← Chapters

နေကိုးစင်းနည်းစနစ် (၂)

Vol. 19 Ch. 264

နေကိုးစင်းနည်းစနစ် (၂)

Vol. 19 Ch. 264

ဝမ်လော့ရှန်က ကျောက်စိမ်းပေလွှာနှင့်အတူ အခန်းထဲမှ ထွက်သွားသည်။ ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဝင်္ကပါပြားတစ်ချပ် ပေါ်လာသည်။ ရွှေရောင်အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး အခန်းတစ်ခန်းလုံးကို ကာကွယ်လိုက်သည်။

အကာအကွယ်ပေါ်လာသောအခါတွင် သူက ရှေ့တွင် ရှိနေသော သစ်သားသေတ္တာကို ကြည့်လိုက်သည်။

နေကိုးစင်းနည်းစနစ်၊ သူက ရွှေနေမင်းနည်းစနစ်ကို လေ့ကျင့်ပြီးပြီ ဖြစ်သည်။

သူက ကျောက်စိမ်းပေလွှာများကို တစ်ခုပြီးတစ်ခုကောက်ယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ့အာရုံ၌ မြင်ကွင်းတစ်ခု ပေါ်လာသည်။

မူလနေမင်း၊ နေမင်းငယ်၊ ရွှေနေမင်း၊ လောင်မီးနေမင်း၊ မီးတောက်နေမင်း၊ နေမင်းမဟာ၊ ကြီးမြတ်ခြင်းနေမင်း၊ အကန့်အသတ်မဲ့နေမင်း၊ သန့်စင်နေမင်း…။

အကန့်အသတ်မဲ့နေမင်းနည်းစနစ်သည် လောကတစ်ခုလုံး၌ အသန်မာဆုံး ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။

နေကိုးစင်းအတတ်၊ မူလနေမင်းမှစ၍ သန့်စင်နေမင်းအထိ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုချင်းစီသည် ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကို လှုံ့ဆော်ထားသော လောင်ကျွမ်းခြင်းနည်းစနစ် ဖြစ်သည်။

ဟန်မူယဲ့ကျင့်ကြံသော ရွှေနေမင်းနည်းစနစ်သည် မူလနေမင်းနှင့် နေမင်းငယ်နည်းစနစ်၏ အခြေခံမရှိပေ။ ကျင့်ကြံခြင်းနည်းစနစ်သည် ပိုမိုအဆင့်မြင့်သည့်တိုင် ပြစ်ချက်ရှိနေသည်။

ထို့ကြောင့် ရွှေနေမင်းနည်းစနစ်ကို တစ်နေ့တွင် နှစ်နာရီသာလျှင် ကျင့်ကြံနိုင်သည်။

ယခုအချိန်တွင် သူသည် မူလနေမင်းနှင့် နေမင်းငယ်နည်းစနစ်ကို လေ့ကျင့်၍ ပြစ်ချက်ကို ဖာထေးနိုင်တော့မည်ဖြစ်သောကြောင့် သူ့ကျင့်ကြံခြင်းနည်းစနစ်သည် ယခင်လို အခက်အခဲများရှိတော့မည် မဟုတ်တော့ပါ။

ထို့အပြင် လောင်မီးနေမင်းအဆင့်ထံသို့လည်း ခြေတစ်လှမ်းတိုးသွားပေလိမ့်မည်။

မီးတောက်နေမင်းနည်းစနစ်ကို ကမ္ဘာမြေအဆင့်၌ လေ့ကျင့်ရသည်။ ထိုနည်းစနစ်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပြီး နေမင်း၏စွမ်းအားများကို ပျိုးထောင်၍ လောင်မီးနေမင်းအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

နေမင်းရောင်ဝါနန်း‌တော်၏ အမည်သည် ထိုနည်းစနစ်မှတစ်ဆင့် ဆင်းသက်လာသည်။

လောင်မီးနေမင်း၏စွမ်းအားသည် နေမင်းရောင်ဝါနန်းတော်၏ ကျင့်ကြံသူအများစုအတွက် အကန့်အသတ်ဖြစ်သည်။

နေမင်းမဟာနည်းစနစ်ကိုတော့ ကောင်းကင်ဘုံပဥ္စမအဆင့်တွင် လေ့ကျင့်ရသည်။

နောက်ပိုင်းမှာ ရှိနေသော နေမင်းနည်းစနစ်သုံးခုသည် အယူအဆအားဖြင့်သာလျှင်ရှိပြီး တိကျသော ကျင့်ကြံခြင်းနည်းစနစ်မရှိပေ။

နေမင်းရောင်ဝါနန်းတော်၏ ခေါင်းဆောင်ဖြစ်သူ ဟုန်ချောင်ယန်သည် မဟာနေမင်းအဆင့်သို့အထိ ရောက်ရှိပြီးနောက် အကန့်အသတ်မဲ့နေမင်းအဆင့် တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။

ကျင့်ကြံခြင်းနည်းစနစ်၏အဆိုအရ လောက၏စွမ်းအားကိုချိုးဖောက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ခန္ဓာကိုယ်ထဲသို့စုပ်ယူနိုင်မှ အကန့်အသတ်မဲ့နေမင်းကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

လောကကို ကျော်လွန်သွားမှ အကန့်အသတ်မဲ့နေမင်းနည်းစနစ်ကို ကျင့်ကြံနိုင်မည်။

သန့်စင်နေမင်းနည်းစနစ်အတွက် ကျောက်စိမ်းပေလွှာထဲတွင် မှိန်ဖျော့နေသော ပုံရိပ်တစ်ခု ရှိသည်။

ထိုပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့၏စိတ်က ပြိုကွဲသွားပုံရသည်။

သန့်စင်နေမင်းနည်းစနစ်အတွက် လျှို့ဝှက်ကျမ်းစာမရှိဘဲ ပုံရိပ်တစ်ခုသာလျှင် ရှိသည်။

ထိုပုံရိပ်၏ ထူးခြားဆန်းကြယ်မှုကို သူသဘောပေါက်နိုင်လျှင် သန့်စင်နေမင်းနည်းစနစ်ကို ကျင့်ကြံနိုင်လိမ့်မည်။

ဤလောကထဲတွင် သန့်စင်ယန်အစွမ်းအား ကျင့်ကြံခြင်းနည်းစနစ်ရှိလျှင် ဤနည်းစနစ်ကိုဖန်တီးသောလူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲတွင် အမွေအနှစ်ကို ချန်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုပုံရိပ်က သူ့ပုံရိပ် ဖြစ်လာနိုင်သည်။

မူလနေမင်းနှင့် နေမင်းငယ်ကို ကျင့်ကြံလိုက်သောအခါတွင် ဟန်မူယဲ့၏ ရွှေနေမင်းနည်းစနစ်က အခြေခံအုတ်မြစ်ရှိသွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိသော ပူလောင်နေသည့်စွမ်းအားများမှာ သိမ်မွေ့ပျော့ပြောင်းသွားသည်။

နွေးထွေးသောချီစွမ်းအင်များသည် ဝိညာဉ်သွေးကြောတစ်လျှောက်တွင် စီးဆင်းသွားသည်။ ထိုစွမ်းအင်များက ဝိညာဉ်သွေးကြောကို မထိခိုက်စေသည့်အပြင် ယခင်က ပုန်းကွယ်နေသည့်ဒဏ်ရာများကိုလည်း ကုသပေးသွားသည်။

ဟူး…

အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်တုံး ပေါက်ကွဲသွားသည်။ ဟန်မူယဲ့က သဘာဝစွမ်းအားများကို ရေသောက်နေသော ဝေလငါးတစ်ကောင်ကဲ့သို့ မြိုချလိုက်သည်။

တိတ်ဆိတ်နေသောဒန်ထျန်ထဲတွင် ဝဲကတော့တစ်ခုပေါ်လာသည်။

တိမ်တိုက်ကိုးလွှာပေါ်တွင် ဓားဆေးလုံးသုံးလုံးက တုန်ခါလာသည်။

ဓားဆေးလုံးတစ်လုံးထဲမှ ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားများ ပေါ်ထွက်လာသည်။

ထိုဓားဆေးလုံးသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ မာမုန့်ကို မိုင်းတွင်းထဲတွင် သတ်ဖြတ်ပြီးနောက် ပုံရိပ်ယောင်ဝိညာဉ်သူငယ်ဆီမှ ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူထားသည်။

ယခုအချိန်တွင် ထိုစွမ်းအားများက ဟန်မူယဲ့ကို ထောက်ပံ့ပေးကြ၏။

ဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာပြီး ကုန်ဆုံးလုနီးပါးဖြစ်နေသော ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာ ပြန်ပြည့်သွားသည်။

ထိုသို့ အလကားရသော ကျင့်ကြံခြင်းနည်းလမ်းမျိုးက စွဲလမ်းဖို့ကောင်းကြောင်း သူ ဝန်ခံရသည်။

ဓားဆေးလုံး၏စွမ်းအားသာမက၊ ဟန်မူယဲ့က အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံး၁၂တုံးကိုလည်း အသုံးပြုလိုက်၏။

များပြားလှသောသဘာဝစွမ်းအားများသည် ကုန်ဆုံးသွားသော ချီစွမ်းအားများကို ဖြည့်ဆည်းပေးလိုက်သောကြောင့် သူ့ဒန်ထျန်ထဲတွင် ချီစွမ်းအားများ လှုပ်ရှားထကြွလာသည်။

တိမ်တိုက်ခုနစ်လွှာပေါ်တွင် အစိမ်းရောင်ချီစွမ်းအင်များ ပေါ်ထွက်လာသည်။

“ဘုန်း ....”

အတားအဆီးကို ချိုးဖျက်လိုက်သကဲ့သို့ မရေမတွက်နိုင်လောက်သော ချီစွမ်းအားများသည် ဒန်ထျန်ထဲတွင် ရှိသော တိမ်တိုက်ခုနစ်လွှာပေါ်သို့ ရောက်သွားသည်။

အခြေခံအုတ်မြစ် သတ္တမအဆင့်…

သူ အဆင့်တက်သွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ဓားအလင်းတစ်ချက် ပေါ်ထွက်လာသည်။

ချီပင်လယ်ထဲတွင် သိမ်းဆည်းထားသော ဓားဆန္ဒများသည် ဒန်ထျန်ထဲတွင် ရှိသော ဓားဆန္ဒနှင့် ပေါင်းစပ်သွားပြီး ဆက်တိုက်လှည့်ပတ်နေသည်။

သူ့ဒန်ထျန်ထဲတွင် ပိုမိုများပြားသောဓားဆန္ဒများ ပေါ်ထွက်လာသည်။

ထိုအရာက အခွင့်ကောင်းတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ချီပင်လယ်ထဲတွင် ရှိသော ဓားဆန္ဒများကို ဖြန့်ထုတ်၍ ဓားချီအဖြစ်ပြောင်းလိုက်ပြီး ဒန်ထျန်ထဲသို့ ထည့်လိုက်သည်။

ဓားချီနှင့် ချီစွမ်းအားများသည် ဒန်ထျန်ထဲတွင် ရောစပ်လျှက် လှုပ်ရှားနေသည်။ ထိုစွမ်းအားနှစ်ခုသည် ခုနစ်လွှာတိမ်တိုက်မှာ ရစ်ခွေနေကြ၏။

....

ဤတစ်ကြိမ်မှာ ဟန်မူယဲ့သည် ငါးရက်တိတိ ကျင့်ကြံနေ၏။

ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး အပြင်သို့ ထွက်လာသောအခါတွင် သူ့ပတ်ဝန်းကျင်တွင်ရှိသော ဓားအလင်းနှင့် သဘာဝစွမ်းအင်အလင်းများကို သိမ်းဆည်းလိုက်သည်။

ယခုအချိန်တွင် ဒန်ထျန်ထဲက တိမ်တိုက်ခုနစ်လွှာတွင် ချီစွမ်းအင်များဖြင့် ပြည့်နေပြီး နောက်ဆုံးနှစ်လွှာသည်သာ ဗလာဖြစ်နေသည်။

အခြေခံအုတ်မြစ် သတ္တမအဆင့်…။

တိမ်တိုက်အလွှာပေါ်တွင် ဓားဆေးလုံးသုံးလုံးသည် လည်ပတ်နေပြီး ဓားဆန္ဒများက ညင်သာစွာလှုပ်ရှားနေကြသည်။

အခြေခံအုတ်မြစ် သတ္တမအဆင့်သို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့၏ဒန်ထျန်ထဲတွင် စုစည်းထားနိုင်သောဓားဆန္ဒမှာ တစ်ခုမှနေ၍ သုံးခု ဖြစ်သွားသည်။

သူက ၎င်းကို အနာဂတ်တွင် ကျင့်ကြံပြီး ဖြည်းဖြည်းချင်းသန့်စင်သွားလျှင် ပို၍ များလာပေလိမ့်မည်။

ဒန်ထျန်ထဲတွင် ရှိနေသော ဓားဆန္ဒသုံးခုမှာ သူ ကျင့်ကြံနေစဉ်၌ အားဖြည့်ပေးနိုင်သည်။

ထိုဓားဆန္ဒသုံးခုသည် ဟန်မူယဲ့၏တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာ မြင့်မားစေ၏။

နောက်တစ်ခုကတော့ ပင်ကိုယ်ပါရမီဖြစ်သည်။ ကမ္ဘာမြေအဆင့်သို့ မရောက်မီ သူ့ပါရမီကို လောကတွင် ရှားပါးလှသော အင်မော်တယ်အဆင့် ဝိညာဉ်အမြစ်ဖြစ်အောင် ပြောင်းလဲရမည်။

(ဘာသာပြန်သူ မှတ်ချက်။    ။ဗီဇပါရမီအား ဝိညာဉ်အမြစ် အဖြစ် ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ပါသည်။)

လက်ရှိအချိန်တွင် ဟန်မူယဲ့သည် ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးကို ဖော်စပ်ရန်အတွက် ဆေးအမယ်များအားလုံးကို စုဆောင်းထားပြီး ဖြစ်သည်။ မူလနေမင်းနန်းတော်၏ ဆေးဖော်စပ်ခြင်းနည်းစနစ်များကို ကြည့်လျက် တစ်ခုခုသင်ယူပြီးပါက ဆေးလုံးဖော်စပ်ခြင်းကို စတင်နိုင်သည်။

မူလမီးတောက်နန်းတော်သည် နေမင်းရောင်ဝါနန်းတော်၏ အမွေအနှစ်ကို ဆက်ခံထားသည်။ သူတို့၏ အာခီမီပညာနှင့် ဆေးဖော်ခြင်းပညာရပ်များမှာ အဆင့်မနိမ့်ပေ။

မူလမီးတောက်နန်းတော်တွင် အာခီမီပညာရှင်နှင့် ပန်းပဲပညာရှင်များ အများအပြားရှိသည်။

အခန်းထဲမှ သူ ထွက်လာသောအခါတွင် အပြင်တွင် ရပ်စောင့်နေသောလုကောက သူ့ဘက်သို့ လှည့်ပြီး ဦးညွှတ်သည်။

“စီနီယာအစ်ကိုဟန်၊ ခေါင်းဆောင်တောက်ရင်နဲ့ စွန်းယိုရှောက်တို့က အပြင်ကို ထွက်သွားတယ်။ စီနီယာအစ်ကို,ကို ကာကွယ်ဖို့အတွက် ကျွန်တော့်ကို ဒီမှာ ထားခဲ့ပါတယ်”

လွန်သောရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မူလမီးတောက်နန်းတော်၏တိုက်ပွဲသည် မူလမီးတောက်ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေပုံရသည်။

ဤကမ္ဘာ၏ တစ်နေရာတွင် ပုန်းအောင်းနေသော ထန်တောင်ကုန်းဓားဂိုဏ်း၏ အကြွင်းအကျန်အင်အားစုများက စတင်တိုက်ခိုက်လာပြီး ခုန်းလင်တာအိုဂိုဏ်း၏လူများကို သတ်ပစ်သည်။

ခုန်းလင်တာအိုဂိုဏ်းသည် သူတို့၏ ဂိုဏ်းတပည့်များနှင့် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ အဆင့်နိမ့်ကျင့်ကြံသူများကို စုစည်းရန် အမိန့်ထုတ်ပြီး ထန်တောင်ကုန်းဓားဂိုဏ်းက လူများကို သတ်ဖြတ်ရန် စစ်ဆင်ရေးတစ်ခု စတင်လာသည်။

ဂိုဏ်းတူတပည့်များကို သတိရနေသော ရှောက်ယိုစွန်းက ကူညီပေးရန်အတွက် ထွက်သွား၏။ အကြောင်းအရင်းတချို့ကြောင့်‌ ခေါင်းဆောင်တောက်ရင်မှာ ဖိတ်ခေါ်ခံရပြီး သူနှင့်အတူ လိုက်ပါသွားသည်။

ဟန်မူယဲ့ ကျင့်ကြံနေရာမှ ထွက်လာသောအခါတွင် ဝမ်လော့ရှန် ရောက်လာပြီး ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများ၏သတင်းကို ပြောပြသည်။

ခေါင်းဆောင်တောက်ရင်နှင့် ရှောက်ယိုစွန်းတို့သည် ရာနှင့်ချီသော ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်များကို ကယ်တင်၍ မူလမီးတောက်နန်းတော်သို့ ပြန်လာနေကြသည်။

သူတို့နောက်တွင် ခုန်းလင်တာအိုဂိုဏ်း၏ ကျွမ်းကျင်သူတစ်သိန်းနီးပါး လိုက်လံတိုက်ခိုက်နေကြ၏။

“နန်းတော်သခင်၊ ကူညီပေးသင့်လား ဒါမှမဟုတ် ....”

ဝမ်လော့ရှန်က ဟန်မူယဲ့ကို ကြည့်လျက် တီးတိုးပြောသည်။

“ခုန်းလင်တာအိုဂိုဏ်းရဲ့စစ်တပ်က ကျုပ်တို့ကို ဝိုင်းမိရင် မူလမီးတောက်နန်းတော်လည်း ပျက်စီးသွားနိုင်တယ်”

မူလမီးတောက်နန်းတော်၏ အင်အားသည် ခုန်းလင်တာအိုဂိုဏ်းနှင့် မယှဉ်နိုင်ပေ။

အတိတ်က ခုန်းလင်တာအိုဂိုဏ်းသည် ပြင်းပြင်းထန်ထိတ် ဖိအားပေးတိုက်ခိုက်ပါက မူလမီးတောက်နန်းတော်မှာ သေချာပေါက် ထွက်ပြေးရပေလိမ့်မည်။

မူလမီးတောက်ကမ္ဘာသည် ကြီးမားခြင်း မရှိသော်လည်း မိုင်တစ်သောင်းပတ်လည်ရှိသည်။ ခုန်းလင်တာအိုဂိုဏ်းက ကျွမ်းကျင်သူအများအပြားကို ဤကမ္ဘာထဲတွင် မထားနိုင်သောကြောင့် ဟာကွက်တစ်ခုရှိနေခြင်း ဖြစ်သည်။

ဝမ်လော့ရှန်၏ ဆိုလိုရင်းက ရှင်းလင်းသည်။ သူက ထန်တောင်ကုန်းဓားဂိုဏ်း၏ လူများကို ကယ်တင်ပေးပြီး ထွက်ပြေးကြမည်။

သို့မဟုတ် ကိုယ်ပိုင်နယ်မြေကို စွန့်ခွာပြီး ခုန်းလင်တာအိုဂိုဏ်းမှ လူများ ရောက်လာပါက ဟာလာဟင်းလင်းဖြစ်နေသော ဤနေရာအား တွေ့မြင်စေမည်။

ဝမ်လော့ရှန်၏ စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောသည်။

“ခင်ဗျားတို့ ဒီမှာပုန်းနေလိုက်ဦး။ ကျုပ် သွားကြည့်လိုက်မယ်”

မူလမီးတောက်နန်းတော်သည် အမြဲတမ်းသတိကြီးသောကြောင့် ဟန်မူယဲ့က သူနှင့်အတူ ကျွမ်းကျင်သူများ စေလွှတ်ပေးရန် မပြောတော့ပေ။

“နန်းတော်သခင်နဲ့ အတူ ကျုပ်လိုက်ခဲ့ပါ့မယ်”

ဝမ်လော့ရှန်က တီးတိုးပြောသည်။

ဟန်မူယဲ့က ပြုံးလျက် လက်ကိုဝှေ့ယမ်းပြသည်။

“ဒီတစ်ခေါက်က လူသတ်ဖို့သွားမှာ။ လူများရင်လည်း အောင်မြင်ဖို့ မသေချာဘူး”

‘သတ်ဖို့လား။ ကယ်ဖို့မဟုတ်ဘူးလား’

ဝမ်လော့ရှန်က ကြောင်အသွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်မောလျက် ပျံသန်းသွားသည်။

“ဟမ် ....”

မူလမီးတောက်နန်းတော်၏ ကောင်းကင်ထက်တွင် နေရာယူထားသော တိမ်တိုက်နဂါးဓားသည် နဂါးအသွင်ပြောင်း၍ ဟန်မူယဲ့နှင့်အတူ လိုက်သွားသည်။

လုကောကလည်း လှုပ်ရှားလိုက်ပြီး ခြေတစ်လှမ်းဖြင့် တိမ်တိုက်နဂါးဓား၏ နောက်သို့ လိုက်သွားသည်။

ဝမ်လော့ရှန်သည် နေရာမှာတင်ရပ်နေပြီး မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။

“သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာကပဲလေ။ ဒီလိုသတ္တိမျိုးကို မူလမီးတောက်ကမ္ဘာမှာ ရှာမတွေ့နိုင်ဘူး”

သူက ခေါင်းယမ်းလျက် လှည့်ထွက်သွားသည်။

“အားလုံးပဲ။ စခန်းကနေ ထွက်ခွာဖို့ ပြင်ထားကြမယ်”

ဟန်မူယဲ့တို့ အနိုင်ရလိမ့်မည်ဟု သူယုံသည်။

သို့သော်လည်း ရှုံးနိမ့်သွားခဲ့လျှင် မည်သို့လုပ်မည်နည်း။

တိမ်တိုက်နဂါးသည် ဟန်မူယဲ့ကိုသယ်ဆောင်ထားပြီး လေဟာနယ်ထဲတွင် ကြယ်လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

နဂါး၏ အမြန်နှုန်းသည် ဟန်မူယဲ့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

“သခင်လေး၊ တိမ်တိုက်နဂါးဓားကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ့လား”

တာအိုဆရာတယန်၏ အသံကို ကြားလိုက်ရသည်။

ထိုဓားဝိညာဉ်က စိတ်ဝင်စားစရာကောင်းသည်။

အစပိုင်းတွင် သူက ဟန်မူယဲ့ကို မကြိုက်ဘဲ အထင်သေးနေ၏။

သို့သော်လည်း တိမ်တိုက်နဂါးဓားကို ရလာသောအခါတွင် သူ့ပုံစံက ပြောင်းလဲသွားသည်။

တိမ်တိုက်နဂါးဓားနှင့်ယှဉ်လိုက်လျှင် သူက ပိုပြီး အတွေ့အကြုံများသည်။

တိမ်တိုက်နဂါးဓားက စိတ်ချုပ်ထိန်းနိုင်ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကျိုးယွင်လုံဟု အမည်ပေးခဲ့သေးသည်။

တာအိုဆရာတယန်၏ စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်လိုက်၏။ သူ့ခြေထောက်အောက်တွင် ရှိနေသောဓားချီများသည် တိမ်တိုက်နဂါးဓားထဲသို့ စီးဝင်သွားသည်။

“ဘုန်း ....”

တိမ်ချီများဖြင့် ရောနေသောနဂါးပေါ်တွင် နဂါးကြေးခွံများပေါ်လာသည်။

တိမ်တိုက်နဂါးက အဆုံးမရှိသောပျော်ရွှင်မှုကို ခံစားနေရသကဲ့သို့ ဟိန်းဟောက်လိုက်သည်။

‘ဓားချီနည်းနည်းလေးကြောင့်‌ ပျော်နေတာလား’ ဟန်မူယဲ့က တွေးသည်။

သူ့ချီပင်လယ်ထဲတွင် ဓားဆန္ဒတစ်ခုခွဲထွက်လာပြီး တိမ်တိုက်နဂါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

ဓားဆန္ဒ…။

ဓားဆန္ဒက နဂါး၏ ခန္ဓာကိုယ်ထဲသို့ဝင်သွားသောအခါတွင် နဂါးဟိန်းသံက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

နဂါးဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းထွက်လာသည်။

နဂါး၏ဘေးနှစ်ဖက်မှာ တိမ်တိုက်များ ဖြစ်ပေါ်လာသည်။

လေနှင့် တိမ်များ လိုက်ပါလာပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပေါင်းထည့်လိုက်သည်။

“သခင်၊ ဒီဓားဆန္ဒနဲ့ဆိုရင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို သတ်ပစ်နိုင်ပြီ”

တိမ်တိုက်နဂါးက ပျော်ရွှင်စွာဟိန်းဟောက်လိုက်သည်။

All Chapters