နေကိုးစင်းနည်းစနစ် (၁)
Vol. 19 Ch. 263
ဟန်မူယဲ့က ဓားမှတစ်ဆင့် နေမင်းရောင်ဝါနန်းတော်၏ မှတ်ဉာဏ်များအပြင် ပြင်ပဘုံကျင့်ကြံသူများ၏ဝါးမြိုခြင်းကို မျိုးဆက်တစ်လျှောက် ခံစားလာရသော မူလမီးတောက်နန်းတော်ကိုလည်း မြင်လိုက်ရသည်။ မူလမီးတောက်ကမ္ဘာသည် ပြင်ပဘုံကျင့်ကြံသူများ၏လက်အောက်သို့ ဖြည်းဖြည်းချင်းကျဆင်းသွား၏။
မူလမီးတောက်ကမ္ဘာကို ဓားသွေးကျောက်အဖြစ် အသုံးပြုလိုသော ခုန်းလင်တာအိုဂိုဏ်း၏ ရည်ရွယ်ချက်ကြောင့်သာမဟုတ်လျှင်၊ ကာကွယ်ပေးမည့် လုံလောက်သောကျွမ်းကျင်သူများ မရှိသည့်အတွက် မူလမီးတောက်နန်းတော်မှာ ပျက်စီးသွားပေလိမ့်မည်။
“ဟမ် ....”
ဓားကိုယ်ထည်က တုန်ခါသွားသည်။ ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် ရှိနေသော နဂါးပုံရိပ်သည် ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် အသက်သုံးဆယ်အရွယ်ရှိသော အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်အဖြစ် ပေါ်လာသည်။
“ကျိုးယွင်လုံက သခင်ကို နှုတ်ဆက်ပါတယ်”
‘ကျိုးယွင်၊ နဂါးလား’
ဟန်မူယဲ့က သူ့ရှေ့တွင် ရှိနေသော ဓားဝိညာဉ်ကို ကြည့်လျက် သိပ်မဝေးသောနေရာမှာရပ်နေသည့် မူလမီးတောက်နန်းတော်သခင် ဝမ်လော့ရှန်ကို ကြည့်သည်။ သူက ညင်သာစွာ ပြောလိုက်သည်။
“ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုရတာ မကောင်းဘူးမဟုတ်လား”
“ငါက မူလမီးတောက်နန်းတော်က မဟုတ်ဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျိုးယွင်လုံက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ကျွန်တော်က အမွေအနှစ်ကိုပဲ အသိအမှတ်ပြုပါတယ်။ သခင့်မှာ နေမင်းရောင်ဝါနန်းတော်ရဲ့ ကောင်းကင်နဂါးဓားနည်းစနစ်ရှိနေတဲ့အတွက် သခင်ဖြစ်ပါလိမ့်မယ်”
‘အမွေအနှစ်ကိုပဲ အသိအမှတ်ပြုတာလား’ ဟန်မူယဲ့က တွေးသည်။
‘အဲဒါဆိုရင် ပြင်ပဘုံကျင့်ကြံသူတွေက အမွေအနှစ်ကိုရသွားရင် ဘယ်လိုလုပ်မလဲ’
ဟန်မူယဲ့က ထိုသို့တွေးလိုက်ပြီး အံ့အားသင့်သွားသည်။
‘အမွေအနှစ်ကိုရတဲ့လူက တိမ်တိုက်နဂါးဓားကို ပိုင်ဆိုင်နိုင်မယ်’
‘အမွေအနှစ်ကိုရတဲ့လူက နေမင်းရောင်ဝါနန်းတော်ရဲ့ ဆက်ခံသူဖြစ်လာမယ်’
ရန်သူဖြစ်စေ၊ ပြင်ပဘုံကျင့်ကြံသူများဖြစ်စေ၊ အရေးမကြီးပါ။
အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်လျှင် ဆက်လက်တည်ရှိနေနိုင်မည်။
မူလမီးတောက်နန်းတော်သခင် ဝမ်လော့ရှန်က ရှေ့ကိုတက်လာပြီး ဦးညွှတ်လိုက်သည်။
“နေမင်းရောင်ဝါနန်းတော်ရဲ့ တိုက်ရိုက်တပည့်ဝမ်လော့ရှန်က နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့ မည်သည့်စကားမှ မဆိုရသေးခင် ဝမ်လော့ရှန်က ပြောလိုက်သည်။
“ဘိုးဘေးတွေရဲ့သင်ကြားမှုအရ ကောင်းကင်နဂါးဓားနည်းစနစ်ကို တတ်မြောက်ထားတဲ့လူဟာ နေမင်းရောင်ဝါနန်းတော်ရဲ့ ခေါင်းဆောင်ဖြစ်လာပါလိမ့်မယ်”
‘နေမင်းရောင်ဝါနန်းတော်ရဲ့ ခေါင်းဆောင်လား’
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို လှည့်ကြည့်သည်။
“နန်းတော်သခင်ဖြစ်လာတာနဲ့ပတ်သတ်ပြီး ဘာမှမှားယွင်းနေတာမျိုးမရှိဘူး။ အနည်းဆုံးတော့ နေကိုးစင်းနည်းစနစ်ကိုလေ့ကျင့်ဖို့ အကြောင်းပြချက်ခိုင်လုံသွားတာပေါ့”
ခေါင်းဆောင်တောက်ရင်၏ အသံက ဟန်မူယဲ့၏နားထဲတွင် ထွက်ပေါ်လာသည်။
စိတ်ဖြင့်အသံပို့လွှတ်ခြင်း…။
“ပြီးတော့ မင်းက သူတို့ရဲ့ဂိုဏ်းအကာအကွယ်ဓမ္မရတနာကို ယူလိုက်တယ်။ သူတို့က မင်းကို နေမင်းရောင်ဝါနန်းတော်ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုရင် မူလမီးတောက်နန်းတော်က ရှင်သန်နိုင်မှာမဟုတ်ဘူး”
ဟန်မူယဲ့က သူ့ရှေ့တွင် ဦးညွှတ်နေသော ဝမ်လော့ရှန်ကို ကြည့်လျက် ခေါင်းညိတ်သည်။
တိမ်တိုက်နဂါးဓားမရှိလျှင် မူလမီးတောက်နန်းတော်သည် ခုန်းလင်တာအိုဂိုဏ်းကို ခုခံနိုင်မည်မဟုတ်ပေ။
“သွားကြစို့။ ဒီလူတွေကို နေရာချပြီးမှ ဆက်ပြောကြမယ်”
ခေါင်းဆောင်တောက်ရင်သည် အဝေးသို့ ပျံသန်းသွား၏။
ဟန်မူယဲ့လည်း နောက်က လိုက်ပါသွားသည်။
အဖြူရောင်ဝတ်စုံနှင့် ကျိုးယွင်လုံက ဘေးတွင် ရှိနေသော တာအိုဆရာတယန်ကို ဦးညွှတ်လိုက်သည်။
“တာအိုဆရာ၊ အရင်သွားပါ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုဆရာတယန်က ရယ်မောလိုက်ပြီး ကျိုးယွင်လုံ၏ပခုံးကို ပုတ်လိုက်သည်။
“မဆိုးဘူးကောင်လေး၊ အရင်လာတဲ့လူက အရင်ရမယ်ဆိုတာကို မင်း နားလည်တယ်”
ထို့နောက် သူက လေပြေလေညင်းတစ်ခုအသွင်ပြောင်း၍ ဟန်မူယဲ့နောက်သို့ လိုက်သွားသည်။
ဓားဝိညာဉ်…
ဝမ်လော့ရှန် မျက်လုံးပြူးသွားသည်။
တာအိုဆရာသည် ဓားဝိညာဉ်ဖြစ်သည်။
“ငါက သူ့ကို ဘာဖြစ်လို့ သခင်အဖြစ်အသိအမှတ်ပြုလိုက်တာလဲ သိလား”
ကျိုးယွင်လုံ၏ အသံက ဝမ်လော့ရှန်၏နားထဲတွင် ထွက်ပေါ်လာသည်။
“သူကပဲ မူလမီးတောက်နန်းတော်နဲ့ နေမင်းရောင်ဝါနန်းတော်ရဲ့အမွေအနှစ်ကို ကာကွယ်ပေးနိုင်တယ်”
ဝမ်လော့ရှန်က ခေါင်းညိတ်သည်။
ဓားဝိညာဉ်နှစ်ခု ရှိနေသောလူတစ်ယောက်၊ ထိုကျွမ်းကျင်သူမျိုးသည်သာလျှင် နေမင်းရောင်ဝါနန်းတော်ကို ထိန်းချုပ်ပြီး ပြန်လည်ရှင်သန်လာစေရန် အရည်အချင်း ပြည့်မီသည်။
မူလမီးတောက်ကမ္ဘာထဲတွင် အင်အားကျဆင်းလာနေသော မူလမီးတောက်နန်းတော်သည် နေမင်းရောင်ဝါနန်းတော်၏ အမွေအနှစ်ကို ထိန်းချုပ်ရန် အရည်အချင်းမပြည့်မီတော့ပေ။
သူ၊ ဝမ်လော့ရှန်သည် အရည်အချင်းမပြည့်မီပေ။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အောက်သို့ဆင်းသက်သွားသည်။
ယွီရီကျီက နောက်မှ လျင်မြန်စွာ ပါလိုက်လာသည်။
....
တိုက်ပွဲများ ဆက်တိုက် တိုက်ခိုက်ခဲ့ရသောကြောင့် လုကောသည် ဒဏ်ရာရထားသော်လည်း သူ့အရှိန်အဝါမှာ ပြင်းထန်နေပြီး ကျင့်ကြံဆင့်လည်း တိုးတက်လာသည်။
သူ့မျက်လုံးကို အမည်းရောင်အလွှာတစ်ခုက ဖုံးကွယ်ထားပြီး သွေးအရှိန်အဝါများ လှုပ်ရှားနေသည်။ သူသည် ကျင့်ကြံသူကြီးတစ်ယောက်နှင့် တူနေသည်။
ဓားစစ်သည်နည်းစနစ်ဖြင့်ဆိုလျှင် သူ့ခန္ဓာကိုယ်ထဲတွင် ရှိသော ဝိညာဉ်လက်နက်ဓား၏ စွမ်းအား ၈၀%ကျော်ကို ထုတ်လွှတ်နိုင်သည်။
ယခုအချိန်တွင် သူ့တိုက်ခိုက်နိုင်စွမ်းက ရွှေအမြုတေအဆင့်နှင့် ယှဉ်နိုင်သည်။
“ကံကောင်းလို့ စီနီယာအစ်ကိုဟန်ကို စိတ်မပျက်စေခဲ့ဘူး။ ဒီလူတွေအားလုံး အဆင်ပြေတယ်”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လုကောက လက်သီးဆုပ်ပြီး အော်ဟစ်လိုက်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကယ်ဆယ်ခံထားရသော ကျင့်ကြံသူများက စိတ်လှုပ်ရှားလာသည်။
သူတို့က စွန့်ပစ်ခံရမည်ဟု ထင်ထားကြသည်။
လုကောနှင့် ရှောက်ယိုစွန်းတို့က အစွမ်းကုန်တိုက်ခိုက်၍ လမ်းတစ်လျှောက်၌ သူတို့ကို ကာကွယ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
သူတို့က တိုက်ပွဲအများအပြား ကြုံတွေ့ခဲ့ရသည်။
ဟန်မူယဲ့က ခေါင်းညိတ်ပြီး လူတိုင်းကို ကြည့်သည်။ သူက ဝမ်လော့ရှန်ကိုညွှန်ပြပြီး ပြောသည်။
“ဒါက မူလမီးတောက်နန်းတော်ရဲ့ ခေါင်းဆောင်ပဲ”
သူ မိတ်ဆက်မပေးလျှင်ပင် သွမ့်ယန်ကျိနဲ့ မူလမီးတောက်နန်းတော်၏ တပည့်များက ရှေ့တက်လာပြီး ဝမ်လော့ရှန်ကို ဦးညွှန်နေကြသည်။
မူလမီးတောက်နန်းတော်က ပြင်ပဘုံကျင့်ကြံသူများကို ခုခံနေသော ဤကမ္ဘာ၏ တစ်ခုတည်းသောအင်အားစုဖြစ်သည်။
မူလမီးတောက်နန်းတော်သည် လူတိုင်း၏မျှော်လင့်ချက် ဖြစ်သည်။
ဝမ်လော့ရှန်က စုတ်ပြတ်နေသောအဝတ်အစားများနှင့် ကျင့်ကြံသူများကို ကြည့်လျက် ညင်သာစွာ ပြောသည်။
“အားလုံးပဲ ပင်ပန်းခဲ့ရပြီ”
“မူလမီးတောက်နန်းတော်ကို ပြန်ရောက်ရင် မင်းတို့ အိမ်ပြန်ရောက်ပါပြီ”
ထို့နောက် သူက လက်မြှောက်လိုက်သောအခါတွင် ချီစွမ်းအင်အလင်းတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
ခဏအကြာတွင် မူလမီးတောက်နန်းတော်ဘက်မှ များပြားလှသော ကျင့်ကြံသူများ ရောက်လာ၏။
ထိုလူများက ကျင့်ကြံဆင့်ပျက်စီးထားသောလူများကို ကာကွယ်ပြီး ပြန်ကောင်းနေသောလူများကို ဦးဆောင်၍ မူလမီးတောက်နန်းတော်ထံသို့ တိတ်ဆိတ်စွာ ဦးတည်လိုက်သည်။
“နန်းတော်သခင်နဲ့ အကြီးအကဲတောက်ရင်က မူလမီးတောက်နန်းတော်မှာ အရင်ဆုံးနေလိုက်ပါ”
ဝမ်လော့ရှန်က ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့၏နောက်ခံကို သိထားပြီး ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကြီးအကဲနှင့် ဂိုဏ်းတပည့်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ထန်တောင်ကုန်းဓားဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်လည်း ပါလာသည်။
ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူဖြစ်သည်။
တောက်ရင်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်၏ရှေ့တွင် ဝမ်လော့ရှန်၏ အဆင့်အတန်းက နိမ့်ကျသွားသည်။
သူက ခေါင်းဆောင်တောက်ရင်၏ တိုက်ခိုက်နိုင်စွမ်းကို ကိုယ်တိုင်မြင်ပြီး ဖြစ်သည်။
သူက သူတို့ကို မူလမီးတောက်နန်းတော်ထံသို့ ကိုယ်တိုင်ဦးဆောင်သွားလိုက်၏။
သူတို့သည် မူလမီးတောက်နန်းတော်သို့ ရောက်သွားပြီး အစည်းအဝေးခန်းဆောင်ထဲသို့ ဝင်လိုက်သောအခါတွင် အကြီးအကဲနှင့် ဂိုဏ်းခွဲမှူးများက ချက်ချင်းနှုတ်ဆက်လာကြသည်။
ဟန်မူယဲ့၏တောင်းဆိုချက်အရ ဝမ်လော့ရှန်က သူ့ကို ချက်ချင်းမိတ်ဆက်မပေးခဲ့ပေ။
ဟန်မူယဲ့သည် ဤကမ္ဘာငယ်လေးတွင် ကြာကြာနေဖြစ်မည် မဟုတ်ပါ။
သို့သော်လည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်ဘက်နယ်စပ်ကုန်းမြေမှ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်ဟူသော အဆင့်အတန်းနှင့် ခေါင်းဆောင်တောက်ရင်၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျင့်ကြံခြင်းကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူအားလုံးက အာရုံစိုက်နေကြသည်။
လူအများစုမှာ စိတ်လှုပ်ရှားနေကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများရောက်လာသောကြောင့် သူတို့က မျှော်လင့်ချက်များ ပြန်ရှင်သန်လာသည်။
ဟန်မူယဲ့တို့က အနားယူရန်လိုအပ်သည်ဟု အကြောင်းပြပြီးနောက် ခန်းဆောင်ထဲ၌ ကြာကြာမနေဘဲ ထွက်လာသည်။
ဝမ်လော့ရှန်က တိတ်ဆိတ်သောအခန်းတစ်ခုသို့ ဟန်မူယဲ့အား ကိုယ်တိုင်လိုက်ပို့၏။
အခန်းထဲတွင် ဟန်မူယဲ့က ဝမ်လော့ရှန်ကို ကြည့်လျက် တည်ငြိမ်စွာ ပြောသည်။
“နန်းတော်သခင်၊ ကျွန်တော်က မူလမီးတောက်ကမ္ဘာထဲမှာ အကြာကြီးနေမှာမဟုတ်ဘူး။ မူလမီးတောက်နန်းတော်က ဘယ်လိုလုပ်မလဲဆိုတာကို တွေးထားသင့်တယ်”
ဝမ်လော့ရှန်က ရှုပ်ထွေးသော မျက်နှာထားဖြင့် ခေါင်းညိတ်သည်။ သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုများ ဖြတ်ပြေးသွားသည်။
အခွင့်အာဏာကို လက်လျော့ချင်သူမရှိပေ။
ဝမ်လော့ရှန်က ဟန်မူယဲ့ကို နေမင်းရောင်ဝါနန်းတော်၏သခင်အဖြစ် လေးစားသော်လည်း မူလမီးတောက်နန်းတော်ကို လက်လွှဲပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ဟန်မူယဲ့က ထွက်သွားမည်ဟုပြောသောကြောင့် သူ စိတ်သက်သာရာရသွားသည်။
သို့သော်လည်း ဟန်မူယဲ့က တိမ်တိုက်နဂါးဓားကို ယူသွားလျှင် မူလမီးတောက်နန်းတော်သည် ခုန်းလင်တာအိုဂိုဏ်းကို ခုခံနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် ဟန်မူယဲ့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားလျှင် သူ့နောက်သို့ တပည့်မည်မျှ လိုက်ပါသွားမည်ကိုလည်း မသိသေးပါ။
“ပြီးတော့ ကျွန်တော်က နေကိုးစင်းနည်းစနစ် ကျင့်ကြံခြင်းကျမ်းစာကို လိုအပ်တယ်။ အလဲအလှယ်အနေနဲ့ နေမင်းရောင်ဝါနန်းတော်ရဲ့ ဂိုဏ်းအကာအကွယ်ဓားနည်းစနစ်တချို့ ချန်ထားပေးမယ်”
ဟန်မူယဲ့က ထပ်ပြောလိုက်သည်။
ကောင်းကင်နဂါးဓားနည်းစနစ်နှင့် အားကောင်းသော တခြားဓားနည်းစနစ်များကို အမွေဆက်ခံလိုက်ရုံဖြင့် ကျွမ်းကျင်တတ်မြောက်နိုင်ခြင်း မရှိပါ။
ထိုနည်းစနစ်များကို အပြည့်အဝ နားလည်ရန်လိုအပ်သည်။
ကောင်းကင်နဂါးဓားနည်းစနစ်ကို ဝမ်လော့ရှန်၏ရှေ့တွင် ချထားလျှင်ပင် ကျင့်ကြံနိုင်မည်မဟုတ်ကြောင်း ဟန်မူယဲ့က သေချာပေါက်ပြောနိုင်သည်။
ဟန်မူယဲ့က ဂိုဏ်းအကာအကွယ်ဓားနည်းစနစ်နှင့် နေကိုးစင်းကျင့်ကြံခြင်းကျမ်းစာကို လဲလှယ်ချင်ကြောင်း ကြားလိုက်ရသောအခါတွင် ဝမ်လော့ရှန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။
“နန်းတော်သခင်၊ စိတ်မပူပါနဲ့။ အခုပဲ နေကိုးစင်းကျမ်းစာကို သွားယူလိုက်ပါ့မယ်”
မူလမီးတောက်ကမ္ဘာသို့ ရောက်လာသော နေမင်းရောင်ဝါနန်းတော်၏ တပည့်များသည် လုံလောက်သော ကျင့်ကြံဆင့် မရှိကြပေ။ သူတို့က များပြားသော ကျင့်ကြံခြင်းနည်းစနစ်နှင့် လျှို့ဝှက်သိုင်းကျမ်းများ ယူဆောင်လာကြသည်။ အစစ်အမှန်လက်ဆင့်ကမ်းလာသော အားကောင်းသည့် ဓားနည်းစနစ်နှင့် တာအိုနည်းစနစ်တချို့လည်း ရှိကြသည်။
ထိုနည်းစနစ်များမှာ အဆင့်မြင့်လွန်းသောကြောင့် မူလမီးတောက်နန်းတော်၏ တပည့်များက သင်ယူတတ်မြောက်ရန် အကန့်အသတ်ရှိပေသည်။
နေမင်းရောင်ဝါနန်းတော်၏ အားကောင်းသောဓားနည်းစနစ်ဖြင့်ဆိုလျှင် မူလမီးတောက်နန်းတော်၏ခွန်အားက သိသိသာသာ တိုးတက်သွားပေလိမ့်မည်။
ဝမ်လော့ရှန်ပြန်လာသောအခါတွင် လက်ထဲတွင် ရှေးကျသော သစ်သားသေတ္တာလေးတစ်ခုကို ကိုင်ထား၏။
သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါတွင် ကျောက်စိမ်းပေလွှာကိုးခု ရှိနေသည်။
ဟန်မူယဲ့က နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုကျောက်စိမ်းပေလွှာများမှာ နေကိုးစင်းကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။
သူက ခေါင်းညိတ်ပြီး ဝမ်လော့ရှန်ကို ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။
ဝမ်လော့ရှန်က ကျောက်စိမ်းပေလွှာကိုယူလိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။
“ကျေးဇူးပါ နန်းတော်သခင်”
ထိုကျောက်စိမ်းပေလွှာထဲတွင် ကောင်းကင်နဂါးဓားနည်းစနစ်မရှိသော်လည်း အားကောင်းသောဓားနည်းစနစ်နှင့် တာအိုနည်းစနစ်ဆယ်ခုကျော် ရှိသည်။
ထိုနည်းစနစ်များသည် မူလမီးတောက်နန်းတော်၏ တိုက်ခိုက်နိုင်စွမ်းတိုးလာစေရန် လုံလောက်သည်။
ဟန်မူယဲ့၏ အမြင်တွင်တော့ ထိုနည်းစနစ်များကို သူ့လက်ထဲတွင် ဖုန်တက်ခံနေခြင်းထက် မူလမီးတောက်နန်းတော်သို့ ပေးလိုက်ခြင်းက ပိုကောင်းသည်။
အဆုံးမှာတော့ မူလမီးတောက်နန်းတော်၏ တပည့်များသည် နေမင်းရောင်ဝါနန်းတော်၏ တပည့်များ ဖြစ်ကြပေသည်။