← Chapters

ဓားသွန်းလုပ်ခြင်းစီးပွားရေး

Vol. 19 Ch. 266

ဓားသွန်းလုပ်ခြင်းစီးပွားရေး

Vol. 19 Ch. 266

သူတို့က ကံကောင်းပြီး ရှင်သန်၏။

“လာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကိုဟန်”

အောက်သို့ဆင်းလာသောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ရှောက်ယိုစွန်းက လျင်မြန်စွာရှေ့တိုးသွားပြီး လက်နှစ်ဖက်ကို ဆုပ်ထားလိုက်သည်။

တိုက်ပွဲတစ်ပွဲ ဆင်နွဲပြီးသော လုကောသည်လည်း ရှေ့ကို တက်လာသည်။

ထန်တောင်ကုန်းဓားဂိုဏ်းက လူများသည်လည်း လက်သီးဆုပ်ပြီး ဟန်မူယဲ့ကို ကျေးဇူးတင်လိုက်ကြသည်။

ဟန်မူယဲ့ သူတို့အား လာကယ်ခြင်းက သူတို့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်သည်။

ဟန်မူယဲ့ ရောက်မလာလျှင်ပင် ရှောက်ယိုစွန်းသည် လွတ်အောင်ပြေးနိုင်သည်ဟု ယုံကြည်၏။ သို့သော်လည်း ထန်တောင်ကုန်းဂိုဏ်းမှ လူများ အသက်ရှင်နိုင်မည် မဟုတ်ပါ။

ရန်သူများက ယာယီဆုတ်ခွာသွားသော်လည်း ဟန်မူယဲ့တို့က အချိန်အတော်ကြာအောင် မနေခဲ့ပေ။

သူက လူတိုင်းကို တိတ်ဆိတ်စွာ ဦးဆောင်ပြီး မူလမီးတောက်နန်းတော်ထံသို့ ပြန်လာကြ၏။

သူတို့၏ တည်နေရာက ပေါက်ကြားသွားပြီး ဖြစ်သည်။

လူတိုင်းကို နေရာချပြီးသောအခါတွင် ရှောက်ယိုစွန်းသည် ဟန်မူယဲ့ကို လာတွေ့၏။

“ဆရာတူအစ်ကိုဟန်၊ ကျွန်တော်က ထန်တောင်ကုန်းဓားဂိုဏ်းရဲ့တပည့်တွေကို ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီ အရင်ဆုံးပြန်ပို့ဖို့ စီစဉ်ထားတယ်။ ဆရာတူအစ်ကိုဟန်၊ အကြီးအကဲတောက်ရင်နဲ့ အစ်ကိုလုကောတို့ကရော ပြန်လိုက်မှာလား။”

သူက ဟန်မူယဲ့ကို ကြည့်လျက် တီးတိုးမေးသည်။

ဝမ်လော့ရှန်က ဟန်မူယဲ့ကို နေမင်းရောင်ဝါနန်းတော်သခင်အဖြစ် အသိအမှတ်ပြုထားသောကြောင့် ဟန်မူယဲ့သည် မူလမီးတောက်နန်းတော်၏ အင်အားစုများကိုစုစည်းရန် အရည်အချင်းပြည့်မီသည်။

ထို့ကြောင့် ဟန်မူယဲ့သည် မူလမီးတောက်ကမ္ဘာထဲတွင်ဆက်နေပေလိမ့်မည်ဟု သူ တွေးမိသည်။

ထိုအင်အားစုက အားမနည်းပေ။ သည်အတိုင်းစွန့်ပစ်လိုက်လျှင် နှာမြောစရာကောင်းသည်။

‘အခုထွက်သွားတော့မှာလား’ ဟန်မူယဲ့က စဉ်းစားသည်။

သူတို့ထွက်သွားလျှင် ခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်နန်းတော်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။

ယခုအချိန်တွင် ထွက်မသွားလျှင် နောက်ပိုင်းတွင် ထွက်သွားနိုင်ရန် မသေချာတော့ပေ။

တုံ့ဆိုင်းနေသောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ရှောက်ယိုစွန်းက ပြောသည်။

“ဆရာတူအစ်ကိုဟန်၊ ကျွန်တော်က ထန်တောင်ကုန်းဓားဂိုဏ်းရဲ့တပည့်တွေနဲ့ ဆွေးနွေးပြီးပြီ။”

သူက ကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူပြီး ပေးသည်။

“စီနီယာအစ်ကိုဟန်တို့က ထွက်မသွားသေးဘူးဆိုရင် ဒီဝင်္ကပါပြားကို ထားခဲ့လို့ရတယ်”

“တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က လေဟာနယ်စွမ်းအား သိပ်မရှိတော့ဘူးလေ”

“ဒီဝင်္ကပါပြားက ရှေးခေတ်အချိန်ကနေ လက်ဆင့်ကမ်းလာတာဖြစ်ပြီးတော့ စွမ်းအားအတော်လေးနည်းနေပြီ။ ဒါကို သုံးလိုက်တဲ့အချိန်တိုင်းမှာလည်း သူ့ရဲ့အစိတ်အပိုင်း တစ်ခုခု ပျောက်ဆုံးသွားတတ်တယ်။”

ရှောက်ယိုစွန်း၏လက်ထဲတွင် ရှိနေသော ဝင်္ကပါပြားကို ကြည့်လျက် ဟန်မူယဲ့က ခေါင်းညိတ်သည်။

ထိုပစ္စည်းဖြင့်ဆိုလျှင် သူက ရက်အနည်းငယ်စောင့်ပြီး ခေါင်း‌ဆောင်တောက်ရင်နှင့်အတူ ထွက်သွားနိုင်သည်။

ရှောက်ယိုစွန်းထွက်သွားသောအခါတွင် ဟန်မူယဲ့က နန်းတော်သခင်ဝမ်လော့ရှန်၊ တခြားလူများနှင့် ဆွေးနွေး၏။

အစပိုင်းမှာတော့ ဝမ်လော့ရှန်သည် ဂိုဏ်းသားများအား ထွက်မသွားစေလိုပါ။

သို့သော်လည်း ဟန်မူယဲ့က လူတိုင်းကို အခွင့်အရေးပေးချင်သည်။

မူလမီးတောက်ကမ္ဘာမှာ ကန့်သတ်ချက်ရှိနေပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်သွားခြင်းက အခွင့်အရေးတစ်ခု ဖြစ်သည်။

ရှောက်ယိုစွန်းနှင့်အတူ မူလမီးတောက်ကမ္ဘာမှ ထွက်ခွာသွားသော မူလမီးတောက်နန်းတော်၏ တပည့်များ တစ်ရာကျော်ရှိသည်။

ထိုတပည့်များက ရှောက်ယိုစွန်းနှင့်အတူ ထန်တောင်ကုန်းဓားဂိုဏ်းသို့ လိုက်ပါသွားကြပေမည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နေမင်းရောင်ဝါနန်းတော် မရှိတော့သောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေမှာနေလျှင် သူတို့ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် တခြားဂိုဏ်းများက မူလမီးတောက်ကမ္ဘာ၏ အကြောင်းကို တွန်းအားပေးပြီး မေးလာနိုင်သည်။

အစီအရင်က သဘာဝစွမ်းအင်အလင်းတစ်ခု ထုတ်ပေးလိုက်ပြီး ထွက်သွားတော့မည့်လူများကို လွှမ်းခြုံလိုက်သည်။ ထို့‌နောက် အလင်းတိုင်တစ်ခု ပေါ်လာသည်။

“ဆရာတူအစ်ကိုဟန်၊ ဓားလမ်းစဉ်မှာ ကျွန်တော်အောင်မြင်သွားရင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ထပ်လာခဲ့မယ်”

အလင်းတန်း၏ အပြင်ဘက်မှာရပ်နေ‌သော ဟန်မူယဲ့ကို ကြည့်လျက် ရှောက်ယိုစွန်း၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နေသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

သူ့ကို လှုံ့ဆောင်မှုတစ်ခုခုပေးနိုင်သည်ဆိုပါက ကောင်းသောကိစ္စဖြစ်သည်။

“ဟီးဟီး၊ အခုတောင်အခွင့်အရေးမရှိဘူး။ နောက်တစ်ခါ ပြန်လာရင် သူ့ရှေ့မှာ မင်းက ဓားတောင်ထုတ်နိုင်တော့မှာမဟုတ်ဘူး”

အလင်းတန်းသည် ရှောက်ယိုစွန်းကိုရစ်ပတ်ပြီး ပျောက်ကွယ်သွားသောအခါတွင် ခေါင်းဆောင်တောက်ရင်၏ အသံက ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ရှောက်ယိုစွန်း၏မျက်နှာတွင် ပေါ်လာသော နာကျင်မှုကို မြင်နိုင်သည်။

‘ဘာလို့ဂရုစိုက်နေမှာလဲ’

ဟန်မူယဲ့က ခေါင်းယမ်းလျက် ဝင်္ကပါပြားကို သိမ်းသည်။

“ဟန်မူယဲ့၊ မူလနေမင်းနန်းတော်ရဲ့ သန့်စင်ခြင်းအမွေအနှစ်က သိပ်မဆိုးဘူးလို့ ငါထင်တယ်”

ဟန်မူယဲ့က ဝင်္ကပါပြားကို သိမ်းလိုက်သောအခါတွင် ခေါင်းဆောင်တောက်ရင်က ဓားတစ်လက်ပေးလိုက်သည်။

ဟန်မူယဲ့က ဓားကိုယူပြီး စစ်ဆေးကြည့်သည်။

ဓားသည် သုံးပေရှည်၏။ ဓားသွားကို စီးဆင်းမီးရွှေဖြင့် ပြုလုပ်ထားပြီး မီးစွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။

ထိုဓားသည် ကောင်းမွန်သော ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ဖြစ်သည်။

“ဒီလိုဓားမျိုးက မူလမီးတောက်နန်းတော်ရဲ့ သာမန်တပည့်တစ်ယောက်အတွက် စံသတ်မှတ်ထားတဲ့ဓားပဲ”

ခေါင်း‌ဆောင်တောက်ရင်က တီးတိုးပြောသည်။

“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီလိုမျိုးမလုပ်နိုင်ဘူး”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ချီစုစည်းခြင်းအဆင့်သို့ ရောက်သွားပြီး အတွင်းစည်းတပည့်ဖြစ်လာသော တပည့်များသည်သာ ဓားစံအိမ်က ဓားကို လက်ခံနိုင်သည်။

သူတို့လက်ခံရသောဓားမှာလည်း သေမျိုးအဆင့်ဓားများ ဖြစ်ကြသည်။

မူလမီးတောက်နန်းတော်၏ ဝိညာဉ်တစ်ဝက်အဆင့်လက်နက်နှင့် ယှဉ်ကြည့်လိုက်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သနားစရာကောင်းနေသည်။

အဓိကအကြောင်းအရင်းကတော့ မူလမီးတောက်နန်းတော်တွင် ဂိုဏ်းသားအနည်းငယ်သာရှိပြီး မီးအမျိုးအစားကျင့်ကြံခြင်းနည်းစနစ်က လက်နက်များသန့်စင်ရာတွင် ကောင်းမွန်သောကြောင့်ဖြစ်သည်။

မူလမီးတောက်ကမ္ဘာကလည်း ဝိညာဉ်သတ္တုများ ပေါများသောနေရာဖြစ်သည်။

“မူလမီးတောက်နန်းတော်ကို ဓားနည်းနည်းလောက်လုပ်ခိုင်းပြီး ပြန်ယူသွားရင်ရော ဘယ်လိုလဲ”

ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

‘ဓားလုပ်ခိုင်းမလို့လား’

ဟန်မူယဲ့က ခေါင်း‌ဆောင်တောက်ရင်ကို ကြည့်သည်။

“ခေါင်းဆောင်မှာ ဝိညာဉ်ကျောက်တုံးရှိလား”

‘သူများတွေကို အလကားလုပ်ခိုင်းလို့‌တော့ မရဘူးလေ’ သူတွေးသည်။

‘ဒီလိုမျိုး ဝိညာဉ်တစ်ဝက်အဆင့်လက်နက်က အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်သောင်းတန်တယ်’

‘အဲဒါအတွက် ဘယ်သူကပေးမှာလဲ’

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ခပ်ဟဟရယ်ပြီး တီးတိုးပြောသည်။

“ငါက ဝမ်လော့ရှန်နဲ့ ပြောပြီးပြီ။ ဓားတစ်လက်ကို ဝိညာဉ်ကျောက်တုံးငါးထောင်ပဲ။ မင်းလိုချင်သလောက် ယူလို့ရတယ်”

‘ဝိညာဉ်ကျောက်တုံးငါးထောင်လား’

ထိုဈေးနှုန်းဖြင့်ဆိုလျှင် သူတတ်နိုင်သည်။

“ဘယ်လိုလဲ။ ငါတို့က ၄၀ - ၆၀ ခွဲမယ်။ မဟုတ်သေးဘူး။ ၃၀ - ၇၀ ခွဲမယ်” ခေါင်း‌ဆောင်တောက်ရင်က လက်ဖြန့်ပြီး သူနှင့် ဟန်မူယဲ့ကို ညွှန်ပြသည်။

“မင်းအတွက် ၇၀ ငါ့အတွက် ၃၀”

‘အဲဒီလောက်တောင်ရက်ရောတယ်လား’

ဟန်မူယဲ့က ‌ခေါင်းဆောင်တောက်ရင်ကို ကြည့်လျက် ပြောသည်။

“‌ခေါင်း‌ဆောင်က ဒီအချိုးနဲ့ပတ်သတ်ပြီး တကယ်ပြောနေတာလား”

ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်သည်။

“တကယ်ပေါ့”

“မင်းက အရာအားလုံးအတွက် ပေးချေရမယ်။ ငါက အရောင်းအဝယ်ချောမွေ့အောင် တာဝန်ယူထားမယ်။ ၃၀%ယူတာက လုံလောက်ပါတယ်”

‘ဒီလူအိုကြီးက ဘာမှမရင်းနှီးဘဲ အကျိုးအမြတ်ရချင်နေတာလား’

ဟန်မူယဲ့က ငြင်းချင်သည်။

သို့သော်လည်း သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါးရာနှင့် ထောင်နှင့်ချီသော မီးအဆီအနှစ်ကျောက်တုံးများကို တွေးမိသောအခါတွင် သဘောတူလိုက်သည်။

မီးအဆီအနှစ်ကျောက်တုံးများကို အပြင်သို့ယူသွားလျှင် တစ်တုံးကို ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ရောင်းချနိုင်သည်။

ဝမ်လော့ရှန်ကို ရှာတွေ့သောအခါတွင် ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်၏ ကြောင်အနေသောအကြည့်အောက်တွင် အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးသုံးရာကို ထုတ်ပေးလိုက်သည်။

သူက ဓားတစ်ထောင်လိုချင်သည်။

ဝမ်လော့ရှန်က ပျော်ရွှင်စွာသဘောတူလိုက်သည်။

ထိုဝိညာဉ်‌ကျောက်တုံးများက မူလမီးတောက်နန်းတော်၏ အဆင့်မြင့်ကျင့်ကြံသူများ ဆယ်စုနှစ်ပေါင်းများစွာကျင့်ကြံရန် လုံ‌လောက်သည်။

ထို့အပြင် ဤအရာက ကနဦးပေးချေခြင်းပဲ ရှိသေးသည်။

ဝမ်လော့ရှန်ထွက်သွားသောအခါတွင် ခေါင်းဆောင်တောက်ရင်က ညည်းတွားလိုက်သည်။ ဟန်မူယဲ့တွင် များပြားလှသော အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများ ရှိနေကြောင်း သူသိထားလျှင် ဈေးနှုန်းကို ထပ်မံလျော့ချရန် ဆွေးနွေးပေလိမ့်မည်။

‘ဒါက စီးပွားရေးလုပ်တဲ့ပုံစံမျိုးမဟုတ်ဘူး’ သူတွေးသည်။

‘ခေါင်း‌ဆောင်က စီးပွားရေးလုပ်ရမှာပါ။ ဒါပေမဲ့ အဆင့်တက်ဖို့လိုသေးတာကို မေ့မထားနဲ့ဦး”

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများအပေါ်တွင် ရစ်တွယ်မနေချင်သောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ‌ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ပြီး ပြောသည်။

“အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ရမယ်ဆိုရင် ငါက နှစ်ပေါင်းငါးဆယ်အတွင်းမှာ အဆင့်တက်နိုင်လိမ့်မယ်”

သူက ဤခရီး၌ အတွေ့အကြုံ အများအပြားရလိုက်၏။ အစပိုင်းမှာ နှစ်ပေါင်းခြောက်ဆယ်ကြာမည်ဟု တွေးထားသော်လည်း ယခုအချိန်တွင်တော့ ယုံကြည်ချက်ပိုရှိလာသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက မျက်လုံးများမှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က မူလမီးတောက်နန်းတော်ရဲ့ အာခီမီစာအုပ်တွေကို လေ့လာလိုက်ဦးမယ်။ ပြီးရင် အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ပေးမယ်”

ရှေးခေတ်စာအုပ်များဆီမှ အကြံရယူပြီး အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ရပေမည်။

ခေါင်းဆောင်တောက်ရင်က တစ်ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်သည်။

“ကောင်းပြီ။ မင်းအောင်မြင်ရင် ငါ ဒီကမ္ဘာမှာဆက်နေပြီး အဆင့်တက်မယ့်အချိန်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်လာမယ်”

ခေါင်းဆောင်တောက်ရင်သည် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်ရောက်လာလျှင် ချက်ချင်းအဆင့်တက်နိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အရံအစီအစဉ်တစ်ခု ထားနိုင်ပေလိမ့်မည်။

လက်ရှိ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဖုန်းလင်ဓားဂိုဏ်း၊ လင်တောက်တာအိုဂိုဏ်းနှင့် တောင်ပိုင်းကုန်းမြေမှ ပြောင်းရွှေ့လာမည့် မျိုးနွယ်စုကြီးများအားလုံးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဆက်ဆံရေးမကောင်းပေ။

သူတို့၏ အနာဂတ်က မလွယ်ကူပေ။

အရံအစီအစဉ်ထားရှိခြင်းက ကောင်းပေသည်။

အခန်းထဲမှ ခေါင်းဆောင်တောက်ရင်ထွက်သွားသောအခါတွင် ဟန်မူယဲ့က မူလမီးတောက်နန်းတော်၏ စာကြည့်တိုက်သို့သွား၍ အာခီမီစာအုပ်များကို‌ လေ့လာ၏။

ထို့နောက် အာခီမီပညာရှင်များနှင့် အာခီမီပညာရပ်ကို ဆွေးနွေး၏။

မူလမီးတောက်နန်းတော်သည် နေမင်း‌ရောင်ဝါနန်းတော်မှ ဆင်းသက်လာသောကြောင့် အာခီမီပညာရပ်က အားမနည်းပေ။

ဟန်မူယဲ့က နှစ်ရက်ကြာအောင် ဆွေးနွေးပြီးနောက် အသိပညာ အများအပြားရရှိ၏။

သုံးရက်မြောက်နေ့တွင် သူသည် အခန်းသို့ ပြန်လာပြီး ဝင်္ကပါပြားကို ထုတ်လိုက်သည်။ အလင်းလွှာသည် အခန်းကို ဖုံးလွှမ်းသွားသည်။

သူက လက်မြှောက်လိုက်သောအခါတွင် လက်ဝါးပေါ်တွင် ဆေးမီးပြင်းဖိုတစ်ခု ပေါ်လာသည်။

ထို့နောက် လိုအပ်သောဝိညာဉ်ဆေးပင်များမှာ သူ့ရှေ့တွင် ကျဆင်းလာသည်။

သူ့စိတ်ထဲတွင် အာကာသဝိညာဉ်သူငယ်ဆေးလုံး၏ ဖော်စပ်ပုံကို ထပ်ကာတလဲလဲ တွက်ချက်ကြည့်နေသည်။

အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ခေါင်း‌ဆောင်တောက်ရင်အတွက် ဖော်စပ်မည် ဖြစ်သောကြောင့် မီးအမျိုးအစားဖြစ်သင့်သည်။

သူ့ရှေ့တွင် ရှိနေသော ဝိညာဉ်ဆေးပင်များထဲတွင် မီးအဆီအနှစ်သလင်းကျောက်တစ်ခု ရှိနေသည်။

ထိုသလင်းကျောက်ကို ဆေးလုံးဖော်စပ်ရန် ပြင်နေသောအခါတွင် ဝိညာဉ်ဆေးပင်များနှင့် ရောထား၏။

ကျိုးယွင်လုံနှင့် တာအိုဆရာတယန်တို့က ဟန်မူယဲ့၏ဘေးတွင် ရုတ်တရက်ပေါ်လာပြီး စိုက်ကြည့်နေသည်။

ကျိုးယွင်လုံက ဟန်မူယဲ့၏ရှေ့တွင် ရှိသော မီးပြင်းဖိုကို ကြည့်လျက် တီးတိုးပြောသည်။

“နေမင်းရောင်ဝါနန်းတော်ရဲ့အမွေအနှစ်က သိပ်မဆိုးဘူး။ သခင်က ဘယ်လောက်နားလည်ခဲ့လဲမသိဘူး”

“ဟီးဟီး၊ အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ဖို့ဆိုရင် အနည်းဆုံး အာခီမီဆရာသခင်အဆင့်မှာ ရှိနေရမယ်”

“ဒီအာခီမီအဆင့်နဲ့ဆိုရင် သူက လွန်ခဲ့တဲ့နှစ်တစ်‌သောင်းမှာတောင် အာခီမီဆရာကြီးအဖြစ် သတ်မှတ်နိုင်တယ်”

တာအိုဆရာတယန်က မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး ရယ်လိုက်သည်။

သူ့စကားများကြောင့် ကျိုးယွင်လုံက ခေါင်းညိတ်သည်။

“အစ်ကိုကြီးပြောတာမှန်တယ်။ ဆရာက ဉာဏ်ကောင်းလွန်းတယ်။ ဓားလမ်းစဉ်နဲ့ အာခီမီပညာရပ်မှာ တခြားလူတွေထက်သာ ....”

“သောက်ကျိုးနည်း”

ထိုအချိန်တွင် ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ရှေ့တွင် ရှိနေသောမီးပြင်းဖိုထဲသို့ ဓားချီများ ထည့်လိုက်သည်။

ကျိုးယွင်လုံနှင့် တာအိုဆရာတယန်က ဓားအလင်း၏လွှမ်းခြုံမှုအောက်တွင် တုန်ခါနေသောမီးပြင်ဖိုကို အထိတ်တလန့် စိုက်ကြည့်လိုက်ကြသည်။

“သူက ဆေးလုံးသန့်စင်ဖို့ ဓားချီကို သုံးမှာတော့ မဟုတ်ဘူးမလား”

ကျိုးယွင်လုံ ထိတ်လန့်သွားသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

တာအိုဆရာတယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဓားချီက ထက်ရှတဲ့အတွက် ဆေးလုံးသန့်စင်ဖို့သုံးမယ်ဆိုရင် ....”

သူက ဆက်မပြောတော့ဘဲ ရပ်သွားသည်။

“ဟမ် ....”

မီးပြင်းဖိုက ညင်သာစွာအသံပေးသည်။ ဟန်မူယဲ့က လက်မြှောက်ပြီး ဝိညာဉ်ဆေးပင်များကို ပစ်ထည့်လိုက်သည်။

ထို့နောက် သူက ဓားဆန္ဒကို မီးပြင်းဖိုထဲသို့ ထည့်သည်။

“ဘုန်း ....”

အဆုံးမရှိသော သဘာဝစွမ်းအင်အလင်းများ‌ ပေါက်ကွဲထွက်လာသည်။

အာကာသဝိညာဉ်သူငယ်ဆေးလုံးသည် အဆင့်မြင့်ဆေးလုံးဖြစ်ပြီး သဘာဝစွမ်းအင် အများအပြားလိုအပ်သည်။ ဟန်မူယဲ့က ချက်ချင်းဆိုသလို အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါးတုံးကို ချေမွလိုက်သည်။

မီးပြင်းဖိုက တုန်ခါသွားသည်။ အထဲတွင် ရှိနေသော ဝိညာဉ်ဆေးပင်များသည် ဓားချီကြောင့် တစ်ပိုင်းတစ်စစီဖြစ်သွားပြီး ရောနှောသွားသည်။ အလင်းတန်းများ ပေါ်ထွက်လာကြသည်။

သို့သော်လည်း ထိုဝိညာဉ်‌ဆေးပင်များက ဆေးလုံးဖြစ်မလာနိုင်ပေ။

ယခင်တစ်ခေါက်က ဟန်မူယဲ့ တွက်ချက်ခဲ့ရာတွင် လိုအပ်နေသောအရာကို အာရုံခံမိ၏။ သူက ကောင်းကင်တာအို၏ထောက်ပံ့မှုကို လိုနေသည်။

ကံကောင်းစွာဖြင့် သူ့တွင် ဆက်စပ်သော ပစ္စည်းတစ်ခု ရှိသည်။

သူက လက်မြှောက်လိုက်ပြီး လျှပ်စီးများဖြင့် ပြည့်နေသော အနက်ရောင်သားမွေးအပိုင်းအစကို ထုတ်ယူသည်။

“ဟစ် ....”

“ဒါက ဒဏ္ဍာရီလာ ရှေးခေတ်နတ်ဘုရားနွားသိုးရဲ့ သားမွေးလား”

“အဲဒီလိုနတ်ဘုရားသားရဲမျိုးက ဒီကမ္ဘာပေါ်မှာ ရှိလို့လား”

“အဲဒီနတ်ဘုရားသားရဲကို ဘယ်သူသတ်နိုင်တာလဲ”

လျှပ်စီးများဖြင့် ဖုံးလွှမ်းထားသောသားမွေးကို ငေးကြည့်လျက် တာအိုဆရာတယန်က တီးတိုးရေရွတ်သည်။

All Chapters