်ဖဝါးအား လှန်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အား ထုတ်ယူလိုက်၏။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏ နတ်ဘုရားစိတ်ဆန္ဒ အမျှင်အတန်းအား ထိုလက်စွပ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။
" လူကြီးမင်း။ လူကြီးမင်းရဲ့ အကူအညီအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းကြောင့် ကျွန်တော် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့တာပါ။ ပြီးတော့ အိပ်ရာကနေ ထလာပြီးတော့ ကြယ်ကြွေလှေကြီးကို တစ်ကြိမ်ပြီးတစ်ကြိမ် ခေါ်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါရစေ။ ကျွန်တော့်အထင်တော့ လူကြီးမင်း အဲလိုလုပ်ခဲ့ရတဲ့ အကြောင်းပြချက် တစ်ခုပဲ ရှိမယ်ထင်တယ်... " ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံအား သေသေချာချာ ထိန်းချုပ်ကာ ဆိုလိုက်၏။ ထို့နောက် သူသည် သိုလှောင်လက်စွပ်ထဲမှ မည်သည့်စကားသံမှ ပြန်မကြားရသဖြင့် နှုတ်ဆိတ်သွားရပြီး အတွေးများထဲ၌ နစ်မျောသွားသည်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် သူ၏ အစီအစဉ်အား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့သည်။
" ဒါ ကျွန်တော်ရဲ့ လက်ရှိ အခြေအနေပါပဲ။ ကျွန်တော်က ကြယ်သုဿာန်ဝင်ခွင့်တစ်နေရာစာ မရနိုင်ဘူးဖြစ်နေတာ။ အဲတာမလို့ လှေပေါ်ကို ရအောင်တက်ပြီးတော့ ဝင်ခွင့်ရဖို့ ကြိုးစားဖို့ လိုပါတယ် "
" လူကြီးမင်း ကျွန်တော့်ကို လှေပေါ်တက်နိုင်အောင်နဲ့ ကျွန်တော့်ရဲ့ ပစ်မှတ်ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်အောင် ကူညီပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ် " ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားစိတ်ဆန္ဒ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်ဆီသို့ ရောက်ရှိသွားခြင်းရှိမရှိ အတိအကျ မသိပေ။ သူသည် ထို လူပုံစံစက္ကူရုပ်မှာ နိုးနေလိမ့်မည်ဟု ခံစားနေရ၏။ ဝိညာဉ်လှေကြီး၏ ပေါ်ပေါက်လာမှုမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်မှာ ထိုဖြစ်ရပ်များအားလုံးနှင့် ဆက်နွှယ်နေရပေမည်။
သူသည် သူ တာအိုဂါထာတော်အား ရွတ်ဖတ်ခဲ့ပြီးနောက် ထို လူပုံစံစက္ကူရုပ်ဆီမှ ထွက်ပေါ်လာခဲ့သည့် ဝိညာဉ်စွမ်းအင်လှိုင်းများကို မှတ်မိနေဆဲပင်။ သူသည် ထို လူပုံစံစက္ကူရုပ်၏ လုပ်ရပ်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို အတိအကျ မသိပါသော်လည်း ၎င်းမှာ သူ့အား ဝိညာဉ်လှေပေါ်သို့ နောက်ထပ်တစ်ကြိမ် ထပ်၍ တက်နိုင်ရန်နှင့် ကြယ်သုဿာန် ဝင်ခွင့်နေရာတစ်နေရာ ရရှိနိုင်အောင် ကူညီပေးရန် သဘောတူလိမ့်မည်ဟု ခံစားနေရသည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားစိတ်ဆန္ဒအား စေလွှတ်လိုက်ပြီးနောက် ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်းမရှိဘဲ နှုတ်ဆိတ်ကာ စောင့်ဆိုင်းနေလိုက်၏။ ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားသောအခါ လူပုံစံစက္ကူရုပ်၏ ကျောချမ်းဖွယ်ရာ ရယ်မောသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။
ထိုရယ်သံကြီးမှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့၏။ လူပုံစံစက္ကူရုပ်မှာ စကားတစ်ခွန်းမှ ပြောခဲ့ခြင်းမရှိပါသော်လည်း ၎င်းမှာ သူ၏ တောင်းဆိုမှုအား လက်ခံလိုက်ပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ခံစားလိုက်ရသည်။ ထို ခံစားချက်ကြီးမှာ ထူးဆန်းလွန်းသောကြောင့် သူသည် ၎င်းအား စကားလုံးများနှင့် ရှင်းပြနိုင်စွမ်းမရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ သိုလှောင်လက်စွပ်အား ဘေးသို့ချကာ မတ်တတ်ထလာပြီး တရိုတသေ ဦးညွှတ်လိုက်တော့သည်။
" ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း "
သူသည် ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပြီးနောက် သိုလှောင်လက်စွပ်အား သိမ်းဆည်းကာ အောက်သို့ ပြန်ထိုင်ချလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။ ယခုတွင် သူသည် စောင့်ဆိုင်းနေရန်သာ လိုတော့သည် မဟုတ်ပါလော။
" ဝိညာဉ်လှေကြီး ရောက်လာဖို့နဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ကျင့်ကြံသူတွေ ရောက်လာဖို့ကို စောင့်နေရုံပဲ ကျန်တော့တယ် " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ထာဝရကြယ်မျက်လုံးကို အသုံးပြု၍ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား စတင်နိုင်ခဲ့ခြင်းမရှိပါသော်လည်း သူတို့မှာ သူတို့၏ ကျရှုံးမှုများကြောင့် မှိုင်တွေငေးငိုင်နေမည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။ သူတို့မှာ ကြယ်သုဿာန် ဝင်ခွင့်နေရာတစ်နေရာ လိုချင်နေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အခြားနည်းလမ်းများ ရှာဖွေကြမည်သာ ဖြစ်သည်။
" သူတို့က အင်အားကြီးအဖွဲ့အစည်းတွေ ဒါမှမဟုတ် မိသားစုမျိုးနွယ်စုတွေဆီကနေ တည်နေရာပြောင်းရွှေ့ခွင့်တွေကို ဝယ်ယူပြီးတော့ ရောက်ရင်ရောက်လာလောက်တယ်.... " ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအကြောင်း အချိန်ကုန်ခံ၍ စဉ်းစားတွေးတောနေခြင်း မရှိပေ။ သူသည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ရာ ကျင့်ကြံခြင်းလေ့ကျင်းနေရင်း စိတ်အေးလက်အေးနှင့် စောင့်ဆိုင်းနေလိုက်တော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အဆင့်အမြင့်ဆုံးအနေအထားတွင် ရှိနေစေရန် ထိန်းသိမ်းထားရင်း သူ၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းရည်များကို ကြည့်ရှုစစ်ဆေးနေလိုက်၏။
လက်ရှိတွင် သူ၏ ဓမ္မရတနာအများစုမှာ ပျက်စီးနေကြပြီဖြစ်သလို သူ၏ ကျင့်ကြံခြင်းအဆင့်ထက် နိမ့်ကျနေကြပြီ ဖြစ်သည်။ ၎င်းတို့၏ အရည်အသွေးမှာ သူနှင့် လိုက်ဖက်ညီမှု မရှိတော့သောကြောင့် သူသည် ၎င်းတို့အား တိုက်ပွဲထဲတွင် အသုံးပြု၍ရနိုင်သည့် လက်နက်စာရင်းထဲမှ ထုတ်ပယ်လိုက်၏။ သို့ဖြစ်ရာ ထိုစာရင်းထဲ၌ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာ၊ သူ၏ နတ်ဘုရားလက်နက်နှင့် နတ်ဘုရား တရားမျှတမှုဒိုင်းကာတို့သာ ကျန်ရစ်ခဲ့တော့သည်။
သူ့ဆီတွင် နဝမအဆင့် ဓမ္မလက်နက်အနည်းငယ်လည်း ရှိနေသေးသည်။ ယခင်တုန်းကဆိုပါက ၎င်တို့မှာ ဝမ်ပေါင်လဲ့အတွက် အဖိုးတန်အဆောင်ပစ္စည်းများ ဖြစ်နေမည်ဖြစ်ပါသော်လည်း ယခုတွင်မူ ၎င်းတို့ ထုတ်လွှတ်နိုင်သည့် စွမ်းအားများမှာ သူ လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်ပါက ထွက်ပေါ်လာမည့် စွမ်းအားများကိုပင် ယှဉ်နိုင်စွမ်း မရှိတော့ပေ။
" ငါ ကျင့်ကြံခြင်းအဆင့် တိုးတက်တာ မြန်လွန်းနေလို့ အဆောင်ပစ္စည်းတွေကို သန့်စင်ပြီး လက်နက်အင်အားဖြည့်တင်းဖို့တောင် အချိန်မရှိတော့ပါလား " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွား၏။ သူ၏ ရုပ်သေးရုပ်စစ်တပ်ကြီးမှာလည်း သူ ညာလက်ရုံး အကြီးအကဲကြီးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် လုံးဝနီးပါး ပျက်စီးသွားခဲ့ရပြီးဖြစ်သည်။ သို့ဖြစ်ရာ ယခုတွင် သူ့ဆီ၌ ဝိညာဉ်များသာ ကျန်ရစ်ခဲ့၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နဖူးအား လက်ဖြင့် ပွတ်နေမိတော့သည်။ သို့သော် သူသည် စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ သူ့ဆီတွင် အဖိုးမဖြတ်နိုင်သည့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ရှိနေသေးသည်မဟုတ်ပါလော။ ၎င်းအား ပိုင်ဆိုင်ထားရခြင်းမှာ အခြား ဓမ္မရတနာပေါင်း ထောင်သောင်းများစွာအား ပိုင်ဆိုင်ထားရခြင်းထက် ပိုကောင်းပေသည်။
" နှမြောစရာတော့ အကောင်းသား။ အရင်တုန်းက ငါ အရမ်းကိုမှ တန်ဖိုးထားခဲ့ရတဲ့ ဓမ္မရတနာလေးတွေ... " ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာဖြင့် သူ၏ ညာဘက်လက်အား မြှောက်လိုက်သောအခါ သူ၏ လက်ထဲ၌ ဧရာမ အော်လံကြီးတစ်လုံး ပေါ်ပေါက်လာ၏။